09 February 2010

လှိုင်သာယာမှာ အလုပ်သမား ဆန္ဒပြပြန်

လှိုင်သယာမြို့ရှိ စက်မှုဇုံ ၃ တွင် ယနေ့ နေ့လည်က အလုပ်သမားများ ဆန္ဒပြမှု ဖြစ်ပွားလျှက် ရှိသည်။

လှိုင်သာယာ စက်မှုဇုံ ၃ ရှိ မြဖက်ရှင် အထည်ချုပ် စက်ရုံတွင် အလုပ်သမား ၁၄၀၀ ခန့်က ဆန္ဒပြ နေကြောင်း စက်ရုံမှ တာဝန်ရှိသူ တဦးက ပြောသည်။

"ဟုတ်ကဲ့ ဆန္ဒပြတာ မှန်ပါတယ်။ ဒီနေ့ နေလည်ထမင်းစားပြီးချိန် ကတည်းကပါ။ ခုထိမပြီးသေးဘူး။ လစာတိုးဖို့ ပြောတာပါ" ဟု ပြောသည်။

ဆန္ဒပြအလုပ်သား ၁၄၀၀ ခန့်သည် နေ့လည် ထမင်းစားပြီးချိန်မှ စ၍ လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုနေခြင်း ဖြစ်ပြီး စက်ရုံမှာ ကိုရီးယားနိုင်ငံသားက ရင်းနှီးမြုပ်နှံထားခြင်း ဖြစ်သည်ဟု သူက ပြောသည်။

အလုပ်သမားများ၏ တောင်းဆိုချက်များကို စက်ရုံမှ တာဝန်ရှိသူများနှင့် ယခုချိန်ထိ ညှိနှိုင်း၍ မရသေးကြောင်း သိရသည်။

လှိုင်သာယာ စက်မှုဇုန်များတွင် ဇန်နဝါရီလအတွင်း အလုပ်သမားများ လုပ်ခလစာနှင့် ခံစားခွင့် ဆိုင်ရာ ဆန္ဒပြပွဲ ၂ ရပ် ဖြစ်ပွားခဲ့သည်။

လှိုင်သာယာ စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်း စက်ရုံတခုတွင် အလုပ်သမား ၁၀၀ ခန့်က ဇန်နဝါရီလ ၇ ရက်နေ့တွင် ဆန္ဒပြခဲ့သလို၊ စက်မှုဇုန် ၃ ရှိ Weng Hong Hung အထည်ချုပ် စက်ရုံတွင် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် အလုပ်သမားများ လုပ်အားခ တိုးမြှင့်တောင်းဆိုမှု ဖြစ်ပွားခဲ့သည်။

  မဇ္ဈိမမှတဆင့်

ဆက်လက်ဖတ်ရှုရန်...

ချင်းပြည်နယ်တွင် A (H1N1) ပိုးရှိသူ ၄ ဦး တွေ့ရှိ

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ လဲလက်ကျေးရွာ၌ A (H1N1) ခေါ် ကမ္ဘာ့ လူတုပ်ကွေး ရောဂါပိုးရှိသူ ၄ ဦးရှိကြောင်း နေပြည်တော်က ယခုလ ၅ ရက်နေ့တွင် အတည်ပြုခဲ့သည်။

ဖလမ်းမြို့နယ်အတွင်း ရွာငယ်လေးဖြစ်သည့် လဲလက်၌ လူဦးရေ ၈ဝ ခန့် နာမကျန်းဖြစ်နေသဖြင့် ထိုအထဲမှ A (H1N1) ပိုးရှိသူများအဖြစ် ယူဆရသူ ၅ ဦးကို နေပြည်တော်သို့ ဆေးစစ်မှု ခံယူခဲ့ပြီးနောက် ၄ ဦးကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

“ဖျားနေတဲ့ လူ ၈ဝ ထဲက မသင်္ကာတဲ့ ၅ ယောက်ကို လည်ပင်းကနေ သွေးဖောက်ပြီး နေပြည်တော်မှာ ပို့ပြီး စစ်ဆေးတယ်။  နေပြည်တော်က ပြီးခဲ့တဲ့ သောကြာနေ့ အဖြေထွက်လာတော့  မလားလ်နုန် ဆေးအောင်တယ်။ ကျန် ၄ ယောက်က H1N1 ရောဂါ တွေ့ရှိတယ်” ဟု အမည်မဖော်လိုသူ ဖလမ်း ပြည်သူ့ဆေးရုံမှ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ''ဇန်နဝါရီလ ၂၆ ရက်နေ့က စဖြစ်တယ်။ ကလေး ၆ဝ လောက် ဖျားပြီး၊ ၁၂ ယောက်က အပြင်းအထန် ဖျားတယ်။ သတင်းကြားလို့ ကလေးအထူးကု ဆရာဝန် ဒေါက်တာခင်လှဝင်းနဲ့ အဖွဲ့ လာပြီး ၂၇ ရက်နေ့မှာ လူကြီးနဲ့ ကလေး အားလုံးပေါင်း ၈ဝ ဖျားတာ တွေ့ခဲ့ရတယ်” ဟု ပြောသည်။

မောင်ဗန်ဘွဲ့လျံ၊ မထောင်းနိုင်၊ မလားလ် သင်ပါရ်းနှင့် မောင်ရှမ်းမန်တို့တွင် A (H1N1) ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ကို နေအိမ်တွင် ထားရှိပြီး ကျန်းမာရေးလုပ်သားများက ဆေးဝါးကုသပေးခဲ့ရာ ၃ ဦးမှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပြီဖြစ်ကာ၊ ကျန်တဦးကို ဆက်လက်ကုသနေသည်။

ယနေ့တွင် ချင်းပြည်နယ် ကျန်းမာရေးမှူးတဦးဖြစ်သူ ဒေါက်တာဇော်ဋ္ဌေးသည် A (H1N1) ဆေးဝါးများနှင့် အတူ တီးဘွာလ်တိုက်နယ် ဆေးရုံသို့ ရောက်ရှိလာကာ နေပြည်တော်နှင့် ဆက်သွယ် လုပ်ဆောင် သွားမည်ဟု သိရသည်။ လဲလက်ရွာတွင် ဆေးခန်းတခုသာရှိပြီး တီးဘွာလ်ရွာ တိုက်နယ်ဆေးရုံနှင့် ၁ဝ ကီလိုမီတာခန့် ကွာဝေးသည်။

စတင်ဖြစ်ပွားစဉ်က ဖလမ်းမြို့နယ် ကျန်းမာရေးအရာရှိ၊ ကျန်းမာရေးမှူး၊ ကျန်းမာရေး ဆရာမ၊ ကလေး အထူးကု ဆရာဝန်ကြီး၊ လက်ထောက်ဆရာဝန်တဦးနှင့် ဟားခါးမြို့မှ ဒေါက်တာတိုးအောင်တို့ လဲလက်ရွာသို့ သွားရောက်စစ်ဆေးခဲ့သည်။

သွားရောက်စစ်ဆေးခဲ့သည့် ၎င်းကျန်းမာရေးဝန်ထမ်းများကို လုပ်ငန်းခွင်သို့ ပြန်လည်မဆင်းသေးဘဲ ၁ဝ ရက် အနားယူခိုင်းကာ ဖလမ်းဆေးရုံက စောင့်ကြည့်နေသည်။

ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း အမှတ် ၄၃ ရပ်ကွက်ရှိ ဘော်ဒါဆောင်တွင် ကလေးငယ် ၈ ဦးကို  A (H1N1) ပိုး တွေ့ရှိခဲ့ရပြီး လူနာများကို ဝေဘာဂီ အထူးကု ဆေးရုံတွင် တက်ရောက်ကုသနေကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနကလည်း ချင်းပြည်နယ်တွင်းရှိ ကျေးရွာငယ်တရွာတွင် A (H1N1) ပိုးရှိသူ ၄ ဦး တွေ့ရှိခဲ့ကြောင်း ယခုလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

လူနာများနှင့် အနီးကပ် ထိတွေ့မှုရှိသူ  ၇၃ ဦးကိုလည်း ကျန်းမာရေး ဝန်ထမ်းများက အနီးကပ် စောင့်ကြည့်နေသည်ဟု မြန်မာ့အလင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်အတွင်း A (H1N1) ဖြစ်ပွားသူ ၆၉ ဦး ရှိခဲ့ရာမှ ယခုနှစ်အတွင်း ၁၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။ 
မဇ္ဈိမမှတဆင့်

ဆက်လက်ဖတ်ရှုရန်...

ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ ကားများကို ဖမ်းဆီး

ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ လားရှိုးနှင့် နမ့်ခမ်းမြို့တွင် လိုင်စင်မဲ့ မော်တော်ကားများကို အာဏာပိုင်များက ယခု ရက်ပိုင်းအတွင်း ဖမ်းဆီးနေကြောင်း သိရသည်။

မူဆယ်မြို့တွင် ဒုရဲအုပ် ဦးဇော်လင်းနှင့် အဖွဲ့က မြို့အထွက် နေရာများတွင် စောင့်ဖမ်းနေသည်။

“မူဆယ်မှာ မနေ့က စဖမ်းတယ်။ နမ့်ခမ်းက ဒီနေ့မှ စဖမ်းတယ်။ အိမ်ထဲဝင်ရှာတဲ့ အဆင့်တော့ မဟုတ်ဘူး။ လမ်းပေါ်ထွက်တဲ့ ကားတွေ အကုန်ဖမ်းတယ်။ မူဆယ်မှာမြို့အထွက် အေးရှားဝေါလ်ဂိတ်နဲ့ နမ့်ခမ်းဘက်သွားတဲ့ လမ်းမှာ စောင့်ဖမ်းတယ်” ဟု မူဆယ်မြို့ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ကားများကို အပြီးအပိုင် သိမ်းယူမည်ဟု ဒေသခံများက ဆိုသည်။

မူဆယ်မြို့ခံ ကားပွဲစားတဦးက “လိုင်စင်တွေ ချပေးမယ်ဆိုလို့ ဝစ်သောက်ကားတွေ အရမ်းဝယ်တာလေ၊ ရှမ်းမြောက် တခုလုံးပေါ့။ ဝစ်သောက်ကားဆို အကုန်ဖမ်းတယ်၊ အပြီးသိမ်းတာ။ မနေ့က မူဆယ်မှာ ၁၀ စီး ဖမ်းမိတယ်။ လားရှိုးမှာ အစီး ၃၀ ဖမ်းမိတယ်” ဟု ပြောသည်။

မူဆယ်တွင် နယ်စပ်ကုန်သွယ်ရေး ဦးစီးဋ္ဌာန (နကသ) နှင့် ရဲတပ်ဖွဲ့က လိုင်စင်မဲ့ကားများ အသုံးပြုနေသော်လည်း ၎င်းကားများကို ဖမ်းဆီးခြင်း မရှိပါ။

''ရဲက ရဲတံဆိပ်ကပ်ပြီး စီးတယ်။ နကသ က စီးတယ်။ သူတို့ကိုယ်တိုင် ဖမ်းတာဆိုတော့ ဘယ်အဖမ်းခံရမလဲ။ ဖမ်းတဲ့ အာဏာပိုင်တွေက မနေ့ကတည်းက သူတို့နဲ့ ပတ်သက်တဲ့ လူတွေကို ဖမ်းမယ့်အကြောင်း ဖုန်းနဲ့ ကြိုပြောထားပြီးပြီ'' ဟု မူဆယ် ကားပွဲစားက ဆိုသည်။

၂၀၀၄ ခုနှစ်တွင် နိုင်ငံတစ်ဝှန်းလုံးရှိ နယ်စပ်မှ တင်သွင်းခဲ့သော လိုင်စင်မဲ့ကား အစီးရေ ၁၅၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး၊ ထိုကားများကို ပြီးခဲ့သည့်နှစ်အတွင်း မြို့ကြီးများတွင် လေလံတင် ရောင်းချပစ်ခဲ့သည်။
မဇ္ဈိမမှတဆင့်

ဆက်လက်ဖတ်ရှုရန်...

ဘင်္ဂလား-မြန်မာ နယ်စပ် ကုန်သွယ်ရေး ဆိပ်ကမ်းသစ် ဖွင့်

ဘင်္ဂလား-မြန်မာနယ်စပ် တက္ကနာမြို့၌ မြန်မာနိုင်ငံမှ တင်ပို့သော မှောင်ခိုကုန်ပစ္စည်းများ လက်ခံမည့် ဆိပ်ကမ်းသစ်ကို ယခုလ ၂ ရက်နေ့တွင် ဖွင့်လှစ်ကြောင်း နယ်စပ်သတင်းများက ဆိုသည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့တွင် တက္ကနာမြို့မြောက်ဘက် ၂ ကီလိုမီတာအကွာရှိ နတ်မြစ်ကမ်းဘေး ကုန်သွယ်ရေး ဆိပ်ကမ်းတွင် မြန်မာ သင်္ဘောသားများနှင့် ဘင်္ဂလားဒေ့ခ်ျ ကုန်တင်ကုန်ချ လုပ်သားများ ဘောလုံးကန်ရာ ခိုက်ရန်ဖြစ်ပြီးနောက် ယခု ဆိပ်ကမ်းသစ်ကို တက္ကနာမြို့တွင်းပိုင်းကျသည့် ဈေးအနီးရှိ တက္ကနာချောင်းအတွင်း ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

“ရန်ဖြစ်ပြီးတဲ့နောက် မြန်မာဘက်က တာကာ ၅ သောင်း (ကျပ် ၇ သိန်းခွဲ) ငွေလျော်ရတာ။ အဲဒါ မတရားဘူးဆိုပြီး မြန်မာသင်္ဘောသားတွေက မကျေနပ်တာကြောင့် ဘော်ဒီ ရာမန် Borde Rahman (တက္ကနာလွှတ်တော်အမတ်) က ဆိပ်ကမ်းအသစ်တခုကို တက္ကနာမြို့ထဲမှာ ထပ်ပြီး ဖွင့်ပေးလိုက်တာပါ။ တရားဝင်တော့ မဟုတ်ပါဘူး။ တက္ကနာမှာရှိတဲ့ ရဲတို့၊ BDR (နယ်ခြားစောင့်တပ်) တို့ နားလည်မှုနဲ့ ဖွင့်တာ” ဟု ဆိပ်ကမ်းသစ်တွင် ရောက်နေသော ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ မြန်မာကုန်သင်္ဘော ပိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

ဘောလုံးပွဲ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဘင်္ဂလားလုပ်သား ၅ ဦး ဆေးရုံတင်ကုသခဲ့ရပြီးနောက် ဆိပ်ကမ်းဟောင်းကို မြန်မာစက်လှေများ အဝင်နည်းသွားကြောင်း တက္ကနာမြို့ ဆိုးတြိပါရာကျေးရွာ (မြစ်နားရွာ) မှ ကိုသိန်းအောင်နှင့် ဆိပ်ကမ်းဟောင်းမှ ဘင်္ဂလား အလုပ်သမားတဦးက ပြောသည်။ ယခင်က ဆိပ်ကမ်းဟောင်းတွင် မြန်မာကုန်တင်သင်္ဘောများသည် နေ့စဉ် အစီးရေ ၂ဝ ခန့် ဆိုက်ရောက်လေ့ရှိရာမှ ယခုအခါ ၃-၄ စီးသာ ရှိတော့သည်။

“အခုလာတာက သစ်လောက်ပဲ လာတော့တယ်။ ဆန်ကျတော့ တက္ကနာမြို့ထဲက အသစ်ဆိပ်ကမ်းကိုပဲ သွားကြတော့တယ်” ဟု ဆိပ်ကမ်းဟောင်းမှ အလုပ်သမား တဦးက မဇ္ဈိမကို ပြောသည်။

ယခင် ကုန်သွယ်ရေး ဆိပ်ကမ်းဟောင်းကို ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ Bangladesh National Party (BNP) ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ခါလီဒါဇီယာ၏ သား ဂီယာ တာရက် Gias tarek က ၂၀၀၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ပေးခဲ့သည်။

ဆိပ်ကမ်းသစ်သည် ဆိပ်ကမ်းဟောင်းထက် အကုန်အကျ သက်သာပြီး စည်းကမ်းတင်းကျပ်မှု မရှိလှကြောင်း သိရသည်။

ဧရာဝတီတိုင်း ပုသိမ်မြို့မှ သင်္ဘောသား ကိုကျော်သိန်းအောင်က “အခွန်နည်းတာကျတော့ ကုန်သည်တွေ၊ သင်္ဘောပိုင်ရှင်တွေ အပိုင်းပေါ့နော်။ ကျနော်တို့ကျ ကမ်းကိုရောက်ရင် လွတ်လွတ်လပ်လပ်တော့ နေချင်တာပေါ့။ ဆိပ်ကမ်းဟောင်းမှာကျ မြို့နဲ့လည်း အဝေးကြီးပဲ။ နောက်ပြီး သူတို့ သတ်မှတ်ထားတဲ့ ခြံဝင်းထဲမှာပဲ နေရတယ်။ အပြင်ဆိုရင် ဂိတ်ဝလောက်ပဲ ထွက်ရတယ်။ ဒါတောင် ဂိတ်စောင့်နဲ့ ညှိပြီးမှ ထွက်ရတာ။ အခုဆိပ်ကမ်းသစ်က မြို့ထဲမှာဆိုတော့ အစစအရာရာ အဆင်ပြေတာပေါ့” ပြောသည်။

သူက ဆက်ပြီး ''အရင်ဆိပ်ကမ်းဟောင်းမှာ ဆိပ်ကမ်းခွန်၊ ကုန်တင်ကုန်ချ၊ နယ်မြေခံ လွှတ်တော်အမတ်တွေကို ပေးရတယ်။ အခုဆိပ်ကမ်းကျ ကုန်တင်ကုန်ချနဲ့ လွှတ်တော်အမတ်ကိုပဲ ပေးရတော့တယ်'' ဟု သူက ဆက်ပြောသည်။

၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆန်ဈေး မတည်ငြိမ်မှုကြောင့် မြန်မာဆန်များ ဘင်္ဂလားကို မဝင်သလောက် ရှိနေရာမှ ယခုနှစ်ဆန်းမှ စတင်ပြီး ဘင်္ဂလားဒေ့ခ်ျက ဆန်ဈေးမြင့်ပြီး၊ မြန်မာဘက်တွင် ဈေးနိမ့်သွားသဖြင့် ဘင်္ဂလားခ်ျသို့ ဆန်တင်ပို့မှု ပြန်လည် များပြားလာခဲ့သည်။

ဆိပ်ကမ်းသစ်သို့ မြန်မာဘက်မှ ဝါးနှင့် ဆန်များ တရားမဝင် ဝင်ရောက်လျက်ရှိပြီး ဧည့်မထဆန် တကီလိုဂရမ် ၅၀ ဝင် တအိတ်ကို မြန်မာဘက်တွင် ကျပ် ၁၀၀၀၀ (တသောင်း) ပေါက်ဈေးရှိနေပြီး ဘင်္ဂလားဒေ့ခ်ျဘက်တွင် စရိတ်ငြိမ်း ၁၃၀၀ တာကာ (ကျပ်ငွေ ၁၉၅ဝဝ) ရှိနေသည်။

ဝါးအလုံး ၁၀၀ ကို မြန်မာဘက်တွင် ၁၅၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ဘင်္ဂလားဒေ့ခ်ျ တက္ကနာတွင် ၂၀၀၀ တာကာ (ကျပ်ငွေ ၃၀၀၀၀) ဈေးပေါက်နေသည်။

ဆန်နှင့် ဝါးကို စစ်အစိုးရက တရားဝင် ကုန်သွယ်ခွင့် မပြုသော်လည်း မြန်မာနိုင်ငံအတွင်းမှ သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များကို လာဘ်ငွေပေးကာ သယ်ဆောင်လာခြင်း ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ခ်ျသို့ ရောက်ရှိလာပါက မည်သည့် အာဏာပိုင်များကမှ ဖမ်းဆီးအရေးယူခြင်း မရှိကြောင်း သိရသည်။ ထို့ပြင် မြန်မာဘက်မှ သစ်နှင့် နွားများလည်း ဘင်္ဂလားဒေ့ခ်ျသို့ တရားမဝင် ဝင်ရောက်လျက်ရှိသည်။

နှစ်နိုင်ငံနယ်စပ် ယနေ့ ငွေလဲလှယ်နှုန်းမှာ ဘင်္ဂလားဒေ့ခ်ျ ၁ တာကာကို မြန်မာငွေ ၁၅ ကျပ် ပေါက်ဈေးဖြင့်သာ ဈေးငြိမ်လျက်ရှိသည်။
မဇ္ဈိမမှတဆင့်

ဆက်လက်ဖတ်ရှုရန်...

ကမ္ဘာ့ ဒုတိယအကြီးဆုံး ကျောက်စိမ်းတုံးကြီးကို ကျောက်မျက်ရတနာ ပြပွဲတွင် ပြမည်

လာမည့် မတ်လတွင် ပြုလုပ်မည့် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် ကမ္ဘာ့ ဒုတိယ အကြီးဆုံး ဧရာမ ကျောက်စိမ်း အရိုင်းတုံးကြီးကို ပြသမည်ဟု ကြားသိရသည်။

အဆိုပါ ကျောက်စိမ်း ရိုင်းတုံးကို ယခင်နှစ်က တူးဖော်ရရှိခဲ့ခြင်းဖြစ်ပြီး ၁၀ နှစ်အတွင်း တူးဖော်ရရှိသည့် ကျောက်စိမ်းများအနက် ဒုတိယ အကြီးဆုံး ဖြစ်သည်။

ဖားကန့်ရှိ ကျောက်စိမ်းတွင်း တခုတွင် အလုပ်လုပ်နေသည့် အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ - Kachin Development Networking Group)
ကျောက်မျက် ရတနာ ပြပွဲကို မြန်မာ့ ကျောက်မျက် ရတနာ ကုန်သည်ကြီးများ အသင်းက ဦးစီး ပြုလုပ်မည် ဖြစ်ပြီး မြန်မာ တနိုင်ငံလုံးမှ ထွက်ရှိသော ကျောက်မျက် ရတနာမျာကို မတ်လဆန်းပိုင်းမှ စတင်၍ ၁၅ ရက်ကြာ ခင်းကျင်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

“မတ်လ ၇ ရက်ကနေ ၁၅ ရက်အထိ ကျင်းပမှာပါ။ မြန်မာ တပြည်လုံးက ကျောက်မျက် ရတနာတွေ ပြသမှာပါ။ အခြေအနေ ကြည့်ပြီး ရက်တိုး ရင်လည်း တိုးလိမ့်မယ်” ဟု ၎င်းပြပွဲ တက်ရောက်မည့် ဦးတူးအောင်က ပြောသည်။

ဖားကန့်ဒေသမှ ကျောက်စိမ်းများသည် ယခုအခါ ထွက်ရှိမှုနှုန်း နည်းပါးလာခြင်း၊ ကျောက်တွင်းများကို အစိုးရနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့်  ကုမ္ပဏီများကသာ တူးဖော်ခွင့်ရရှိခြင်းများကြောင့် ပြည်သူများ အကျိုးခံစားခွင့် မရှိကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် အကြီးဆုံး ပတ္တမြား၊ အကြီးဆုံး နီလာတို့ ထွက်ရှိခဲ့သည်ဟု သိရပြီး ဖားကန့်သည် မြန်မာနိုင်ငံရှိ ထင်ရှားသော ရတနာမြေတခုဖြစ်သည်။

ကမ္ဘာ့အကြီှးဆုံး ကျောက်စိမ်းတုံးကြီးကို ၂၀၀၀ ပြည့်နှစ်တွင် ဖားကန့်ကျောက်စိမ်းတွင်းမှ တူးဖော်ရရှိခဲ့ပြီး တန်ချိန် ၃၀၀၀၊ အရှည် ၂၁ မီတာ၊ အကျယ် ၄. ၈ မီတာနှင့် အမြင့် ၁၀. ၅ မီတာ ရှိသည်။

တန်ချိန် ၁၁၅ တန်ရှိသည့် ဒုတိယ အကြီးဆုံး ကျောက်စိမ်းတုံးကြီးကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်ပိုင် မက်စ်မြန်မာ ကုမ္ပဏီက ယခင်နှစ်ကုန်ပိုင်းက ကချင်ပြည်နယ် ဖားကန့်ကျောက်တွင်းမှ တူးဖော်ရရှိခဲ့ပြီး ယခုအချိန်ထိ တန်ဖိုး သတ်မှတ်ရခြင်း မရှိသေးပေ။

ဦးဇော်ဇော်သည် မက်စ်မြန်မာ ကုမ္ပဏီအုပ်စု၏ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်ပြီး ဟိုတယ်လုပ်ငန်း၊ စက်ယန္တရား တင်သွင်းခြင်း လုပ်ငန်း၊ မွန်ပြည်နယ်ရှိ ဘီးလင်းမြို့နယ်တွင် ရော်ဘာခြံ စိုက်ပျိုးခြင်း လုပ်ငန်းများ၊ မက်စ် ဘိလပ်မြေ (Max Cement) ထုတ်လုပ်ရေး စက်ရုံများ၊ ရန်ကုန် - ပဲခူး ကားလမ်းမပိုင်းတွင် လမ်းအခွန် ကောက်ခံရေး လုပ်ငန်း၊ မော်တော်ယာဉ်တင်သွင်းသည့် လုပ်ငန်း၊ နေပြည်တော် တည်ဆောက်ခြင်း လုပ်ငန်း၊ ဖားကန့်ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများကိုလုပ်ကိုင်နေသူ ဖြစ်သည်။

၎င်းသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဖြစ်ပြီး ငွေကျပ်သိန်းပေါင်းများစွာ စိုက်ထုတ်၍ ဘောလုံးကလပ် အသင်း ၈ သင်းကို တည်ထောင်ပေးခဲ့ သူလည်းဖြစ်သည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်သည့် ဦးတေဇနှင့် ဦးဇော်ဇော် အပါအ၀င် စစ်ဘက်ဆိုင်ရာ အရာရှိကြီး ၁၆ ဦးတို့အား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဘွဲ့ ဖြစ်သည့် သီရိပျံချီ ဘွဲ့တံဆိပ်ကိုစစ်အစိုးရ အမိန့်ကြော်ငြာစာ အမှတ် (၂/ ၂၀၁၀) အရ  ပြီးခဲ့သည့် ၆၂ ကြိမ်မြောက် လွတ်လပ်ရေးနေ့က ချီးမြှင့်ခဲ့သည်။

အမေရိကန် သမ္မတ ဂျော့ဒဗလျူဘုရှ် အစိုးရက စစ်အစိုးရကို ငွေကြေး ရှာဖွေ ထောက်ပံ့နေသည့် ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီ အကြီးအကဲ ဦးဝင်းအောင်နှင့် ဦးဇော်ဇော်တို့ ၂ ဦးကို အရေးယူ ဒဏ်ခတ် ပိတ်ဆို့သည့် စာရင်းအတွင်းသို့ ၂၀၀၉ ဇန်နဝါရီလက ထည့်သွင်း ခဲ့သည်။

ယခုအခါ ဦးဇော်ဇော်၏ ကုမ္ပဏီက တူးဖော်ရရှိခဲ့သော ကမ္ဘာ့ ဒုတိယအကြီးဆုံး ကျောက်စိမ်းတုံးကြီးကို ဖားကန့်မှ ရန်ကုန်သို့ သယ်ဆောင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
ဧရာဝတီမှတဆင့်
 
ဆက်လက်ဖတ်ရှုရန်...

ရန်ကုန်မြို့နယ် တချို့တွင် ကြက်၊ ဘဲ ရောင်းချခွင့်ပိတ်ပင်

ရန်ကုန်တိုင်း စစ်ဌာနချုပ်ပိုင် ဥစားကြက် မွေးမြူရေး ကြက်ခြံ တခြံတွင် ကြက်ငှက် တုပ်ကွေး ရောဂါ ဖြစ်သွား သောကြောင့် မြို့နယ် တချို့တွင် ကြက်၊ ဘဲ မရောင်း ချရန်နှင့် ရောင်းချပါက ပြင်းထန်စွာ အရေးယူသွားမည်ဟု အမိန့် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

မရမ်းကုန်း မြို့နယ်၊ ၅ ရပ်ကွက်၊ စွယ်တော်မြတ် စေတီအနီးရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နေအိမ်နှင့် တခြား စစ်ဗိုလ်ချုပ် ကြီးများ၏ နေအိမ်များကို လုံခြုံရေး ယူပေးရသည့် စစ်တပ်ပိုင် ကြက်ခြံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က ကြက် ရာနှင့်ချီ သေဆုံး ခဲ့ကြောင်း၊ ထိုသို့ သေဆုံးမှုကို ဖေဖော်ဝါရီလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် စစ်ဆေးခဲ့ရာ ကြက်ငှက် တုပ်ကွေး ရောဂါ ဖြစ်ပွားသည်ကို အတည်ပြု နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ အရာရှိတဦးက ပြောကြားသည်။

“အရင် တံတားလေး စိတ်ကျန်းမာရေး ကုဆေးရုံနေရာမှာ အခု ရန်ကုန်တိုင်း စစ်ဌာနချုပ်က လူကြီးအိမ်တွေ အတွက် လုံခြုံရေး ယူဖို့ တပ်ခွဲချထားတယ်။ အဲဒီ တပ်ခွဲပိုင်တဲ့ ကြက်ခြံမှာ ကြက်ငှက် တုပ်ကွေးဖြစ်တာ။ အဲဒီကြက်ခြံမှာ ကြက်ကောင်ရေ ၂၅၀၀ ရှိတယ်။ ခု အားလုံး သုတ်သင်လိုက်ပြီ” ဟု အဆိုပါတပ်ခွဲမှ တပ်ကြပ်ကြီးတဦးက ပြောသည်။

ထိုသို့ ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် မရမ်းကုန်းမြို့နယ်နှင့် မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ ဈေးများတွင် ကြက်သား၊ ကြက်ဥ၊ ဘဲသား၊ ဘဲဥများကို ဖေဖော်ဝါရီလ ၆ ရက်မှ ဖေဖော်ဝါရီလ ၂၈ ရက်အထိ သီတင်းသုံးပတ် ရောင်းချခြင်းမပြုရန် အမိန့်တရပ် ထုတ်ပြန်လိုက်ကြောင်း၊ ရောင်းချမှုများကို ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် အာဏာပိုင်များက ပြောသည်။

“စနေနေ့ ညနေ ၄ နာရီမှာ ကြက်သား၊ ဘဲသားနဲ့ ကြက်ဥ၊ ဘဲဥတွေ မရောင်းဖို့ လိုက်အော်တယ်။ ရောင်းရင် ပစ္စည်းသိမ်းမယ်၊ လူကိုလည်း အရေးယူမယ်လို့ ပြောတယ်” ဟု မရမ်းကုန်း မြို့နယ်၊ ကျိုက်ဝိုင်းဈေးတွင် ဈေးရောင်းသူ တဦးက ဆိုသည်။

ယခင်က ပြည်နယ်နှင့်တိုင်း တခုခုတွင် ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားပါက ပြည်နယ် (သို့မဟုတ်) တိုင်း တခုလုံးတွင် ကြက်၊ ဘဲရောင်းချမှုများကို ပိတ်ပင်လေ့ရှိကြောင်း၊ ထိုသို့ ပိတ်ပင်ခြင်းကြောင့် မွေးမြူရေး လုပ်ငန်းများ ထိခိုက်ရသောကြောင့် စီးပွားရေးအရ များစွာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ရကြောင်း၊ သို့ဖြစ်၍ ယခု မရမ်းကုန်းမြို့နယ်တွင် ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်ပွားသောအခါ ရန်ကုန်တိုင်း တတိုင်းလုံးတွင် ကြက်၊ ဘဲရောင်းချမှု ပိတ်ပင်ခြင်းမပြုဘဲ ရောဂါဖြစ်ပွားရာ မြို့နယ်နှင့် နီးစပ်သော နေရာများတွင်သာ ပိတ်ပင်ခြင်းဖြစ်သည်ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန အရာရှိက ရှင်းပြသည်။

“မရမ်းကုန်းနဲ့ မြောက်ဥက္ကလာပက လွဲရင် ကျန်တဲ့မြို့နယ် အားလုံးမှာ ကြက်၊ ဘဲရောင်းချခွင့် ပြုထားပါတယ်” ဟု ၄င်းက ဆိုသည်။

ယခုတကြိမ် ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားမှုသည် မြန်မာနိုင်ငံတွင် လေးကြိမ်မြောက် ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်းတွင် ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ရှမ်းပြည်နယ်၌ လူတဦး ကြက်ငှက်တုပ်ကွေး ရောဂါ ကူးစက် ခံခဲ့ရ သော်လည်း သေဆုံးခြင်းမရှိခဲ့ပေ။
ဧရာဝတီမှတဆင့်


ဆက်လက်ဖတ်ရှုရန်...

ပြည်သူ့ဥယျာဉ်နှင့် ပြည်သူ့ရင်ပြင်ကို ပုဂ္ဂလိကသို့ ရောင်းပြီ

ရန်ကုန် မြို့လယ်ရှိ ရွှေတိဂုံဘုရား အနောက်ဘက် မုခ်နှင့် ပြည်သူ့လွှတ်တော် ရှေ့တွင် တည်ရှိသော ဧက ၁၃၀ ကျယ်ဝန်းသည့် ပြည်သူ့ ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်ကို စစ်အစိုးရက ပြည်တွင်း ကုမ္ပဏီတခုသို့ ရောင်းချလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်သူ့ဥယျာဉ်ကို ပြည်လမ်းမပေါ်မှ ဤသို့တွေ့မြင်ရသည်
အများပြည်သူ အပန်းဖြေသည့် ပြည်သူ့ ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်ကို တရားဝင် ကြေညာခြင်း မရှိဘဲ Natural World ကုမ္ပဏီသို့
လွှဲပြောင်း ရောင်းချ ထားကြောင်းနှင့် ၎င်းဥယျာဉ် အတွင်းတွင် စားသောက် ဆိုင်များ၊ စီးပွားရေး အဆောက် အအုံများ၊ အပန်းဖြေ အားကစား ရုံများကို အဆိုပါ ကုမ္ပဏီက တည်ဆောက်ခွင့် ရရှိမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သတင်း ရပ်ကွက်မှ ကြားသိရသည်။

“စည်ပင် လက်ထဲက လွှဲပြောင်း ရထားတာ မှန်ပါတယ်။ ဒါပေမယ့် ဘယ်နှနှစ် လုပ်ကိုင်ခွင့် ရမလဲ ဆိုတာတော့ စည်ပင်နဲ့ ညှိနေတယ်။ ဒီဥယျာဉ်ထဲမှာ ဆိုင်ခန်း ဖွင့်ဖို့နဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်ဖို့ဆိုရင် ကုမ္ပဏီိမှာ စာရင်း ကြိုပေးထားဖို့ လိုပါတယ်” ဟု Natural World ကုမ္ပဏီ ၀န်ထမ်းတဦးက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဌ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ဇန်န၀ါရီလ ၁၉ ရက်နေ့က
သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ကို နိုင်ငံတကာအဆင့်မီ အပန်းဖြေ အားကစားကွင်း
အဖြစ် အသွင်ပြောင်းလဲရန် ရှိပြီး နိုင်ငံတကာ အဆင့်မီ ရေပန်း ရုပ်ရှင်နှင့် ခေတ်မီ အပန်းဖြေစက်များ တပ်ဆင်သွားရန် ရှိကြောင်း ပြောကြားခဲ့ သော်လည်း Natural World ကုမ္ပဏီသို့ လွှဲပြောင်း ထားသည့် သတင်းကို တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

“ပြည်သူ့ရင်ပြင်နှင့် ဥယျာဉ်ကို စိတ်ဝင်စားတဲ့ စီးပွားရေး သမားတွေ တော်တော် များတယ်။ ဒီအထဲမှာ ပစ္စည်းအရောင်းဆိုင်၊ စားသောက်ဆိုင်နဲ့ တခြား စီးပွားရေး အဆောက်အအုံ ဖွင့်ချင်တဲ့သူ တော်တော်များတယ်။ တိုးတိုး တိတ်တိတ် လက်လှမ်းသင့်ရာ ရောင်းလိုက် တော့လည်း ဘယ်တတ်နိုင်မလဲ” ဟု ရန်ကုန်စီးပွားရေး သမား တဦးက ပြောသည်။

ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ကို စစ်အစိုးရ လက်ထက် ၁၉၉၀ ပြည့်နှစ်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရသည် ၂၀၁၀ ပြည့်နှစ်ဆန်းမှ စတင်၍ အစိုးရပိုင် လုပ်ငန်းနှင့် တိုက်တာ အဆောက် အအုံများကို ပုဂ္ဂလိကသို့ ရောင်းချလျက်ရှိပြီး ယခုနောက်ဆုံး နိုင်ငံတ၀န်းရှိ အစိုးရပိုင် စက်သုံးဆီဆိုင် ၂၄၆ ဆိုင်ကို ရောင်းချနေသည်။

ဝန်ကြီးများရုံး၊ ရန်ကုန်တက္ကသိုလ် အပါအ၀င် ရန်ကုန်မြို့ရှိ သမိုင်းဝင် အဆောက်အအုံများကို လေလံတင် ရောင်းချမည်ဆိုသော သတင်းများလည်း  ထွက်ပေါ်လျက် ရှိသည်။
ဧရာဝတီမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

တောင်းရမ်းသူ ပပျောက်ရန် YCDC က အလုပ်ပေး သော်လည်း လုပ်ကိုင်လိုသူ ရှားပါး

တောင်းရမ်း စားသောက် သူများ ပပျောက်ရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (YCDC) က နေ့စား အလုပ်သမား အဖြစ် ခန့်ထားမည်ဟု ဆိုသော်လည်း  လုပ်ကိုင်လိုသူ ရှားပါးနေကြောင်း သိရသည်။


ရန်ကုန်မြို့တွင် တောင်းရမ်း စားသောက် နေသူတဦးကို ဤသို့တွေ့ရသည် (ဓာတ်ပုံ - အေပီ)
ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက တောင်းရမ်း စားသောက် နေသူများ ကို YCDC ၏ ဝန်ထမ်းအဖြစ် လျှောက်ထား လိုပါက မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးများတွင် လျှောက်ထား နိုင်ကြောင်း ကြေညာ ထားသည်။

YCDC တွင် နေ့စားဝင်ရောက် လုပ်ကိုင်ပါက လုပ်အားခအပြင် နေထိုင်စရာ အခက်အခဲရှိသူများကို နေထိုင်စရာ စီစဉ်ပေးမည် ဟုလည်း ရန်ကုန် မြို့တော်ဝန်က ပြည်တွင်းသတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုသို့ နေ့စားခနှင့် နေစရာစီစဉ်ပေးမည် ဖြစ်သော်လည်း လုပ်ကိုင်လိုသူ နည်းပါးလျက်ရှိကြောင်း တောင်းရမ်း စားသောက်နေသူများ ထံမှ သိရသည်။

“ကျမ အခု မြို့ထဲမှာလိုက်တောင်းရင် တနေ့ ကျပ် လေး၊ ငါးထောင်လောက် ရတယ်။ စည်ပင်မှာ လုပ်ရင် တနေ့ ၁၅၀၀ ပဲပေးတာ။ အရင်က လုပ်ဖူးတယ်။ မကိုက်တော့ မလုပ်တော့ဘူး” ဟု တောင်းရမ်း စားနေသူ တဦးက ပြောသည်။

စည်ပင် ဝန်ထမ်းအဖြစ် ၀င်ရောက်လုပ်ကိုင်ရန် ဆန္ဒမရှိသည့် တောင်းရမ်း စားသောက် သူများကို အရေးယူ နိုင်သည်ဟုဆိုကာ ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟုလည်း သိရသည်။

ရန်ကုန်မြို့တော်အတွင်း ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက တောင်းရမ်းစားသောက်သူ ပိုမိုများပြားလာပြီး အမျိုးသား ဦးရေထက် အမျိုးသမီးဦးရေ ပိုမိုများပြားကြောင်း YCDC သန့်ရှင်းရေးဌာနမှ ဝန်ထမ်းတဦးကဆိုသည်။

“အခု သန့်ရှင်းရေး ဝန်ထမ်းအများစုက လူလတ်ပိုင်း အမျိုးသမီးတွေ ဖြစ်နေတယ်။ တချို့နေရာတွေမှာဆို အသက်ကြီးကြီး အမျိုးသမီးတွေကို တွေ့ရတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ပြောသည်။

ရန်ကုန်မြို့အတွင်း တောင်းရမ်းစား သောက်သူများ ယခင်ထက် များပြားလာသောကြောင့် မြို့တော်စည်ပင်က တင်းတင်းကျပ်ကျပ် လိုက်လံဖမ်းဆီးနေပြီး ကမာရွတ်မြို့နယ် အတွင်းရှိ နာနတ်တော လမ်းအနီးတွင် ထိန်းသိမ်း ကာ စည်ပင်ဝန်ထမ်းအဖြစ် ဆောင်ရွက်စေသည် ဟုလည်း သိရသည်။

လက်ရှိ YCDC သန့်ရှင်းရေးဌာနတွင် စည်ပင်ဝန်ထမ်းအဖြစ် ၀င်ရောက်လုပ်ကိုင်ခွင့် ပေးထားသူ ၁၀၀၀ ဝန်းကျင် ရှိကြောင်းလည်း သိရသည်။

“ပိုက်ဆံတောင်းတဲ့သူတွေကို တနေ့ ၁၅၀၀ နဲ့ အလုပ်ပေးတယ်။ အလုပ်ချိန်က မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ဆိုတော့ တော်တော် များနေတယ်။ ၀န်ထမ်းတဦးရဲ့အလုပ်ချိန်က တနေ့ ၈ နာရီထက် မပိုသင့်ဘူး” ဟု ရန်ကုန် အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီတခုမှ မန်နေဂျာတဦးက ပြောသည်။

ရန်ကုန်မြို့တွင် တောင်းရမ်း စားသောက်သူများကို အလုပ်အကိုင်အခွင့်အလမ်းများပေး၍ စည်းရုံးနေသော်လည်း ပပျောက်သွားမည် မဟုတ်ကြောင်း၊ လက်ရှိ စည်ပင်ဝန်ထမ်း လုပ်ကိုင်နေသူများသည် ပြည်ထောင်စု  ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းသားများ အဖြစ် ၀င်ရောက်ရကြောင်း ကျောက်တံတား မြို့နယ်တွင် တောင်းရမ်း စားသောက်နေသူ တဦးကဆိုသည်။

ယခုကဲ့သို့ ရန်ကုန်မြို့တွင်းတွင် တောင်းရမ်းစားသောက်သူများ သိသိသာများပြားလာခဲ့ခြင်းက မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေအနေကို ညွှန်ပြနေကြောင်း နိုင်ငံခြား ဧည့်လမ်းညွှန် တဦးကဆိုသည်။

“တချို့ပိုက်ဆံတောင်းရမ်းတဲ့ သူတွေက နိုင်ငံခြား ခရီးသွား ဧည့်သည်တွေကို အဓိကထားနေတာ။ တချို့ဆို မပေးရင် ဆဲသွားတာတွေ ရှိတယ်။ အစိုးရအနေနဲ့ ပိုက်ဆံလိုက်တောင်းတဲ့သူတွေ ပပျောက်အောင် သေသေချာချာ လုပ်စေချင်တယ်” ဟု ၎င်းကပြောသည်။

ရန်ကုန် သာကေတမြို့နယ်တွင် သန့်ရှင်းရေး ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် ဒေါ်အေးမြက “ကျမ တနေ့ ၁၅၀၀ နဲ့ နေ့စားဝင်လုပ်တယ်။ တခါတလေကျရင်တော့ ရပ်ကွက်ထဲက တချို့အိမ်တွေက မုန့်ဖိုးပေး၊ ဘာပေးနဲ့ တနေ့ ၄၊ ၅ ရာလောက် အပို ရတယ်။ တချို့ဆိုလည်း အင်္ကျီလေး၊ ဘာလေးပေးတာပေါ့” ဟု ဆိုသည်။

၂၀၀၉ ခုနှစ်အတွင်းက တောင်းရမ်းစားသောက်သူ ၃၂၃၂ ဦးကို ဖမ်းဆီး အရေးယူခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်၏ တရားဝင် စာရင်းများအရ သိရသည်။

ရန်ကုန်မြို့အတွင်း တောင်းရမ်းစားသောက်သော အခြေအနေမဲ့ လူတန်းစားများကို ရန်ကုန်စည်ပင် လက်အောက်ရှိ လုံခြုံရေးနှင့် စည်ကမ်းထိန်းသိမ်းရေး ဌာနက လိုက်လံဖမ်းဆီးပြီး စမ်းချောင်းမြို့နယ်နှင့် သန်လျင်မြို့နယ်ရှိ လူမှုကယ်ဆယ်ရေး စခန်းများတွင် ထိန်းသိမ်းထားသည်။
ဧရာဝတီမှတဆင့်


ဆက်လက်ဖတ်ရှုရန်...

အညံ့ဆုံးများထဲမှာ အကောင်းဆုံးကိုရွေး၍ ဇာတ်ကားဆုပေးခဲ့ ဟုဆို

၂၀၀၈ ခုနှစ်အတွက် ပေးအပ်ခဲ့သည့် အကယ်ဒမီ ထူးချွန်ဆု ပေးပွဲ၏ ဇာတ်ကားဆုမှာ အညံ့ဆုံးထဲမှ အကောင်းဆုံးကို ရွေးချယ် ပေးလိုက်ခြင်း ဖြစ်ကြောင်း ဒါရိုက်တာ အကယ်ဒမီ ပန်းချီစိုးမိုး က ဧရာဝတီကို ပြောသည်။

၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆု ရရှိသူများ (ဓာတ်ပုံ - Weekly Eleven)
“ဇာတ်ကားဆု ပေးမယ်ဆိုရင် လူတွေ အကျိုးပြု အတွက် ရိုက်ထားတဲ့ ကားမျိုး ပေးသင့် တယ်လေ။ ဒါက ပေါ်လစီကို ပြောတာ မဟုတ်ဘူးနော်။ ဥပမာ - AIDS ကားတို့လို၊ ဘိန်းဖြူ တိုက်ဖျက်ရေး တို့လိုမျိုးပေါ့။ အဲဒီလို အချက် အလက်တော့ ပါသင့်တယ်လို့ ထင်တယ်။ အခုဟာက ဘာမှမပါတော့ တမျိုးကြီးပဲ” ဟု ပန်းချီစိုးမိုးက ဆိုသည်။

ယခုနှစ် အကယ်ဒမီ ပေးပွဲတွင် ဇာတ်ကားဆုနှင့် ဒါရိုက်တာဆုမှာ လေးနက်မှု မရှိသော်လည်း ယခင်နှစ်များတွင် ရရှိခဲ့သော ဇာတ်ကားများနှင့် မနှိုင်းယှဉ်ဘဲ ယခုတနှစ်တာ အတွက်သာ ကြည့်၍ ပေးမည်ဆိုပါက ပေး၍ ရနိုင်သော ဇာတ်ကားများ ဖြစ်ကြောင်း သူက သုံးသပ်သည်။

အကယ်ဒမီပေးပွဲတွင်  ရုပ်ရှင် ဇာတ်ညွှန်းဆုနှင့် ရုပ်ရှင်တေးဂီတ ထူးချွန်ဆုများကို ပေးအပ်ခဲ့ခြင်းမရှိပေ။

ယခင်က ဇာတ်ကားတကား အကယ်ဒမီ စာရင်းဝင်ပြီဆိုသည်နှင့် ရုပ်ရှင်အကဲဖြတ်ထံသို့ ရိုက်ကူး ရုံတင်ပြီးခဲ့သော ဇာတ်ကား၏ ဇာတ်ညွှန်းကို ပြန်လည်ရေးသား တင်ပို့နိုင်သော်လည်း ယခုအခါတွင် ဆင်ဆာသို့တင်ခဲ့သည့် ဇာတ်ညွှန်း မူရင်းကိုသာ လက်ခံ သည်ဆိုသော မူတရပ် ပြောင်းလဲသတ်မှတ် လိုက်ကြောင်း သိရသည်။

“နေရာ အနေအထားအရ မူလ ဇာတ်ညွှန်းအတိုင်း မဟုတ်ဘဲ ပြောင်းလဲ ရိုက်ကြရတော့ အရင် ဇာတ်ညွှန်းနဲ့ မတူတော့တဲ့ အစိတ်အပိုင်းတွေ ပါလာတယ်။ အရင်ဇာတ်ညွှန်းမှာ မပါတာတွေလည်း ပါရင်ပါလာတယ်။ အဲဒီတော့ ဇာတ်ညွှန်းမှာ မပြည့်စုံဘူး ဆိုတာမျိုး ဖြစ်သွားတာပေါ့” ဟု ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က ဧရာဝတီကိုပြောသည်။

ရုပ်ရှင် ဇာတ်ကားတကားတွင် ဒါရိုက်တာဆုနှင့် ဇာတ်ကားဆု ရရှိပြီဆိုသည်နှင့် ဇာတ်ညွှန်းဆုရရှိရန် ရာခိုင်နှုန်းများပြားသော်လည်း  မူလဇာတ်ညွှန်းအတိုင်းမဖြစ်ဘဲ ပြောင်းလဲ ရိုက်ကူးလာရသည့်အပေါ် စံနှုန်းနှင့် မကိုက်ညီသောကြောင့် ဇာတ်ညွှန်းဆုများ မရရှိခြင်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန် ဆုပေးပွဲ၏ အမျိုးသမီး ဇာတ်ပို့ဆုမှာ ယခင်နှစ်များကဲ့သို့ အဓိက ဇာတ်ဆောင် မင်းသမီး များကို ပေးအပ်ခြင်း မဟုတ်ဘဲ အမှန်တကယ် ဇာတ်ပို့ သရုပ်ဆောင်ကို ပေးအပ်ခဲ့ကြောင်း တွေ့ရသည်။

“မင်းသမီးက ဇာတ်ပို့နေရာရရင် တကယ့် ဇာတ်ပို့တွေအတွက် နစ်နာတာပေါ့။ ဇာတ်ပို့အစစ်က မရတော့ဘူး။ အခုတော့ ဇာတ်ပို့က ဇာတ်ပို့ နေရာအတွက် ဆုရတော့ ၀မ်းသာတယ်” ဟု ဒါရိုက်တာ ပန်းချီစိုးမိုးက ပြောသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့က ကျင်းပသည့် ၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲတွင် ယခင်နှစ်များကနှင့် မတူဘဲ ဟာသ ဇာတ်ကားမှ ဟာသ ဇာတ်ရုပ်ကိုပါ ဆုပေးအပ်ကြောင်း တွေ့ရသည်။

အဆိုပါ အကယ်ဒမီပေးပွဲသို့ လာရောက်အားပေးသည့် ပရိသတ်မှာ များပြားလွန်းသည့်အတွက် သတင်းယူရာတွင် အခက်အခဲ ကြုံတွေ့ခဲ့ရကြောင်း ရန်ကုန်အခြေစိုက် ပေါ့ပ်ဂျာနယ်တစောင်မှ အယ်ဒီတာချုပ်တဦးကဆိုသည်။

“စာနယ်ဇင်းသမားတွေကျတော့ ကင်မရာတလုံးကို ငါးထောင်ဆောင်ပြီးဝင်ရတယ်။ အပြင်က လူတွေကတော့ ဖုန်းတွေ၊ ကင်မရာ တွေနဲ့ ရိုက်ကြတာ သတင်းသမားတွေတောင် မတိုးနိုင်ဘူး။ နောက်ဆုံး မြန်မာ့အသံက ကင်မရာမင်းတွေတောင် မတိုးနိုင်တဲ့ ဘ၀ ရောက်သွားတယ်” ဟု ၎င်းက ဆက်ပြောသည်။

၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ခန့်စည်သူက “အများနှင့် မသက်ဆိုင်သောသူ” ဇာတ်ကားဖြင့် လည်းကောင်း၊ အမျိုးသမီး ဇာတ်ဆောင်ဆုကို မို့မို့မြင့်အောင်က “မြင့်မိုရ်ထက်က သရဖူ” ဇာတ်ကားဖြင့်လည်းကောင်း၊ အကောင်း ဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရဲအောင်က “အကယ်ဒမီရှော့”၊ အမျိုးသမီး ဇာတ်ပို့ဆုကို ခင်မို့မို့အေးက “အများနှင့် မသက်ဆိုင် သောသူ” ဇာတ်ကားဖြင့် လည်းကောင်း၊ အကောင်းဆုံး ဒါရိုက်တာဆုအဖြစ် “အများနှင့် မသက်ဆိုင်သောသူ” ဇာတ်ကား ရိုက်ကူး ခဲ့သည့် ဒါရိုက်တာ ညီညီထွန်းလွင်က လည်းကောင်း၊ အကောင်းဆုံး ဓာတ်ပုံဆုကို “ကြိုးတန်း” ဇာတ်ကားဖြင့် သန်းညွှန့် (ပန်းသာ) က ရရှိကာ ၂၀၀၈ ခုနှစ်အတွက်အကောင်းဆုံး ဇာတ်ကားဆုကို “အများနှင့် မသက်ဆိုင်သောသူ” ဇာတ်ကားရိုက်ကူး ထုတ်လုပ် သည့် မျက်ချယ် ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးက ရရှိကာ စုစုပေါင်း အကယ်ဒမီ ၇ ဆု ပေးအပ်ခဲ့သည်။
ဧရာဝတီမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ထလော့မြန်မာ(ရေးသူ-ညိုစိုင်း)

 ညိုစိုင်း (e-mail) မှတဆင့်ပေးပို့တဲ့ကဗျာလေးဖြစ်ပါတယ်။ကဗျာအမည်မပါ သောကြောင့် "ထလော့မြန်မာ"ဟုသာပေးလိုက်ပါသည်။အကယ်၍ ကဗျာအမည်သိသည်ရှိသော် ဖော်ပြပေးစေလိုပါတယ်။
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
စေတီ စပါးများလည်းများ၏
များပါလေလည်း တမွဲမွဲနဲ့
ဆင်းရဲ ကာလကြာလျှင်
ယာစကားမျိုး တညှိုးညှိုးနှင့်
ပုထိုး မြင့်မောင်း ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ ဝမ်းမဝ၍
ဆွမ်းမျှ မတင်နိုင်ရှိမည်တည်း။

ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီနှံချိုပျား များလည်းများ၏
များပါလေလည်း တမွဲမွဲနဲ့
ဆင်းရဲ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျှော့လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးမြားမြောင် ညဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ညဏ်ရှေ့ပန်း၍
တဝမ်းတစိတ် ညီစေသတည်း။

ဆက်လက်ဖတ်ရှုရန်...

တော်လှန်ရေးဋီကာ(ရေးသူ-ညိုစိုင်း)

(၁)
တော်လှန်ရေးသည်
လရောင်အောက်တွင်
စောင်းတီးခြင်းမဟုတ်။

(၂)
တော်လှန်ရေးသည်
မည်ကာမတ္တလုပ်နေသော
အမည်ခံ၊ အဖြည့်ခံဝေါဟာရ
စကားလုံးတစ်လုံးအဖြစ်
ရပ်တည်နေသောစိတ်ဖြေ
လုပ်ငန်းမဟုတ်။

(၃)
တော်လှန်ရေးသည်
ခပ်ပါးပါးလုပ်ဟန်ပြုနေသော
Paper Revolution
မဟုတ်။

(၄)
တော်လှန်ရေးသည်
စံနှုန်းတွေနှင့် ပြဌာန်းထားသော
တရားဓမ္မ(သို့ )ပရမတ္တဖြစ်သည်။

(၅)
တော်လှန်ရေးသည်
ကိုယ်လိုရာ အကောင်းမြင်ဝါဒကို
လက်မခံ။

(၆)
တော်လှန်ရေးသည်
သစ္စာတရားအပေါ်တွင်
ခံယူထားသော ကတိ
ဘယ်လောက်လိုက်နာဆိုသည့်
အချက်နှင့်တိုင်းတာရမှာပဲ။

(၇)
တော်လှန်ရေးသည်
သမာသမတ်ကျသော
ရပ်တည်မှုအပေါ်တွင်
မူတည်ပြီး...
သစ္စာတရားနှင့် ကတိတွေအပေါ်
အထပ်ထပ်ချိုးဖောက်နေသော
ရဲဘော်အတုတွေကို
တော်လှန်ရေး ရဲဘော်ဟု မဆိုအပ်။

(၈)
တော်လှန်ရေးသည်
ရပ်တည်ချက်နှင့် လုပ်ဟန်များကို
စောင့်ကြည့်ပြီး...
တော်လှန်ရေးအရေခွံခြုံထားသော
တော်လှန်ရေး အတုများကို
တော်လှန်တိုက်ပွဲဝင်ရင်း
စစ်မှန်သော တော်လှန်ရေးရဲဘော်များကို
အမြဲတမ်းရှာဖွေနှလုံးသွင်းလျက်ရှိသည်၊
ဆက်လက်ဖတ်ရှုရန်...

ငါတို့လက်နဲ့ရေးတဲ့ကောင်းကင်(ရေးသူ-ညိုစိုင်း)

မလွတ်လပ်ခြင်းကို ထမ်းပိုးလို့
ငါတို့နှလုံးသားတွေ ကျွဲပုခုံးလို ဖြစ်ခဲ့ရ
နာကျင်ခဲ့ပေမဲ့ ခပ်နာနာနဲ့ပဲ
ငါတို့ ဓားအသွားကို ဆုပ်ကိုင်ခဲ့ကြတယ်၊
ဝဋ်ကြွေးလား
ဒါဆိုလည်း အဲ့ဒီလှံအသွားကိုပဲ
ငါတို့ခေါင်းနဲ့ ၀င်တိုက်ကြတာပေါ့၊
အဲ့ဒါ ငါတို့ရဲ့ လွတ်လမ်း….။
မတရားတာတွေ တရားတာတွေ
ခပ်ဝေးဝေးကို ပစ်ထုတ်လိုက်ကြ၊
ငါတို့ကို ကန်ခဲ့တဲ့ စစ်ဖိနပ်ထဲက အကောင်တွေကို
သတ်ကြ၊ ပြန်သတ်ကြ၊
အဲဒါ ငါတို့ရဲ့ဝဋ်ကြွေးကုန်ရာလမ်း
အမှန်တရားဟာ တရားတယ်၊
အမှားကို အမှန်နဲ့ ငါတို့ ဆေးကြောခဲ့တာပဲ
အားလုံးသိတယ်၊

(ဒါပေမဲ့ အရိုးမျက်နေတဲ့ ခွေးငတ်တွေမပါဘူး)
လူ့အသိရှိသူအားလုံးသိတယ်
ဒီနေ့ကစပြီး
လူအသိမရှိတဲ့သူကို
ဒီကမ္ဘာပေါ်မှာ နေထိုင်ခွင့် မပြုနိုင်တော့ဘူး၊
ဒါ ငါတို့ရဲ့ ပြတ်သားတဲ့
ဆုံးဖြတ်ချက်
ငါသေလို့ အမှန်တရားမသေဘူး
မြဲမြဲမှတ်ကြ
နအဖ စစ်သားသေမှ အမှားသေမယ်၊
ဒုက္ခသေမယ်
သတ်ကြ နအဖ စစ်သားဆို
အချိန်မရွေး နေရာမရွေးသတ်ကြ။
ဒါအမှန်ပါလို့ လည်ပင်းမှာ ချိတ်ပေးထားတာတောင်
ခွေးသေပုပ်ကို လည်ပင်းဆွဲတယ်လို့ ထင်တဲ့အကောင်တွေ
ပြောကြ
ခင်ဗျာတို့အားလုံးပြောကြ
ဟောဒီ့ အန္တရာယ်ကောင်
ကမ္ဘာ့လူ့ခွင်မှာ ရှိသင့်မရှိသင့်ပြောကြ
ဒီနေ့က စပြီး
လက်စားချေတရားကို ငါဟောမည်
နအဖ စစ်သားဆို အကုန်သတ်
ကြံ့ဖွတ်၊ စွမ်းအားရှင် အကုန်သတ်
စစ်ခွေးသတ်လို့ ငရဲမကျ
ဘုန်းကြီးသတ်မှ ငရဲကျမည်၊
ငါတို့ဟာ သူတို့လက်ခုပ်ထဲက ရေမဟုတ်ဘူး
သူတို့ရဲ့ လက်ခုပ်ထဲက ပုလင်းကွဲ
သူတို့ကုန်တဲ့နေ့
အမှန်တရား နေမွန်းတည့်မယ့်နေ့
အဲဒီ ပန်းတိုင်ရောက်ဖို့
သတ်ရဲအောင် အရင်အားထုတ်ကြ
လာတော့မယ်
အမှန်တရား။ ။



ဆက်လက်ဖတ်ရှုရန်...

05 February 2010

ဒေါ်စုက ဗဟိုတရားရုံးချုပ်တွင် ကန့်ကွက်စာတင်

နေအိမ်ပြုပြင်မှုကို ဦးအောင်ဆန်းဦးက တားဝရမ်းထုတ်ခြင်းအပေါ် ပြန်လည် ကန့်ကွက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဗဟိုတရားရုံးချုပ်တွင် ယနေ့ စတင်လိုက်သည်။

နေအိမ်အချုပ်ကျနေစဉ် နှစ်ပေါင်းများစွာ မပြုမပြင်သဖြင့် ယိုယွင်းလာနေသော နေအိမ်ကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်က ပြုပြင်နေခိုက် အကိုရင်းဖြစ်သူ ဦးအောင်ဆန်းဦးက အမွေပိုင်သည်ဆိုကာ တားမြစ်ခဲ့သဖြင့် ရှေ့နေများမှတဆင့် ကန့်ကွက်လိုက်သည်။

“ဒီနေ့ အန်ကယ်တို့က ကန့်ကွက်စာတင်တယ်။ အဓိကအားဖြင့် ဦးအောင်ဆန်းဦးက သူ့ဆီက သဘောတူညီမှု မယူဘဲ အိမ်ပြင်တာ ကန့်ကွက်တာ။ ဥပဒေမှာ အဲဒီလို ခွင့်ပြုချက် တောင်းရမယ်။ ခွင့်ပြုချက် ပေးရမယ်ဆိုတာ မရှိဘူး” ဟု သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဦးအောင်ဆန်းဦးက သူ၏ ရှေ့နေ ဦးဟန်တိုးမှတဆင့် ယခင်လ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း တွဲဖက် ၂ တရားရုံးတွင် တားဝရမ်း လျှောက်လဲချက် တင်ခဲ့ခြင်း ဖြစ်သည်။

ဥပဒေအမိန့် ၃၉ နည်းဥပဒေ (၁) အရ အငြင်းပွားနေသည့် ပစ္စည်းအား ပျက်ဆီးရန်၊ ဆုံးရှုံးရန်နှင့် တမင်ဖြုန်း တီးစေခြင်း မဟုတ်ပါက တားဝရန်း ထုတ်ခွင့် မရှိကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။

“ဒီလိုအငြင်းပွားနေတဲ့ ပစ္စည်းကို ပျက်ဆီးမယ် ဆုံးရှုံးမယ် တမင်ဖြုန်းဆိုရင် တားဝရန်း ထုတ်လို့ ရတယ်။ ဒီပြသာနာက ရှိမှ မရှိဘဲ။ ဒီလိုပစ္စည်းကို တန်ဖိုးလျော့အောင်၊ ပျက်ဆီးအောင်၊ ဖြုန်းတီးအောင် လွဲပြောင်း အောင် လုပ်မှ။ ခု အဲဒီလိုလုပ်တာ ရှိမှ မရှိဘဲ”ဟု ပြောသည်။

ယခုလ  ၁ဝ ရက်နေ့မှာ နှစ်ဘက်လျှောက်လဲချက် ကြားနာမည်ဟု သိရသည်။

မြို့တော် စည်ပင်သာယာက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်မှစ၍ ယခုလအတွင်း အပြီးသတ် ပြင်ဆင်ရန် ခွင့်ပြုထားရာမှ ဦးအောင်ဆန်းဦးက ကန့်ကွက်သဖြင့် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အိမ်ပြင်မှုကို ရပ်နားထား ရခြင်း ဖြစ်သည်။

မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သက်ရှိထင်ရှား သားသမီးနှစ်ယောက်အနက် ဦးအောင်ဆန်းဦးမှာ စစ်အစိုးရနှင့် အလွမ်းသင့်သူ ဖြစ်သည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ဦးတင်ဦး ယခုလအတွင်း ပြန်လွတ်မည်ဟု NLD မျှော်လင့်

ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ယခုလအတွင်း လွတ်မြောက်လာမည်ဟု မျှော်လင့်နေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ယနေ့ ပြောသည်။

ဒီပဲယင်းအရေးအခင်းပြီးနောက် အဖမ်းခံခဲ့ရသော ဗိုလ်ချုပ်ကြီး ဦးတင်ဦးသည် ယခုလ  ၁၃ ရက်နေ့တွင် အကျယ်ချုပ်သက်တမ်း ၆ နှစ် ပြည့်တော့မည်ဖြစ်သည်။

“ဗိုလ်ချုပ်မောင်ဦး ပြောတဲ့အထဲမှာလည်း ဖေဖော်ဝါရီလအတွင်း လွှတ်ပေးမယ်ဆိုတာလည်း ပါနေတော့ လွတ်မယ်လို့ မျှော်လင့်ပါတယ်။ လွှတ်မယ်ဆိုရင်တော့ ဖော်ဖော်ဝါရီ ၁၃ ရက်နေ့က လွတ်ရက်စေ့တဲ့နေ့ပါ။ ဝန်ကြီးတပါး ပြောတဲ့စကားကို အတည်ယူရမယ်ဆိုရင်တော့ လွတ်မယ်ထင်တယ်” ဟု NLD ပြောခွင့်ရ ပုဂ္ဂိုလ်နှင့် ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်လည်းဖြစ်သူ ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်လ ၂၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ ခရီးစဉ်တွင် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလနှင့် ဒုဥက္ကဋ္ဌ ဦးတင်ဦးကို လာမည့်လတွင် လွှတ်ပေးမည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အသက် ၈၄ နှစ်ရှိ အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးသည် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ပါတီဝင်များ၊ ထောက်ခံအားပေးသူများနှင့်အတူ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် အထက်မြန်မာပြည် စည်းရုံးရေးခရီး လှည့်လည်နေစဉ် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် စစ်အစိုးရ လက်သပ်မွေး လူအုပ်စုကြီး၏ ဝိုင်းဝန်းရိုက်နှက်ခြင်း ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။

ထို့နောက် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်သို့ ပို့ဆောင်ခံရကာ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရန်ကုန်မြို့ရှိ သူ၏ နေအိမ်တွင် ယနေ့ထိတိုင် အကျယ်ချုပ် ချခံနေရသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) ဥက္ကဋ္ဌ ဦးသိန်းဦးက “ဦးတင်ဦးကို ထိန်းသိမ်း ထားတာဟာ တရားဥပဒေနဲ့ မညီညွတ်ပါဘူး။ ဒါဟာ လူ့အခွင့်အရေးနဲ့ ဥပဒေကို ချိုးဖောက်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လွှတ်ပေးရမှာပါ။ လွတ်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်/
စစ်အစိုးရက BLC ကို မကြာသေးခင်က တရားမဝင် အသင်းအဖွဲ့အဖြစ် ကြေညာထားခဲ့သည်။

ဦးခင်မောင်ဆွေက “ဥက္ကဋ္ဌက မလုပ်နိုင်တဲ့အချိန် ဒု-ဥက္ကဋ္ဌက ပြန်လာမယ်ဆိုရင် အားတက်တာပေါ့။ အသက်ကြီးလို့ မသွားလာနိုင်ရင်တောင် စိတ်ဓာတ်ရေးရာ မြင့်တက်လာအောင် အများကြီး အထောက်အကူ ပေးနိုင်မယ် မျှော်လင့်တယ်” ဟု ဦးခင်မောင်ဆွေက ပြောဆိုသည်။
မဇ္ဈိမမှတဆင့်

ဆက်လက်ဖတ်ရှုရန်...

မီးသင်္ဂြိုဟ်စားရိတ် ၇ ဆ တိုးမည်


စည်ပင်အရာရှိက ပြည်တွင်း ဂျာနယ်တခုတွင် ငြင်းချက် ထုတ်နေသော်လည်း ရန်ကုန်ရှိ မီးသင်္ဂြိုဟ် စရိတ်များကို လာမည့် မတ်လမှစ၍ တိုးမြှင့်ကောက်ခံမှာ သေချာနေကြောင်း ယုံကြည်စိတ်ချရသော စည်ပင်သတင်းရပ်ကွက်က ပြောသည်။

၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှစ၍ မီးသင်္ဂြိုဟ်စက်များထားရှိရာ သုဿန်များရှိ အအေးခန်း အသုံးစရိတ် ၁၅ဝဝ နှင့် မီးသင်္ဂြိုဟ်စားရိတ် ၁ဝဝဝ ကျပ် ကောက်ခံနေရာမှ ၇ ဆတိုးကောက်မည်ဟု စည်ပင်ဝန်ထမ်း တဦးက ပြောသည်။

“ကျနော်တို့ကတော့ အဲဒီသတင်းကို မှန်တယ်လို့ ကျနော်သိသလောက် ပြောချင်ပါတယ်” ဟု ရန်ကုန် စည်ပင်သာသာရေးကော်မတီမှ အမည်မဖော်လိုသူ ဝန်ထမ်းက မဇ္ဈိမကို ပြောသည်။

မီးသင်္ဂြိုဟ်စားရိတ် တိုးမြင့်ကောက်ခံမည် ဆိုခြင်းသည် ကောလဟလ သတင်းသာဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှူး အငြိမ်းစား ဗိုလ်မှူးကြီး ဦးချိုထွန်းအောင်က ပြည်တွင်းထုတ် ဆဲဗင်းဒေးဂျာနယ်တွင် ငြင်းဆိုထားသည်။

ရေဝေးသုဿန်နှင့် ထိန်ပင်သုဿန် အအေးခန်း တာဝန်ရှိသူများကမူ ယင်းကိစ္စနှင့်ပတ်သက်၍ “ဖြေဆိုပိုင်ခွင့်” မရှိကြောင်း ပြောသည်။

ယင်းသို့ တိုးမြှင့်ကောက်ခံမှု ဖြစ်လာပါက အလှူရှင်များမှ လှူငွေဖြင့် ဆောင်ရွက်ရသော နာရေး ကူညီမှု အသင်းများအတွက် ရပ်တည်ရန် အခက်အခဲများ ရှိလာနိုင်မည် ဖြစ်ကြောင်း နာရေးကူညီမှု အသင်းမှ တာဝန်ခံ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

“ထိခိုက်မှုတွေ အများကြီး ဖြစ်လာနိုင်မယ်။ အလှူငွေ နည်းနေရင်တော့ ကျနော်တို့ ဆက်လုပ်နိုင်မှာ မဟုတ်ဘူး။ သာမန်ပြည်သူတွေအတွက်လည်း အလောင်းသဂြိုဟ်ဖို့ အခက်အခဲတွေ အများကြီး ဖြစ် လာနိုင်မယ်”ဟု သူက  မဇ္ဈိမကို ပြောသည်။

ယင်းတို့၏ နာရေးကူညီမှုအသင်းသည် တနေ့လျှင် အနည်းဆုံး လူ ၅ဝ ဦးခန့် မီးသဂြိုဟ်ကာ တဦးလျှင် ကျပ် ၂ သောင်းခန့် ကုန်ကျသဖြင့် တနေ့လျှင် အနည်းဆုံး ကုန်ကျငွေ ကျပ် ၁ဝ သိန်းက အသုံးပြုနေရသည်ဟု သူက ဆက်ပြောသည်။

အလောင်းတလောင်းအတွက် ကုန်ကျငွေမှာ အလောင်းထားသည့် ဗန်း ၆ဝဝဝ ကျပ်၊ အအေးခန်းတွင် ၁ ရက် ထားခ ၁၅ဝဝ ကျပ်၊ မီးသင်္ဂြီုဟ်ခ ၁ဝဝဝ တခြား ကုန်ကျစရိတ် များ အပါအဝင် ၂ သောင်းခန့် ရှိသည်ဟု နာရေးကူညီမှုအသင်းက ဆိုသည်။

ရန်ကုန်မြို့အတွင်း သုဿန် ၁ဝ ခု ရှိပြီး အများအားဖြင့် မီးသင်္ဂြီုဟ်နေသော ရေဝေး၊ ထိန်ပင်၊ ထားဝယ်ချောင်၊ ကျည်စု စသည့် သုဿန်များသည် မီးထိုးဆီကို တဂါလံလျှင် ၂၅ဝဝ ကျပ်ဖြင့် အလောင်းပိုင်ရှင်များက ဝယ်ယူ အသုံးပြကြရကြောင်းလည်း သိရသည်။

ရေဝေးသုဿန်တွင် တနေ့လျှင် အလောင်း ၇ဝ မှ ၁ဝဝ ထိ မီးသင်္ဂြီုဟ်ကာ ထိန်ပင် သုဿန်သည် ဒုတိယအများဆုံး ဖြစ်သည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

စည်ပင်ပိုင်မြေတွင် ညကလပ်ဖွင့်မည်


ရန်ကုန်မြို့လယ်ရှိ မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြေနေရာပေါ်တွင် ညကလပ်တခု မကြာမီကာလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ မြေနေရာ (ယခင် လေဟာပြင်ဈေးမြေနေရာ) ပေါ်တွင် ဆောက်လုပ်ထားသော CITY CENTER SHOPPING MALL အမည်ရှိ သုံးထပ်အဆောက်အဦး၏  ဒုတိယထပ်တွင် အဆိုပါ ညကလပ်ကို ဖွင့်လှစ်မှာဖြစ်သည်။

Generation X ဟု ယာယီအမည်ပေးထားသည့် အဆိုပါ ညကလပ်၏ အတွင်းပိုင်း ပြင်ဆင်မှုများအားလုံး ပြီးစီးနေပြီဖြစ်ကြောင်း မီးအလှပြင်ဆင်ခြင်းလုပ်ငန်းတွင် ပါဝင်ခဲ့သူတဦးက မဇ္ဈိမသို့ပြောသည်။
IMG
City Center Shopping Mall သုံးထပ်အဆောက်အဦး၏ နံဘေးရှိ ကလပ်ဖွင့်လှစ်မည့် နေရာ။

"အတွင်းပိုင်း အပြင်အဆင်ကတော့ တော်တော်လေးကို ခမ်းခမ်းနားနားလုပ်ထားတာ။ ဒစ်စကိုလိုက်တွေနဲ့ မီးတွေချည်းပဲ သိန်းထောင်ကျော်တယ်။ ပိုင်ရှင်က ကလပ်ဖွင့်ဖို့ ဒီပစ္စည်းတွေသွင်းထားတာ တော်တော်ကြာပြီလို့ ပြောပါတယ်။"ဟု သူကပြောသည်။

မြို့တော်စည်ပင်(လေလံဌာန)မှ အမည်မဖော်လိုသူ အရာရှိတဦးက ယင်းမြေနေရာနှင့် အဆောက်အဦးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပိုင်ဆိုင်ကြောင်း အတည်ပြုသည်။

"လေလံပစ်လိုက်တာတော့ မဟုတ်ဘူးဗျ။ အဲ့ဒီနေရာက ပြဿနာရှိတယ်။ အရင်က ဗလီဆောက်ဖို့လုပ်လို့ ကန့်ကွက်တဲ့သူတွေနဲ့ ဘာနဲ့ ဖြစ်ကြသေးတယ်။ ၁၉၉၇ ခုနှစ်လောက်က ထင်တယ်။ အဲ့နောက်ပိုင်း ဒီနေရာကို ဒီအတိုင်းထားထားလိုက်တာ။ ပြီးခဲ့တဲ့နှစ်ကမှ ရှော့ပင်းစင်တာ ဖွင့်ခွင့်ပေးလိုက်တာ။ မြေနေရာနဲ့ အဆောက်အဦကို အငှားချထားလိုက်တာပါ။ ပိုင်တာကတော့ စည်ပင်ပိုင်မြေပဲ။" ဟု သူကဆိုသည်။

CITY CENTER SHOPPING MALL မှာ တရားဝင်ဖွင့်လှစ်ခြင်း မရှိသေးသော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၇)ရက်နေ့မှ စတင်ပြီး Soft Opening အနေဖြင့် ဆိုင်အချို့စတင်ရောင်းချနေပြီဖြစ်သည်။

မြေအကျယ်အဝန်း၏ ဆယ့်ငါးပုံတစ်ပုံခန့် ဧရိယာပေါ်တွင် ဆောက်လုပ်ထားသော သုံးထပ် အဆောက်အဦးတွင် ဆူပါမားကတ်၊ ဖက်ရှင်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ဂိမ်းစင်တာ၊ ကလေးကစားကွင်းနှင့် ညကလပ်ခန်းမတို့ ပါဝင်မည်ဖြစ်ပြီး အဆောက်အဦ၏ ပြင်ပဧရိယာကို ရန်ကုန်မြို့လယ်တွင် အကြီးဆုံး ယာဉ်ရပ်နားစခန်းအဖြစ်ဖွင့်လှစ်ရန် ပြင်ဆင်နေသည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

02 February 2010

သံဃာ့ တပ်ပေါင်းစုနှင့် ဆက်သွယ်သူများကို ထောင်ဒဏ်ချမှတ်

နိုင်ငံရေး လှုပ်ရှား တက်ကြွသူ သံဃာတော် ၃ ပါးနှင့် လူပုဂ္ဂိုလ် ၂ ဦး ကို မကြာသေးခင် ရက်ပိုင်းတွင် စစ်အစိုးရ အင်းစိန်ထောင် အထူး တရားရုံးမှ ထောင်ဒဏ် ၆ နှစ် မှ ၉ နှစ်အထိ အသီးသီး အပြစ်ပေး လိုက်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားများသည် အမှု စစ်ဆေးနေစဉ် အတွင်း မိသားစုများ လာရောက်တွေ့ဆုံနိုင်ခြင်း မရှိကြောင်း၊ ရှေ့နေလည်းငှားရမ်းနိုင်ခြင်း မရှိသည့်အတွက် အမှုကိုအမြန်ဆုံး စီရင်ချက်ချနိုင်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ၏ အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးကျော်ဟိုးက ပြောသည်။

“ ၆နှစ်ကနေ ၉နှစ်အထိ ထောင်ချခံရတယ်လို့ ရုံးချိန်းထွက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေက ပြောတယ်”ဟု ၎င်းကဆိုသည်။

ယခုပြစ်ဒဏ်ချခံရသူများကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု၊ မျိုးဆက်သစ်လူငယ်များ အဖွဲ့ စသည့် အသင်းအဖွဲ့များနှင့် ဆက်သွယ်သည့်အတွက် တရားမ၀င် အသင်းအဖွဲ့ဆိုင်ရာ ပုဒ်မ ၇၊ နယ်စပ်ဖြတ်ကျော် ၀င်ရောက်မှု ပုဒ်မ ၁၃/၁၊ နိုင်ငံခြားငွေ တရား မ၀င်ကိုင်ဆောင်မှုပုဒ်မ ၂၄/၁ ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေဦးကျော်ဟိုးက ပြောသည်။

ပြီးခဲ့သည်နှစ် စက်တင်ဘာလအတွင်းက သံဃာတော် ၄ ပါးဖြစ်သည့် ရေနံချောင်းမြို့ ရွှေစေတီ ကျောင်းမှ ဆရာတော် ဦးဝါယမ၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းမြို့မှ ဦးရေ၀တ၊ ပခုက္ကူမြို့ သာသနာ့ဝေပုလ္လာရာမ အနောက် တိုက်မှ ဦးဝိသုဒ္ဓနှင့် ဦးဃောသိတ တို့ အပါ အ၀င် မန္တလေးမြို့မှ ဦးရဲမြင့်၊ ကိုညို၊ မစန္ဒာ (ခ) မသန္တာထွန်း နှင့်ပဲခူးမြို့မှ ဦးကျော်ခင်တို့ ၈ ဦးကိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ယင်းဖမ်းဆီးခံရသူများတွင် ကိုညို ၊ မစန္ဒာနှင့် ဦးဃောသိတ တို့သာ NLD အဖွဲ့အား အကူအညီတောင်းသဖြင့် ရှေ့နေငှားရမ်း၍ ဥပဒေ၏ အကျိုးခံစားခွင့်ကို ရရှိခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေဦးကျော်ဟိုးက ပြောသည်။

“အဲ့ဒီအကျဉ်းသားတွေကို ရှေ့နေလိုက်ပေးမယ်ဆိုပြီးသွားပြောတော့ SB ရဲတွေက ကျနော်တို့ကို ခင်ဗျားတို့နဲ့ မဆိုင်ဘူးဆို ပြီး မောင်းထုတ်တယ်၊တွေ့ခွင့်မပေးဘူး”ဟု ၎င်းကဆိုသည်။

ကိုညိုနှင့် မစန္ဒာတို့ကို အင်းစိန်ထောင်တွင်းထောင်ဒဏ်ကျခံနေသည့် NLD လူမှု့အထောက်အကူအဖွဲ့မှ ဒေါ်ချိုက အကူအညီ ပေးသည့်အတွက် ရှေ့နေလိုက်ပါဆောင်ရွက်ခွင့် ရရှိခြင်းဖြစ်ကြောင်း၊ ဦးဃောသိတ အမှုအတွက် တခြားသော ရှေ့နေ တဦးဖြစ် သည့် ဦးကျော်ဌေးက လိုက်ပါ ဆောင်ရွက်ပေးနေကြောင်းသိရသည်။

သာသနာ့ဝေပုလ္လာရာမ အနောက်တိုက်ကျောင်း တည်ရှိရာ ပခုက္ကူ၌ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ရက်နေ့တွင် သံဃာ ၅၀၀ ကျော် က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။ သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက် နှက်ခဲ့သောကြောင့် မြန်မာပြည် အနှံ့အပြား မှ ရဟန်း ရှင်လူများ စိတ်ဆိုးဒေါသထွက်ခဲ့ကြသည်။

ထိုဖြစ်ရပ်ကို စစ်အစိုးရက ပြန်လည် တောင်းပန်ခြင်း မပြုသဖြင့် နိုင်ငံအနှံ့မှ သံဃာတော်များက ၂၀၀၇ စက်တင် ဘာ ၁၈ ရက်မှစ၍ အာဏာပိုင် တို့ကို ပတ္တနိကုဇ္ဇန ကံဆောင် သပိတ်မှောက်ခဲ့သည်။ ထို့ပြင် သံဃာတော်များ မေတ္တာပို့ ဆန္ဒပြ ကြွချီရာမှ လူထု လှုပ်ရှားမှု အသွင်သို့ ကူးပြောင်းခဲ့သည်။ အာဏာပိုင် တို့က စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းကာ သံဃာနှင့် သီလရှင်များကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ် လိုက်သည်။

စစ်အစိုးရ အနေဖြင့် ယခုကဲ့သို့ စွပ်စွဲခံရပြီး ဖမ်းဆီးထားသူများအား ဥပဒေနှင့်အညီ မိသားစုနှင့် ဆက်သွယ်ခွင့်၊ ရှေ့နေငှားရမ်းခွင့် ပေးအပ်ရမည်ဖြစ်ကြောင်း၊ ထိုသို့သော ဥပဒေ၏ အကျိုးခံစားခွင့် မရရှိခြင်းသည် လူ့အခွင့်အရေး ဆုံးရှုံးမှုပင်ဖြစ်ကြောင်း၊ယခုကဲ့သို့ ရှေ့နေမပါဘဲ စီရင်ချက်ချမှတ်ခြင်းသည် ဥပဒေကြောင်းအရလည်း တရားမ၀င်ကြောင်း ဦးကျော်ဟိုးက သုံးသပ်သည်။

၂၀၀၈ ခုနှစ်အတွင်းကလည်း ၈၈ မျိုးဆက်ကျောင်းသားများအမှု၊ NLD အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွန်း နှင့် ဦးညီပု အမှု၊ ဦးကျင်ရှင်းထန်၏သား ကမ်ခမ်ခုတ် အမှုနှင့် ရခိုင်လူငယ် ကိုတင်ထူးအောင်တို့အမှုများအား အကျိုးဆောင်ရှေ့နေ ငှားရမ်းခွင့် မရရှိဘဲစီရင်ချက်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဧရာဝတီမှတဆင့်

ဆက်လက်ဖတ်ရှုရန်...

မြန်မာ့ အရေးအတွက် အိုဘားမား ဒေါ်လာ ၃၆.၅ သန်း အဆိုတင်သွင်း

အမေရိကန် သမ္မတ အိုဘားမားက မြန်မာနိုင်ငံ အတွင်းနှင့် မြန်မာ - ထိုင်း နယ်စပ် တလျှောက်ရှိ ဒီမိုကရေစီနှင့် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီ လုပ်ငန်းစဉ်များ အထောက် အပံ့အတွက် အမေရိကန် ဒေါ်လာ ၃၆.၅ သန်းပေးရန် လွှတ်တော်သို့ အဆို တင်သွင်းလိုက်သည်။

အမေရိကန် သမ္မတအိုဘားမား (ဓာတ်ပုံ - Getty Images)
စီးပွားရေး အထောက် အပံ့ရန်ပုံငွေ (Economic Support Fund) ၏ ၂၀၁၁ ခုနှစ် ဘတ်ဂျက်ကို လွှတ်တော်သို့ တင်သွင်းရာ၌  သမ္မတ အိုဘားမားက နိုင်ငံတွင်းနှင့် မြန်မာ - ထိုင်းနယ်စပ် တလျှောက်ရှိ မြန်မာ့ ဒီမိုကရေစီရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ လုပ်ငန်းများ အတွက် အထောက်အပံ့ ပေးနိုင်ရန် ယင်းငွေ ပမာဏကို အသုံးပြု သင့်သည်ဟု ထည့်သွင်း အဆိုပြုခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဘတ်ဂျက်သည် ၂၀၁၀ အောက်တိုဘာ လတွင် စတင် အသက်ဝင်မည် ဖြစ်သည်။

ပြည်ပ အခြေစိုက် မြန်မာ ကျောင်းသား အဖွဲ့များနှင့် တခြား အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်တာများနှင့် နယ်စပ်များ တလျှောက်ရှိ မြန်မာ ဒုက္ခသည်များ အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများသည် ဤထောက်ပံ့မှု၌ အကြုံးဝင်ကြောင်း သိရသည်။

သမ္မတအိုဘားမား၏ အစိုးရအဖွဲ့သည် ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များဆိုင်ရာ အကူအညီ (Migration and Refugee Assistance) ခေါင်းစဉ်အောက်ရှိ မြန်မာဒုက္ခသည်များအတွက် အကူအညီ၌ ဒေါ်လာ ၄ သန်း တိုးမြှင့်ချမှတ်ပေးရန်ကိုလည်း အဆို ပြုခဲ့သည်။  အဆိုပါ ဒေါ်လာ ၄ သန်းမှာ မြန်မာနိုင်ငံအရှေ့ပိုင်းရှိ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်များ(IDP)အား အစားအစာ၊ ဆေးဝါးနှင့် တခြား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ကူညီနေသော ထိုင်းအခြေစိုက် လူမှုအခြေပြု လူ့အဖွဲ့ အစည်း များကို ပံ့ပိုးနိုင်ရန်ဖြစ်သည်။

ဤဘတ်ဂျက်အဆိုတင်သွင်းမှုအရ မြန်မာနိုင်ငံအတွက် ချမှတ်ထားသော ငွေကြေးအကူအညီများကို အသုံးပြု၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစုအဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒလမ်းစဉ်၊ ရည်မှန်းချက်များနှင့် သွေဖီမှုမရှိသည့် လုပ်ငန်းများကိုသာ အထောက်အပံ့ပေးနိုင်မည်ဖြစ်သည်။

ယင်းဘတ်ဂျက်အဆိုတင်သွင်းမှု၌ သမ္မတအိုဘားမား၏ အစိုးရအဖွဲ့အနေနှင့် မြန်မာစစ်အစိုးရသို့ ပေးအပ်မည့် မည်သည့် ချေးငွေ နှင့် ငွေကြေးအကူအညီများကိုမဆို နိုင်ငံတကာတွင် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းဖေါ်ပြထားသည်။

"ဘဏ္ဍာရေးဋ္ဌာန အတွင်းရေးမှူးသည် အမေရိကန်ပြည်ထောင်စု ပါဝင်သည့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတိုင်း၌ မြန်မာစစ် အစိုးရသို့ ချေးငွေ သို့မဟုတ် ငွေကြေး သို့မဟုတ် နည်းပညာအကူအညီပေးရန် သို့မဟုတ် ဘဏ်တခုခုမှ မြန်မာစစ်အစိုးရ အတွက် တခြားပုံစံဖြင့် ငွေကြေးသုံးစွဲရန် တင်ပြလာမှုများအား ကန့်ကွက်သွားရန်အတွက် ဦးဆောင်ညွှန်ကြားရေးမှူးကို လမ်းညွှန်သွားရ မည်"ဟုလည်း အဆိုတင်သွင်းမှုတွင် ဖေါ်ပြထားသည်။

တပြိုင်တည်းမှာပင် ဗီအိုအေ သတင်းဋ္ဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတခု၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က 
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ထပ်လောင်းတောင်းဆိုကြောင်း၊ သမ္မတ အိုဘားမား အစိုးရအဖွဲ့အနေနှင့် မြန်မာစစ်အစိုးရက ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပရန် အစီအစဉ်ဆွဲနေသည့် ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတမှုရှိသည့် ရွေးကောက်ပွဲအဖြစ် မြင်တွေ့လိုကြောင်း ပြောကြားသွားသည်။

"ကျမတို့မြင်တွေ့လိုတာကတော့ မြန်မာပြည်သူတွေ သူ့တို့ရဲ့ခေါင်းဆောင်တွေကို သူတို့ဘာသာစိတ်ကြိုက်ရွေးချယ်ခွင့်ရမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ တရားဝင်ရွေးကောက်ပွဲတွေပဲဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်လာတာကိုလည်း ကျမတို့မြင်လိုပါတယ်"ဟု မစ္စ ဟီလာရီ ကလင်တန်က ပြောကြားသွားသည်။

"ကျမတို့အနေနဲ့ မြန်မာပြည်နဲ့ ဒီ့ထက်ပိုကောင်းတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို တည်ဆောက်ချင်တာပါ၊ အဲဒါနဲ့ပါတ်သက်တဲ့ ဖြစ်နိုင်ချေတွေကိုလည်း ကျမတို့ဘက်ကကမ်းလှမ်းမှုတွေ လုပ်ပြီးပါပြီ။  ဒါပေမယ့် ကျမတို့ တကယ်မျှော်လင့်ပြီး မြင်တွေ့လို တဲ့အရာက မြန်မာစစ်အစိုးရအနေနဲ့ မြန်မာပြည်ဟာ အာဏာရှင်စနစ်အောက်က၊ အထီးကျန်မှုအောက်က ရုန်းထွက်လာပြီ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း နည်းလာပြီဆိုတာတွေကို ကျမတို့ကို သက်သေပြဖို့ပါပဲ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်နဲ့ ဒီ့ထက်ပိုကောင်းတဲ့ နှစ်နိုင်ငံဆက်ဆံရေးတည်ဆောက်ဖို့ အဆင်သင့်ပါ၊ မြန်မာပြည်ကို ကူညီဖို့လည်း အဆင်သင့် ပါပဲ။  ဒါပေမယ့် ကျမတို့ ခိုင်လုံတဲ့သက်သေအထောက်အထားတွေကို အရင်တွေ့လိုပါတယ်"ဟု မစ္စ ဟီလာရီက ဗီအိုအေသို့ ဆက်လက်ပြောကြားသွားခဲ့သည်။
ဧရာဝတီမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ဦးသန့်၏ ခေါင်းဆောင်မှုကို ဘန်ကီမွန်း ချီးကျူး

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကမ္ဘာ့အရေး အခင်းများကို နိုင်နင်းစွာ ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သည့် အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်ကို ယမန်နေ့က ချီးကျူး လိုက်သည်။

၁၉၇၁ ခုနှစ်က နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ်တွင် တွေ့ရသော ဦးသန့် (ဓာတ်ပုံ - UN)
ဘန်ကီမွန်းက နယူးဒေလီ မြို့တွင် ပြုလုပ်သည့် ဦးသန့် နှစ် ၁၀၀ ပြည့် အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာတွင် “ဦးသန့်သည် သံတမန် တဦးအဖြစ် တာဝန် ထမ်းဆောင်စဉ် အရည်အချင်း ပြည့်ဝပြီး ဇွဲလုံ့လ ၀ီရိယ ကြီးမားသူ တဦး ဖြစ်သည်။ ကမ္ဘာ့ ကုလသမဂ္ဂကို ဆယ်စုနှစ် တခုကြာ တာဝန်ယူ ကိုင်တွယ်စဉ်က ကျူးဘားနိုင်ငံ ဒုံးလက်နက်များ ဖယ်ရှားရေး၊ ကွန်ဂိုနိုင်ငံ ပြည်တွင်းစစ် အဆုံး သတ်ရေး စသည့် အရေးအခင်း များတွင် အဓိက အခန်း ကဏ္ဍမှ ဖြေရှင်း ပေးခဲ့သူ ဖြစ်သည်” ဟု ရေးသား ထားသည်။

“ဦးသန့်သည် ဆင်းရဲမှု တိုက်ဖျက်ရေး၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်၊ ဖွံ့ဖြိုးဆဲ နိုင်ငံများကို အကျိုးရှိစေမည့် ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးရေး ညီလာခံတို့ ပေါ်ပေါက် ရေးအတွက် ကြိုးပမ်းခဲ့သည်” ဟု သ၀ဏ်လွှာတွင် ဆက်လက် ရေးသားထားသည်။

“၀မ်းနည်းဖွယ် ကောင်းသည်မှာ သူ၏ လူသား ဖွံ့ဖြိုးရေး မျှော်မှန်းချက်များသည် သူ၏ နိုင်ငံတွင် အကောင်အထည် မဖော်နိုင်သေးသည့် အချက်ဖြစ်သည်” ဟု ဘန်ကီမွန်းက ဆိုသည်။

“ယခု ကျွန်ုပ် တာဝန်ယူထားသည့် ရာထူးနေရာအား ဆက်ခံခဲ့သူ အများအပြားကို အားကျ အတုယူခဲ့ပါသည်။ ထိုသူများအနက် ဦးသန့်သည် ထူးခြားသည့် ပုဂ္ဂိုလ်ဖြစ်သည်ဟု ယူဆပါသည်။ ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရေး၊ ရာသီဥတု ပြောင်းလဲမှုကို ဟန့်တားရေးအတွက် ကျွန်ုပ်တို့ ယနေ့ ကြိုးပမ်းနေမှုများကို ဦးသန့်၏ ရေရှည်ဖွံ့ဖြိုးရေး အစီအစဉ်များက အုတ်မြစ်ချပေးခဲ့ခြင်း ဖြစ်ပေသည်” ဟု ဘန်ကီမွန်းက သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ဦးသန့်သည် ဧရာဝတီတိုင်း ပန်းတနော်မြို့ဇာတိ ဖြစ်ပြီး ၁၉၀၉ ခု ဇန်န၀ါရီလ ၂၂ ရက်တွင် မွေးဖွားသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ် အထိ ထမ်းဆောင်ခဲ့သည်။ ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့၌  နယူးယောက်မြို့တွင် အဆုတ်ကင်ဆာ ဝေဒနာဖြင့် ကွယ်လွန်သည်။

မစ္စတာ ဘန်ကီမွန်းသည် တောင်ကိုရီးယား နိုင်ငံသားဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ရွေးချယ်ခံရသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လက  မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် သွားရောက်စဉ် ဘန်ကီမွန်းက “ကျနော်ဟာ ဦးသန့်ရဲ့ လုပ်ဆောင်ချက်တွေကို လေးစား ကြည်ညိုသူဖြစ်ပြီး သူ့ရဲ့ အမျှော်အမြင်ကြီးမားလှတဲ့ စကားတွေကိုလည်း ပြန်လည်အောက်မေ့ မိပါတယ်” ဟု ရန်ကုန်မြို့တွင် ပြောဆိုခဲ့သေးသည်။
ဧရာဝတီမှတဆင့်


ဆက်လက်ဖတ်ရှုရန်...

မြန်မာ့လျှပ်စစ်နှင့် ပေါချောင် မကောင်း ပစ္စည်းပိုများ

မြန်မာပြည်က သူငယ်ချင်း တဦးထံ ဖုန်းခေါ်လိုက်စဉ် “တနေ့တနေ့ ဘယ်လို လင်းအောင် လုပ်ရမလဲ ဆိုတာတွေးရင်း ငါတို့ ဦးနှောက် တွေလည်း တော်တော် ထက်မြက်လာပြီ” ဆိုသည့် စကားကြောင့် ငိုရမလို၊ ရယ်ရမလို ဖြစ်သွားရသည်။

အင်ဗာတာ မီးမလင်းတော့ မီးစက်ကိုပဲ အားကိုးနေရတယ်။ ဓာတ်ဆီဖိုးက တလီတာ တပုလင်းကို ကျပ် ၉၀၀ (ဓာတ်ပုံ - ကိုခိုင်/ဧရာဝတီ)
ကျမ သူငယ်ချင်းက “အခုပဲ လက်လှည့် အားသွင်းစက်နဲ့ ဖုန်းအားသွင်းပြီးတာ” ဟု ပြောတော့ တော်တော်လေး ကြောင်သွားရ ပြန်သည်။ လက်လှည့် ဖုန်း အားသွင်းစက် ဆိုတာကို ကျမ အခုမှ ကြားဖူးသည်။ တခါလှည့်လျှင် ၁ နာရီ ဖုန်းပြောနိုင်သည်တဲ့။ သူက “ဒါတင် ဘယ်ကဦးမလဲ၊ ဓာတ်ခဲနဲ့ သွင်းရတဲ့ အားသွင်းစက်တောင် ရှိသေးတယ်” ဟု ကြွားသလိုလို ပြောလိုက်သေးသည်။ တခုကို ကျပ် ၅၀၀၀၊ ၈၀၀၀ အစားစားဟု ဆို၏။

ကျမမှာတော့ “ဒါ မြန်မာကွ” ဟုပဲ ကြွေးကြော်ရမလား၊ “ဒါမှ တို့ တရုတ်” ဟု အော်လိုက်ရမလား မသိလောက်အောင် ဖြစ်သွားသည်။

သူငယ်ချင်းနှင့် စကားပြောအပြီးတွင် မြန်မာပြည်ကလူတိုင်း အပိုပစ္စည်း တော်တော်များများသုံးနေရပါလား ဆိုတာကို စဉ်းစားမိ၏။

ကျမတို့ မြန်မာပြည်သူပြည်သားတွေ အလွန် ချီးကျူးစရာ ကောင်းလှသည်။ နအဖ ဘယ်လိုပဲ လျှပ်စစ်မီး ဖြတ်တောက်ပါစေ စိတ်ပျက် ညည်းညူခြင်း အလျဉ်းမရှိ၊ အားလုံးက ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် လျှပ်စစ်မီးကို ဘယ်လိုရအောင် ဖန်တီးယူရမည် ဆိုတာကို ကျွမ်းကျွမ်းကျင်ကျင် သိနေကြပြီ။ အားလုံးဆိုသည်မှာ အမျိုးသမီး ကြီး၊ ငယ်များ၊ ကလေးကြီးများလည်း ပါဝင်သည်။

ထိုသို့ ချီးကျူးမည် ဆိုပြန်တော့ စိနတိုင်းသားများကိုလည်း ချန်လှပ်ထားလို့ မဖြစ်နိုင်ပါ။ မြန်မာပြည်သူတွေ နည်းမျိုးစုံဖြင့် လင်းနိုင်ရေးအတွက် တတပ်တအား ကူညီနေသူအဖြစ် ဆုတံဆိပ်များပင် ချီးမြှင့်သင့်သည်။ မြန်မာပြည်က ထွက်သမျှ လျှပ်စစ် များကို ဝယ်နေသည့်အတွက် ပြန်လည်ပေးဆပ်ခြင်း ဖြစ်ဟန်တူ၏။

၁၉၈၈ ခုနှစ် မတိုင်မီက ရေအားလျှပ်စစ်စက်ရုံ ၂ ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၇ ရုံရှိပြီး စုစုပေါင်း ၅၂၉ ဒဿမ ၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ကြောင်း စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။ ၁၉၈၈ နောက်ပိုင်း တွင် ဆည်တော်ကြီး၊ ဘီလူးချောင်း၊ ဇော်ဂျီ၊ ဇောင်းတူ၊ သဖန်းဆိပ်၊ ပေါင်းလောင်း၊ မုန်း၊ ပသိ၊ ရဲနွယ်၊ ခပေါင်း နှင့် ကျိုင်းတောင်း စသည့် ရေအား လျှပ်စစ်စက်ရုံများ၊ ကျောက်မီးသွေးသုံး၊ ရေနွေးငွေ့သုံး၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများကြောင့် ၂၂၅၅ ဒဿမ ၉ မဂ္ဂါဝပ် ထုတ်နိုင်ခဲ့သည်ဟု သိရသည်။ 

ယခုနှစ်ဆန်းက ကြားလိုက်ရသည့် သတင်းတပုဒ်အရ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်ကြီးတဦးဖြစ်သူ ထူးကုမ္ပဏီ အကြီးအကဲ ဦးတေဇကို ရေအား လျှပ်စစ်လုပ်ငန်းကြီး ၂ ခု အစိုးရနှင့်ဖက်စပ် လုပ်ပိုင်ခွင့် ပေးလိုက်သည်ဟုဆိုသည်။ ကြားသိရသမျှ မြန်မာပြည်တွင် ထွက်လိုက်သည့် ရေအားလျှပ်စစ်များ၊ နည်းသည်မဟုတ်။ သို့သော် အားလုံးက အိမ်နီးချင်း နိုင်ငံများကို ရောင်းစားဖို့ အတွက်သာ။ ချဉ်သီးပင်အောက် ချဉ်သီးရှား ဆိုတာ ဒါမျိုးဖြစ်မည်။

ယခုလည်း ကချင်ပြည်နယ်တွင် မြစ်ဆုံ ရေကာတာ စီမံကိန်း စနေပြီ။ ဒေသခံများ ဖယ်ပေးကြရသည်။ ရသည့် လျှပ်စစ် တရုတ်ကို ရောင်းမည်။ တရုတ်က မြန်မာပြည်ကို ပေါချောင်မကောင်း လျှပ်စစ်ထုတ်ပစ္စည်းများ ပြန်သွင်းပေလိမ့်မည်။

လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနတွင်အလုပ်လုပ်သော ကျမသူငယ်ချင်း အင်ဂျင်နီယာကတော့ “ဘီလူးချောင်း တခုတည်းနဲ့တင် ရန်ကုန်မြို့ကို လျှပ်စစ် ပေးလို့လောက်တယ်။ တကယ်တော့ ကေဘယ်ကြိုးတွေ မကောင်းတော့လို့” ဟု ပြောဖူးသည်။ မကောင်းသော ကေဘယ်ကြိုးများကို ပြင်လျှင် ပိုက်ဆံကုန်မည်၊ ထို့ကြောင့် ပြင်မနေတော့ဘဲ ထွက်လာသည့် ရေအား လျှပ်စစ်များကို တခြားနိုင်ငံ ရောင်းစားပါက ဝင်ငွေရမည်ဟု နအဖက ဈေးတွက်တွက်ပုံရသည်။

မြန်မာပြည်က ထွက်လာတာ ၂ နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သော်လည်း လျှပ်စစ်မီး ပြတ်သည့်ဒုက္ခကိုတော့ အီစိမ့်စွာ ခံစားခဲ့ဖူးပါသည်။ မီးစက်၊ အင်ဗာတာ၊ ဘက်ထရီအိုး၊ ဖယောင်းတိုင်၊ တရုတ်လုပ် အားသွင်းမီးအိမ်ကလေးများ ဆိုသည်တို့ကိုလည်း တော်တော်လေး ယဉ်ပါးနေခဲ့သည်။ သို့သော် ခုတလော ဖုန်းခေါ်လိုက်တိုင်း တခြားစကားမပြောခင် “မီးအရမ်းပျက်တာ၊ အရင်ထက် ပိုပိုဆိုး လာတယ်။ လုံးဝမလာသလောက်ပဲ” ဆိုတာမျိုးချည်းကြားနေရသည်။

ကျမတို့ ငယ်ငယ်ကတော့ မီတာမရှိသည့် အိမ်များတွင် တပေ မီး တချောင်းထွန်းနိုင်သည့် အားသွင်း ဘက်ထရီအိုးကလေးများ ဆောင်ထားရသည်။ ထိုဘက်ထရီအိုး ကလေးများကို ဆိုင်တွင် အားသွားသွင်းကြတာ မြင်ဖူးသည်။ အခုတော့ အိမ်တိုင်းနီးပါးတွင် ထို ဘက်ထရီအိုးကလေးများ ရှိနေကြပြီ။ ထိုဘက်ထရီအိုးကလေးများကို ဆိုင်တွင် အားသွား သွင်းစရာမလိုဘဲ မိမိအိမ်တွင်သာ အားသွင်းနိုင်ဖို့ တီထွင်ထုတ်လုပ်ထားပြီဖြစ်သည်။

ဒီထက် နည်းနည်း ပြေလည်သူတွေ ဆိုရင်တော့ အင်ဗာတာ ဝယ်ထားကြသည်။ အင်ဗာတာ ဆိုပေမယ့် သူ့တမျိုးတည်း မရ၊ ဘက်ထရီအိုးပါ တွဲဝယ်ရသည်။ ၁၂၀ အိုး၊ ၁၅၀ အိုး အသီးသီးရှိသည်။ ဘက်ထရီ အိုး ဆိုသည်က အသုံးပြုတာကြာပြီဆိုလျှင် အက်ဆစ်ဓာတ်လျော့နည်းတတ်သည်။

သည်တော့ အိမ်ရှိလူကုန် အက်ဆစ် တိုင်းခြင်း ပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ကြရသည်။ အက်ဆစ်တိုင်းသည့် ဖန်ပြွန်လေးကို အိုးထဲနှစ်ကာ တိုင်းပြီး ရေလိုလျှင်ရေ ထည့်ပေးရသည်။ အက်ဆစ်ပမာဏ များနေတာပဲဖြစ်ဖြစ်၊ အခန်းပျက်နေတာပဲဖြစ်ဖြစ် လျှပ်စစ်ကို သိုလှောင်ထားဖို့ သူက ပျက်ကွက်မည်မဟုတ်လား။ နောက်တော့ အိုးပေါ်က ခဲဖုများတွင် ဆားပေါက်လျှင်လည်း ရေခပ်နွေးနွေးနှင့် လောင်းပြီး ဆားများပျော်ကျစေရသေးသည်။

မြန်မာပြည်ကို အင်ဗာတာများ စတင်တင်သွင်းလာတာကလည်း တရုတ်ပဲ ဖြစ်သည်။ သူတို့က အစပြုသွင်းပေးခဲ့ပြီး နောက်ပိုင်း တွင်တော့ ကျမတို့မြန်မာများက ကိုယ့်ဘာသာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြုလုပ်လာကြသည်။ မက်ထရောနစ်၊ ဓူဝံ၊ ဦးဖေသိန်း အစရှိသည့် တံဆိပ် ကြော်ငြာများကို ရုပ်မြင်သံကြား ဖန်သားပြင်တွင် မော်ဒယ်လေးများ လှုပ်လိလှုပ်လဲ့ဖြင့် မြင်ကြရသည်။

မက်ထရောနစ် အင်ဗာတာတလုံးကို ကျပ် ၆၉၆၀၀ ဟု သိရသည်။ ဓူဝံနှင့် တခြားတံဆိပ်များလည်း ထိုဈေးပတ်ဝန်းကျင်ပဲဟု ပြောကြသည်။

“တလုံးက မီးထွန်းဖို့၊ တလုံးက ကက်ဆက်ဖွင့်ဖို့” ဆိုသည့် မင်းသမီး မေသန်းနု၏ အသံဝဲဝဲလေးကို မြန်မာပြည်တွင် နေထိုင်သူတိုင်း မသိသူမရှိ။ ဘက်ထရီအိုးကြော်ငြာ ဖြစ်သည်။ အင်ဗာတာနဲ့တွဲလျက် ဘက်ထရီအိုး မဝယ်လို့မှ မဖြစ်ဘဲ။

ဘက်ထရီကလည်း အစားစား။ ၁၅၀ အိုး တလုံးကို ကျပ် ၁၂၀၀၀၀ ဝန်းကျင်။ ၁၂၀ အိုးကတော့ သူ့ထက် ၂ သောင်းလောက် သက်သာမည်ဟု ဆိုသည်။

စိတ်ဖိစီးမှုများနှင့် အစဉ် ပိပြားနေသည့် မြန်မာလူထု၏ ဘဝအမော၊ အထူးသဖြင့် ကုန်ဈေးနှုန်းတက်သည့် ဒဏ်ကို တိုက်ရိုက် ထိတွေ့ခံစားနေရသော အိမ်ရှင်မများ၏ ဘဝအမောကို ဖြေဖျောက်ပေးသည့်အချိန်မှာ ည ၇ နာရီဖြစ်သည်။ ကိုရီးယား ဇာတ်လမ်းတွဲ လာမည့်အချိန်။ ဒီအချိန်မှာတော့ လျှပ်စစ်မီး ရကိုရရမည်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရမှကိုဖြစ်မည် ဆိုသည့် အချိန်။ အဲဒီအချိန်မှာ လျှပ်စစ်မီးမလာတာတွေ၊ ကုန်ဈေးနှုန်းကြီးတာတွေ၊ နှလုံးထီ မပေါက်တာတွေ၊ သားသမီးတွေ မလိမ်မာတာတွေ၊ ယောက်ျား အရက်သောက်တာတွေ အကုန်မေ့ထားကြသည်။

ထိုအချိန်တွင်တော့ ဇာတ်လမ်းတွဲထဲက ဆင်းရဲသည့် ကိုရီးယား မင်းသမီးလေးကိုပဲ သနားမည်။ အဲဒီအတွက် တနည်းနည်းဖြင့် မီးရှိရမည်။ “ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်” ဆိုသည့် စစ်တပ် အုပ်ချုပ်ရေး အောက်တွင် အသားကျ နေသူများ ဖြစ်သောကြောင့် ထင်သည် “မီးပျက်တာမလိုချင်ဘူး၊ မီးရတာပဲ လိုချင်တယ်” ဆိုသည့် စကားအတိုင်း ဆောင်ရွက် ကြသည်။

မြန်မာပြည်က ဂျာနယ်တိုက်တတိုက်တွင် အလုပ်လုပ်စဉ် ၂၀၀၆ ခုနှစ်လောက်က မန္တလေး၌ ကိုရီးယားဇာတ်လမ်းတွဲ အကြည့် ပျက်မည် စိုးသောကြောင့် မီးစက်ထဲသို့ ကလေးကို ဆီသွားဖြည့်ခိုင်းရာက မီးလောင်မှု ဖြစ်ပွားသည်ဆိုသည့် သတင်းတပုဒ်ကို တည်းဖြတ်ခဲ့ဖူးသည်။ အဲဒီတုန်းက ခေတ်အလွန်စားနေသော “နန်းတွင်းသမားတော်” ဇာတ်လမ်းတွဲကြောင့်ဖြစ်သည်။

ယခုအခါ လျှပ်စစ်မီးက ၅ မိနစ်ခြားတခါ၊ ၁၀ မိနစ်ခြားတခါ ပျက်ချင်သလိုပျက်၊ လာချင်သလို လာနေသောကြောင့် အင်ဗာတာ တွေမီးမလင်းတော့။ ဘက်ထရီအိုးက သိုလှောင်ပေးချင်သည့်တိုင် မလာသောမီးကို ဘယ်လိုသိုလှောင်ရမည်မသိ ဖြစ်နေပုံရသည်။ ထိုအခါ မီးစက်ဆိုသော “တဒုန်းဒုန်း” အသံပေးသည့် ဂျင်နရေတာက လိုအပ်ချက်တခု ဖြစ်လာပြန်သည်။

မီးစက်ကလည်း အရွယ်မျိုးမျိုး ဆိုဒ်အစုံစုံ။ တရုတ်လုပ် လက်ဆွဲမီးစက် ကလေးမှသည် တဲတလုံးစာ အရွယ်အစားရှိသည့် မီးစက်ကြီးများထိ။ အိမ်မှာကိုရီးယားကားကြည့်ရုံ၊ အင်ဗာတာ မီးအားသွင်းရုံကတော့ အိမ်သုံးမီးစက် (တရုတ်လုပ်) ကလေးတွေပဲ သုံးကြသည်။ အဲဒီမီးစက်က ပေါ့သည်။ မိန်းကလေးတွေပါ နှိုးလို့ နိုးသည်ဟု ဆိုသည်။ တန်ဖိုးကတော့ ကျပ် ၁၅၀၀၀၀ ဝန်းကျင်။ သူက ရေမော်တာအသေးလောက်တော့ အသာလေး တင်နိုင်သည်ဟု ဆိုသည်။

လက်ဆွဲမီးစက်ကလေးတွေ ကတော့ မခံလှ။ စိန တို့ထုံးစံ ပေါချောင် မကောင်း။ ခဏသုံး၊ ပြီးရင်ပျက်ဖြစ်သည်။ တန်ဖိုးက ကျပ် ၈ သောင်းဝန်းကျင်။ အင်ဗာတာလည်း အားသွင်းလို့မရတော့ အများစုက ရေတင်နိုင်သည့် ကျပ် ၁ သိန်းခွဲတန် ဟွန်ဒါ တံဆိပ် မီးစက် ကလေးများကို အသုံးများသည်ဟု သိရသည်။

မီးစက်ဆိုတော့ အနောက်က စက်သုံးဆီက လိုက်ပါလာသည်။ ဟွန်ဒါက ဓာတ်ဆီဖြင့် မောင်းရသည်။ ဓာတ်ဆီ ရေသန့်ဘူး တလီတာဝင် ဘူး တဘူးကို ကျပ် ၉ ရာ။ အဲဒါက ၂ နာရီလောက်တော့ ခံသည်။

မြန်မာလုပ် မီးစက်များကတော့ အမှန်အကန်ကောင်းသည်။ ဥပမာ လျှပ်စစ်ဦးဖေသိန်း၏ စက်များဖြစ်သည်။ အဲဒါတွေကတော့ လုပ်ငန်းသုံးဖြစ်သည်။ ဈေးကလည်း အတော်ကြီးသည်။ ဒီဇယ်မောင်းဆိုတော့ အလုပ်လည်းရှုပ်သည်။ ဆူလည်း ပိုဆူသည်။ ကြာရှည်ခံချင်သူများ၊ လုပ်ငန်းအနည်းအပါး ရှိသူများကတော့ အဲဒီမီးစက်ကြီးများ ဝယ်သုံးကြသည်။

တလောက ချင်းမိုင်ကပြန်သွားသော သူငယ်ချင်းတဦးကပြောသည်။ သူ ဝယ်သွားသည့် ဖုန်းဟန်းဆက်ကလေးက မြန်မာပြည်မှာ အားသွင်းလိုက်တော့ ဘက်ထရီ လောင်သွားသည်တဲ့။ မီးအား အတက်အကျ မမှန်၊ တက်ချင်သလို ဆောင့်တက်၍ ကျချင်သလို ဝုန်းခနဲ ပြုတ်ကျတတ်သော ကျမတို့ အမိမြေတွင် မီးအားမြှင့်စက်ကလည်း အရေးပါ အရာရောက်သည့် ပစ္စည်းဖြစ်သည်။ မရှိမဖြစ် ဟုပင်ဆိုရမည်။ တခြားသောလျှပ်စစ်ပစ္စည်းများ မီးအားအတက်အကျကြောင့် ပျက်စီးခြင်းမရောက်စေရေးအတွက် မီးအားမြှင့်စက် လိုအပ်သည်။

အဲဒါကလည်း အစားစားရှိသည်။ အော်တိုလား၊ မန်နျူရယ်လား ဘာလိုချင်လဲ။ ဈေးကလည်း အစားစား။ ကျပ် ၅ သောင်း၊ တသိန်းမှသည် … ၃ သိန်း၊ ၄၊ ၅ သိန်းအထိ။ မီးအားမြှင့်စက်က တတီတီ အသံပေးလျှင် ပြေးပြီး ခလုပ်ချရသည်ကို ကလေးများပင် လုပ်တတ်သည်။ မလုပ်တတ်လို့မရ။ သမိုင်းပေးတာဝန်အလား ထမ်းဆောင်ကြရသည်။ အခုတော့ အင်ဗာတာနှင့် မီးအားမြှင့်စက် တွဲလျက်ပါသည်အထိ ထုတ်လုပ်လာကြပြီဟု သိရသည်။

မီးအားမြှင့်စက်က အမှန်တကယ်တော့ မီးခိုးခြင်း တမျိုးပင်၊ တအိမ်က မီးအားမြှင့်စက်ကို တင်လိုက်လျှင် ကျန်အိမ်များက မီးအား ကျမည်၊ ထိုအခါ ကျန်အိမ်များကပါ အတင်းကာရော လိုက်တင်ကြပေရော့။

ကွန်ပျူတာ ရှိသူကတော့ မီး ရုတ်တရက်ပျက်ချိန် ကွန်ပျူတာ ချက်ချင်း ပိတ်မသွားအောင်ခံထားရသည့် (UPS) သုံးကို သုံးရမည်။ မသုံးလျှင် သင့်ကွန်ပျူတာ ရက်ပိုင်းအတွင်း၊ နာရီပိုင်းအတွင်း မာလကဈာန်ကြွမည်။

ဘယ်မီးမှ မလာတော့သည့် ခုလို ပွင့်လင်းရာသီမျိုးမှာတော့ အင်ဗာတာ၊ မီးစက်၊ ဘက်ထရီအိုး အစရှိသည်တို့ကို အရွယ်ရောက်သူတိုင်း ယဉ်ပါး ကျွမ်းကျင်စွာ အသုံးချတတ်ကြသည်။

ဖယောင်းတိုင်၊ မီးခြစ် ဆိုတာကတော့ အိမ်တိုင်း၏ ကြွက်လျှောက်တိုင်းတွင် ရှိရမည်။ မြန်မာပြည်တွင် သုံးနေသည့် ဖယောင်း ကုန်ကြမ်းများလည်း တရုတ်ကပင်လာသည်။ ရေနံတိုင်ဟုခေါ်သည့် အထွန်းခံ ဖရောင်းတိုင်များကတော့ ပြတိုက်တွင်သာ သွားကြည့်ပါ။

ညဘက် ခြင်ထောင်ထဲတွင် စာဖတ်ချင် သေးလား၊ ဖရောင်းတိုင်ကြောင့် မီးလောင်မှာ ကြောက်လျှင် တရုတ်လုပ် အားသွင်းလို့ ရသည့် မီးအိမ် လေးများရှိသည်။ လေယာဉ်ပျံပုံ၊ ဝက်ဝံရုပ်ပုံ၊ ပန်းပွင့်ပုံ အမျိုးမျိုး။ ကွေးလို့၊ ဆန့်လို့ရသည့် ထောက်တိုင် ကလေးပေါ်တွင် LED ဟု ခေါ်သည့် မာကျူရီရောင် နိုင်လွန်မီးသေးသေးလေး အခု ၂၀၊ အစိတ်ခန့်ကို စီထားသည်။

ထိုမီးသီးလေးများကလည်း မဆိုးလှ၊ တလုံးတည်းဆို မှိန်သော်လည်း အလုံး ၂၀ လောက်စုထွန်းလိုက်တော့ စာဖတ်လို့ ရသွားသည်။ တခုကို ကျပ် ၁၅၀၀ ဝန်းကျင်။ ဖယောင်းတိုင်လို မီးလောင်မှာ မပူရ၊ အိပ်ရင်းစာဖတ်နိုင်သောကြောင့် ဇိမ်ကျသည်။ မီးလာစဉ် အားသွင်းထားနိုင်သောကြောင့် တွက်ခြေကိုက်သည်။ သို့သော် ပေါချောင် မကောင်းတို့ ထုံးစံအတိုင်း ၂ ပတ်လောက်ပဲ ခံပြီး မီးရောင်များ မှိန်ဖျော့ရာက လုံးဝ မလာတော့သည့် အနေအထားသို့ ရောက်သွားလိမ့်မည်။

ထို LED လေးများကို မီးလုံးထွန်းသလို ချိတ်ဆွဲထွန်းရသည့်ပုံစံလည်း တီထွင်ထားသည်။ ထိုမီးလုံးက မီးလာလျှင် အလိုလို ပိတ်သွားပြီး မီးပျက်လျှင် အလိုလို လင်းလာတတ်သည်။ တခုကို ကျပ် ၂၈၀၀ ဖြစ်သည်။

“ခုတော့ မီးလာချိန် အရမ်းနည်းပြီး အားမဝင်တော့ မီးလာလာ၊ မီးပျက်ပျက် မလင်းတာကြာပါပြီ” ဟု ထိုမီး ၂ ခု ဝယ်ယူ ချိတ်ဆွဲထားသူ တဦးက ဆိုသည်။

မီးမလာသည့် အချိန်တွင်လည်း ဒီဗီဒီ ကြည့်နိုင်သည်။ စိနတိုင်းက စေတနာထားကာ ဘက်ထရီငုတ်နှစ်ငုတ်ပါသော ဒီဗီဒီစက်များ ဈေးပေါပေါနှင့် တင်သွင်းပေးနေသည်။ မြန်မာနိုင်ငံအတွက် သီးသန့်ဖြစ်သည်။ ဟောလိဝုဒ်ကား၊ ကိုရီယားကား ၁၈ ကားပေါင်း ကျပ် ၂၀၀၀ တန် ဒီဗီဒီ ချပ်များလည်း သူတို့ပဲ တင်ပို့ပေးသည်။ ကြည့်ပါလေ့။

လျှပ်စစ်မီးမမှန်သည့် ကိစ္စက ကျမတို့ မြန်မာပြည်သူများအတွက် သတင်း မဟုတ်တော့ပါ။ မီးဘယ်လောက်ပျက်ပျက် မမှုကြတော့ပါ။ ဘယ်လို မီးရအောင်လုပ်မည် ဆိုသည့် အကြံသစ်၊ ဉာဏ်သစ်၊ ဉာဏ်နီ၊ ဉာဏ်နက်၊ ဉာဏ်ရောင်စုံတို့ နေ့စဉ် ကွန့်မြူးနေကြသည်။ 

တခုတော့ရှိသည်။ အိမ်တိုင်းတွင် ပစ္စည်းပိုများ ဝယ်ထားရလိမ့်မည်။ ကျမ အထက်တွင် ဖော်ပြခဲ့သည့် ပစ္စည်းများဖြစ်သည်။ အကယ်၍များ မြန်မာပြည်ကြီး စနစ် (အမှန်အကန်) ပြန်ကောင်း၍ လူတိုင်းအတွက် အခြေခံလိုအပ်ချက်တခုဖြစ်သော လျှပ်စစ်မီးသာ မှန်မှန် ပေးပြီ ဆိုပါက ထိုပစ္စည်းများပြန်ဝယ်မည့် သီးသန့် ဘော်တယ်တန်းတခု ပေါ်ပေါက်လာလေမည်ဟု မျှော်လင့်ရပါသည်။     ။
ဧရာဝတီမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

မလေးရှားက ဒုက္ခသည်များကို ယာယီ နေခွင့်ပြုရန် စီစဉ်

ကုလသမဂ္ဂက ဒုက္ခသည် အဖြစ် အသိအမှတ် ပြုထားသူများကို မလေးရှား အစိုးရက ယာယီနေထိုင်ခွင့် လက်မှတ်များ ထုတ်ပေးရန်  ပထမဆုံး အကြိမ်အဖြစ် စီစဉ်နေကြောင်း သိရသည်။

မလေးရှား ပြည်ထဲရေး ၀န်ကြီးဌာန အထွေထွေအတွင်းရေးမှူး Mahmood Adamက လက်မှတ် ပြုလုပ်ပေးမည့် အချိန်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိသော်လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ဆွေးနွေးမှုမှာ နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီဟု ပြောဆိုကြောင်း တနင်္ဂနွေနေ့ထုတ် AP သတင်းတပုဒ်တွင် ရေးသားထားသည်။

မလေးရှားအာဏာပိုင်တို့က တရားမ၀င် နေထိုင်သည့် နိုင်ငံခြားသားများကို ဖမ်းဆီးရာတွင် ဒုက္ခသည်များလည်း မကြာခဏ အဖမ်းခံရလေ့ ရှိသည်။ ယခု ထုတ်ပေးရန် စီစဉ်နေသည့် ယာယီနေထိုင်ခွင့် လက်မှတ်များ ကိုင်ဆောင်ထားပါက ဖမ်းဆီးထိန်းသိမ်းမှုမှ ကင်းလွတ်မည် ဖြစ်သည်။

မလေးရှားအစိုးရ၏ ယာယီနေထိုင်ခွင့် လက်မှတ် အစီအစဉ်ကို UNHCR နှင့် မလေးရှားအခြေစိုက် လူမှု ကူညီရေး အဖွဲ့များက ကြိုဆိုလိုက်သည်။

UNHCR ပြောခွင့်ရ ပုဂ္ဂိုလ် Yante Ismailက “ဒုက္ခသည်တွေကို ပိုမိုကောင်းမွန်တဲ့ အကာအကွယ်ပေးရေးနဲ့ ပတ်သက်ပြီး မလေးရှား အစိုးရနဲ့ ကျမတို့ ဆွေးနွေးခဲ့ပါတယ်၊ မလေးရှားအစိုးရက အဲဒီအတိုင်း ဆောင်ရွက်ဖို့ ကြိုးစားလိုက်တာ ဖြစ်တယ်လို့ ကျမ ယုံကြည်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မလေးရှား  အခြေစိုက် ချင်းဒုက္ခသည် ကော်မတီမှ အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်သူ ဦးတင်မောင်ဆွေက “ဒီကတ်ထုတ်ပေး လိုက်လို့ လွတ်လွတ် လပ်လပ် နေထိုင်ခွင့် အလုပ် လုပ်ခွင့် ရှိမယ် ဆိုရင်တော့ တတိယနိုင်ငံသွားတဲ့ ကဏ္ဍကို နည်းနည်း မေ့သွားမလား ဆိုပြီးတော့ မြင်တယ်” ဟု ပြောသည်။

ရခိုင် ဒုက္ခသည် ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ပြောခွင့်ရ ပုဂ္ဂိုလ် တဦးက “ရှင်းရှင်းလင်းလင်း ဖြစ်သွားတာက မြန်မာပြည်က ဒုက္ခသည်တွေကို တနည်းနဲ့ လက်ခံလိုက်တဲ့ သဘောပေါ့” ဟု ပြောသည်။

ကုလသမဂ္ဂ၏ ဒုက္ခသည်များ ခိုလှုံခွင့် ဆိုင်ရာ သဘောတူစာချုပ်ကို မလေးရှားက လက်မှတ် ရေးထိုး ထားခြင်းမရှိသေးပေ။

မလေးရှားတွင် သိန်းနှင့်ချီသော မြန်မာနိုင်ငံသားများ တရားမ၀င် နေထိုင်ပြီး အလုပ် လုပ်ကိုင်နေကြကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြန်လျှင် ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ဒုက္ခသည်အဖြစ် အသိအမှတ် ပြုပေးရန် UNHCR ၏ အကူအညီကို တောင်းခံသူ အများအပြား ရှိကြောင်း သိရသည်။

တချို့သော မြန်မာပြည်သားများက ပြည်တော်ပြန်လျှင် အန္တရာယ် မရှိသော်လည်း မလေးရှားတွင် ဆက်လက်နေထိုင်ရန်၊ တတိယနိုင်ငံတခုသို့ သွားရောက်ခွင့်ရရန် စသည့် ရည်ရွယ်ချက်များဖြင့် UNHCR ကို ချဉ်းကပ်ကြသည်ဟု သိရသည်။

မလေးရှားနိုင်ငံတွင် ဒုက္ခသည် အဖြစ် လျှောက်ထားသူ နိုင်ငံစုံမှ လူပေါင်း ၇၅၆၀၀ ခန့်ရှိကြောင်း UNHCR၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

“ဒုက္ခသည်တွေရဲ့ ၉၁ ရာခိုင်နှုန်းက မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်” ဟု UNHCR အရာရှိ Yante Ismail က ဆိုသည်။
ဧရာဝတီမှတဆင့်


ဆက်လက်ဖတ်ရှုရန်...

အလှဖန်တီးရှင် မယ်ရွေးပွဲ တရားဝင်ကျင်းပခွင့် ပိတ်ပင်

အလှဖန်တီးရှင်များ မယ်ပြိုင်ပွဲကျင်းပနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

အလှဖန်တီးရှင်များ၏ အလှမယ် ရွေးချယ်ပွဲများကို တရားဝင် ခွင့်မပြု တော့ကြောင်း အဆိုပါပွဲများ စီစဉ်သည့် ရန်ကုန်မြို့ခံ အလှဖန်တီးရှင် များထံမှ သိရသည်။

မြန်မာပြည်တွင် အလှဖန်တီးရှင် မယ်ရွေးပွဲများကို နိုင်ငံတကာ အဖွဲ့အစည်းများ၏ အထောက်အပံ့နှင့် HIV/ AIDS ရန်ပုံငွေပွဲအဖြစ် ကျင်းပလျက်ရှိရာ ယခုအခါ လူသိရှင်ကြားကြော်ငြာ၍ ကျင်းပခွင့်များ ပြန်လည်ရုပ်သိမ်း လိုက်ကြောင်း ရန်ကင်းမြို့ရှိ အလှဖန်တီးရှင် စိုးလေးကဆိုသည်။

Miss Red Ribbon Beauty Contest ကဲ့သို့ပင် ဒီဇင်ဘာ ၄ ရက်နေ့တွင် ကန်တော်ကြီးမျှော်စင်ကျွန်း၌ ကမ္ဘာ့ HIV/ AIDS ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် တတိယအကြိမ်မြောက် အလှဖန်တီးရှင်များ၏ အလှဆုံးသူ ရွေးချယ်ပွဲကို ကျင်းပပြုလုပ်ရန် ပိုစတာများဖြင့် ကြော်ငြာထားပြီးမှ အဆိုပါပွဲကို အာဏာပိုင်များက ကျင်းပခွင့် မပေးတော့ကြောင်း ၎င်းက ပြောသည်။

“အဲဒီမျှော်စင်ကျွန်းမှာ လုပ်မယ့်ပွဲကို လုပ်ခွင့်မပေးတော့ အားလုံးပြဿနာတွေတက်ကုန်တာ။ ဘာလို့ ကျင်းပခွင့် မပေးတော့တာလဲ မေးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွဲ လုပ်လို့က တချက်၊ ဒီလိုလူစည်ကားတဲ့ နေရာ မျိုးမှာ ကျင်းပခွင့်မပြုနိုင်တာကြောင့်တချက်၊ ပွဲဖျက်ပေးရမယ်တဲ့” ဟု အလှဖန်တီးရှင် စိုးလေးက ဆိုသည်။

မျှော်စင်ကျွန်းအတွင်း ကျင်းပခွင့် ဖျက်သိမ်းခံခဲ့ရသော Miss Condom Contest 2009 ကို ရန်ကုန်မြို့ရှိ ရွှေဂုံတိုင် ဟိုတယ်တွင် အကျဉ်းရုံး ကျင်းပခဲ့ရကြောင်း ပွဲစီစဉ်သူတဦးက ဧရာဝတီကိုပြောသည်။

“ဒီလိုပွဲမျိုးကို လူစည်ကားတဲ့ပန်းခြံမျိုးမှာ ကျင်းပခွင့်မပြုနိုင်ဘူးတဲ့၊ UN၊ WHO တွေနဲ့တွဲပြီး ဒီပွဲတွေလုပ်တာကို လက်မခံဘူးလို့ပြောတယ်။ တို့တွေက တကယ်ကို HIV/AIDS အတွက် ရန်ပုံငွေရှာပေးတာပဲ၊ ပြီးတော့ အလှ ဖန်တီးရှင်တွေ အတွက် နေရာလေး တနေရာရဖို့အတွက်ပါ” ဟု၎င်း ပွဲစီစဉ်သူက ဆိုသည်။

မြန်မာ့လူမှု အသိုင်းအဝန်းတွင် ယခုနောက်ပိုင်း အလှဖန်တီးရှင်များ ပိုမိုနေရာရလာပြီး လူအများက အသိအမှတ် ပြုလာသည်ဟု ထင်ရသော်လည်း အမှန်တကယ် အလှဖန်တီးရှင်များအတွက် အခွင့်အရေးနှင့် နေရာ တနေရာ မရရှိသေးကြောင်း တောင်ဥက္ကလာပတွင် HIV/AIDS ပညာပေး လုပ်ငန်းများ လုပ်ကိုင်နေသည့် NGOတခုမှ ကိုအောင်က ပြောသည်။

“ဆီဒိုးနားမှာ လုပ်တဲ့ပွဲက သူတို့နဲ့ဆိုင်ရာပိုင်ရာတွေ လုပ်လို့ ခွင့်ပြုတာလေ။ အဲဒီလို ဆိုင်ရာပိုင်ရာ ကျတော့ လုပ်ချင်တာလုပ် တို့အစိုးရက အကုန်ခွင့်ပြုတယ်။ ရွေးကောက်ပွဲမှာ မဲပေးဖို့ကျတော့ အလှဖန်တီးရှင်တွေလည်း ပေးရမယ်၊ အခွင့်အရေးကျတော့ တန်းတူမရဘူး” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ၂၀၀၉ ခုနစ် နိုဝင်ဘာလက ကျင်းပခဲ့သော Miss Red Ribbon Beauty Contest ပွဲကို ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇ၏ မရီးတော်စပ်သူ Zar & Zar Co..,Ltdမှ မဂျစ်တူးက စီစဉ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခင်က အလှဖန်တီးရှင်များကို လူမှုပတ်ဝန်းကျင်တွင် နှိမ့်ချဆက်ဆံခဲ့ကြရာက ယခုကဲ့သို့ အသိအမှတ်ပြု၍ ပြပွဲပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊ HIV/AIDS ပညာပေး လုပ်ငန်းများတွင် အလှဖန်တီးရှင်များကို နေရာပေးလာခြင်း၊ ပြည်တွင်း ပြည်ပ ပုဂ္ဂလိက အဖွဲ့အစည်းများတွင် အလုပ်ကိုင်ပေးလာခြင်းနှင့် မိတ်ကပ် ဒီဇိုင်းနှင့် ပတ်သက်လာလျှင် အလှဖန်တီးရှင်များက သာမန်ထက်ပို၍ အမြင်ရှိခြင်းတို့ကြောင့် လူမှု အသိုင်းအ၀န်းတွင် တဖြည်းဖြည်း လက်ခံလာခဲ့သည်ကို တွေ့ရသည်။

အလှဖန်တီးရှင်များ၏ အကပဒေသာ “မိုးကြိုးငှက်ငယ်ကလေးများ” အဖွဲ့ကို ထူထောင်ခဲ့သည့် အဖွဲ့ခေါင်းဆောင် စောနန္ဒာက “ အလှဖန်တီးရှင်တွေကိုတော်တော်များများ လက်ခံလာကြပါတယ်၊ အစိုးရအနေနဲ့ ဒီထက်ပို ခွင့်ပြုပေးရင် ပိုဖြစ်လာနိုင်တယ်” ဟုဆိုသည်။

အဆိုပါ အလှဖန်တီးရှင်များကို ရပ်ကွက်အတွင်း ပျော်ပွဲရွှင်ပွဲများ၊ ကုမ္ပဏီများ၏ နှစ်ပတ်လည် အခမ်းအနား များတွင် ဖျော်ဖြေရန် ငှားရမ်းမှု များပြားလာကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် အလှဆုံး အလှဖန်တီးရှင် ရွေးချယ်ပွဲကို Miss Red Ribbon Beauty Contest ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင်တကြိမ်၊ မန္တလေးမြို့ Oriental House တွင် တကြိမ် ခမ်းခမ်းနားနား ကျင်းပခဲ့သည်။

“သူတို့က တရားဝင်ခွင့်ပြုပြီး ခမ်းခမ်းနားနား လုပ်ရရင် ပိုကောင်းတာပေါ့။ အခု သူတို့ခွင့်မပြုပေမယ့်  ကိုယ့်နည်း ကိုယ်ဟန်နဲ့ ပွဲတွေလုပ်နေကြတာပဲလေ။ ပွဲသေးတာနဲ့ကြီးတာပဲ ကွာမယ်” ဟုတာမွေမြို့နယ်အတွင်းရှိ အလှဖန်တီးရှင် တဦးကပြောသည်။
ဧရာဝတီမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ဒေါ်နော်အုန်းလှတို့ကို ၁၅ ရက်နေ့ စီရင်ချက်ချမည်

နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှုဖြင့် တရားစွဲခံနေရသည့် ဒေါ်နော်အုန်းလှ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ အမျိုးသမီး ၄ ဦး အမှုကို အင်းစိန်ထောင် ခရိုင် တရားရုံးက ယခုလ ၁၅ ရက်နေ့တွင် စီရင်ချက်ချတော့မှာဖြစ်သည်။ 

အရှေ့ပိုင်းခရိုင် တရားရုံးက ယမန်နေ့က ပြုလုပ်သော တရားခွင်တွင် အမိန့်ချမည့်အကြောင်း ဆုံးဖြတ်ချက်ပေးရာ လေးလကျော်ကြာ ထောင်တွင်းမှ တရားရင်ဆိုင်ခဲ့ရသော ဘုန်းကြီးကျောင်း ဆွမ်းကပ်အပြန် အဖမ်းခံခဲ့ရသူများ၏ အမှု အဖြေထွက်တော့မှာ ဖြစ်သည်။

“ဒေါ်နော်အုန်းလှနဲ့ အမှုတွဲကို နောက်ဆုံး လျှောက်လဲချက် ပေးရတယ်။ အမိန့်ချဖို့အတွက် ၁၅ ရက်နေ့ကို ပြန်ချိန်းတယ်။ အဲဒီနေ့မှာ အပြီးသတ် အမိန့်ချမယ်” ဟု တရားဆိုင်များ၏ ရှေ့နေ ဦးကျော်ဟိုးက မဇ္ဈိမကို ပြောသည်။
Ma-Nor-Ohn-Hla“ကျောင်းထိုင်ဆရာတော်ကို ကမ္မဝါစာရွက် ၄၂ ခုကို ကပ်လှူခဲ့တယ်ဆိုပြီး စွပ်စွဲတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ တင်ပြတာက ဘာမှ အထောက်အထား မရှိဘူး။ ကမ္မဝါစာရွက် သိမ်းဆည်းထားတာ မရှိဘူး။ ဆရာတော်ကိုလည်း သက်သေပြထားတာ မရှိဘူး။ ဒါကြောင့် စွဲချက်က မခိုင်လုံကြောင်း လျှောက်လဲ ခဲ့တယ်။ မျက်မြင်သက်သေ မရှိ၊ ခိုင်လုံတဲ့ အထောက်အတား မရှိတဲ့အတွက် တရားသေလွှတ်ပေးဖို့ လျှောက်လဲခဲ့တယ်” ဟု သူက ဆက်ပြောသည်။

ဒေါ်နော်အုန်းလှ (မှော်ဘီ)၊ မမြင့်မြင့်စန်း (ဒလမြို့နယ်)၊ မချိုချိုလွင် (သင်္ဃန်းကျွန်း) နှင့် မချို (တောင်ဒဂုံ) တို့ကို ရန်ကုန်တိုင်း ဒဂုံမြို့သစ် မကွေးပရိယတ္တိ စာသင်တိုက်ရှိ ကျောင်းထိုင် ဆရာတော် ဦးပါမောက္ခကို ကမ္မဝါစာရွက် ၄၂ ခုကို ကပ်လှူခဲ့သည်ဟုဆိုကာ နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှု - ပုဒ်မ ၅၀၅ (ခ) ဖြင့် ရန်ကုန်တိုင်း ရဲသတင်းတပ်ဖွဲ့က တရားစွဲခဲ့သည်။

“တဖက် ဥပဒေအရာရှိက လျှောက်လဲချက်ကို မပေးတော့ဘူး။ စာရေး လျှောက်လဲချက်တင်မယ် ဆိုပြီးတော့ တင်သွားတယ်။ အမှန်က တရားလိုက ကျနော်တို့ တင်ပြတဲ့ အချက်အလက်တွေ တရားဝင် အပြန်အလှန် ချေပရမှာ ဖြစ်တယ်။ ဒါပေမဲ့ ဥပဒေ အကျိုးဆောင် အရာရှိက ပြန်လည်ချေပတာ မလုပ်ဘဲ ရုံးတော်ကို စာရေးသား လျှောက်လဲချက် ပေးတယ်ဆိုပြီး ရုံးတော်ကို တင်သွားတယ်” ဟု ဦးကျော်ဟိုးက ပြောသည်။

ဒေါ်နော်အုန်းလှသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ ပြန်လွှတ်ပေးရန် ရွှေတိဂုံဘုရားသို့ သွားရောက်ကာ အပတ်စဉ် အင်္ဂါနေ့တိုင်း ဝတ်ပြုဆုတောင်းသည့် အဖွဲ့တွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ရန်ကုန်တိုင်း ဒဂုံမြို့သစ် မကွေးပရိယတ္တိ စာသင်တိုက်၌ ဆွမ်းကပ်ပြီးအပြန် ရဲက သူတို့လေးဦးကို ဖမ်းဆီးခဲ့သည်။

အလားတူပင် အင်းစိန်ထောင် တရားရုံးက နိုင်ငံတဝှန်း မြို့နယ် ၅ မြို့နယ်မှ ဖမ်းဆီးခံခဲ့ရသည့် တက်ကြွ လှုပ်ရှားသူ ၈ ဦးထဲမှ ၅ ဦးကို ပြီးခဲ့သည့်လအတွင်း ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ မကွေးတိုင်း ရေနံချောင်းမြို့ ရွှေစေတီကျောင်းမှ လက်ထောက်ဆရာတော် ဦးဝါယမ၊ ချောက်မြို့ အနောက်ငွေတောင် ပါဋိတက္ကသိုလ်မှ ဦးရေဝတ၊ ပခုက္ကမြို့ သာသနာ့ဝိပုလာရာမ အနောက်တိုက်မှ ဦးဝိသုဒ္ဓ၊ မန္တလေးမြို့မှ ဦးရဲမြင့်နှင့် ပဲခူးမြို့မှ ဦးကျော်ခင်တို့ကို အသင်းအဖွဲ့ပုဒ်မ၊  နယ်စပ်ဖြတ်ကျော်မှု၊ နိုင်ငံခြားငွေကြေး ကိုင်ဆောင်မှု၊ နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှုတို့ဖြင့် စွဲချက်တင်ထားရာမှ အနည်းဆုံး ထောင်ဒဏ် ၆ နှစ်မှ ၉ နှစ်အထိ ချမှတ်ခဲ့ကြောင်း သိရသည်။

၎င်းတို့မှာ ရှေ့နေ မပါရှိဘဲ အမှုရင်ဆိုင်ခဲ့ရာမှ ယခုလို ပြစ်ဒဏ်များ ကျခံကြရခြင်းဖြစ်သည်။ ကျန် ၃ ဦး ဖြစ်သည့် မန္တလေးမြို့မှ ကိုညိုနဲ့ မသန္တာထွန်းတို့ကို အသင်းအဖွဲ့ပုဒ်မ၊ နယ်စပ်ဖြတ်ကျော်မှု အပါအဝင် ၃ မှု၊ ဆရာတော် ဦးဃောသိတကို အသင်းအဖွဲ့ပုဒ်မ၊ နယ်စပ်ဖြတ်ကျော်မှု၊ နိုင်ငံခြားငွေကြေး ကိုင်ဆောင်မှုဖြင့် စွဲချက်တင် စစ်ဆေးခဲ့ပြီး ပြန်ခေါ်သက်သေများကို ပြန်လည်စစ်ဆေးနေကြောင်း အမှုကို လိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေ ဦးကျော်ဌေးနှင့် ရှေ့နေ ဦးကျော်ဟိုးတို့က ပြောသည်။

၎င်းတို့အားလုံးသည် ပြီးခဲ့သည့်နှစ် သြဂုတ်လကုန်နှင့် စက်တင်ဘာ လဆန်းပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ရန်ကုန်မှာ အင်တာနက်လိုင်းတွေ နှေးကွေး၊ ပြတ်တောက်

ရန်ကုန်တွင် ယမန်နေ့မှ စတင်၍ အင်တာနက်လိုင်းများ နှေးကွေးခြင်း၊ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။ 

တိုင်းအတွင်းရှိ မြို့နယ် အများအပြားတွင် အင်တာနက်လိုင်းများ ထိုသို့ဖြစ်နေခြင်းကြောင့် အင်တာနက်ဆိုင်အချို့ ပိတ်ထားလိုက်ရသလို၊ သုံးစွဲသူများလည်း အခက်ကြုံနေရသည်။

“မနေ့ကစပြီး လိုင်းမကောင်းဘူး။ ဝဘ်ဆိုဒ်တခု ဖွင့်ကြည့်မယ်ဆိုရင် အနည်းဆုံး မိနစ် ၃ဝ လောက် ကြာတယ်။ MPT ကတော့ မြန်မာတယ်လီပို့ထက်စာရင် နည်းနည်း ကောင်းသေးတယ်။ လိုင်းမကောင်းလို့ လာသုံးစွဲသူတွေ ပြန်ပြန်သွားတယ်” ဟု ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ အင်တာနက်ဆိုင်တဆိုင်က မဖ္ဈိမကို ပြောသည်။

“အင်တာနက်လိုင်းတွေက ကျနေတယ်။ လိုင်းတွေက ရလိုက်၊ မရလိုက် ဖြစ်နေတယ်။ လိုင်းတွေက တော်တော်များများ မရဘူး။ ဝဘ်ဆိုဒ်တခုဖွင့်ဖို့ နာရီဝက်လောက် ကြာတယ်။ တချို့ အင်တာနက်ဆိုင်တွေဆို ပိတ်ကို ထားတယ်” ဟု အင်တာနက်သုံးစွဲသူ ရန်ကုန်ဒေသခံ တဦးကလည်း ပြောသည်။

မြန်မာနိုင်ငံတွင် သုံးစွဲသည့် မြန်မာတယ်လီပို့နှင့် MPT အင်တာနက်လိုင်းများ နှေးကွေးနေခြင်းသည် BMF Server  ချိန်းနေခြင်းကြောင့်ဖြစ်ကြောင်း  မြန်မာတယ်လီပို့ တိုင်တန်းရေးဋ္ဌာန အဆိုအရ သိရသည်။

“လောလောဆယ် Net work လေးတာ တခုပါပဲ။ Internet Server ချိန်းတဲ့အတွက် ဖြစ်တာပါ။ BMF Server ချိန်းနေတဲ့အတွက်ကြောင့်မို့လို့ပါ။ ဖြစ်တာကတော့ သိပ်မကြာသေးဘူး။ တပတ်လောက်ပဲ ကြာမှာပါ။ အဲဒီအတွင်းမှာ လိုင်းကတော့ နည်းနည်းတော့ နှေးဦးမယ်။ ဝါယာလက်စ်တွေတင် မကဘူး၊ ADSL တွေပါ နှေးနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တနိုင်ငံလုံး ဖြစ်နေတာပါ” ဟု မြန်မာတယ်လီပို့ တိုင်းတန်းရေးဌာန တာဝန်ကျ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့ ရန်ကင်းဈေးကြီးအနီးရှိ အင်တာနက်ဆိုင်မှ တာဝန်ရှိသူတဦးက “အင်တာနက်လိုင်းက ကျလိုက် ပြန်ကောင်းလိုက်နဲ့ တမြို့လုံး ဖြစ်နေတယ်။ မြန်မာတယ်လီပို့နဲ့ MPT ကို ဖုန်းဆက်တော့လည်း တနိုင်ငံလုံးပျက်နေတယ်၊ Wi Max လိုင်းတွေလည်း မကောင်းဘူး၊ i p Star လိုင်းတွေလည်း မကောင်းဘူးတဲ့” ဟု ပြောသည်။

အလားတူပင် ကချင်ပြည်နယ် မြစ်ကြီးနား၊ ကရင်ပြည်နယ် ဘားအံ၊ တနင်္သာရီတိုင်း မြိတ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ  အင်တာနက်ဆိုင်များလည်း ဝဘ်ဆိုဒ်များ ဖွင့်မရဘဲ နှေးကွေးနေသည်။

မြန်မာနိုင်ငံ၌ အင်တာနက်လိုင်း ဝယ်ယူသုံးစွဲသူ ၆ သောင်းနီးပါး ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ခန့်မှန်းထားသည့် စာရင်းအရ သိရသည်။

မဇ္ဈိမမှတဆင့်


ဆက်လက်ဖတ်ရှုရန်...

ဦးအောင်ဆန်းဦးကို ဗုဒ္ဓဘာသာဝင်အဖြစ်မှ သံဃာတော်များ ထုတ်ပယ်

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲရန်ကြိုးစားနေခြင်းကို ရုတ်သိမ်းခြင်း မရှိသောကြောင့် အကိုဖြစ်သူ ဦးအောင်ဆန်းဦးအား ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့က ကြေညာလိုက်သည်။

နောက်ဆုံးထား သတ်မှတ်ပေးထားသော ဇန်နဝါရီလ ၃၁ ရက်တိုင် အကြောင်းမပြန်သောကြောင့် ယနေ့မှစ၍ ဦးအောင်ဆန်းဦးနှင့် ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်းတို့ကို နအဖ စစ်အစိုးရနှင့် နောက်လိုက် များနည်းတူ “ပတ္တနိက္ကုဇ္ဇနကံ” ဆောင်ပြီး ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ကြေညာချက် တွင် ဖော်ပြသည်။
Aungsanoolelenwethein
ဒေါ်အောင်ဆန်းစုကြည်အား “အိမ်ခြံအမွေ ဆက်ခံလိုမှု၊ အမွေခံပစ္စည်း စီမံခန့်ခွဲလိုမှု စသည့်အမှုများဖြင့် တရားစွဲဆိုပြီး အနှောင့်အယှက်ပေးခြင်း၊ နေအိမ်မှ ဖယ်ရှားရန် ကြံစည်နေခြင်း” သည် လူထုကို တိုက်ခိုက်ခြင်းပင် ဖြစ်သည်ဟုဆိုကာ ခြွင်းချက်မရှိ ရုတ်သိမ်းပေးရန် ယခင်လ ၂၄ ရက် နေ့က သံဃာ့ တပ်ပေါင်းစုက အမေရိကန် နိုင်ငံသား ဦးအောင်ဆန်းဦးထံ သတိပေးစာ ပို့ထားခဲ့သည်ဟု ဆိုသည်။

ဗုဒ္ဓဘာသာ ဝိနည်းတော်အရ “ပတ္တနိက္ကုဇ္ဇနကံ” ဆောင်ခြင်းဆိုသည်မှာ သံဃာတော်များသည် ကံဆောင် ခြင်းခံရသူထံမှ အလှူခံခြင်း၊ တရားဟောခြင်း စသည့် သာသနာနှင့် ပတ်သက်သော ဆက်ဆံခြင်းများ မပြုလုပ်တော့ပဲ ကံဆောင်ခံရသူအား  ပယ်ကြဉ်လိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် “စွဲဆိုထားသည့် ဥပဒေများ၊ တားမြစ်ကန့်ကွက်မှုများ” အား ပယ်ဖျက်ပေးမည် ဆိုပါကမူ ဘာသာရေးအရ သပိတ်မှောက် ကံဆောင်မှု အားလုံးကို ရုတ်သိမ်းပေးမည်ဟု ကြေညာချက်တွင် ပါရှိသည်။

မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ အသက်ထင်ရှား သားသမီး ၂ ဦးအနက် အင်ဂျင်နီယာ ဦးအောင်ဆန်းဦးမှာ ညီမနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ စစ်အစိုးရနှင့် နီးစပ်သူ ဖြစ်သည်။

အမေရိကန် နိုင်ငံသားဖြစ်သော်လည်း ပုဂံရှေးမြို့ဟောင်းတွင် နေအိမ်ခြံဝင်းတခုကို အခြားနာမည်နှင့် ဝယ်ယူ ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ရသည်။ စစ်အစိုးရနှင့် နီးစပ်မှုကို အကြောင်းပြု၍ ဒေါ်လဲ့လဲ့နွယ်သိန်းသည် နိုင်ငံရေး ရည်မှန်းချက်ထားသူဟူ၍ လူပြောများခံရသူ ဖြစ်သည်။

သံဃာ ၅ ပါးဖြင့် ပတ္တနိက္ကုဇ္ဇန ကံဆောင်လျင် သံဃာများကို ကိုယ်စားပြုရာရောက် ကြောင်း၊ ကံဆောင်ခံရသူအတွက် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအား ကိုးကွယ်ဆည်းကပ်ရန် အခွင့်အလမ်းမရှိတော့သဖြင့် သံသရာတွင် ကောင်းကျိုးချမ်းသာ မရရှိနိုင်တော့ကြောင်း ရန်ကုန်တိုင်း သံဃာ့မဟာ နာယက အကျိုးတော်ဆောင် ဆရာတော်ကြီး တပါးက မိန့်ကြားသည်။

“ဗုဒ္ဓဘာသာဝင်တွေက သာရေးပဲလုပ်လုပ်၊ နာရေးပဲလုပ်လုပ် သံဃာတော်တွေကို ပင့်ပြီးတော့ လုပ်လေ့ လုပ်ထ ရှိတယ်လေ။  ပတ္တနိက္ကုဇ္ဇန ကံအဆောင်ခံထားရသူပဲဆိုပြီး သံဃာအားလုံးက ကြဉ်လိုက်ရင် ဘာ သာတရားအရ သူ့အတွက် အခွင့်အရေး ဆုံးရှုံးတာပေါ့” ဟု ဆရာတော် ဘဒ္ဒ န္တကောသလ္လ က  မိန့်ကြားသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည့် သံဃာတော်များအား စစ်အစိုးရက အကြမ်းဖက် နှိမ်နှင်းခဲ့သဖြင့် ၂ဝဝ၉ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ သူ၏ မိသားစု၊ စစ်တပ်အရာရှိကြီးများနှင့် အကြမ်းဖက်သူများအား ပြည်တွင်း၊ ပြည်ပ သံဃာတော်များ က ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် မှောက်ခဲ့ကြသည်။

သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအဝင် စစ်ဗိုလ်ချုပ်များသည် ယနေ့အချိန်ထိ ဘုရား ထီးတော် တင်ခြင်း၊ ဆရာတော်၊ သံဃာတော်များအား ဆွမ်းကပ်လှူခြင်းများ ဆက်လက် ပြုလုပ်နေနိုင်သည်ကို တွေ့မြင်နေရသည်။  

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးစန္ဒောဘာသာစာရ ကမူ “ဘာသာတရားကို ကြည်ညိုလို့ပဲဖြစ်ဖြစ်၊ ဟန်ဆောင်လို့ပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရ မလုပ်မဖြစ်လို့ လုပ်ရတာပဲဖြစ်ဖြစ်၊ အာဏာနဲ့ လုပ်သည်ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့် လုပ်နေလို့ပဲဖြစ်စေ ပတ္တနိက္ကုဇ္ဇနကံဆောင် ထားတာဖြစ်တဲ့အတွက် အဲဒီကံက ထိုက်နေမှာပဲ။ ကုသိုလ်ရေးမှာ ဘာလုပ်လုပ် မမြောက်ဘူး” ဟု မိန့်ကြားသည်။ 

၁၉၉၀ ခုနှစ်က မန္တလေးသံဃာများမှ စတင်၍ သပိတ်ကံဆောင်မှုတွင် သံဃာနှစ်သောင်းကျော် ပါခဲ့သည်။ ထိုစဉ်က ကံဆောင်သံဃာတော်များ ဖမ်းဆီးထောင်ချခံခဲ့ရသည်။

နိုင်ငံတဝှမ်း အကျဉ်းထောင်များတွင် မတရား ဖမ်းဆီးခံရပြီး အကျဉ်းကျနေသည့် သံဃာတော် အပါး ၂၅၀ ကျော်ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

တိုင်းမှူးက ငွေကောက်၍ ဘုရားတည်

ရှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာအနီးတွင် အရှေ့မြောက်တိုင်း ရမခ တိုင်းမှူးက စေတီတည်ရန် ကုန်သည်များထံမှ အလှူငွေကောက်ခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရသည်။

လွန်ခဲ့သည့် တပတ်မှစ၍ ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်သည် ကွတ်ခိုင်ကုန်သည် တဦးလျှင် ကျပ် ၃ သိန်းမှ ၅ သိန်းအထိ ကောက်ခံခဲ့သည်ဟု ဆိုကြသည်။

''ဘုရားတည်မယ်ဆိုတော့ ဘယ်သူတည်တည် အလှူငွေကောက်တာပါပဲ။ ပြီးခဲ့တဲ့ တပတ်လောက်ကမှ ကောက်တာ။ တယောက် ၃ သိန်းကနေ ၅ သိန်းအထိပေါ့။ သိန်း ၆၀၀ ကျော်လောက် ရတယ်။ လူကြီး လာတည်တယ် ဆိုတော့လည်း ထည့်ကြတာပေါ့'' ဟု ဒေသခံ ကုန်သည်တဦးက မဇ္ဈိမကို ပြောသည်။ ယနေ့ နံနက်တွင် ပြုလုပ်သည့် စေတီပန္နက်ရိုက်ပွဲသို့မူ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းသိန်း တက်ရောက်ခဲ့သည်။

လွန်ခဲ့သည့်တလခန့်က နမ့်ခမ်း-နမ့်ဖတ်ကာ ကားလမ်းရှိ နမ့်ဖတ်ကာမှ ၃ မိုင်ခန့်အကွာ၌ ဥာဏ်တော် တထွာခန့်ရှိ ရှေးဟောင်းဆင်းတုတော် ၂၀ ခန့်နှင့် အုတ်ချပ်ပြားများကို ပလောင် နွားကျောင်းသားများ တူးဖော်တွေ့ရှိခဲ့ရာ၊ ထိုနေရာတွင် တိုင်းမှူးက ဘုရားတည်ခြင်း ဖြစ်သည်။ ရှေးဟောင်း ဆင်းတုတော်များ တွေ့ရှိခဲ့သဖြင့် ယခင်စေတီအဟောင်းမှ ဌာပနာများ ဖြစ်ဖွယ်ရှိကြောင်း ဒေသခံများက ယူဆနေကြသည်။
မဇ္ဈိမမှတဆင့်

ဆက်လက်ဖတ်ရှုရန်...

Monthly Cronology of Political Prisoners in Burma For Jan 2010

Chronology of Political Prisoners in Burma for Jan 2010 Eng                                                    
ဆက်လက်ဖတ်ရှုရန်...

ဒုက္ခသည်များ ပြန်မပို့ရန် ထိုင်းကို ကရင်အမျိုးသမီးအဖွဲ့ တိုက်တွန်း


မြန်မာနိုင်ငံသို့ ယခုလဆန်းမှစတင်၍ ပြန်ပို့ခံရမည့် ထောင်ပေါင်းများစွာသော ဒုက္ခသည်များ၏ ဆင်းရဲဒုက္ခကို အရေးတယူ စဉ်းစားပေးရန် ကရင်အမျိုးသမီးအဖွဲ့က ထိုင်းအစိုးရထံ အရေးပေါ် ပန်ကြားလွှာတစောင် ပေးပို့လိုက်သည်။

တာ့ခ်ခရိုင် သာဆောင်ရမ်းတွင် နေထိုင်နေသော ကရင်ဒုက္ခသည် ၃ဝဝဝ ကျော်ကို မြေမြှုပ်မိုင်းများ ရှိနေသဖြင့်  မြန်မာနိုင်ငံ စစ်ဖြစ်ပွားနေသော ဇုန်အတွင်းသို့ အတင်းအကျပ် ပြန်မပို့ရန် ကရင်အမျိုးသမီးအဖွဲ့က ထိုင်းဘုရင့်အစိုးရထံ ယနေ့ အရေးတကြီး ပန်ကြားလိုက်ခြင်း ဖြစ်သည်။

ဤဒုက္ခသည်များသည် မြန်မာနိုင်ငံ ကရင်ပြည်နယ် လားဖားဟားဒေသတွင် မြန်မာစစ်တပ်နှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် လွန်ခဲ့သောနှစ် ဇွန်လကတည်းက ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

''ဒီဒုက္ခသည်တွေ အားလုံးကို ထိုင်းစစ်တပ်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာပြည် ပြန်ကြရမယ်လို့ လာပြောထားတယ်။ သူတို့ကို စပြောင်းရွှေ့ဖို့ ဒီအပတ် ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး လုပ်ဆောင်မယ်လို့ လာပြောထားတာ။ အခုတော့ သူတို့ဟာ မြေမြှုပ်မိုင်းတွေ ရှိနေတဲ့၊ အချိန်မရွေး စစ်ပြန်ဖြစ်နိုင်တဲ့ နေရာကို လောလောလတ်လတ် ပြန်ပို့ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတယ်'' ဟု အဆိုပါ အမျိုးသမီးအဖွဲ့၏ ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြရေးသားထားသည်။

ပြန်ပို့ခံရမည့် ဒုက္ခသည်အများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း ကရင်အမျိုးသမီးများအဖွဲ့ (KWO) ၏ ကြေညာချက်တွင် ဆက်လက်ရေးသားထားသည်။

အဆိုပါ ဒုက္ခသည်များကို ပြန်ပို့ရန် ပြင်ဆင်သည့်အနေဖြင့် ဒေသခံ အာဏာပိုင်ဖြစ်သော ထိုင်းစစ်တပ်သည် လာဖားဟားရွာတွင် နေထိုင်သော ဒုက္ခသည် ၅ဝ ကို သူတို့၏ နေအိမ်များက အတင်းအကျပ် မောင်းထုတ်ကာ နယ်စပ်ကိုဖြတ်ပြီး မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအတွင်း ပြန်ပို့ခဲ့သည်ဟု ဆက်လက်ရေးသားထားသည်။

''မည်သို့ပင်ဖြစ်စေ KWO အနေဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြလိုသည်မှာ ဤဒေသသည် လုံးဝ လုံခြုံမှုမရှိဘဲ ဒုက္ခသည်အုပ်စုများအနေဖြင့်လည်း ယခုအချိန်တွင် ပြန်လိုစိတ်လည်း မရှိကြပါ။ ယခု လတ်တလော လများအတွင်း ဒုက္ခသည် ၅ ဦးမှာ နေအိမ်များတွင် သူတို့ထားရစ်ခဲ့သော အိမ်မွေး တိရိစ္ဆာန်များကို သွားရောက်ပြုစုစောင့်ရှောက်စဉ် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးဒဏ်ရာရရှိခဲ့ကြသည်။ သူတို့အထဲတွင် ၁၃ နှစ်သားလေး တဦး ပါဝင်ပြီး လွန်ခဲ့သောနှစ် သြဂုတ်လအတွင်း ခြေပြတ်ဒဏ်ရာရရှိခဲ့သည်။ ကိုယ်ဝန် ၈ လနှင့် အမျိုးသမီးတဦးလည်း ၂ဝ၁ဝ ခုနှစ်ဇန်နဝါရီ ၁၈ ရက်နေ့တွင် ခြေပြတ်ဒဏ်ရာရခဲ့သည်'' ဟု ကရင်အမျိုးသမီးအဖွဲ့က ဆိုသည်။

ဤဒုက္ခသည်များကို မဲဥဆု၊ မဲဆလစ်၊ နောင်ဘွား ဟူသည့် နေရာ ၃ နေရာတွင် ယာယီခိုလှုံခွင့်ပေးထားပြီး တာ့ခ်ခရိုင်ရှိ မယ်လ ဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့ခွင့် မပြုသေးပါ။

ဤကရင်ခိုလှုံခွင့်တောင်းခံသူများကို ပြန်ပို့မည့် အစီအစဉ်ကို လွန်ခဲ့သော တပတ်မှစတင်၍ အသိပေး ပြောဆိုခဲ့ပြီး၊ ကရင်ဒုက္ခသည်များကို ပြန်ပို့ရန် ပြုလုပ်ခဲ့သော ထိုင်းအရာရှိများနှင့် အခြား သက်ဆိုင်သူများ ပါဝင်သည့် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်ကို လက်ခံလိုက်ကြောင်းဖြင့် ထိုင်း အမှတ် ၃ တပ်မတော် တပ်မှူး ဒုဗိုလ်ချုပ်ကြီး Thanongsak Apirakyothin က ပြောကြားအပြီး ပို၍ ရှင်းလင်းသွားခဲ့သည်။

အဆင့်မြင့် စစ်တပ်အရာရှိများ ယာယီဒုက္ခသည်စခန်းများသို့ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး မြန်မာနိုင်ငံတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိတော့ကြောင်း ပြောကြားခဲ့ကြသည်။

ထိုင်းစစ်တပ်သည် အဆိုပါဒေသအတွင်းသို့ စစ်သားများစေလွှတ်ပြီး ရွာသားများကို ဖိအားပေးခဲ့သည်ဟု ထိုင်းရှေ့နေများ ကောင်စီ လူ့အခွင့်အရေးကော်မတီ အဖွဲ့ဝင် Surapong Kongchanteuk က ယနေ့ မဇ္ဈိမကို ပြောကြားသည်။

''အခုလောလောဆယ် တိုက်ပွဲတွေ မြန်မာပြည်ထဲ မရှိတော့ဘူးလို့ စစ်တပ်ကပြောတာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့က အလွန်အန္တရာယ်ကြီးတဲ့ မြေမြှုပ်မိုင်းတွေအကြောင်းတော့ ထည့်မပြောကြဘူး။ ကျနော်တို့ ဒီကိစ္စကို ထိုင်းအထက်လွှတ်တော် လူ့အခွင့်အရေးကော်မတီနဲ့ ဆက်ပြီးဆွေးနွေးနေတုန်းပါ။ ဒါပေမဲ့ အခုလောလောဆယ်တော့ ထိုင်းစစ်တပ်က အတင်းအကျပ် ပြန်ပို့နေတာတွေကို ဆိုင်းငံ့ထားပေးဖို့ လိုပါတယ်'' ဟု သူက ပြောသည်။

''လူတွေ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရနေကြတာဟာ အန္တရာယ်များတုန်းပဲဆိုတာ သေချာတဲ့ လက္ခဏာပဲ။ သူတို့ဆန္ဒနဲ့ ဆန့်ကျင်ပြီး အန္တရာယ်တွင်းကို တွန်းပို့တာဟာ နိုင်ငံတကာ ဥပဒေတရပ်ဖြစ်တဲ့ အတင်းအကျပ် ပြန်မပို့ရေးမူကို ချိုးဖောက်တာပါ။ ထိုင်းအစိုးရဟာ ဒုက္ခသည်ကွန်ဗင်းရှင်းကို လက်မှတ်ထိုးတဲ့နိုင်ငံ မဟုတ်ပေမယ့် ဒုက္ခသည်တွေအပေါ် ကြင်နာသနားခြင်းကို ပြသခဲ့တဲ့ ရှည်လျားလှတဲ့ သမိုင်းကြောင်း အတွက် ထိုင်းဘုရင်မင်းမြတ်၊ ထိုင်းအစိုးရတို့ကို KWO က အလွန်ကျေးဇူးတင်ရှိပါတယ်။ အခုလည်း ဒုက္ခသည်တွေအပေါ် လူသားချင်းစာနာတဲ့ ကြင်နာသနားမှုကို ဆက်လက်ပြသပါဦးလို့ ထိုင်းအာဏာပိုင်တွေကို ကျွန်ုပ်တို့ ပန်ကြားပါသည်'' ဟု KWO တွဲဘက်အတွင်းရေးမှူး ၁ Blooming Night Zan က KWO ကြေညာချက်ကို ကိုးကားပြောကြားသည်။

 
ဆက်လက်ဖတ်ရှုရန်...

ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု စောညွန့်ဝင်း ရရှိ


၂၀၀၉ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ဒေသခံများ၏ ကျန်းမာရေးကို ကူညီစောင့်ရှောက်နေသည့် ကျန်းမာရေး လုပ်သား စောညွန့်ဝင်းကို ဖန်းဖောင်ဒေးရှင်းက ချီးမြှင့်လိုက်သည်။

ကရင် အမျိုးသား အစည်းအရုံး KNU ၏ အထွေထွေ အတွင်းရေးမှူးဖြစ်ခဲ့သူ ပဒိုမန်းရှာလားဖန်း (ကွယ်လွန်) ကို ဂုဏ်ပြုသည့်အနေဖြင့် ကရင်လူထုအရေး စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် လူငယ်များကို ဒုတိယမြောက် ချီးမြှင့်သော ထိုဆုကို ၃၂ နှစ်အရွယ် စောညွန့်ဝင်း ရရှိခြင်း ဖြစ်သည်။

“ဆုပေးဖို့ရွေးတဲ့အခါ အဆိုတင်သွင်းထားတဲ့လူ ၇ ယောက်လုံးက သူ့နယ်ပယ်တွေမှာ တော်နေကြတော့ တော်တော်လေး ခက်ခက်ခဲခဲ ရွေးခဲ့ရတယ်။ ကိုစောညွန့်ဝင်းက တကယ်ကြိုးစားတယ်၊ လူထုအကျိုးအတွက် လုပ်တယ်။ လူငယ်တွေရဲ့ စံပြဖြစ်တယ်။ လူငယ်တွေ အတုသူသင့်တဲ့သူဖြစ်လို့  ရွေးချယ်ရေး အဖွဲ့ဝင်တွေက ရွေးလိုက်ကြတာ” ဟု ဖန်းဖောင်ဒေးရှင်း ဒါရိုက်တာဖြစ်သော ပဒိုမန်းရှာ၏ သမီးဖြစ်သူ ဇိုယာဖန်းက မဇ္ဈိမကို ပြောသည်။

ယခုဆုကို စောညွန့်ဝင်းကို ချီးမြှင့်ကြောင်း KNU ကျင်းပသည့် ၆၁ နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားတွင် ထုတ်ဖော် ကြေညာခဲ့ခြင်း ဖြစ်သည်။

ပဒိုမန်းရှာသည် လူငယ်များကို အားပေးကူညီလေ့ရှိပြီး အမျိုးသားရေး ဖွံ့ဖြိုးတိုးတက်စေချင်သူ ဖြစ်သောကြောင့် ဖခင်၏ ဆန္ဒများ ဆက်လက် အကောင်အထည် ဖော်လိုသဖြင့် ယခုကဲ့သို့ ဖောင်ဒေးရှင်း တည်ထောင်၍ အမျိုးသားရေးအလုပ် လုပ်ကိုင်သည့် ကရင်လူငယ်များကို ယခုဆုနှင့်အတူ အမေရိကန် ဒေါ်လာ ၂၀၀၀ ချီးမြှင့်ကြောင်း သမီးဖြစ်သူ ဇိုယာဖန်းက ပြောသည်။

စောညွန့်ဝင်းအတွက် ဖန်းဖောင်ဒေးရှင်းသို့ ကရင်သတင်းစဉ်မှ အယ်ဒီတာ မနန်းဖောဂေးက အဆိုပြုလွှာ တင်သွင်းပေးခဲ့ခြင်း ဖြစ်သည်။

နန်းဖောဂေးက “စောညွန့်ဝင်းက အသက် ၁၂ နှစ်အရွယ်လောက်ကတည်းက လူမှုရေး လုပ်ငန်းတွေမှာ လုပ်ကိုင်လာတာ။ ဖာပွန်နဲ့ အရမ်းဝေးတဲ့ နေရာမှာ ဆေးခန်းလေးဆောက်ပြီး ဒေသခံတွေကို စေတနာ့ ဝန်ထမ်းအဖြစ် ကူညီပေးနေတာ။ ပညာရေး နယ်ပယ်တွေမှာ လစာနည်းနည်း ဒါမှမဟုတ် မရဘဲနဲ့ လုပ်နေတဲ့ လူငယ်တွေလည်း ရှိပါတယ်။ သူက ဝေးလံခေါင်သီတဲ့ နေရာတွေမှာ လူထုအကျိုးကို တကယ် လုပ်နေတာကြောင့် အဆိုတင်သွင်းပေးဖြစ်သွားတာ” ဟု ပြောသည်။

စောညွန့်ဝင်းသည် KNU ထိန်းချုပ်နယ်မြေတခုဖြစ်သည့် ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် KNU ၏ ကျန်းမာရေး လုပ်သားအဖြစ် လွန်ခဲ့သည့် ၉ နှစ်ခန့်ကတည်းက လုပ်ကိုင်လာခဲ့သူဖြစ်ကြောင်း ဖာပွန်ခရိုင်မှ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့မှ ဒေသတာဝန်ခံ စောကျော်ဝင်းက ပြောဆိုသည်။

“စောညွန့်ဝင်းရဲ့ ဆေးခန်း (တာအိုဒဲ့) က ဒေသခံ ၂၀၀၀ ကို အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတယ်။ သူက လူနာတွေအပ်ါမှာ တကယ် စေတနာထားပြီး လုပ်ပေးတယ်။ သူက ပြောတယ်၊ အိမ်ထောင်ရေး၊ အချစ်ရေးတွေထက် လူထုတွေအတွက် လုပ်စရာ အများကြီးရှိသေးတယ်တဲ့” ဟု သူက ဆိုသည်။

တာအိုဒဲ့ ဆေးခန်းသည် ဖာပွန်မြို့မှ ကုန်းကြောင်း ရေကြောင်းခရီးဖြင့် သွားရောက်လျှင် ၂ ရက်ခရီး ကြာမြင့်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော နေရာဖြစ်သည်။

ထိုနေရာဒေသတွင် နေထိုင်သူများသည် တောင်ယာ လုပ်ငန်းဖြင့် အသက် မွေးဝမ်းကြောင်း ပြုကြပြီး ၎င်းတို့၏ ဝင်ငွေမှာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူရန် မပြည့်စုံကြောင်း သိရသည်။

“ဒီဒေသမှာ ကျန်းမာရေးမကောင်းဘူးဆိုရင် ဖာပွန်မြို့ပေါ်ကိုပဲ သွားပြရတယ်။ သွားပြရင်လည်း မြို့ပေါ်မှာ နေစရိတ်၊ စားစရိတ်တွေ၊ ဆေးရုံစရိတ်တွေကို မတတ်နိုင်ကြဘူး။ နေမကောင်းလို့ သွားပြရင် တနေ့ကို အနည်းဆုံး ၆၀၀၀ လောက် ကုန်တယ်လို့ ပြောတယ်။ ဒီတော့ ဒေသခံတွေက ကျနော်တို့လို ဒေသခံ ကျန်းမာရေး လုပ်သားတွေကိုပဲ အားကိုးရတယ်” ဟု စောကျော်ဝင်းက ပြောသည်။

သူက ဆက်ပြီး ''တရွာနဲ့တရွာ သွားမယ်ဆိုရင် တတောင်တက်၊ တတောင်ဆင်း သွားရတာ ရှိသလို၊ ဗမာစစ်တပ်တွေနားကလည်း သွားရတာမျိုး ရှိတယ်။ အဲဒီအခါ အန္တရာယ် အရမ်းများတဲ့အတွက် မလိုအပ်ဘဲ အချိန်တွေ ကုန်သွားတယ်။ ကျနော်တို့က အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုပဲ ပေးနိုင်တယ်။ အဆင့်မီတဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်မပေးနိုင်ဘူးလေ။ ကလေးမမွေးနိုင်တဲ့ မိခင်တွေဆိုရင် ကျန်းမာရေး စောင့်ရှောက်မှု မရလို့ သေသွားတာတွေ အများကြီး ရှိတယ်” ပြောသည်။

၂၀၀၈ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ၂၀၀၉ ခုနှစ်တွင်  ပထမဆုံးအကြိမ်အဖြစ် ကရင်ပြည်နယ် ညောင်လေးပင်ခရိုင်မှ လူမှုရေးလုပ်ငန်းများ ကူညီဆောင်ရွက်သူ နော်ဖောကဘလာထူးကို ချီးမြှင့်ခဲ့သည်။

လွန်ခဲ့သည့် ၃ နှစ်ခန့်က ထိုင်းနိုင်ငံ မဲဆောက်မြို့ နေအိမ်တွင် လုပ်ကြံ သတ်ဖြတ်ခံရသည့် ပဒိုမန်းရှာလားဖန်းကို ဂုဏ်ပြုသောအားဖြင့် ကျန်ရစ်သူ သားသမီး ၄ ဦးက ဖန်းဖောင်းဒေးရှင်းကို တည်ထောင်၍ ထူးချွန်ထက်မြက်ပြီး အမျိုးသားရေးအတွက် အစဉ်တစိုက် လုပ်ကိုင်သော ကရင် လူငယ်များကို ဆုအဖြစ် ပေးအပ်ချီးမြှင့်လာခြင်း ဖြစ်သည်။

“အဖေက သဘောကောင်းတယ်။ ခေါင်းဆောင်ဖြစ်တဲ့အတွက်လည်း အလုပ်လုပ်တဲ့နေရာမှာ ပြတ်သားတယ်။ ဆုံးဖြတ်ချက်လည်း ခိုင်မာတယ်။ လူငယ်တွေကို အားပေးတယ်။ မိသားစုအပေါ်မှာလည်း ကောင်းတယ်။ တိုင်းပြည်နဲ့ လူမျိုးကိုလည်း အရမ်းချစ်တဲ့သူ ဖြစ်တယ်။ အဖေပြောတဲ့အထဲမှာ ကျမ မမေ့နိုင်တာက လွတ်လပ်ရေးကို ကိုယ်ကိုယ်တိုင် ကြိုးစားတိုက်ယူမှ ရမှာ၊ ထိုင်နေလို့ လွတ်လပ်ရေးက ရှေ့ကို ရောက်လာမှာ မဟုတ်ဘူးဆိုတာ လုံးဝ အမှတ်ရနေတယ်” ဟု နမ့်ဇိုယာဖန်းက ပြောသည်။

မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

မြန်မာရုပ်အလောင်း ၇ လောင်း ထိုင်းနိုင်ငံ တောထဲမှာ တွေ့ရှိ

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ Phop Phra မြို့နယ်အနီး တောတွင်းတနေရာ၌ မြန်မာနိုင်ငံသား ရုပ်အလောင်း ၇ လောင်းကို ပြီးခဲ့သည့်လ နှောင်းပိုင်းတွင် ထိုင်းရဲက ရှာဖွေတွေ့ရှိကြောင်း မျက်မြင်သက်သေများ ပြောသည်။

အလုပ်ရှာလာသူ ၁၂ ဦးနှင့် ခေါ်ဆောင်လာသူ တဦးသည် ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မှ ဘန်ကောက် အသွား တောတွင်းတနေရာ၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော ရုပ်အလောင်းများကို တွေ့ရှိရခြင်း  ဖြစ်သည်။

“၇ ယောက်ရဲ့ အလောင်းတော့ရပြီ။ ကယ်ရီသမား (ခေါ်ဆောင်လာသူ) အပါအဝင် ၄ ယောက် လွတ်သွားတယ်။ ၂၇ ရက်နေ့မှာ အလောင်း ၂ လောင်း၊ ၂၈ ရက်နေ့မှာ အလောင်း ၂ လောင်း၊ မနေ့က ၃ လောင်း တွေ့တယ်။ ၂ ယောက်ကလည်း အပစ်ခံရတာ ဖြစ်နိုင်တယ်။ အခုထိ အလောင်းကတော့ ရှာမတွေ့သေးဘူး။ အားလုံးက ကရင် လူမျိုးတွေချည်းပဲ” ဟု မြန်မာလုပ်သားများကို အကူညီပေးနေသော အဖွဲ့စည်းမှ အမည်မဖော်လိုသူ စေတနာ့ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

၎င်းတို့သည် ပြီးခဲ့သည့်လ ၁၉ ရက်နေ့တွင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့မှ ထွက်လာကာ ၂၁ ရက်နေ့တွင် မြဝတီမှ မဲဆောက်သို့ကူးလာပြီး ဘန်ကောက်သို့ တောလမ်းမှအသွား ၂၆ ရက်နေ့တွင် ပစ်သတ်ခံရခြင်း ဖြစ်နိုင်ကြောင်း သူက ပြောဆိုသည်။

အလုပ်လာရှာသူများသည် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ရွာမှ ၉ ဦးနှင့် ဇာသပြင်ရွာမှ ၃ ဦး ဖြစ်ကာ၊ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၈ ဦး ဖြစ်သည်။

တာ့ခ်ခရိုင် ရဲမင်းကြီးက တရားခံကို အမြန်ဆုံးဖမ်းမိစေရန် ရဲကို အမိန့် ပေးထားကြောင်းနှင့် မည့်သည့် အတွက် ၎င်းတို့ အသတ်ခံရကြောင်း အတိအကျ ပြောဆိုရန် ခက်ခဲကြောင်း စေတနာ့ဝန်ထမ်းက ဆိုသည်။

သူက “ဒီလူတွေကို  ဒေသခံအနိုင်ကျင့်တတ်တဲ့ လူတွေက ပိုက်ဆံတောင်းရာမှာ မပေးလို့ သတ်လိုက်တာ ဖြစ်နိုင်သလို၊ ထိုင်းအာဏာပိုင်တွေ လက်သတ်မွေးထားတဲ့ ဗိုလ်ကျအုပ်စုတွေ သတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘာလို့သတ်လဲဆိုတာ စုံးစမ်းနေတုန်းပါ” ဟု ပြောသည်။

လွတ်မြောက်သွားသူ ၃ ဦးနှင့် ကယ်ရီသမားမှာ ဘန်ကောက်သို့ ရောက်ရှိသွားပြီး ကယ်ရီသမားမှာမူ ယခုဖြစ်ရပ်ကြောင့် တိမ်းရှောင်နေသည်ဟု ရဲဘက်က ယူဆထားသည်။ ၂ ဦးမှာမူ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

“လွတ်သွားတဲ့ ၃ ယောက်ကို ကယ်ရီသမားက ဘန်ကောက်ကို ပို့လိုက်တယ်။ အဲဒီထဲက ၂ ယောက်က အခု ကျနော်တို့ဆီ ရောက်နေတယ်။ တယောက်ကတော့ ကြောက်ပြီး ရှောင်နေတယ်။ ဒီရောက်နေတဲ့ ၂ ယောက်မှာ တယောက်က ရဲစခန်းမှာ စစ်မေးခံနေရတယ်။ စကားမပြောတတ်တဲ့ တယောက်က အခု ကျနော်နဲ့အတူ ရှိတယ်” ဟု စေတနာ့ဝန်ထမ်းက ပြောသည်။ သေဆုံးသူထဲတွင် စကားမတတ်သူ အမျိုးသား၏ အမလည်း ပါဝင်သည်။

သေဆုံးသူ နောက်တဦးဖြစ်သူ မတင်ချိုထွေး၏ ခင်ပွန်းသည် ကိုအောင်ကြည်က “ကျနော့်အမျိုးသမီး သေသွားတယ်ကြားလို့ လိုက်လာတာ။ အခုထိ မတွေ့ရသေးဘူး။ ကျနော် ဒီကိစ္စကိုကြားပြီး နေလို့လည်း မကောင်းဘူး။ အရမ်းလည်း ခံစားနေရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဇနီး၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ရန် မဲဆောက်တွင် ရောက်ရှိနေကြောင်းနှင့် သေဆုံးသူများထဲတွင် သူ၏ ဆွေမျိုးများ ပါဝင်နေကြောင်း ဘန်ကောက်တွင် အလုပ်လုပ်နေသည့် ကိုအောင်ကြည်က ပြောသည်။

ပြီးခဲ့သည့်လ ၂၇ နှင့် ၂၈ ရက်နေ့များတွင် ရှာဖွေတွေ့ရှိသည့် ရုပ်အလောင်း ၄ လောင်းကို မဲဆောက်မြို့ ဆေးရုံတွင် ထားရှိပြီး၊ ၃၁ ရက်နေ့တွင် တွေ့ရှိသော ၃ လောင်းကိုမူ Phop Phra ဆေးရုံတွင် ထားရှိသည်။

ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်လုပ်ကိုင်ရာ၌ အချို့က တောလမ်းခရီးမှပင် ယခုလို သွားရောက်လေ့ရှိသည်။ တခါတရံ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှုမျိုး ကြုံတွေ့တတ်သည်။

စေတနာ့ဝန်ထမ်းက “ကျနော် ထိုင်းမှာနေတာ ၁၈ နှစ်ရှိပြီ။ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတော့ ဒီဒေသမှာပဲ ၁၇ ယောက်တခါ၊ ၈ ယောက်တခါ၊ အခု ၉ ယောက်တခါ အသတ်ခံရတာ ကြားဖူးတယ်'' ဟု ပြောသည်။

  မဇ္ဈိမမှတဆင့်

ဆက်လက်ဖတ်ရှုရန်...
 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.