02 February 2010

ဒုက္ခသည်များ ပြန်မပို့ရန် ထိုင်းကို ကရင်အမျိုးသမီးအဖွဲ့ တိုက်တွန်း


မြန်မာနိုင်ငံသို့ ယခုလဆန်းမှစတင်၍ ပြန်ပို့ခံရမည့် ထောင်ပေါင်းများစွာသော ဒုက္ခသည်များ၏ ဆင်းရဲဒုက္ခကို အရေးတယူ စဉ်းစားပေးရန် ကရင်အမျိုးသမီးအဖွဲ့က ထိုင်းအစိုးရထံ အရေးပေါ် ပန်ကြားလွှာတစောင် ပေးပို့လိုက်သည်။

တာ့ခ်ခရိုင် သာဆောင်ရမ်းတွင် နေထိုင်နေသော ကရင်ဒုက္ခသည် ၃ဝဝဝ ကျော်ကို မြေမြှုပ်မိုင်းများ ရှိနေသဖြင့်  မြန်မာနိုင်ငံ စစ်ဖြစ်ပွားနေသော ဇုန်အတွင်းသို့ အတင်းအကျပ် ပြန်မပို့ရန် ကရင်အမျိုးသမီးအဖွဲ့က ထိုင်းဘုရင့်အစိုးရထံ ယနေ့ အရေးတကြီး ပန်ကြားလိုက်ခြင်း ဖြစ်သည်။

ဤဒုက္ခသည်များသည် မြန်မာနိုင်ငံ ကရင်ပြည်နယ် လားဖားဟားဒေသတွင် မြန်မာစစ်တပ်နှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် လွန်ခဲ့သောနှစ် ဇွန်လကတည်းက ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

''ဒီဒုက္ခသည်တွေ အားလုံးကို ထိုင်းစစ်တပ်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာပြည် ပြန်ကြရမယ်လို့ လာပြောထားတယ်။ သူတို့ကို စပြောင်းရွှေ့ဖို့ ဒီအပတ် ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး လုပ်ဆောင်မယ်လို့ လာပြောထားတာ။ အခုတော့ သူတို့ဟာ မြေမြှုပ်မိုင်းတွေ ရှိနေတဲ့၊ အချိန်မရွေး စစ်ပြန်ဖြစ်နိုင်တဲ့ နေရာကို လောလောလတ်လတ် ပြန်ပို့ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတယ်'' ဟု အဆိုပါ အမျိုးသမီးအဖွဲ့၏ ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြရေးသားထားသည်။

ပြန်ပို့ခံရမည့် ဒုက္ခသည်အများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း ကရင်အမျိုးသမီးများအဖွဲ့ (KWO) ၏ ကြေညာချက်တွင် ဆက်လက်ရေးသားထားသည်။

အဆိုပါ ဒုက္ခသည်များကို ပြန်ပို့ရန် ပြင်ဆင်သည့်အနေဖြင့် ဒေသခံ အာဏာပိုင်ဖြစ်သော ထိုင်းစစ်တပ်သည် လာဖားဟားရွာတွင် နေထိုင်သော ဒုက္ခသည် ၅ဝ ကို သူတို့၏ နေအိမ်များက အတင်းအကျပ် မောင်းထုတ်ကာ နယ်စပ်ကိုဖြတ်ပြီး မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအတွင်း ပြန်ပို့ခဲ့သည်ဟု ဆက်လက်ရေးသားထားသည်။

''မည်သို့ပင်ဖြစ်စေ KWO အနေဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြလိုသည်မှာ ဤဒေသသည် လုံးဝ လုံခြုံမှုမရှိဘဲ ဒုက္ခသည်အုပ်စုများအနေဖြင့်လည်း ယခုအချိန်တွင် ပြန်လိုစိတ်လည်း မရှိကြပါ။ ယခု လတ်တလော လများအတွင်း ဒုက္ခသည် ၅ ဦးမှာ နေအိမ်များတွင် သူတို့ထားရစ်ခဲ့သော အိမ်မွေး တိရိစ္ဆာန်များကို သွားရောက်ပြုစုစောင့်ရှောက်စဉ် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးဒဏ်ရာရရှိခဲ့ကြသည်။ သူတို့အထဲတွင် ၁၃ နှစ်သားလေး တဦး ပါဝင်ပြီး လွန်ခဲ့သောနှစ် သြဂုတ်လအတွင်း ခြေပြတ်ဒဏ်ရာရရှိခဲ့သည်။ ကိုယ်ဝန် ၈ လနှင့် အမျိုးသမီးတဦးလည်း ၂ဝ၁ဝ ခုနှစ်ဇန်နဝါရီ ၁၈ ရက်နေ့တွင် ခြေပြတ်ဒဏ်ရာရခဲ့သည်'' ဟု ကရင်အမျိုးသမီးအဖွဲ့က ဆိုသည်။

ဤဒုက္ခသည်များကို မဲဥဆု၊ မဲဆလစ်၊ နောင်ဘွား ဟူသည့် နေရာ ၃ နေရာတွင် ယာယီခိုလှုံခွင့်ပေးထားပြီး တာ့ခ်ခရိုင်ရှိ မယ်လ ဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့ခွင့် မပြုသေးပါ။

ဤကရင်ခိုလှုံခွင့်တောင်းခံသူများကို ပြန်ပို့မည့် အစီအစဉ်ကို လွန်ခဲ့သော တပတ်မှစတင်၍ အသိပေး ပြောဆိုခဲ့ပြီး၊ ကရင်ဒုက္ခသည်များကို ပြန်ပို့ရန် ပြုလုပ်ခဲ့သော ထိုင်းအရာရှိများနှင့် အခြား သက်ဆိုင်သူများ ပါဝင်သည့် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်ကို လက်ခံလိုက်ကြောင်းဖြင့် ထိုင်း အမှတ် ၃ တပ်မတော် တပ်မှူး ဒုဗိုလ်ချုပ်ကြီး Thanongsak Apirakyothin က ပြောကြားအပြီး ပို၍ ရှင်းလင်းသွားခဲ့သည်။

အဆင့်မြင့် စစ်တပ်အရာရှိများ ယာယီဒုက္ခသည်စခန်းများသို့ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး မြန်မာနိုင်ငံတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိတော့ကြောင်း ပြောကြားခဲ့ကြသည်။

ထိုင်းစစ်တပ်သည် အဆိုပါဒေသအတွင်းသို့ စစ်သားများစေလွှတ်ပြီး ရွာသားများကို ဖိအားပေးခဲ့သည်ဟု ထိုင်းရှေ့နေများ ကောင်စီ လူ့အခွင့်အရေးကော်မတီ အဖွဲ့ဝင် Surapong Kongchanteuk က ယနေ့ မဇ္ဈိမကို ပြောကြားသည်။

''အခုလောလောဆယ် တိုက်ပွဲတွေ မြန်မာပြည်ထဲ မရှိတော့ဘူးလို့ စစ်တပ်ကပြောတာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့က အလွန်အန္တရာယ်ကြီးတဲ့ မြေမြှုပ်မိုင်းတွေအကြောင်းတော့ ထည့်မပြောကြဘူး။ ကျနော်တို့ ဒီကိစ္စကို ထိုင်းအထက်လွှတ်တော် လူ့အခွင့်အရေးကော်မတီနဲ့ ဆက်ပြီးဆွေးနွေးနေတုန်းပါ။ ဒါပေမဲ့ အခုလောလောဆယ်တော့ ထိုင်းစစ်တပ်က အတင်းအကျပ် ပြန်ပို့နေတာတွေကို ဆိုင်းငံ့ထားပေးဖို့ လိုပါတယ်'' ဟု သူက ပြောသည်။

''လူတွေ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရနေကြတာဟာ အန္တရာယ်များတုန်းပဲဆိုတာ သေချာတဲ့ လက္ခဏာပဲ။ သူတို့ဆန္ဒနဲ့ ဆန့်ကျင်ပြီး အန္တရာယ်တွင်းကို တွန်းပို့တာဟာ နိုင်ငံတကာ ဥပဒေတရပ်ဖြစ်တဲ့ အတင်းအကျပ် ပြန်မပို့ရေးမူကို ချိုးဖောက်တာပါ။ ထိုင်းအစိုးရဟာ ဒုက္ခသည်ကွန်ဗင်းရှင်းကို လက်မှတ်ထိုးတဲ့နိုင်ငံ မဟုတ်ပေမယ့် ဒုက္ခသည်တွေအပေါ် ကြင်နာသနားခြင်းကို ပြသခဲ့တဲ့ ရှည်လျားလှတဲ့ သမိုင်းကြောင်း အတွက် ထိုင်းဘုရင်မင်းမြတ်၊ ထိုင်းအစိုးရတို့ကို KWO က အလွန်ကျေးဇူးတင်ရှိပါတယ်။ အခုလည်း ဒုက္ခသည်တွေအပေါ် လူသားချင်းစာနာတဲ့ ကြင်နာသနားမှုကို ဆက်လက်ပြသပါဦးလို့ ထိုင်းအာဏာပိုင်တွေကို ကျွန်ုပ်တို့ ပန်ကြားပါသည်'' ဟု KWO တွဲဘက်အတွင်းရေးမှူး ၁ Blooming Night Zan က KWO ကြေညာချက်ကို ကိုးကားပြောကြားသည်။

 

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.