31 December 2009

၂၀၀၉ ထဲက ထင်ရှား ကျော်ကြားသူများနှင့် ဖြစ်ရပ်များ

မှတ်ချက်။ဧရာဝတီမှကူးယူဖော်ပြထားချင်းဖြစ်ပါတယ်။အားလုံးပဲနှစ်သစ်မှာပျော်ရွှင်ကြပါစေ။

အဓိကဇာတ်ဆောင်များ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
သံလက်သီးတပ် စစ်အာဏာရှင်

မြန်မာစစ်အစိုးရ ခေါင်းဆောင်ကြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်လည်းဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဘာကိုမှ မှုစရာမလိုသော တုနှိုင်းမယှဉ်သာ အနေအထားကို ဖော်ပြနေသည်။ လွန်ခဲ့သည့်နှစ် အနည်းငယ်က မြန်မာစစ်အစိုးရ၏ ဦးဆောင်နေသူတဦးမျှသာ ဆိုသည့်သူ၏ ရုပ်ပြအနေအထားကို မေ့ထားလိုက်ကြရတော့မည် ဖြစ်သည်။ သူက ၁၉၉၂ ခု နှစ်မှ စတင်၍ စစ်အစိုးရ ဥက္ကဌအဖြစ်တာဝန်ယူခဲ့သော်လည်း ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဖယ်ရှားပြီးခဲ့ချိန်မှစ၍ စစ်အစိုးရ၏ သံမဏိ အုပ်ချုပ်ရေးတွင် တကယ့်အာဏာရှိနေသူဖြစ်ကြောင်း သိသာ ထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပ်စစ်ဆေးနေစဉ် (ဓာတ်ပုံ- AFP)













အယူသည်း လွန်းသူတဦး ဖြစ်သလို၊ သူ့ကိုယ်သူ ရှင်ဘုရင်သဖွယ် သဘောထားနေသူ ဗိုလ်ချုပ်သန်းရွှေက ပြင်ပမှ ခန့်မှန်း လေ့လာနေကြ သူများအဖို့ ပဟေဠိများနှင့် ပြည့်နေသည့် ပုစ္ဆာ တပုဒ် ဖြစ်နေသည်။ မြန်မာအစိုးရ၏ ရက်စက်ကြမ်း ကြုတ်လှသည့် သောင်းကျန်သူ နှိမ်နင်းရေး လှုပ်ရှားမှုများတွင် ရှေ့တန်းမှနေခဲ့သူတဦးအဖြစ်မျှသာ သိထားခဲ့ကြရပြီး သူ၏အတိတ်အကြောင်းကို တိတိပပ သိရှိသူလည်း နည်းလှသည်။ ဤကာလများအတွင်း သူ အထူး ကျွမ်းကျင်သည့် နယ်ပယ်ဖြစ်သော စိတ်ဓာတ်စစ်ဆင်ရေးဌာနတွင် တာဝန်ယူနေစဉ် အကွက်ကောင်းကို စောင့်ဆိုင်းနေခဲ့သည်။ 

ယခင်စိတ်ဓာတ်စစ်ဆင်ရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးခြင်းက ယခုအခါ သူ့အာဏာတည်မြဲရေးလုပ်ငန်း စဉ်များ အတွက် ဆုလာဘ်သဖွယ် ဖြစ်နေသည်။ စစ်အစိုးရအတွင်းရှိ ပြိုင်ဖက်အင်အားစုများကို ဘေးချန် ဖယ်ထားနိုင်ရုံမျှသာမက၊ ပြည် တွင်း နှင့် နိုင်ငံတကာရှိ ဝေဖန်ပြောဆိုနေကြသူများကိုလည်း ဆယ်စုနှစ်နှစ်ခုကြာမျှအချိန်တွင် အပြောင်းအလဲများ ဆောင်ရွက်ပါမည်ဟု ကတိများ အကြိမ်ကြိမ်ပေးခဲ့ခြင်းဖြင့် ချွေးသိပ်ထားနိုင်ခဲ့သည်။

သူက ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရန် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို ရွေးချယ်ခန့်ထား တာဝန် ပေးခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုရှိ သမ္မတအိုဘားမား အစိုးရနှင့် ဆက်ဆံရန်အတွက် ယခင် အမေရိကန်သံအမတ် ဟောင်း ဦးသောင်းကို ရှေ့ပြေးကိုယ်စားလှယ်အဖြစ် ရွေးချယ်ခန့်အပ် တာဝန်ပေးထားခဲ့သည်။ ဤသို့ ဉာဏ် နီဉာဏ်နက် များဖြင့် ဆောင်ရွက်ခဲ့ပုံကိုကြည့်၍ စစ်အာဏာရှင်အိုကြီးအဖို့ နည်းလမ်း ပရိယာယ်များ မကုန်ခမ်းသေးဟု လေ့လာစောင့် ကြည့် နေသူများက ပြောဆိုမှတ်ချက်ချကြသည်။ ထိုသူနှစ်ဦးစလုံးက လက်ခံနှစ်လိုဖွယ် ရှိကြသူများဖြစ်ကြသည့်အပြင်၊ ကျိုး ကြောင်းဆီလျော် စဉ်းစားနိုင်သည့် ဆွေးနွေးဖက်များအဖြစ် လူအများက ထင်မြင်နိုင်သည်။ သို့သော် လည်း ထိုသူများမှာ ဗိုလ်ချုပ်သန်းရွှေ၏ သံမဏိလက်သီးအပေါ် ဖုံးကွယ်ပေးထားမည့် အံကျဟန်ကျ ကတ္တီပါ လက်အိပ် တစုံသာ ဖြစ်ပါသည်။ 

ဒေါ်အောင်ဆန်းစုကြည်
စတင်လက်ကမ်းသူ














ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ပြည်ထောင်စု၏ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ် ဦးဆောင်သည့် သံကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ်
စစ်အစိုးရ၏ လက်တွင်း ကာလကြာရှည်စွာ မတရားပြုမူခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်က အမြဲတမ်း ပေအဖြစ် ခံနေ ရမည့် သားကောင်သက်သက်မျှသာ မဟုတ်ကြောင်း ယခုနှစ်အတွင်း ပြကွက်တခု ပြသနိုင်ခဲ့သည်။ 

ဆင်ကွက် စွပ်စွဲချက်များဖြင့် သူ့အပေါ် အိမ်အကျယ်ချုပ်ပြစ်ဒဏ် ၁၈ လ ထပ်မံချမှတ်ခံရပြီးနောက် များမကြာမီတွင်ပင် ဒှေါအောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာတစောင်ပို့၍ စစ်အစိုးရအပေါ် ချမှတ်ထားသည့် အနောက် နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းစေရေးအတွက် ကူညီပေးမည်ဟု ကမ်းလှမ်းလိုက်သည်။ ဤသို့ အပြုသဘော ကမ်းလှမ်းမှုအပေါ် စစ်အစိုးရခေါင်းဆောင်ပိုင်းက မကြုံစဖူးအလျှင်အမြန်တုံ့ပြန်လာခဲ့သည်။ သူတို့ ဒေါ်အောင်ဆန်းစုကြည် ကို ဆက်ဆံရေးဝန်ကြီး နှင့် တွေ့ဆုံခွင့် ပြုခဲ့ သလို၊ နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဩစတြေးလျ သံတမန်များနှင့်လည်း တွေ့ဆုံခွင့်ပေးခဲ့သည်။   

ထို့အပြင် ဆယ်စုနှစ်တခုကျှော်ကာလအတွင်း မြန်မာ-အမေရိကန် သံတမာန်ဆက်ဆံရေးအတွက် အမြင့်ဆုံးသံကိုယ်စား လှယ် အဖြစ်လာရောက်သည့် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ် ကမ်းဘဲလ်(Kurt Campbell) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်ပါ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလအတွင်း တွေ့ဆုံခွင့်ပြုခဲ့သည်။

သူအချုပ်အနှောင်ခံနေရသည့် အရေးကို ဘေးဖယ်၍ စစ်ဗိုလ်ချုပ်များ နှလုံးသည်းခြေတွေ့စေမည့် အရေးအပေါ် ဒေါ်အောင်ဆန်းစုကြည်က အာရုံစိုက် လုပ်ဆောင်ခဲ့ခြင်းဖြင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် အရေးပါနေသေးသည့် ဇာတ်ကောင် တဦးဖြစ်ကြောင်း ပြသနိုင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မည်သည့်အခန်းကဏ္ဍတွင်ရှိမည်ကို ဗိုလ်ချုပ်သန်းရွှေက ရှင်းရှင်းလင်းလင်း နေရာချ တွေးထင်ထားနိုင်ပါသည်။ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းစေရန်နှင့် လာမည့်နှစ်ရွေးကောက်ပွဲတွင် နိုင်ငံတကာ၏ တရားဝင် အသိအမှတ်ပြုမှု ရရှိလာစေရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ကို လိုအပ်နေသည်။ ဒေါ်အောင်ဆန်းစုကြည် က စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လာခြင်းဖြင့် အနာဂတ်တွင် တွေ့ဆုံ ဆွေးနွေး ပွဲများ ဖြစ်မြောက်လာစေရေးအတွက် မျိုးစေ့ချသည့်နှယ်လည်း ဖြစ်စေနိုင်ပါသည်။ 

တချို့လူများက ဒေါ်အောင်ဆန်းစုကြည်၏ ပြေလည်သင့်မြတ်ရေး သဘောထားအပေါ် အံ့အားသင့်ခဲ့ကြသည်။ သို့သှော်လည်း လေ့လာသူ အများစုကမူ ဒေါ်အောင်စုကြည်ထုတ်ဖော် ပြောဆိုထားသည့်အမျိုးသား ပြန်လည်သင့်မြတ် ရည်မှန်းချက်များနှင့် မကွဲလွဲဟု ဆိုကြသည်။

စိတ်ဝင်စားဖွယ် အချက်မှာ ဒှေါအောင်ဆန်းစုကြည်၏ လုပ်ဆောင်မှုက နှစ်ပေါင်းများစွာ ဖယ်ကျဉ်ထားအပြီး အမေရိကန် သမတအိုဘားမား၏ မူဝါဒ အသစ်ဖြစ်သည့် စစ်အစိုးရနှင့် "တိုက်ရိုက်ချဉ်းကပ်ဆက်ဆံမှု" နှင့်လည်း ကိုက်ညီ နေခြင်း ဖြစ်သည်။ 

ဦးဝင်းတင်
သူပုန်ကြီး


ဦးဝင်းတင် (ဓာတ်ပုံ- Tom Parry)













 ဦးဝင်းတင်က လွန်ခဲ့သည့်နှစ်တွင် အင်းစိန် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာပြီးသည့်နောက် မြန်မာ့နိုင်ငံ ရေး အတွင်းသို့ "ရှင်သန်လှုပ်ရှားနေမှု" ဟူသည့် ဝေါဟာရကို ပြန်လည် သွပ်သွင်းခဲ့သည်။ အတိုက်အခံ အင်အားစုများ၏ နိုင်ငံရေးသည် ပွင့်လင်းမှုနှင့် အားအင်စိုက်ထုတ်မှု နည်းနေသည်ဟု အသက် ၈၀ အရွယ် ဦးဝင်းတင်က ဝေဖန်ခဲ့သည်။

သူက သတင်းစာဆရာဘ၀မှ နိုင်ငံရေးသမားဖြစ်လာသူ ဖြစ်ပြီး သူ၏နိုင်ငံရေး ယုံကြည်ချက်အတွက် အင်းစိန်အကျဉ်း ထောင် တွင် ၁၉ နှစ်ကျော် အကျဉ်းချခံခဲ့ရသူလည်း ဖြစ်သည်။ လွတ်မြောက်လာချိန်မှစ၍ သူချန်ရစ်ထားခဲ့ရသည့် အခြေအနေကို ပြန်ကိုင်တွယ်သည်။ ပြည်တွင်းနိုင်ငံရေးအားကောင်း လာစေရန် ပါတီ၏ အခြေခံရပ်တည် ချက်မူများကို ကိုင်စွဲ၍ လှုပ်ရှားရန် သူမြင်ခဲ့သည်။ သူသည် ၁၉၈၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို စတင် တည်ထောင်ခဲ့သူထဲတွင် ပါဝင်သူ တဦးဖြစ်ပြီး သူ၏ဘဝတခုလုံးကို ဒီမို ကရေစီအရေးတှော်ပုံအတွက် စွန့်လွှတ် ပေးဆပ်
ထားသူ ဖြစ်သည်။ 

ဦးဝင်းတင်က NLD တွင် အထူးနေရာပေး အသိအမှတ်ပြုခံရသူ ဖြစ်သည်။ အခြားသော ခေါင်းဆောင်များက ပါတီအရေး သာကြည့်နေကြချိန် မူဝါဒ သဘောကွဲလွဲမှုများကို ဖုံးဖိဖြေသိမ့်နေကြသည့်အချိန်၌ သူက သူ၏ အမြင်ကို ဖော်ပြပြောဆိုရန် မည်သည့်အခါမျှ ရွံ့မနေခဲ့ပေ။ သို့အတွက်ကြောင့် NLD ၏ လူငယ်ထုနှင့် အမျိုးသမီးအဖွဲ့ဝင်များအကြား သူ့ကို ကြည်ညို လေးစားကြခြင်း ဖြစ်သည်။

သူက ဒေါ်အောင်ဆန်းစုကြည်ကို အမြဲတမ်းရပ်တည် ထောက်ခံသူတဦး ဖြစ်ပြီး"ကျနော်က သဘောထားတင်းမာတဲ့သူပဲ၊ ဒါပေမယ့် ပါတီကိုတော့ ဆန့်ကျင်ပြီး ဘယ်တော့မှ မလုပ်ပါဘူး"ဟု ပြောဆိုခဲ့သည်။ စက်တင်ဘာလအတွင်း က သူ့ကို စစ်အစိုးရအာဏာပိုင်များက နာရီအနည်းငယ်ကြာ ခေါ်ယူ၍ စစ်ဆေးမေးမြန်းခဲ့သေးသည်။ နိုင်ငံခြား တိုင်းပြည်များမှ ငွေကြေး ထောက်ပံ့မှုများ ရရှိနေသည်ဟု စွပ်စွဲ၍ သူ့ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။ ထို့ အပြင် ထိန်းသိမ်းခံထားရသည့် အတိုက်အခံခေါင်းဆောင်များနှင့် မည်သို့မည်ပုံ သူဆက်သွယ်မှု ရှိနေပုံကိုလည်း မေးမြန်းခဲ့သည်။ အကယ်၍ အာဏာ ပိုင်များက သူ့ကို ခြိမ်းခြောက်ရန် ကြိုးပမ်းခဲ့လျှင်လည်း အချည်းအနှီးသာ ဖြစ်မည်။ သူက ခြောက်တိုင်း ကြောက်မည့်သူ လည်း မဟုတ်ပါ။

"မြန်မာပြည်သူတွေဆီက အဓမ္မလုယူထားတဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေကြတာပါ၊ ချွတ်ယွင်းချက် အားနည်းချက် တွေပြည့်နေတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မျိုးမှာပူးပေါင်းပါဝင်ဖို့ ကျနော်တို့ကို အတင်းအကျပ် ခြိမ်းခြောက်တိုက်တွန်းလို့မရပါ ဘူး"ဟု သူက ပြီးခဲ့သည့် စက်တင်ဘာလက ၀ါရှင်တန်ပို့စ် သတင်းစာတွင်ဖော်ပြသည့် ဆောင်းပါး တပုဒ်တွင် ထည့်သွင်းရေးသားခဲ့သည်။ "ကျနော်တို့က တွေ့ဆုံညှိနှိုင်းဖို့ အသင့်ရှိပါတယ်၊ ဒါပေမယ့် လူအများက အသက် တွေ၊ ဘ၀တွေ စွန့်လွှတ်ပေးဆပ်ထားကြတဲ့ ဒီမိုကရေစီစံတန်ဖိုးတွေ ရရှိစေရေးအတွက် ကျနော်ဆက်လက်တိုက်ပွဲ ၀င်ဖို့ ပိုပြီး အဆင်သင့်ရှိနေပါတယ်"ဟုလည်း ဖော်ပြရေးသားခဲ့သည်။

ဦးဉာဏ်ဝင်းနှင့် ဦးကြည်ဝင်း
အနားမရသည့် ရှေ့နေများ


ဦးကြည်ဝင်း (ဘယ်) နှင့် ဦးဉာဏ်ဝင်း














 နိုင်ငံကိုအုပ်ချုပ်နေကြသည့် ဗိုလ်ချုပ်ကြီးများ သဘောနှင့်အညီ လိုက်လံ လုပ်ဆောင် နေကြသည့် နိုင်ငံတခုတွင် နိုင်ငံရေး အတိုက်အခံများကို ရှေ့နေလိုက်ပေး နေကြရသူများ အတွက် များသောအားဖြင့် တရားရုံး ဆုံးဖြတ်ချက်များက အမှုရှုံးရန် သေချာ နေရုံမျှသာမက သူတို့အမှုသည်များ ရင်ဆိုင်နေရသကဲ့သို့ အန္တရာယ်များလည်း ကြုံတွေ့ရတတ်သည်။ 

သို့သော် လက်တွေ့အခြေအနေတွင် အသာစီးမရရှိသေးသော်လည်း စစ်အစိုးရ၏ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရမည့် သူများကို သူတို့တတ်ကျွမ်းသည့်ပညာဖြင့် ကာကွယ်ပေးရန် တာဝန်ရှိသည်ဟု ယုံကြည်နေသူ ရှေ့နေအနည်းအကျဉ်း ရှိနေသေးသည်။

အလားတူ ရှေ့နေ ၂ ဦးမှာ တရားဥပဒေစိုးမိုးစေရေးအတွက် တတ်နိုင်သမျှ ခုခံကာကွယ်ပေးနေကြသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့  ဖြစ်သည်။  

ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ အိမ်ခြံဝင်းအတွင်း တညတာ ကျူးကျော်ဝင်ရောက်သူ အမေရိကန်နိုင်ငံသား ဂျွန်  ၀ီလျံ ယက်ထော နှင့်အတူ ခုံရုံးတင်သည့်အခါ ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့က အင်အားအပြည့်ဖြင့် ခုခံချေပခဲ့ကြသည်။ ယခု စွဲဆိုထားသည့် ဥပဒေကြောင်းအရ တရားဝင်မှုကိုပင် ပြန်လှန်မေးခွန်းထုတ် ချေပခဲ့ကြခြင်းဖြစ်သည်။

အသက် ၆၀ ကျော် အရွယ် ဦးဉာဏ်ဝင်းက ဤအမှုတွင် ခုခံချေပသူ ရှေ့နေအဖြစ်သာမက ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ၏ ပြောရေးဆိုခွင့်ရှိသူ အဖြစ်လည်း တာဝန်ယူရ သည်။ မေလမှ ဩဂုတ်လတိုင် ကြာမြင့်ခဲ့သည့် တရားခွင်တွင် သူက နိုင်ငံတကာသတင်း မီဒီယာများနှင့် နေ့စဉ်နှင့်အမျှ ဒိုင်ခံဖြေကြားပေးခဲ့ရသလို၊ တရားခွင်၏ နောက်ဆုံး အခြေအနေ၊ အင်းစိန်ထောင်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကိုပါ ဖြေကြားပေးခဲ့ရသည်။  

ဝါရင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးသမား အသက် ၈၀ စွန်းစွန်း ရှိနေပြီဖြစ်သူ ဦးကြည်ဝင်းကမူ ဒေါ်အောင်ဆန်းစုကြည် နှင့် ဆယ်စုနှစ်တခုမျှ လက်တွဲ လုပ်ကိုင်လာခဲ့သူ ဖြစ်သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး အတွက် ဒေါ်အောင်ဆန်းစုကြည်၏ စွန့်လွှတ်ပေးဆပ် ကြိုးပမ်းနေမှုများအပေါ် ပုဂ္ဂိုလ်ရေး အရ ကြည်ညိုမှုကြောင့် ဥပဒေကြောင်းအရ အကြံပေးမှုများကို အခမဲ့ ဆောင်ရွက်ပေးနေသူလည်း ဖြစ်သည်။ 

ဤ ပုဂ္ဂိုလ်၂ ဦးစလုံးက အခြား အတိုက်အခံများအတွက်လည်း မမော မပန်းတန်း ခုခံချေပပေးခဲ့ကြသည်။ သူတို့က ၈၈ မျိုးဆက် ကျောင်းသားများအုပ်စုကို ခုခံချေပ ရှေ့နေလိုက်ပေးခဲ့သလို၊ စက်တင်ဘာလတွင် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံခဲ့ ရပြီး လုံခြုံရေးဥပဒေ ပုဒ်မများနှင့် စွပ်စွဲခံထားရသူ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုကျှော်ဇောလင်း(ခေါ်) ကိုညီညီ အောင် ၏ အမှုအတွက်လည်း လိုက်လံဆောင်ရွက်ပေးနေကြသည်။



ဇာတ်ပို့များ

ဒေါက်တာ တူးဂျာ
ကချင်အရေး စည်းရုံးသူ


ဒေါက်တာတူးဂျာ














၁၉၆၁ ခုနှစ်မှစ၍ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တွင် တာဝန်ထမ်းလာခဲ့သူ ဒု ဥက္ကဋ္ဌ ဒေါက်တာတူးဂျာနှင့် ကျန် အဆင့်မြင့် ကချင်ခေါင်းဆောင် ၅ ဦးတို့က စက်တင်ဘာလတွင် အဖွဲ့အစည်းမှ နုတ်ထွက်ခဲ့ကြသည်။

ဒေါက်တာတူးဂျာက ပြောကြားရာတွင် ကချင်အမျိုးသားတိုးတက်ရေး ပါတီ (KSPP) ကို အင်အားဖြည့် တည်ထောင်နိုင်ရန် (KIO) မှ နုတ်ထွက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ KSPP ပါတီက ၂၀၀၉ ခုနှစ် မတ်လတွင် စတင်တည်ထောင်ခဲ့သည့် နိုင်ငံ ရေးပါတီတခုဖြစ်ပြီး စစ်အစိုးရ၏ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်တည်ထောင်ခဲ့ခြင်း ဖြစ် သည်။

တရုတ်-မြန်မာနယ်စပ်အနီးရှိ KIO ဌာနချုပ် လိုင်ဇာတွင် ဒေါက်တာတူးဂျာက သူ၏ နိုင်ငံရေးပါတီသစ်ကို ကချင် လူထုများနှင့် စတင်မိတ်ဆက်ပေးခဲ့သည်။ ဤအစည်းအဝေးသို့ လူထု ၈၀၀ ခန့် တက်ရောက်ခဲ့ပြီး KIO အဖွဲ့ဝင်များ၊ ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော်(NDA-K)တပ်ဖွဲ့ဝင်များ၊ ကချင် အတိုင်ပင်ခံကော်မီတီ အဖွဲ့ဝင်များနှင့် တခြားပြည်သူများ တက်ရောက်ခဲ့သည်။

လေ့လာသူများကမူ ဒေါက်တာတူးဂျာ နုတ်ထွက်ခြင်းသည် KIO အဖွဲ့၏ ဗျူဟာအစိတ်အပိုင်းတခုအရ နုတ်ထွက် ခြင်းဟု ဆိုကြပြီး ၎င်း၏ လက်နက်ကိုင်တပ် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို စစ်အစိုးရ သြဇာခံ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် မြန်မာစစ်အစိုးရထံမှ ဖိအားလျော့နည်းစေရေးအတွက် နည်းပရိယာယ်အရ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး တောင်းဆိုချက်ကို KIO က မလိုက်လျောဘဲ တင်းခံနေခဲ့သည်။ မြန်မာစစ် အစိုးရတပ်များ ၏ အမိန့်ပေးမှုအောက်မှ သီးခြားကင်းလွတ်သည့် ကချင်နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းနိုင်ရန် တန်ပြန် အဆိုပြုခဲ့သည်။

မြန်မာစစ်အစိုးရနှင့် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုးခဲ့ချိန်မှစ၍ KIO အဖွဲ့ က ပါးနပ်ကျွမ်းကျင်စွာ မူဝါဒများ ချမှတ်ကျင့်သုံးလာခဲ့ပြီး စစ်အစိုးရ၏ ရည်ရွယ်ချက်နှင့်လည်း ဆန့်ကျင်မှု မဖြစ်စေရန် မိမိ အလိုလည်း ပြည့်စေရန် ဆောင်ရွက်လာခဲ့ကြသည်။

လေ့လာသူများက ဆိုကြရာတွင် KIO ၏ ဗျူဟာအစိတ်အပိုင်းတခုအရ  ဒေါက်တာတူးဂျာ နှုတ်ထွက်ခြင်းဖြစ်ပြီး အကယ်၍ စစ်အစိုးရတပ်များက ကချင်တပ်များကို စစ်ရေးအရ တိုက်ခိုက်လာသည့်တိုင် နိုင်ငံရေးအရ အသံရှိနေ စေရေး အတွက်ဟု ဆိုကြသည်။ ယခု ပဋိပက္ခမှနေ၍ မည်သည့်ရလဒ်ထွက်ရှိသည် ဖြစ်စေ၊ လာမည့်ရွေးကောက်ပွဲတွင် ဒေါက်တာတူးဂျာ၏ ကKSPP က ကချင်ပြည်သူများကို ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်တော့ မည် ဖြစ်သည်။

မောင်သောင်းဒီ
အမြင့်ပျံကလေးငယ်


မောင်သောင်းဒီ


















ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် နေထိုင်အလုပ်လုပ်နေသည့်  မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော အသက် ၁၂ နှစ်အရွယ် ကလေးငယ် မောင်သောင်းဒီက ယခုနှစ် အတွင်း သတင်းများတွင် ထူးထူးခြားခြား ရေပန်းစားဖော်ပြခံခဲ့ရသည်။

ထိုင်းနိုင်ငံအဆင့် အိုရီဂါမီ စက္ကူခေါက် လေယာဉ်ပစ်လွှတ်ပွဲ ၂၀၀၈ တွင် ချန်ပီယံဆု ဆွတ်ခူးခဲ့ပြီးနောက် စက်တင်ဘာလ ဂျပန်နိုင်ငံ ချီးဘား မြို့တွင် ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲတွင် ထိုင်းနိုင်ငံကို ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ရန် အကြောင်း ဖြစ်လာသည်။ သို့သော်လည်း သူ၏လေယာဉ်စက္ကူကို ၁၂. ၅ စကဿ္ကန့်ကြာ လေထဲပစ်လွှတ်နိုင်သည့် အထင်ကြီးစရာ သူ၏စွမ်းရည်ကြောင့် သတင်းစာခေါင်းကြီးပိုင်းအထိ ရောက်ရှိလာရသည် မဟုတ်ပါ။ သူ၏ဘဝကိုယ်တိုင် လေထဲမြောက် သွားစရာ ဖန်လာသည့် ကံတရားကြောင့် ဖြစ်သည်။

သူက ဂျပန်သို့ သွားရောက်ယှဉ်ပြိုင်ရမည့်အရေးကို လက်လွှတ်ရလုဆဲဆဲ ရှိနေခဲ့သည်။ အကြောင်းမှာ သူက မြန်မာနိုင်ငံ ရှမ်းပြည်နယ်က ရွှေ့ပြောင်းအခြေချလာသည့် မိသားစုမှ မွေးဖွားလာသည့် ကလေးငယ်တဦး ဖြစ်နေပြီး ထိုင်းနိုင်ငံတွင် မွေးဖွားသှော်လည်း ထိုင်းဥပဒေအရ နိုင်ငံမဲ့ဟု ယူဆခံထားရသူ တဦး ဖြစ်နေသည်။

သူ့တွင် တရားဝင် စာရွက်စာတမ်းများ ရှိမနေသောကြောင့်၊ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ခရီးသွားလက်မှတ် ထုတ်ပေး ရန် ငြင်းဆန်သည့်အခါ မောင်သောင်းဒီကိစ္စက လူသိများ ထင်ပေါ်စရာ ဖြစ်လာခဲ့သည်။ နိုင်ငံအတွင်းရှိသတင်း မီဒီယာ အများက အသားပေးဖောှ်ပြခဲ့ကြပြီး သူနှင့် ဘ၀တူ ခံစားနစ်နာနေကြရသည့် ကလေးများစွာလည်း ရှိနေသည်ကို ဖော်ပြခဲ့ ကြသည်။

နောက်ဆုံးတွင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ကြောင့် သူ၏ အိပ်မက်များ ပြည့်ဝခဲ့ရသည်။ ကျေးဇူးတင်ဖို့ပင် ကောင်း တော့သည်။ ၀န်ကြီးချုပ်က မောင်သောင်းဒီကို ဘန်ကောက်တွင် တွေ့ဆုံခဲ့ပြီး ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန် စီစဉ်ပေးခဲ့သည်။

မောင်သောင်းဒီက ထိုင်းနိုင်ငံကိုယ်စားပြုအသင်းကို ဂျပန်တွင် ရွှေတံဆိပ်ဆွတ်ခူးနိုင်ရန် ကူညီပေးခဲ့သည်။ သို့သော်လည်း ထိုင်းနိုင်ငံအတွင်း သူ၏ အခြေအနေက အခြေမကျနိုင်ဘဲ ရှိနေသေးသည်။ တချို့သတင်းများအရ လာမည့်နှစ်တွင် သူနှင့် သူ၏ မိသားစုကို ထိုင်းနိုင်ငံမှ ပြန်လည်နှင်ထုတ်လိမ့်မည်ဟုလည်း သတင်းများက ဆိုနေကြသည်။

ဤအခြေအနေကြောင့် မောင်သောင်းဒီ၏ အိပ်မက်များ ရပ်ဆိုင်းသွားရန် အကြောင်းမရှိပါ။ သူက ထိုင်းနိုင်ငံတွင် ဆက် လက်နေထိုင်ရန် စဉ်းစားထားသလို၊ သူ၏ စက္ကူလေယာဉ်လုပ်သည့် ကျွမ်းကျင်မှုကိုလည်း ဆက်လက်မြှင့်တင်နိုင်ရန် စဉ်းစားထားသေးသည်။ "တနေ့နေ့မှာတော့ ကျနော်လေကြောင်း အင်ဂျင်နီယာ ဖြစ်ချင်ပါတယ်" ဟု သူက ပြောခဲ့သေး သည်။

အမည်မသိ တပ်လှန့်သူများ
စစ်တပ်အာဏာကို အာခံရဲသည့် သတ္တိခဲများ

မြန်မာ စစ်ခေါင်းဆောင်များ အဖို့ ၎င်းတို့ စစ်သည် အရာရှိများအတွင်းမှ သဘောထား ကွဲလွဲမှုများကို နိုင်ငံတော်ပုန်ကန်မှုဟူ သော စွပ်စွဲချက်ထက် နည်းနည်းမျှ လျှော့ပေါ့၍ သတ်မှတ်ကြဖွယ် မရှိပေ။ ကိစ္စအားလုံး၏ အထက်တွင် သူတို့က သစ္စာခံမှု ကို တန်ဖိုးထားကြသည်။ စစ်သားများက အထက် တပ်မှူး အာဏာပိုင်များအပေါ် အမိန့်နာခံမှု သံမဏိစည်းမျဉ်းအား ဖောက်ဖျက်ကြသူတိုင်းကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်အပြစ်ပေးတတ်သလို၊ ပို၍ ဆိုးရွားသော ပြစ်ဒဏ်များဖြင့်လည်း ဒဏ်ခတ် အပြစ်ပေးတတ်သေးသည်။ အဆင့်မြင့်စစ်ခေါင်းဆောင်များအတွင်းပင် အငြင်းပွားဖွယ် မရှိသည့် ထိပ်သီး အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဆန့်ကျင်ရန် ရည်မှန်းချက်များရှိလာပြီဟု သံသယဖြစ်ခံရလျှင် ပုံမှန်အားဖြင့် ဆိုသလို ထိပ်ပိုင်း ဗိုလ်ချုပ် တချို့မှာလည်း ဖြုတ်ထုတ်ခံကြရသည်။

သို့အတွက်ကြောင့်ပင် မြန်မာစစ်အစိုးရနှင့် မြောက်ကိုရီးယားတို့အကြား တိုးတက်ဆက်ဆံနေမှု လျှို့ဝှက်သတင်းများ လွန်ခဲ့သည့်နှစ်အတွင်းက ပြည်ပ သတင်းမီဒီယာဌာနများထံ အတိအကျ ပေါက်ကြားလာသည့်အခါ အံ့သြမဆုံး ဖြစ်ခဲ့ကြရ သည်။ ယခုတကြိမ်သည် ပြည်ပရှိ သတင်းထောက်များထံသို့ လျှို့ဝှက်စာရွက်စာတမ်းများ ရောက်ရှိလာမှု ပထမဦးဆုံး ဖြစ်ရပ် မဟုတ်သလို၊ စစ်တပ်အတွင်းမှ အတွင်းလူများကို ကျေးဇူးဆိုရမည် ဖြစ်သည်။ ယခင်ကလည်း လမ်းရှာ၍ ရောက်လာခဲ့ကြဖူးသည်။ ဤဖြစ်ရပ်များကြောင့် သူတို့၏ပုံရိပ်ကို အရောင်တင် အဖတ်ဆယ်လိုသည့် စစ်အစိုးရအတွက် သူတို့၏ ကြိုးပမ်းချက်များ သဲထဲရေသွန်ဖြစ်ခဲ့ရသည်။

ယခုပေါ်ထွက်လာသည့် မေးခွန်းထုတ်စရာ အထောက်အထားများက စစ်အစိုးရ၏ တတိယအမြင့်ဆုံး အာဏာရှိသူခေါင်း ဆောင် ဗိုလ်ချုပ်ကြီး ရွှေမန်း၏ ပြုံယမ်း ခရီးစဉ်ကို အတိအကျ ဖော်ပြခဲ့သလို၊ မြောက်ကိုရီးယား၏ အကူအညီဖြင့် တည်ဆောက်နေသည့် ဥမင်အမြောက်အများ၏ ဓာတ်ပုံများစွာကလည်း အတိအကျ မသိရသည့် စစ်ရေး ရည်မှန်းချက်များ ကို ဖောှ်ပြနေသည်။

အင်တာနက် အသုံးပြုနိုင်မှု ကျယ်ပြန့်လာခြင်းကို ကျေးဇူးတင်ရလိမ့်မည်။ မြန်မာပြည်သစ်ကို အိပ်မက်မြင်မက်လိုသူ စစ် တပ်နှင့် စစ်ထောက်လှမ်းရေးအရာရှိများကလည်း သတင်းမီဒီယာများနှင့် တိုး၍ ဆက်ဆံလာကြသည်။ ဤသို့ ဆက်ဆံ ဆောင်ရွက်ကြခြင်းဖြင့် သူတို့၏ ရှေ့တက်လမ်း ပျက်စီးရသူများ ရှိခဲ့ကြသလို၊ သူတို့ဘ၀များ ဆုံးရှုံးသူများလည်း ရှိခဲ့သည်။

ဤသို့သော သတ္တိပြောင်မြောက်သူ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ထိတွေ့ခွင့်ရသည့်အပေါ် ဧရာဝတီမဂ္ဂဇင်းက အထူး ဂုဏ်ယူမိသည်။ ထိုသူတို့ မည်သူဆိုသည်ကို ထုတ်ဖော်ပြောဆိုရန် မဖြစ်နိုင်သေးသော်လည်း၊ ထိုသူများ၏ အမည်မဖော် ဘဲ ကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများကိုတော့ အသိအမှတ်ပြုကြရမည် ဖြစ်ပါသည်။

မှတ်ချက်။  ။ နောက်ဆုံးရသော သတင်းများအရ ထောက်လှမ်းရေးဟောင်း အငြိမ်းစား ဗိုလ်မှူး ၀င်းနိုင်ကျော် နှင့် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း အပါအ၀င် စစ်အစိုးရ ၀န်ထမ်း ၅၀ အဖမ်းခံထားရပြီး ခုံရုံးတင် စစ်ဆေးခဲ့ကြောင်း၊ နှိပ်စက် ညှဉ်းပန်းခံခဲ့ရသည်ဟု ယုံကြည်ရပြီး တချို့ကို နှစ်ရှည်ထောင်ဒဏ်များ(သို့မဟုတ်) သေဒဏ်အပြစ် ပေးနိုင်သည်ဟု ယူဆရသည်။

ဂျက် ဒန်းဖို့ဒ်
ဒုက္ခသည်များကို ဖြည့်ဆီးပေးသူ


ဂျက် ဒန်းဖို့ဒ် (Jack Dunford)











 ၂၀၀၉ ခုနှစ်တွင် သူစတင် ကူညီတည်ထောင်ပေးခဲ့သည့် အဖွဲ့အစည်း ၂၅ နှစ်မြောက် အခမ်းအနားကို မစ္စတာ ဂျက် ဒန်းဖို့ဒ် ဆင်နွှဲရသည်။ သို့သော်လည်း ဤသို့ရေရှည် တည်တံ့နေမှုကိုပင် "ပွဲလမ်းကျင်းပဖို့ထက်စာလျှင် ၀မ်းနည်းဖွယ် အခြေအနေ ဖြစ်တော့သည်"ဟု သူက ဖော်ပြခဲ့သည်။

မစ္စတာ ဒန်းဖို့ဒ်က ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်းကြီး (TBBC) ၏ အမှုဆောင် ဒါရိုက်တာဖြစ်ပြီး မြန်မာနိုင်ငံ အရှေ့ဖျားဒေသရှိ ကျယ်ပြန့်လာသည့် လက်နက်ကိုင် ပဋိပက္ခများမှ ထွက်ပြေးလာကြရသည့် ကရင်ဒုက္ခသည်များကို ကူညီနိုင်ရန် ၁၉၈၄ ခုနှစ် အောက်တိုဘာလက စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က မစ္စတာဒန်းဖို့ဒ်သည် ထိုင်းနိုင်ငံအရှေ့ပိုင်းရှိ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား ဒုက္ခသည်များကို ကူညီပေးနေ သည့် သူ၏လုပ်ငန်းအား ခဏရပ်ပြီး ထိုင်းအာဏာပိုင်များ၏ အကူအညီတောင်းခံမှုအရ သူတို့က ယာယီပြဿနာဟု ယုံကြည်နေသည့် ထိုင်း-မြန်မာနယ်စပ်သို့ ဒုက္ခသည်များအရေး ကူညီဖြေရှင်းပေးရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။

"ကျနော်က ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်စပ်မှာ အလုပ်စလုပ်ရတော့ ၂၅ နှစ်လောက်ကြာသွားမယ်ဆိုတာ ကျနော် အိပ် မက်တောင် မမက်ခဲ့ဘူး၊ ကျနော် ပထမထင်တာက မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်။ ဒုက္ခသည်တွေ လည်း မကြာခင် အိမ်ပြန်နိုင်ကြမယ် ထင်ခဲ့တယ်။ အခု ၂၅ နှစ်ကြာ တဲ့တိုင် နိဂုံးချုပ်ဖို့လမ်း မမြင်ရသေးဘူး”ဟု မစ္စတာ ဒန်းဖို့ဒ် က ဧရာဝတီမဂ္ဂဇင်းသို့ ပြောပြသည်။

ဘန်ကောက်အခြေစိုက် TBBC အဖွဲ့တွင် နိုင်ငံ (၁၀) နိုင်ငံမှ အစိုးရမဟုတ်သည့် အန်ဂျီအို အဖွဲ့အစည်း ၁၂ ခု စုစည်း ထားခြင်း ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် စခန်း ၉ ခုရှိ ဒုက္ခသည်ပေါင်း ၁၄၀,၀၀၀ ကျော်သို့ အခြေခံစားနပ်ရိက္ခာ ပစ္စည်းများ ထောက်ပံ့ပေးနေခြင်းဖြစ်သည်။

အနောက်နိုင်ငံများ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျနိုင်ငံများသို့ ဒုက္ခသည်များ ပြောင်းရွှေ့အခြေချ ရေး အစီအစဉ်များ ကောင်းမွန်စွာ ချမှတ်ဆောင်ရွက်နေသော်လည်း စခန်းများအတွင်း၌ လူဦးရေ လျော့ကျသွားသည်မရှိ ဘဲ တဖြည်းဖြည်း တိုးလာနေသည်။

တိုးလာနေသော လူဦးရေပြဿနာသည် ဂျက်ဒန်းဖို့ဒ်နှင့် သူ၏ အဖွဲ့အစည်းအတွက် စိန်ခေါ်မှုတရပ်ပင် ဖြစ်သည်။ သူနှင့် သူတို့၏ အလှူရှင်များက လိုအပ်ချက်များကို ဖြည့်ဆီးနိုင်ပါသည်ဟု သူက ပျော်ရွှင်ကြည်နူးစွာ ယုံကြည်မှုရှိ နေသော်လည်း "ပြန်ဖို့ အခြေအနေတော့ မရှိကြဘူး၊ ကျနော်တို့အားလုံး ကာလရှည်ကြီး တရွတ်တိုက် ဖြတ်ကြရဦးမယ်" ဟု ယဉ်ကျေး သိမ်မွေ့သူ အင်္ဂလိပ်လူမျိုး ဂျက်ဒန်းဖို့ဒ်က ပြောသည်။

လင်းလက်ကြယ်အဖွဲ့
ဒုက္ခသည်ကူညီရေး သူရဲကောင်းများ

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အကူအညီပေးရေး အခြေအနေကို အကြီးအကျယ် ပြောင်းလဲစေခဲ့သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌ပင် အကူအညီပေးနေသည့် နိုင်ငံတကာ အန်ဂျီ အို အရေ အတွက် ၂ ဆတိုးလာခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်တောင်ပိုင်းဒေသများကို ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ဖြတ်သန်းတိုက်ခတ်သွားသည့် မုန်တိုင်းကြောင့် လူပေါင်း ၁၄၀,၀၀၀ ကျော် သေကြေပျောက်ဆုံးခဲ့ကြရပြီး လူ သန်းပေါင်းများစွာ ဒုက္ခကြုံခဲ့ကြရသည်။

သို့သော်လည်း ယခုအခါ အရေးပေါ်ကယ်ဆယ်ရေးကာလကို ဖြတ်သန်း ကျော်လွှားခဲ့ပြီ ဖြစ်ပြီး နိုင်ငံတကာ အန်ဂျီအိုကြီး အများအပြားကလည်း သူတို့၏ အစီအစဉ်များကို လျှော့ချခဲ့ကြပြီ ဖြစ်သည်။ တချို့ဆိုလျှင် ရန်ပုံငွေ အကြီးအကျယ် ပြတ် လပ်မှုကြောင့် ပြန်လည် ရုပ်သိမ်းသွားကြပြီ ဖြစ်သည်။

လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စများတွင် ထူးခြားထင်ရှားသည့်အချက်မှာ ဒေသခံ အရပ်ဘက်လူမှုအဖွဲ့အစည်း များနှင့် စေတနာ့ဝန်ထမ်းများ တိုးပွား များပြားလာခြင်း ဖြစ်ပြီး စစ်အစိုးရ အာဏာပိုင်များက တင်းကျပ်ကန့်သတ်နေသည့် ကြားထဲမှပင် အရေးပါသည့် အခန်းကဏ္ဍက ရသရွေ့ ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည်။ ဒေသခံ လူမှုအဖွဲ့အစည်း အများစုမှာ တရားဝင် အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခွင့် မရှိကြသလို၊ မြန်မာနိုင်ငံ နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) တွင် ဘဏ်စာရင်းဖွင့်ခွင့်လည်း မရှိကြပါ။ မြန်မာနိုင်ငံတွင် တရားဝင်ဆိုသလို ပြည်ပမှ ငွေကြေးလက်ခံခြင်းနှင့် ငွေကြေးပေးပို့ခြင်း များကို ဤအစိုးရဘဏ်မှသာ ဖြတ်သန်းဆောင်ရွက်ခွင့် ရှိပါသည်။

အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ရန်ကုန်မြို့တွင်း လုံခြုံရေးအရ ဖြိုခွင်းနှိမ်နင်းမှုများ၌ အာဏာပိုင်များက လူပေါင်း ၄၁ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အထဲတွင် သတင်းထောက်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားများ အပါ အ၀င် ဖမ်းဆီးခံခဲ့ကြရသည်။

တချို့သူများမှာ ရန်ကုန်မြို့အခြေစိုက် စေတနာ့ဝန်ထမ်းအဖွဲ့ လင်းလက်ကြယ်အဖွဲ့ဝင်များ ဖြစ်ကြသည်။ အထူးသဖြင့် လူငယ်သတင်းထောက်များနှင့် တသီးပုဂ္ဂလ စေတနာ့ဝန်ထမ်းများ ဖြစ်ကြပြီး ထိုသူများက မုန်တိုင်းကယ်ဆယ်ရေး လုပ်ငန်းများတွင် တတပ်တအား ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည်။ ထိုသူများကို ဖမ်းဆီးခဲ့ခြင်းအတွက် ရှင်းလင်းချက် တစုံတရာ ဖော်ပြပြောဆိုခြင်း မရှိသလို၊ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုပင် မသိကြရပါ။ တချို့လေ့လာသူ များက သုံးသပ်ဖော်ပြကြရာတွင် ထိုသူများကို ပြည်ပမှ အလှူငွေများ လက်ခံရယူမှုအတွက် စွပ်စွဲ၍ ဖမ်းဆီးခြင်း ဖြစ်နိုင် သည်ဟု မှတ်ချက်ပေးကြသည်။


ဧည့်သည်များ

ဂျွန် ဝီလျံ ယက်ထော
စိတ်ရူးပေါက်နေသည့် အမေရိကန်


ဂျွန် ယက်ထော














 သူ့ကို စိတ်ရောဂါသည်ဟု ဆိုကြသလို၊ စီအိုင်အေသူလျှို၊ မြန်မာစစ်အစိုးရ၏ နယ်ရုပ်ဇာတ်ကောင် စသဖြင့်လည်း ထင်ကြေးပေးကြသည်။ နောက်ဆုံးတော့ ဂျွန်ယက်ထောသည် အခြားမဟုတ်၊ စိတ်ကောင်းစေတနာ ရှိသော်လည်း စိတ်ကူးယဉ် ရူးသွပ်နေသူတဦးဟုသာ ဆိုရခြိမ့်မည်။ သူက ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရမည်ကို သူ့အာရုံတွင် မြင်နေပြီး သူကိုယ်တိုင်စွန့်စား၍ သွားရောက်ကယ်တင်ခြင်း ဖြစ်သည်။

ဗီယက်နမ်စစ်ပြန်တဦးဖြစ်သော ဂျွန်ယက်ထောသည် အသက် ၅၃ နှစ် အရွယ် ရှိပြီ ဖြစ်သည်။ သူက ဒေါ်အောင်ဆန်းစုကြည်၏ အသက်ကို ကယ်တင်ရန်အတွက် မသေမသပ်နှင့် သူကိုယ်တိုင် အစီအစဉ်ချလာခဲ့သည်။ အင်းလျားကန်ကို ဖြတ်ကူး၍ အိမ်ထဲသို့ဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မွတ်စလင်အမျိုးသမီးတဦးသဖွယ် ဝတ်ရုံခြုံ၊ နေကာမျက်မှန်တပ် ရုပ်ဖျက်စေ၍ ခိုးထုတ်သွားရန် သူက စဉ်းစားထားခဲ့သည်။

မေလ ၂ ရက်နေ့ညတွင် ဂျိမ်းစ်ဘွန်းဇာတ်ကောင်အလား လက်ဖြစ် ဖားခြေထောက် ရေကူးကိရိယာကိုတပ်၊ ကျောပိုးအိတ်ကို လွယ်ကာ ပလတ်စတစ်ပုံးတခုကို ခိုတွယ်၊ ကိုယ်ဖော့၍ အင်းလျားကန်ကို ဖြတ်ကူး၍ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ထဲသို့ ၀င်ရောက်ခဲ့သည်။ ဟန်ပြ အစောင့်ချထားသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကိုလည်း စိန်ခေါ်၍ ဖြတ်ကျော်လာနိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခြံသို့အရောက်တွင် ရင်ကျပ်ပန်းနာ၊ ဆီးချို စသည့် ဝေဒနာတို့ကို ခံစားနေရသူ ယက်ထောက သူ့ဝေဒနာ သက်သာသည်အထိ နားခိုခွင့် ပေးရန် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေမိတ်ဆွေ အမျိုးသမီးများထံ ခွင့်ပန်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ညတွင်းချင်း ရေကူးပြီး ပြန်ထွက်သွားရန် အကြောက်အကန် ပြောခဲ့သေးသည်။ သို့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နောက်တနေ့နံနက် ၅ နာရီတွင် အင်းလျားကန်စောင်း၌ သူ့ကို ဖမ်းဆီးရမိခဲ့ကြသည်။

ယက်ထော၏ ခိုးကြောင်ခိုးဝှက် ၀င်ရောက်မှုမှာ သာမန်ကိစ္စတခုအဖြစ် နိုင်ငံအများစုက သတ်မှတ်ကြမည် ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ အမျိုးသား လုံခြုံရေး အမည်ခံ အဓိပ္ပာယ်မရှိသည့် ဖြစ်ရပ်ကြီးအဖြစ် ပုံဖော်ခဲ့ကြသည်။ နေအိမ်အတွင်း ဧည့်သည်ကို တရားဝင် မှတ်ပုံတင် အသိပေးခြင်း မရှိဘဲ လက်ခံခဲ့မှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဤဥပဒေများဖြင့် တရားစွဲဆိုခဲ့ပြီး၊ ခိုးဝင်လာသူ ယက်ထောကိုမူ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ စည်ပင်သာယာရေး ဆိုင်ရာ ဥပဒေ တို့ကို ချိုးဖောက်မှုဖြင့် အရေးယူခဲ့သည်။  

ဤဖြစ်ရပ်တွင် သူ၏ဆန္ဒမပါဘဲ ပါဝင်ခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်အဖို့ အိမ်ချုပ်သက်တမ်း ထပ်မံ တိုးခံရပြန်သည်။ ယက်ထောကို ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သော်လည်း အမေရိကန် အထက်လွှတ်တော်အမတ်တဦးက ကြားဝင် မေတ္တာရပ်ခံလာပြီးသည့်နောက် မကြာမီပင် လွတ်မြောက်သွားခဲ့သည်။

ယက်ထောက မစ်ဇူရီပြည်နယ်ရှိ သူ၏ အိမ်သို့ ပြန်သွားသည်။ ဤဖြစ်ရပ်များကို စာအုပ်တအုပ် ရေးမည်ဟု သူက ဆိုသည်။

ဂျင်မ် ၀က်ဘ်
စွန့်စားကယ်တင်ရေးဝါဒီ အမေရိကန် အထက်လွှတ်တော်အမတ်


မစ္စတာ ဂျင်မ် ၀က်ဘ် (Photo: AFP)













အမေရိကန်ပြည်ထောင်စု၏ အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ် တယောက် ပြီးခဲ့သည့် သြဂုတ်လက မြန်မာပြည် ရောက်လာခဲ့သည့် ခရီးစဉ်က ၀တ္ထုတပုဒ် ဖြစ်လောက်သည်။ လွှတ်တော်အမတ်တဦး ရေးသော ၀တ္ထုပင် ဖြစ်ခြိမ့်မည်။ 

၁၉၉၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ချမှတ်ပြီးခဲ့ချိန်မှစ၍ ပြောရမည်ဆိုလျှင် အမေရိကန်-မြန်မာ ဆက်ဆံရေးက မရှိသလောက် အေးနေခဲ့သည်ဟု ဆိုရမည်။ သူက တကိုယ်တော် သံတမန်ရေးခြေလှမ်း စတင်ခဲ့ပြီး၊ သူ့အစိုးရက သတိကြီးစွာဖြင့် နောက်ခံရပ်တည်ပေးခဲ့သည်။ အမေရိကန် ပြည်ထောင်စုက အရှေ့တောင်အာရှတွင် ချဉ်းကပ်ဆက်ဆံမှု “ဖော်မြူလာအသစ်” လိုအပ်နေပြီဟု ယူဆနေသည့် သူ၏ယုံကြည်ချက်ကြောင့် ယခုကဲ့သို့ ခဏတာခရီးစဉ် ပေါ်ထွက်လာရခြင်း ဖြစ်သည်။ 

စွန့်စားကယ်တင်ရေးဝါဒီ၊ ၀တ္ထုရေးဆရာ အမေရိကန် အထက်လွှတ်တော်အမတ်၏ မြန်မာပြည်ခရီးစဉ်တွင် သူက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံနိုင်ခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ခွင့်ရခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန်-မြန်မာ ဆွေးနွေးပွဲများလည်း အလျှင်အမြန် ဖြစ်ပေါ်လာခဲ့ပြီး၊ မြန်မာစစ်အစိုးရအဖို့ ကြားနေကွင်းဟု သဘောထားဖွယ်ရှိသည့် ကုလသမဂ္ဂ အစည်းအဝေး၏ နောက်ကွယ်တွင် မြန်မာစစ်အစိုးရ၀န်ကြီးများနှင့် အမေရိကန် အရာရှိများ၏ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာခဲ့သည်။

ဂျင်မ်ဝက်ဘ်က သူ့ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ဆန့်ကျင်နေသူဟု ကင်ပွန်းတပ်နေကြကြောင်း မကျေမချမ်း ပြောဆိုခဲ့သေးသည်။

“ကျနော်ပြောနေတာက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချက်ချင်း ရုပ်သိမ်းဖို့ ပြောနေတာ မဟုတ်ပါဘူး။ ကျနော် ဖြစ်စေချင်တာက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းနိုင်စေဖို့ အခြေအနေတွေ ဖန်တီးစေလိုတာပါ” ဟု သူက ခရီးစဉ်မှ ပြန်လာပြီး မကြာမီမှာပင် မှတ်ချက်ပေးခဲ့သည်။ မြန်မာပြည်မှ အပြန်တွင်သူက ဒေါ်အောင်ဆန်းစုကြည်အိမ်အတွင်းသို့ ၀င်ရောက်မှုကြောင့် ထောင်ဒဏ် ၇ နှစ် ချခံထားရသူ အမေရိကန် နိုင်ငံသား ဂျွန်ယက်ထောကိုပါ ပြန်လည် ခေါ်ဆောင်လာနိုင်ခဲ့သည်။

ဂျင်မ်ဝက်ဘ်၏ တကိုယ်တော်ကြိုးပမ်းချက်ကြောင့် အမေရိကန်-မြန်မာ တိုက်ရိုက်ဆွေးနွေးပွဲများ ဖြစ်ပေါ်တိုးတက်လာရ သည်ကတော့ ငြင်းစရာမရှိသည့် အချက်ပင် ဖြစ်သည်။ မြန်မာနိုင်ငံသို့ နှစ်ရက်ကြာသွားခဲ့သည့် သူ၏ခရီးစဉ်က တို တောင်းလှသလို စိတ်လှုပ်ရှားဖွယ်လည်း ဖြစ်သည်။ လက်တွေ့နိုင်ငံရေးနယ်ပယ်အတွင်းမှ ဇာတ်လမ်းကောင်းတပုဒ် ထွက် ပေါ်လာသည့် သာဓကဟုလည်း ဆိုလျှင်ရနိုင်ပေသည်။

ကာ့တ် ကမ်းဘဲလ်
"လက်တွေ့ကျသည့် ချဉ်းကပ်ဆက်ဆံမှု" ၏ ဆုံချက်


ကာ့တ် ကမ်းဘဲလ် (Photo-AFP)











သမ္မတအိုဘားမား အစိုးရက ပြီးခဲ့သည့် အောက်တိုဘာလတွင် မြန်မာစစ်အစိုးရနှင့် ပြန်လည်ဆက်ဆံ တော့မည်ဟု ဆုံးဖြတ်ပြီးသည့်နောက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က မူဝါဒအသစ်ကို လက်တွေ့ အကောင်အထည်ဖော် အသက်သွင်းခဲ့သည်။ ၁၄နှစ်တာ ကြာပြီးနောက် မြန်မာနိုင်ငံသို့ အမေရိကန်ပြည်ထောင်စု၏ အဆင့်အမြင့်ဆုံး ကိုယ်စား လှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် ခရီးထွက်ခဲ့သည်။

မစ္စတာကမ်းဘဲလ်က ၎င်းတို့ ကျင့်သုံးမည့် "လက်တွေ့ကျသည့် ချဉ်းကပ်ဆက်ဆံမှု" မူဝါဒသည် ဖိနှိပ်အုပ်ချုပ်နေသည့် နေပြည်တော်ရှိ မြန်မာစစ်အစိုးရအပေါ် ပျော့ပြောင်းစွာ အလျှော့ပေး ဆက်ဆံမည့် မူဝါဒမဟုတ်ကြောင်း စိုးရိမ်ပူပန်နေကြသူများကို ချွေးသိပ်ခဲ့သည်။ မြန်မာပြည်အရေး ကာလကြာရှည် လေ့လာစောင့်ကြည့်နေသည့်ဝါရင့်ပညာ ရှင်များပင် ရှင်းလင်းပြတ်သားသည့် သူ၏ သတင်းစကားကြောင့် ကျေနပ်ခဲ့ကြရသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အပြောင်းအလဲများ ဖြစ်ပေါ်စေရန် တွန်းအားအနေနှင့် ၀ါရှင်တန်အစိုးရက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို ဆက်လက်ထိန်း သိမ်းထားမည်ဟု ဆိုသည်။ စစ်အစိုးရအဖို့ မိမိကိုယ်ကို ယုံကြည်မှုတိုးလာစေမည့် လိုက်လျောမှုမျိုးကို အမေရိကန်ပြည် ထောင်စုက ပြုလိမ့်မည် မဟုတ်ကြောင်း သူက အာမခံခဲ့သည်။ သူက မြန်မာစစ်အစိုးရ စစ်ဗိုလ်ချုပ်များအနေနှင့် အတိုက် အခံအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးရန်လည်း တိုက်တွန်းခဲ့သေးသည်။

သမ္မတအိုဘားမား၏ မြန်မာပြည်အတွက် ရှေ့ပြေးကိုယ်စားလှယ်တဦး ဖြစ်သည့် အားလျော်စွာ သူက ယခင် ကိုင်စွဲထားသည့် ပိတ်ဆို့မှုသက်သက် မူဝါဒမှ အရွေ့ဖြစ်လာစေရန် သူ၏ စွမ်းဆောင်နိုင်သမျှ လက်တွေ့လုပ်ပိုင်ခွင့် အာဏာ၊ အခြားပံ့ပိုးပေးမည့် ကိစ္စများကိုလည်း ဆောင်ကျဉ်းလာခဲ့သည်။ ဖေဖော်ဝါရီလ အာရှခရီးစဉ်အတွင်းကပင် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဒဏ်ခတ်ပိတ်ဆို့မှု မူဝါဒက အလုပ် မဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံထားခဲ့ပြီး ဖြစ်သည်။ မစ္စတာကမ်းဘဲလ်က ၀ါရင့်သံအရာရှိ ဖြစ်ပြီး၊ လုံခြုံရေးဆိုင်ရာ ပြဿနာများတွင် ကျွမ်းကျင်သူ ပညာရှင်လည်း ဖြစ်သည်။ သူက ၀ါရှင်တန်အခြေစိုက် အမေရိကန်ပြည်သစ် လုံခြုံရေးဆိုင်ရာ ဌာန (Center for a New American Security) အကြံပေးအဖွဲ့ကို စတင် တည်ထောင်ခဲ့သူတဦးလည်း ဖြစ်သည်။

ဤအတောအတွင်း လူအများက ယခင် မအောင်မြင်ဖြစ်ခဲ့ရသည့် ကုလသမဂ္ဂ၏ ကြိုးပမ်းဆောင်ရွက်ချက်များထဲမှ မည် သည့် အချက်ကို ကောက်ယူအသုံးချ၍ မည်သို့စတင်မည်ကို စောင့်ကြည့်နေကြသည်။ သူ၏ နိုဝင်ဘာလ မြန်မာပြည် ခရီးစဉ် အတွင်း မြန်မာအာဏာပိုင်များ၊ အတိုက်အခံ ခေါင်းဆောင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။ ပြောဆို ဆွေးနွေးချက် အသေးစိတ်ကို ထုတ်ဖော်ပြောဆိုရန် သူက ရေငုံနှုတ်ပိတ်နေသော်လည်း၊ ထင်ရှားသိသာသည့်အချက်မှာ သူ၏ ခရီးစဉ်ကို ကိုယ်တိုင်စိတ်ကြိုက်ရေးဆွဲနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ့အား အထူးအခွင့်အရေး ပေးခဲ့သည်ကို ကြည့်၍ မြန်မာစစ်အစိုးရက တရုတ်နိုင်ငံနှင့် တဖက်စောင်းနင်းဖြစ်နေသည့် ဆက်ဆံရေးကို ပြန်လည်ထိန်းညှိရန် အမေရိကန်ပြည်ထောင်စုကို လိုအပ်နေသည်ဟုလည်း ယူဆမှုများ ပေါ်ထွက်လာသည်။ စစ်အစိုးရကလည်း သူတို့ ယခင် သိသိသာသာ မထီမဲ့မြင် ဆက်ဆံလွှတ်ခဲ့ကြသည့် ကုလသမဂ္ဂကိုယ်စားလှယ်များနှင့် ခြားနားစွာ မစ္စတာကမ်းဘဲလ်၏ ခရီးစဉ်ကို ပို၍ အလေးထားခဲ့ကြသည်။ 

ဘန်ကီမွန်း
ခေါင်းခြောက်သွားတဲ့ ကုလသမဂ္ဂ အကြီးအကဲ


ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Photo- AFP)












သူ၏ သံကိုယ်စားလှယ်အဖွဲ့များ မြန်မာပြည်သို့ အကြိမ်ကြိမ်သွားခဲ့ပြီးနောက် ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်း မရှိသဖြင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကိုယ်တိုင် မြန်မာနိုင်ငံသို့ သွားမည်ဟု ဆုံးဖြတ်ခဲ့ရသည်။ ဇူလိုင်လတွင် နေပြည်တော်ရှိ ဗိုလ်ချုပ်ကြီးများကို သွားရောက်တွေ့ဆုံ၍ နိုင်ငံတကာဖိအားများ ပိုမို ထိရောက်စေရေးအတွက် သူ့ကိုယ်ပိုင် သြဇာအင်အားကို သုံးရတော့သည်။

၂၀၀၈ ခုနှစ်၊ မေလ နာဂစ်မုန်တိုင်းအပြီး မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် နိုင်ငံရပ်ခြား ကယ်ဆယ်ရေး လုပ်သားများကို မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဧရာတီမြစ်ဝကျွန်းပေါ်သို့ လွတ်လပ်စွာ ၀င်ရောက် ကူညီခွင့်ပေးရန် သူက နားချနိုင်ခဲ့သေးသည်။ သို့အတွက်ကြောင့် နိုင်ငံရေး မျက်နှာစာတွင်လည်း တိုက်တွန်းနိုင်လိမ့်မည်ဟု သူက မျှော်လင့်ထားခဲ့သည်။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ခေါင်းမာမှုကြောင့် မျှော်လင့်ချက်များလည်း ပြိုလဲခဲ့သည်။ ပြောဆိုတိုက်တွန်းမှုများ မအောင်မြင်ခဲ့ဘဲ မစ္စတာဘန်ကီမွန်းက လက်ချည်းဗလာ အိမ်ပြန်သွားရသည်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပင် တွေ့ဆုံခွင့် မရခဲ့ပေ။ သူ့လက်ထောက် မစ္စတာဂန်ဘာရီ၏ ယခင်ခရီးစဉ်များကပင် ဒေါ်အောင်ဆန်းစုကြည်နှင့် အကြိမ်ကြိမ်တွေ့ဆုံခွင့်ရခဲ့သေးရာ ယခုငြင်းပယ်ခံရမှုသည် စေတနာဖြင့် ကမ်းသည့်လက်ကို ပုတ်ထုတ်ခံရခြင်း ဖြစ်တော့သည်။ 

မစ္စတာဘန်ကီမွန်းက အပြန်ခရီးတွင် "မြန်မာအစိုးရအနေနဲ့ ပွင့်လင်းလွတ်လပ်လာ မယ့် ခေတ်သစ်ကို သူတို့ရည်သန်ထားကြောင်း ပြသဖို့ တကယ့် အခွင့်အရေးကောင်းတခုကို လက်လွတ်ဆုံးရှုံးခဲ့တယ်လို့ ကျနော်ယုံကြည်တယ်" ဟု စိတ်ပျက် လက်ပျက် ပြောဆိုခဲ့သည်။
ဒေသတွင်း ဇာတ်ကောင်များ

ဂိုချုပ်တောင်
စင်္ကာပူက ကိုတဲ့တိုး





















စင်္ကာပူ ဝါရင့် ၀န်ကြီး ဂိုချုပ်တောင် (ဓာတ်ပုံ - AFP)





















စင်္ကာပူနိုင်ငံသည် လွတ်လပ်စွာ ပြောဆိုမှုကို ခွင့်ပြုသည့် နိုင်ငံတခုဖြစ်သည်ဟု ယူဆ၍ မရနိုင်သေးပါ။ သို့သော်လည်း ဂိုချုပ်တောင်က ၂၀၀၉ ခုနှစ်တွင် မြန်မာစစ်ဗိုလ်ချုပ်များကို ပြောင်ပြောင်တင်းတင်း ဝေဖန်လိုက်သည်။ ဒီမိုကရေစီ ဖြစ် ထွန်းတိုးတက်မှုကို ဆန့်ကျင်နေသည့်အတွက် စီးပွားရေး အရ ဆုံးရှုံးနစ်နာနေရကြောင်း ထောက်ပြ ဝေဖန်ခဲ့သည်။

အခြား အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ အဖွဲ့ဝင်နိုင်ငံများက မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေးတွင် သတိကြီးကြီးထား ချဉ်းကပ်နေကြစဉ်၌ ဂိုချုပ်တောင်ထံမှ ကြားရလေ့မရှိသည့် ပွင့်ပွင့်လင်းလင်း ဝေဖန်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ "အခြေအနေတွေ မရှင်းမလင်း ဖြစ်နေတဲ့ အချိန်၊ အခု ဒီမိုကရေစီကို သွားနေတယ် ဆိုတဲ့ ကိစ္စက ရလဒ်မထွက်ပေါ်လာသေးတဲ့ အချိန်မှာတော့ ဘယ် စင်္ကာပူ လုပ်ငန်းရှင်ကမှ မြန်မာနိုင်ငံကို အကြီးအကျယ် လာပြီး ရင်းနှီးမြှုပ်နှံလိမ့်မယ်လို့ ကျနော် မယုံကြည်ဘူး" ဟု သူက ဆိုခဲ့သည်။

ထိုစကားကို စင်္ကာပူမှ လှမ်းပြောခြင်း မဟုတ်သဖြင့် ဂိုချုပ်တောင်၏ ဝေဖန်စွက်ဖက်မှု ပို၍ ထင်ရှားသိသာသွားသည်။ ပြီးခဲ့သည့်ဇွန်လက မြန်မာနိုင်ငံသို့ အလည်အပတ် သွားခဲ့သည့် ခရီးစဉ်တွင် တဲ့တိုးပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဂိုချုပ်တောင်သည် ၀န်ကြီးချုပ် ဟောင်းတဦး ဖြစ်ပြီး၊ ယခု ၀ါရင့်ဝန်ကြီးတဦးအဖြစ် တာဝန်ယူလျက်ရှိသည်။

စင်္ကာပူနိုင်ငံက မြန်မာနိုင်ငံအတွက် အရေးပါသည့် အာဆီယံမိတ်ဖက်နိုင်ငံတခု ဖြစ်သည်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှုက နှစ်စဉ် ဒေါ်လာ ၁ ဘီလီယံကျော်တွင် ရှိနေသည်။ စင်္ကာပူသည် မြန်မာထိပ်သီး စစ်ခေါင်းဆောင်များ ဈေးဝယ် ထွက်ရာ၊ ကျန်းမာရေး စစ်ဆေး ကုသမှုအတွက် သွားရောက်ကြရာ နေရာလည်း ဖြစ်သည်။

စစ်အစိုးရ ကျင့်သုံးနေသည့် မူဝါဒများကြောင့် စီးပွားရေးအရ ဆိုးကျိုးသက်ရောက်မည်ဖြစ်ကြောင်း ၀န်ကြီးဂိုချုပ်တောင်၏  ပွင့်ပွင့်လင်းလင်းဝေဖန်မှုကို စစ်ခေါင်းဆောင်များက ထည့်သွင်းစဉ်းစားကြမည်ဟု  လေ့လာသုံးသပ်သူ အများအပြားက ယူဆခဲ့ကြသည်။ သို့သော်လည်း စစ်အစိုးရက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခြင်းကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ ဤအမှုအတွက် ၀န်ကြီးဂိုချုပ်တောင်လည်း ထွက်၍ပြောရပြန်တော့သည်။

သူက တရားစွဲဆိုမှုသည် ပြည်တွင်းရေးကိစ္စသာ ဖြစ်သော်လည်း၊ နိုင်ငံတကာ မျက်နှာစာတွင် သက်ရောက်မှုများ ရှိကြောင်း ထောက်ပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပေးရန်လည်း တောင်းဆိုခဲ့သည်။

"ခင်ဗျားတို့ကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်း၊ ပါတီတွေကိုလည်း ပါဝင်ခွင့် ပြုရမယ်" ဟု သူက စစ်အစိုးရကို နားချခဲ့သည်။ "ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပါဝင်ယှဉ်ပြိုင်ခွင့် ပြုရမယ်" ဟုလည်း တိုက်တွန်းခဲ့သည်။ 

အဖိဆစ် ဝေ့ချာချီဝ
ချဉ်းကပ်မှုအသစ်နှင့် ထိုင်းခေါင်းဆောင်သစ်













ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ  (ဓာတ်ပုံ - AFP)













 ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်သစ် အဖိဆစ် ဝေ့ချာချီဝ ကို ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အဖြစ် လွှတ်တော်က ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ရွေးချယ်တင် မြှောက်ခဲ့ပြီး နောက်ပိုင်းတွင် ထိုင်းအစိုးရ၏ မြန်မာနိုင်ငံအပေါ် သဘောထားလည်း ပြောင်းလဲသွားသည်။ အဖိဆစ်သည် အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် ပညာသင်ယူခဲ့သူဖြစ်ပြီး ယခုအခါ အသက် ၄၅ နှစ် ရှိပြီ ဖြစ်သည်။ သူက ရာထူးရယူပြီး များမကြာမီ မြန်မာနိုင်ငံအပေါ် “ပြင်လွယ်ပြောင်းလွယ်ရှိသည့် ချဉ်းကပ်မှု” ကို ကျင့်သုံးမည်ဟု အစိုးရသစ်၏ မူဝါဒကို ကြေညာခဲ့သည်။ အာဆီယံကိုလည်း အလားတူ လိုက်လံကျင့်သုံးရန် တိုက်တွန်းခဲ့သည်။

ယခု မူဝါဒအသစ်က ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ၂၀၀၁ ခုနှစ်တွင် ရွေးချယ်တင်မြှောက်ခံရပြီးနောက် ချမှတ်ကျင့်သုံးခဲ့သည့် မူဝါဒများမှ တဖန် လှည့်ပြောင်းလာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံနှင့် ဆက်ဆံရေးမှာ စီးပွားရေး အကျိုးအမြတ်ပေါ်တွင်သာ အခြေပြုခဲ့သည်။ 

၂၀၀၉ ခုနှစ်တွင် အာဆီယံအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေရစဉ်၌ အဖိဆစ်အစိုးရက အာဆီယံအဖွဲ့ကိုယ်စား မြန်မာစစ်အစိုးရကို ဝေဖန်သည့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားခြင်းအားဖြင့် စစ်အစိုးရ၏ “ဂုဏ်သိက္ခာနှင့် ယုံကြည်ကိုးစားမှုများ” နစ်နာ ဆုံးရှုံးရဖွယ် ရှိသည်ဟု ဖော်ပြခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ မြန်မာစစ်အစိုးရက ထိုကြေညာချက်ကို ခါးခါးသီးသီး ပယ်ချခဲ့သည်။

အောက်တိုဘာလ အာဆီယံ ထိပ်သီး အစည်း အဝေးတွင် အဖိဆစ်က သူမြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့်အခါ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုသည်ဟု  မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကို ပြောဆိုလိုက်ခြင်းဖြင့် ထိုင်းနိုင်ငံ၏ ရပ်တည်ချက်အသစ်ကို ထပ်မံ ဖော်ပြခဲ့လေသည်။

ဝမ်ကျားပေါင်
စိတ်ဆိုးသွားသည့် တရုတ် ဝန်ကြီးချုပ်


တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်  (ဓာတ်ပုံ - AFP)












 ပြီးခဲ့သည့်နှစ်များတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိစ္စများအတွက် တိုက်တွန်း ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံ၏ ပြည်ထဲရေး၊ နိုင်ငံရေးအခြေအနေကို ချိန်ဆပြီး ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် ၀န်ကြီးချုပ် ၀မ်ကျားပေါင်က တရုတ်အရာရှိများကို ပြုပြင်ပြောင်းလဲရေး ကိစ္စများ အရှိန်မြှင့် ဆောင်ရွက်ရေးအတွက် မြန်မာစစ်ဗိုလ်ချုပ်များအပေါ် တိုး၍ ဖိအားပေးရန် ညွှန်ကြားလိုက်သည်။ အနောက်နိုင်ငံများက ဆယ်စုနှစ်များစွာ တောင်းဆိုနေခဲ့ကြသည့် နည်းတူ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

တရုတ်အစိုးရက သူ့နိုင်ငံအတွင်းတွင်လည်း အရေးကြီးသည့် အချက်တခုကို ပြောဆိုခဲ့သည်၊ ကျောက်တုံးများဖြင့် နံရံတံတိုင်းကာရံသည့်ခေတ် ကုန်ခဲ့ပြီဟု ဟူ၏။ တရုတ်နိုင်ငံက မြန်မာအစိုးရအပေါ် လေသံပြောင်းလာခြင်းကြောင့် မြန်မာစစ်ဗိုလ်ချုပ်များနှင့် အမေရိကန်ပြည်ထောင်စုတို့ တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
အခြား အင်အားကြီးနိုင်ငံများကလည်း မြန်မာအစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်ရန် ဆောင်ရွက်လာကြသည်ဟု လေ့လာသုံးသပ်သူတချို့က ယုံကြည်ကြသည်။ 

စစ်အစိုးရက သြဂုတ်လ ၂၄ ရက်နေ့တွင် တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်တိုင်းရင်းသား အများစုနေထိုင်ရာ ကိုးကန့်ဒေသ ကို ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် ဆက်ဆံရေးပို၍ ရှုပ်ထွေးဖွယ် ဖြစ်သွားသည်။ ဤအရေးကြောင့် ဒုက္ခသည် ၃၇,၀၀၀ ကျော် တရုတ်နိုင်ငံတွင်းသို့ ပြေးဝင် ခိုလှုံကြသည်။

တရုတ်လူမျိုးပိုင် စီးပွားရေးလုပ်ငန်းများကို လုယက်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းတို့ကြောင့် ပို၍ ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောဆိုမှုများ ထွက်ပေါ်လာသည်။ တရုတ်နိုင်ငံက ၎င်းနှင့်နီးစပ်ရာ နယ်စပ် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ရှိစေရန် မျှော်လင့်ထားသည်။ စစ်အစိုးရ အတွင်းရေးမှူး - ၁ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးလည်း အကြံဉာဏ် ရယူရန် တရုတ်နိုင်ငံသို့ အလျင်အမြန် ခရီးထွက်ခဲ့ရသည်။ သူက ၀န်ကြီးချုပ် ၀မ်ကျားပေါင်နှင့် မတွေ့ဆုံနိုင်ခဲ့သော်လည်း၊ သူပြောလိုသည့် သတင်းစကားကိုတော့ ကြားခဲ့ရသည်။

၁၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း ၀မ်ကျားပေါင်က အလားတူ သတင်းစကားကိုပင် ထပ်၍ ပြောဆိုခဲ့ပြန်သည်။ မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် နှစ်ကိုယ်ချင်းတွေ့ဆုံရာတွင် ပြည်တွင်းရေး တည်ငြိမ်မှု၊ အမျိုးသား ပြန်လည်ရင်ကြားစေ့မှု၊  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။

တရုတ်က မြန်မာနိုင်ငံကို တည်ငြိမ်၊ ကြွယ်ဝချမ်းသာသည့်နိုင်ငံ ဖြစ်စေလိုသည်။ အထူးသဖြင့် တရုတ်၏ အနာဂတ် ကာလ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားမည့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများ တည်ငြိမ်အေးချမ်း၍ ကြွယ်ဝလာစေရေးသည် နိုင်ငံနှစ်ခုစလုံး၏ အကျိုးစီးပွားကိစ္စ ဖြစ်သည်။ ဤသို့ မျှော်မှန်းထားချက်ကြောင့်လည်း ၂၀၀၉ ခုနှစ်မှစ၍ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ လေသံများလည်း ပြောင်းလဲလာခဲ့တော့သည်။    

ဒက်ဘီ စတူးဟတ်
အပြောကြွယ်သည့် တက်ကြွလှုပ်ရှားသူ


ဒက်ဘီ စတူးဟတ် (ဓာတ်ပုံ - ဧရာဝတီမဂ္ဂဇင်း)



















 ပြီးခဲ့သည့် ၁၃ နှစ် အတွင်း မြန်မာနိုင်ငံအရေး အာဆီယံ စင်ပြိုင်ကွန်ရက်အဖွဲ့ (Altsean) က မြန်မာနိုင်ငံ၏ ဆိုးရွားလှသည့် လူ့အခွင့်အရေး အခြေအနေကို အာဆီယံအဖွဲ့အတွင်း သတိပြု ဆွေးနွေးလာစေရန် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည်။ ထိုအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ရေးမှူးမှာ  ဒက်ဘီ စတူးဟတ် ဖြစ်သည်။ ဒေသဆိုင်ရာ အစည်းအဝေးများတွင် မြန်မာ့အရေးအတွက် သူ့ထက်ပိုပြီး ထိရောက်စွာ တင်ပြ ပြောဆိုနိုင်သူမှာ အနည်းငယ်မျှသာ ရှိပေမည်။

ဒက်ဘီ စတူးဟတ်သည် မလေးရှားလူမျိုးတဦးဖြစ်ပြီး ဘန်ကောက်တွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။ မီဒီယာကို ပါးနပ်စွာ ကိုင်တွယ်တတ်သည့် သူ့ကို နိုင်ငံတကာ သတင်းမီဒီယာများတွင် မကြာခဏဆိုသလို တွေ့ရတတ်သည်။

များသောအားဖြင့် နာမည်ကြီး သတင်းစာကြီးများကလည်း သူ့ကို ကိုးကား၍ ဖော်ပြကြသည်။ သူက မြန်မာစစ်အစိုးရ အာဏာ တည်မြဲရေး ကြိုးပမ်းနေမှုများကို ပစ်ပစ်ခါခါ ဝေဖန်ပြောဆိုလေ့ရှိသည်။ ဥပမာအားဖြင့် အာဆီယံ ခေါင်းဆောင်များက လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံရန် စိတ်အားထက်သန်နေကြချိန့် သူက ထိုရွေးကောက်ပွဲ၊ စစ်အစိုးရ၏ “စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ” သို့မဟုတ် “လမ်းပြမြေပုံ” ကို သုံးသပ် ဝေဖန်ခဲ့သည်။ “ရွေးကောက်ပွဲက အတုအယောင်ဖြစ်မယ်လို့ ယူဆထားကြတယ်၊ အခြေခံဥပဒေကတော့ မြန်မာနိုင်ငံအတွက် ၀မ်းနည်းစရာ အကောင်းဆုံးပါပဲ” ဟု သူက ဆိုသည်။

ဒက်ဘီက မြန်မာစစ်အစိုးရကိုသာ အဓိကပစ်မှတ်ထား ပြောဆိုနေသော်လည်း အာဆီယံကို လူထု အခြေပြု အဖွဲ့ အစည်း အဖြစ် ပြောင်းလဲရန် ခုခံဆန့်ကျင်နေသည့် ဒေသဆိုင်ရာ အစိုးရ ခေါင်းဆောင်များကိုလည်း ခြွင်းချန်မထားဘဲ ရံဖန်ရံခါ ဝေဖန်တတ်သေးသည်။ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံအနက် ထက်ဝက်ကျော်က ပြီးခဲ့သည့် အောက်တိုဘာလ ထိပ်သီးအစည်းအဝေး မတိုင်မီတွင် စီစဉ်ထားသည့်အတိုင်း သူတို့နိုင်ငံများ၏ အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် လက်ခံတွေ့ဆုံရန် ငြင်းဆန်သည့်အခါ ဒက်ဘီက ဝေဖန် ရှုတ်ချလေသည်။

“ဒါဟာ တကယ့်ကို စော်ကားတာပဲ။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို ငြင်းပယ်တယ် ဆိုတာဟာ သူတို့ရွေးချယ်ထားတဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေကို ပယ်ချလိုက်တာပဲ” ဟု သူက ပြောသည်။

“အခုလို လုပ်လိုက်ခြင်းအားဖြင့် သက်ဆိုင်တဲ့အစိုးရတွေကိုယ်တိုင် လွန်ခဲ့တဲ့တနှစ်က အသိအမှတ်ပြုခဲ့ကြတဲ့ အာဆီယံ ပဋိညာဉ် စာတမ်းရဲ့ စိတ်ဓာတ်၊ အနှစ်သာရတွေကို အခြေခံကျကျ ချိုးဖောက်လိုက်တာ ဖြစ်တယ်” ဟု သူက ဖြည့်စွက်ပြောဆိုခဲ့သည်။ အာဆီယံတွင် အများပြည်သူ ပိုမို ပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိရေး ကြိုးပမ်းမည်ဟု ကတိက၀တ် ပြုထားသော အာဆီယံခေါင်းဆောင်များကို သူက သတိပေးလိုက်ခြင်းဖြစ်လေသည်။


မြန်မာ့ မိတ်ဆွေများ

ဒက်စမွန်တူးတူး
ဘုန်းတော်ကြီး ၀တ်ရုံအောက်မှ တက်ကြွလှုပ်ရှားသူတဦး


ဘုန်းတော်ကြီး ဒက်စမွန်တူးတူး (Photo: AFP)















နော်ဝေ နိုဗဲလ်ဆုချီးမြှင့်ရေး ကော်မတီက ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ်တွင် နိုဗဲလ်ဆု အပ်နှင်းသည့်အခါ ၁၉၈၄ ခုနှစ်က ငြိမ်းချမ်းရေးနိုဗဲလ်ဆုရခဲ့သူ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ကဲ့သို့ပင် ဖိနှိပ်မှုများကိုရင်ဆိုင်၍ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးအတွက်၊ အကြမ်းမဖက် တိုက်ပွဲဝင်ခဲ့မှုအတွက် ရွေးချယ်ချီးမြှင့်ရပါသည်ဟု ဂုဏ်ပြုဖော်ပြခဲ့သည်။

ထိုအချိန်မှ၍ ဘုန်းတော်ကြီး တူးတူးက သူ၏ “ညီမငယ် နိုဗဲလ်ဆုရှင်” ၏ အခြေအနေနှင့် မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားတို့၏ အတိဒုက္ခကို ကမ္ဘာက သိစေရန် ပုံမှန်ဆိုသလို အကြိမ်ကြိမ် သတိပေးပြောဆိုခဲ့သည်။ ထိုသူများ၏ အသံကို “အကျဉ်းနံရံများ မရှိသည့်အလား” ကြားစေလိုသည်ဟု သူက ပြောဆိုခဲ့သည်။

ဘုန်းတော်ကြီး တူးတူးက မြန်မာစစ်အစိုးရကို “ရာဇ၀တ်ကောင်များ” နှင့် အစဉ်သဖြင့် ပုံနှိုင်းဖော်ပြခဲ့သကဲ့သို့ ပစ်မှတ်ထား ဆောင်ရွက်သည့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ အပေါ်တွင်လည်း သူ၏ ထောက်ခံမှုကို စိုက်လိုက်မတ်တတ် ဖော်ပြ ခဲ့သည်။ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် တောင်အာဖရိကနိုင်ငံတွင် အသားအရောင် ခွဲခြားသည့် အစိုးရကို ဖြိုချနိုင်ခဲ့ပုံကိုလည်း သူက ကိုးကားဖော်ပြလေ့ရှိသည်။ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ဆင်းရဲသည့် လူမည်း အာဖရိကန်များအကြား ဒုက္ခတွေ့ခဲ့ရ ပုံကိုလည်း သူက ၀န်ခံပြောဆိုခဲ့သည်။ သို့သော် သူက “ရည်ရွယ်ချက် တခုကြောင့် ဒုက္ခ ခံစား ကြရခြင်း ဖြစ်သည်” ဟု ဆိုသည်။

ဧပြီလက ၀ါရှင်တန်ပို့စ်သတင်းစာတွင် သူ ဆောင်းပါးတပုဒ် ရေးသားခဲ့သေးသည်။ ထိုဆောင်းပါးတွင် ဘုန်းတော်ကြီး တူးတူးက အမေရိကန်ပြည်ထောင်စု အနေနှင့် “မြန်မာနိုင်ငံနှင့် ဆက်ဆံရမည်၊ သို့သော်လည်း မိမိဖြစ်စေလိုသည့် စိတ်ကူးယဉ် ဆန္ဒတခုမျှနှင့် ဆက်ဆံခြင်း မဖြစ်စေသင့်” ဟု ရေးသားခဲ့သည်။ ဤရေးသားချက်က သမ္မတ အိုဘားမား အစိုးရ၏ မြန်မာနိုင်ငံနှင့် ပြန်လည်ဆက်ဆံရေး မူဝါဒသစ်အတွက် အခြေခံ လမ်းကြောင်းပေးသကဲ့သို့ ဖြစ်စေခဲ့သည်။

ဘုန်းတော်ကြီး တူးတူးက အကူအညီပေးရေးဟူသည့် ဆွဲဆောင်မှုဖြင့် စစ်အစိုးရအား ကမ်းလှမ်းမည်ကို ငြင်းပယ်သည်။ “တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် အနည်းငယ်မျှ ဂရုမစိုက်သည့်” အာဏာရှင်အစိုးရအတွက် မဖြစ်နိုင်ဟု ဆို သည်။ ဒဏ်ခတ်ပိတ်ဆို့မှုများ လျှော့ချပေးရေးနှင့် ပတ်သက်၍ သူက “စစ်အစိုးရက သူ့ပြည်သူများနှင့် တိုက်ပွဲတွင် အနိုင်ရခဲ့ပြီး ၎င်းတွင်အုပ်ချုပ်ပိုင်ခွင့် ရှိနေသည်” ဟူသည့် အချက်ကို ထည့်သွင်း စဉ်းစားသင့်သည်ဟု ပြောခဲ့သည်။

“ဒဏ်ခတ်ပိတ်ဆို့မှုတွေက သူတို့ပစ်မှတ်ထားတဲ့ နေရာတွေကို ထိခိုက်မှုရှိတဲ့အခါမှသာ သံတမန်ရေး ချဉ်းကပ်ဆက်ဆံမှု တွေက အလုပ်ဖြစ်စရာ အကြောင်းရှိတယ်” ဟု သူက ဆိုခဲ့သည်။

ဗားဆလပ် ဟာဗယ်
အတိုက်အခံမှ သမ္မတဖြစ်လာသူ


ဗားဆလပ် ဟာဗယ် (Photo: AFP)













 မြန်မာ့ဒီမိုကရေစီရေးအတွက် ကာလကြာရှည်စွာ ခိုင်ခိုင်မာမာ ထောက်ခံလာခဲ့သူ ချက်သမ္မတနိုင်ငံ သမ္မတဟောင်း ဗားဆလပ်ဟာဗယ်က ၂၀၀၉ ခုနှစ်တွင် သူ၏ ရပ်တည်ချက်ကို အခိုင်အမာ ပြောကြားလိုက်သည်။

သူက ဒေါ်အောင်ဆန်းစုကြည်ကို ခုံရုံးတင်စစ်ဆေးပြီး အင်းစိန်ထောင်တွင်း အကျဉ်းချထားသည့်အပေါ် မနှစ်မြို့ကြောင်း ကန့်ကွက်ပြောဆိုခဲ့သူ ဖြစ်သည်။

“စစ်အစိုးရကို နိုင်ငံတကာ ဥပဒေတွေ၊ စံနှုန်းတွေ လေးစားလိုက်နာဖို့ နှစ်ပေါင်းများစွာ၊ အကြိမ်ပေါင်း မရေမတွက် နိုင်အောင် တောင်းဆိုနေကြပေမယ့်လည်း နိုင်ငံတကာမိသားစုက စစ်အစိုးရနဲ့ အခြေခံ ကိစ္စလေးတွေတောင် ဆွေးနွေးညှိနှိုင်းဖို့ မဖြစ်နိုင်တာကို သိနေကြပြီ။ မြန်မာနိုင်ငံက ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေဟာ လက်တွေ့ ပြသနေတဲ့ ဘ၀တွေပဲ။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ဘယ်လိုမှ မတတ်နိုင်ကြဘူး။ အခုနောက်ဆုံး ဖြစ်နေတဲ့ ကိစ္စတွေကတော့ အားလုံးနိုးထကြဖို့ နှိုးဆော်လိုက်တဲ့ကိစ္စတွေပဲ” ဟု သူက ဆိုခဲ့သည်။

ဟာဗယ်သည် ၁၉၉၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဗဲလ်ဆုပေးရန် အမည်စာရင်း တင်သွင်းခဲ့သူ ဖြစ်သကဲ့သို့ နိုဗဲလ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနှင့် ပူးပေါင်း၍ ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနှင့် အရေးယူပေးရန် အစီရင်ခံစာတခု ရေးသားတင်သွင်းခဲ့သူလည်း ဖြစ်သည်။

မစ္စတာဟာဗယ်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကိုယ်ချင်းစာနာသူလည်း ဖြစ်သည်။ သူက အထက်တန်းလွှာမိသားစု က မေးဖွားလာခဲ့သူဖြစ်ပြီး သူ၏ ပြဇာတ်များနှင့် စာပေများတွင် ထင်ဟပ်ဖော်ပြခဲ့သည့် နိုင်ငံရေးအယူအဆကြောင့် အာဏာရှင် အစိုးရလက်အောက်တွင် ၅ နှစ်ကြာမျှ ထောင်သွင်း အကျဉ်းချ ခံခဲ့ရသူလည်း ဖြစ်သည်။

ထိုကဲ့သို့သော ဗလသေးသေး၊ ဆေးလိပ်ကို တလိပ်ပြီးတလိပ် အဆက်မပြတ် သောက်သူ ပြဇာတ်ရေးဆရာက အရှေ့ဥရောပ တလွှားရှိ  ကွန်မြူနစ် အစိုးရများကို ပြုတ်ကျစေခဲ့သည့် ၁၉၈၉ ခုနှစ် ချက်ကိုစလိုဗက်ကီးယား “ကတ္တီပါတော်လှန်ရေး” အပြီးတွင် အာဏာရလာခဲ့သည်။ သူ့အတွက် အထူး စိတ်မချမ်းမြေ့စရာများအဖြစ် သူအာဏာရှိနေသည့် ကာလ ၁၉၉၂၊ ၉၃ ခုနှစ်များတွင် စလိုဗက်ကီးယားနိုင်ငံ ခွဲထွက်သွားသည်ကို မြင်တွေ့ခဲ့ရသည်။

ယခုအခါ ဟာဗယ်သည် နိုင်ငံရေးနယ်ပယ်မှ အနားယူခဲ့ပြီ ဖြစ်သော်လည်း မတရားမှုများကို ဆန့်ကျင် တိုက်ပွဲဝင်နေသည့် ကမ္ဘာ့ခေါင်းဆောင်တဦးအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် ဟာဗယ်သည် ကမ္ဘာ့ခေါင်းဆောင်ဟောင်း ၇၂ ဦး စုဖွဲ့ထားပြီး တိုက်တွန်း စည်းရုံးမှုများ ပြုနေသည့် မက်ဒရစ်ကလပ်သို့ ပူးပေါင်းခဲ့ကာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆက်လက် တောင်းဆိုခဲ့သည်။ ဇွန်လအတွင်းက ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အသက် ၆၄ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှု များတွင်လည်း သူက ဦးဆောင် ကူညီလှုံ့ဆော် ပေးခဲ့သေးသည်။     

မာ့က် ကန်းနင်း
အပြောကောင်းသည့် ဘလော့ဂါ သံတမန်


မက် ကန်းနင်း












 သံတမန်ရေးနှင့် သတင်းစာပညာက ယေဘုယျအားဖြင့် ရောထွေးဆက်စပ်နေလေ့ မရှိပါ။ သို့သော်လည်း မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်တိုင် တာဝန်ယူရသူ ဗြိတိန်သံအမတ်ကြီးကမူ ထူးခြားသည့်ခြွင်းချက် ဟု ဆိုရပေလိမ့်မည်။

သူ ရန်ကုန်တွင်ရှိနေသည့် ၃ နှစ်တာ ကာလအတွင်း အကျပ်အတည်း ဘေးဒုက္ခ ၂ ခု ကြုံခဲ့ရသည်။ ၂၀၀၇ ခုနှစ် ရွှေဝါ ရောင်တော်လှန်ရေး ဆန္ဒပြပွဲများနှင့် ၂၀၀၈ ခုနှစ် မေလက တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတို့ဖြစ်သည်။  မာ့က် ကန်းနင်းက ထိုဖြစ်ရပ်များကို ဧရာဝတီမဂ္ဂဇင်း အပါအ၀င် သိရှိလိုကြသည့် သတင်းဌာနတိုင်းကို တိကျစွာနှင့် ခြုံငုံစေ့စပ်စွာ သီကုံးရေးသား ပေးပို့ခဲ့သည်။ သူက ဗြိတိသျှနေ့စဉ် သတင်းစာ တစောင်ဖြစ်သည့် ဂါးဒီးယန်း သတင်းစာ အတွက်လည်း ပုံမှန်ဘလော့စာမျက်နှာတွင် ရေးသားနေသူလည်း ဖြစ်သည်။ သူက အချက်အလက် အသေးစိတ်များကို သေသပ်သည့် အရေးအသားဖြင့် တင်ပြလေ့ရှိသည်။ ကျွမ်းကျင်သူ နိုင်ငံခြား သတင်းထောက်များပင် မနာလိုစရာ ကောင်းလောက် အောင် သူက တင်ဆက် ရေးသားနိုင်ခဲ့သည်။

မာ့က် ကန်းနင်းသည် သြဂုတ်လအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ခုံရုံးတင် တရားစွဲဆိုရာ၌ ရှားရှားပါးပါး တက်ရောက်ခွင့်၊ တွေ့ဆုံခွင့်ရခဲ့သည့် နိုင်ငံခြား သံအရာရှိတဦးလည်း ဖြစ်သည်။ သူက မျှော်လင့်ချက် ကင်းမဲ့လှသော အခြေအနေကို အောက်ပါအတိုင်း ဖော်ပြခဲ့သည်။ “တရားခုံရုံးက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင် ထဲမှာ ရှိနေတယ်။ ကိတ်မုန့်သံပုံးတခုလို ဖြစ်နေတဲ့ မနှစ်မြို့ဖွယ်ရာ၊ တားမြစ်နယ်မြေတခုလည်း ဖြစ်ပြီး အဲဒီနေရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျဉ်းသား အများအပြားကိုလည်း ထိန်းသိမ်းထားတယ်။ အဲဒီခုံရုံးမှာ မြင်တွေ့နေကျ ဆင်ကွက်တွေကိုလည်း တွေ့ရတယ်။ ၀တ်ရုံနှစ်ထပ်ဝတ်ထားတဲ့ တရားသူကြီးတွေ၊ ခုခံချေပမှုတွေ၊ စွဲချက်တွေ၊ အဆို ပြုချက်တွေ၊ အရပ်ဘက်လုပ်ထုံးတွေ။ ဒါတွေနဲ့ အတူ ခွေးဟောင်သံတွေ၊ မျက်နှာကျက်ပန်ကာ တ၀ှီးဝှီး လည်နေသံလည်း ကြားနေရတယ်။ ထောင်ဝန်ထမ်းတွေက အမျိုးသမီးရဲ့ ရုပ်သွင်ကို မြင်ရအောင် လည်ဆန့်မျှော်နေကြတယ်”  စသဖြင့် မြင်ကွင်းကို ပေါ်လွင်ထင်ရှားစေရန် ရေးသားခဲ့သည်။

မစ္စတာ ကန်းနင်းက မြန်မာစစ်အစိုးရနှင့် ကင်းကင်းရှင်းရှင်းနေကြောင်းကို မည်သည့်အခါမျှ ဖုံး ကွယ်လေ့မရှိခဲ့။ ဒေါ်အောင်ဆန်း စုကြည်အပေါ် အမှုဆင်နေသည့် “ဟန်ပြတရားရုံး” သည် “၂၀၁၀ ပြည့်နှစ်တွင် အစိုးရကိုယ်တိုင် စီမံမည့် ရွေးကောက်ပွဲ အစီအစဉ်” ၏ တစိတ်တဒေသ ဖြစ်ကြောင်းနှင့် “သက်တမ်းကုန်ရတော့မည့် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အကျယ်ချုပ် ကိစ္စအတွက် စိတ်မသက်မသာ မဖြစ်ရလေအောင် ဆက်လက်ချုပ်နှောင်ထားမည့် နာရီသံပတ် အသစ်တင်းသည့်  ဆောင်ရွက်မှု တခုသာဖြစ်သည်” ဟု သူက ဖော်ပြခဲ့သည်။

မစ္စတာ ကန်းနင်းက ဇူလိုင်လတွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်မှ ဇင်ဘာဘွေ သံအမတ်ကြီး အဖြစ် တာဝန်ယူရန် ထွက်ခွာသွားပြီ ဖြစ်သည်။ ယခုအချိန်တွင်တော့ မူဂါဘီအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်၍ စုတ်ချက်တင်နေပေလိမ့်မည်။
စူပါစတား

ဝတ်မှုံရွှေရည်
မြန်မာနိုင်ငံ၏ နာမည်ကျော် စူပါမော်ဒယ်


ဝတ်မှုံရွှေရည်
















ဝတ်မှုံရွှေရည်ကို ၂၀၀၅ ခုနှစ်တွင် ဂျပန်နိုင်ငံထုတ် အလှကုန် ကုမ္ပဏီ ကာနီဘို (Kanebo) အတွက် ကြော်ငြာများ ရိုက်ကူးရာမှ စတင် လူသိများလာခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ရုပ်မြင်သံကြားကြော်ငြာများ၊ ဘေလ်ဘုတ်ကြီးများတွင် သူ့ ဓာတ်ပုံများ ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာခဲ့သည်။

ကိုရီးယား ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များ၊ ဖက်ရှင်များ အထူးရေပန်းစားနေသော မြန်မာနိုင်ငံတွင် ကိုရီးယားရုပ်ရှင်မင်းသမီး နှင့်တူသည့် ဝတ်မှုံရွှေရည်၏ အသွင်အပြင်ကြောင့် လူသိများထင်ရှားလာခြင်းလည်း ဖြစ်သည်။

ထို့အပြင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အချစ်ဆုံးမြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်က ဝတ်မှုံရွှေရည်၏ ၂၁ နှစ်မြောက်မွေးနေ့အတွက် စိန်လက်စွပ်တကွင်းနှင့် ကားတစီး လက်ဆောင်ပေးသည်ဟူသည့် သတင်း ကြောင့်လည်း ပို၍ လူသိများစရာ ဖြစ်စေခဲ့သည်။ ၀တ်မှုံရွှေရည်ကို သူ၏ သူငယ်ချင်းတဦးက ပြန်ပေးဆွဲခဲ့ပြီး နေရွှေသွေးအောင်၏ အိမ်တလုံးတွင် ရက်အတန်ကြာ ချုပ်နှောင်ထားခဲ့သည်ဟူသည့် သတင်းများလည်း ထွက်ပေါ်လာခဲ့သေးသည်။ ဤကောလာဟလများ မမှန်ကန်ကြောင်း ၀တ်မှုံရွှေရည်က ငြင်းဆိုခဲ့သည်။

မြန်မာပြည်၏ နာမည်ကြီး ဟစ်ပ်ဟော့ပ် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နှင့် နီးစပ်နေသည်ဟူသည့် သတင်းကြောင့်လည်း သူ့အနေနှင့် ပို၍ နာမည်ကြီးစရာ ဖြစ်လာသည်။ နာမည်ကျော်ကြားသောကြောင့်လည်း တခြား မလိုလားအပ်သည့် စိတ်အနှောင့်အယှက်ဖြစ် စရာများ သူကြုံခဲ့ရသည်။ တချို့သော ပရိသတ်များက သူ့နာမည်၊ သူ့ဓာတ်ပုံများ သုံးကာ လူမှု ဆက်သွယ်ရေး ကွန်ရက်တခု ဖြစ်သည့် Face book တွင် အကောင့်စာမျက်နှာများ ဖွင့်ခဲ့သည်ဟု ကြားနေရသည်။

နောနော်
နာမည်ကြီး ကချင်တေးရေးနှင့် အဆိုကျော်


နောနော်















နောနော်သည် ၂၀၀၆ ခုနှစ်မှ စတင်၍ သူ၏ ကိုယ်ပိုင်သံစဉ် ရော့ခ်သီချင်းများဖြင့် မြန်မာ့ဂီတလောကထဲ ထိုးဖောက်ဝင်ရောက်ခဲ့သူ ဖြစ်ပြီး ချက်ချင်းဆိုသလို ကျော်ကြားလာခဲ့သည်။ သူ၏ ပထမဦးဆုံး တေးစီးရီးဖြစ်သည့် "အတိုင်းထက်အလွန်" သီချင်းခွေကို ကိုယ်တိုင်းရေး၊ ကိုယ်တိုင်ဆို၊ ကိုယ်တိုင် ထုတ်လုပ်ခဲ့ပြီး မြန်မာလူငယ်များအကြား ရေပန်းစားခဲ့သည်။ ထို့အပြင် တခြားနာမည်ကြီး အဆိုတော်များဖြစ်သည့် လေးဖြူ၊ အငဲ တို့အတွက်လည်း သီချင်းများ ရေးသားပေးခဲ့သည်။

သူက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မွေးဖွားသည့် ကချင်တိုင်းရင်းသားတဦး ဖြစ်ပြီး ဘေ့စ်ဂစ်တာသမား ချစ်ကျူ၊ လိဒ်ဂီတာသမား ဒီလာ၊ ဒရမ်မာ အဖုန်းတို့နှင့်အတူ Blaze ဆိုသည့် တီးဝိုင်းတခုလည်း တည်ထောင်ခဲ့သည်။ တီထွင် ဖန်တီးမှုရှိသည့် သူ၏ စာသား၊ သံစဉ်များကြောင့် လူသိများ ကျော်ကြားလာခြင်း ဖြစ်သကဲ့သို့ ကော်ပီသံစဉ်များအကြား ကိုယ်ပိုင်သံစဉ် ရော့ခ် တေးသွားများနှင့် ထိုးဖောက် ထွက်လာသောကြောင့် ရော့ခ်ဂီတကို နှစ်ခြိုက်သူတို့က သူ့ကို သဘောကျကြသည်။

ရန်ကုန်စီးတီး FM ရေဒီယို၏ ၇ နှစ်မြောက် အခမ်းအနားတွင် သူ၏ 'အတိုင်းထက်အလွန်' စီးရီးကို ၂၀၀၈ ခုနှစ် အတွက် အကောင်းဆုံး တေးအယ်လ်ဘမ်အဖြစ် ဆုချီးမြှင့်ခဲ့သည်။ နောနော်၏ ဒုတိယ တေးစီးရီး "အကန့်အသတ်မရှိ" ကို ၂၀၀၉ ခုနှစ်အတွင်း ဖြန့်ချိခဲ့သည်။

 ၂၀၀၉ ခုနှစ် ဖြစ်ရပ်များ

မြန်မာစစ်ဗိုလ်ချုပ်များအတွက် ယမန်နှစ် အခြေခံဥပဒေ ဆန္ဒခံယူပွဲ နှင့် လာမည့်နှစ် ရွေးကောက်ပွဲကာလ အကြားတွင်ရှိသော ၂၀၀၉ ခုနှစ်သည် အသက်ရှူသိပ်မချောင်သော နှစ်ဖြစ်သည်။ ပြည်သူများအတွက်မူ ၂၀၀၉ သည် မျှော်လင့်ချက် ရောင်ခြည် ပြပြလေးကိုသာ မှန်းဆနေခဲ့ရပြီး စိတ်ပျက်ဖွယ် ဖြစ်ရပ်များ ပြည့်လျှံနေသော နှစ်တနှစ် ဖြစ်ခဲ့သည်။

၂၀၀၉ အစပိုင်းတွင်  မြန်မာနိုင်ငံရှိ အခက်အခဲများအနက် လူသားချင်း စာနာဖွယ် အကျပ်အတည်း တခုကို မီးမောင်းထိုးပြခဲ့သည့် ရိုဟင်ဂျာများ၏ အရေးက သတင်းကြီးများအဖြစ် ဖမ်းစားခဲ့သည်။ နှစ် မကုန်ဆုံးမီ ထောင်သောင်းချီသော တိုင်းရင်းသား လူနည်းစု ဒုက္ခသည်များသည် စစ်အစိုးရနှင့် သူ၏ မဟာမိတ်များ၏ စစ်ဆင် တိုက်ခိုက်မှုများကြောင့် အိမ်နီးချင်း တိုင်းပြည်များဖြစ်သည့် ထိုင်းနှင့် တရုတ် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။

သို့သော် စစ်အစိုးရအတွက်မူ ထိုဖြစ်ရပ်များ အားလုံးသည် အမှုမထားစရာ အသေးအမွှားကိစ္စများ ဖြစ်သည်။ စစ်ဗိုလ်ချုပ်များ အဓိကထား လုံးပမ်းကြသည်မှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားနိုင်ရေးပင် ဖြစ်သည်။ မခေါ်ဘဲ ရောက်လာသည့် အမေရိကန်နိုင်ငံသား ဧည့်သည်တဦးကြောင့် သူတို့၏ ဆန္ဒများ အထမြောက်ခဲ့သည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ် တိုင်းရင်းသား အဖွဲ့များကို ထိန်းချုပ်နိုင်ရန်လည်း အရေးတကြီး ဆောင်ရွက် ရသေးသည်။

စစ်အစိုးရက ၎င်း၏နယ်နိမိတ်အတွင်း ရန်မီးမငြိမ်းမီ ပြင်ပနိုင်ငံများနှင့် ဆက်ဆံရေးအသစ်များ တည်ဆောက်ရေးအတွက်လည်း အလုပ်ရှုပ်နေခဲ့သည်။ သူ့လိုပင် ဖယ်ကျဉ်ခံထားရသူ လူဆိုးတိုင်းပြည် မြောက်ကိုရီးယားနှင့် သဘာဝအရ မဟာမိတ်အဖြစ် အလွမ်းသင့်နေချိန်တွင် သူတို့ကို တောက်လျှောက် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်သည့် အမေရိကန် ပြည်ထောင်စုထံမှ မိတ်ဆွေဖြစ်ရေး ကမ်းလှမ်းချက်အား မည်သို့တုံ့ပြန်ရမည်မသိ ဖြစ်ခဲ့သည်။

မြန်မာ ပြည်သူအများစုက အမေရိကန်နိုင်ငံ၏ ခြေလှမ်းကို သတိနှင့် အကောင်းမြင် ကြိုဆိုခဲ့ကြသော်လည်း  နောက်တနှစ်ကို ဟန်ဆောင်မှုများ၊ ၀မ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်များနှင့်သာ ဖြတ်သန်းရတော့မည် ဖြစ်သည်။ လာမည့်နှစ်တွင် မျှော်လင့်ချက် ကြီးကြီးဖြင့် စောင့်ကြိုမည့်သူမှာ အနည်းငယ်မျှသာ ရှိပေမည်။

ကမ်းမမြင်လမ်းမမြင် ပင်လယ်တွင်းက ဒုက္ခသည်များ













ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်း ဝင်လာသည့်  လှေစီး ရိုဟင်ဂျာများကို စိစစ်နေပုံ (Photo: Royal Thai Navy)
ထိုင်းရေတပ်မတော်က ထိုင်းရေပိုင်နက်အတွင်း ခိုးဝင်လာသူ ရိုဟင်ဂျာ တထောင်ထက် မနည်းကို ပင်လယ်အတွင်းသို့ ရိက္ခာ အနည်းငယ်မျှဖြင့် နှင်ထုတ်ခဲ့သည့် သတင်း ထွက်ပေါ်လာသော ဇန်န၀ါရီလတွင် မြန်မာနိုင်ငံမှ လူနည်းစု ရိုဟင်ဂျာများ၏ အရေးသည် နိုင်ငံတကာက အထူး အာရုံစူးစိုက်စရာ ဖြစ်ခဲ့သည်။

အိန္ဒိယနိုင်ငံ အက်ဒမန်ကျွန်းစု၊ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် စသည့် ဒေသများ အနီးတွင် ရိုဟင်ဂျာလူမျိုး ရာဂဏန်းမျှကို  ပြန်လည် ကယ်ဆယ်နိုင်ခဲ့သော်လည်း အများစုမှာ ပင်လယ်အတွင်း သေဆုံးခဲ့သည်ဟု ယူဆခဲ့ရသည်။

ရိုဟင်ဂျာများက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ လှေများဖြင့် ထွက်ခွာလာကြခြင်း ဖြစ်သည်။  အများစုက မလေးရှားနိုင်ငံသို့ ရောက်ရှိရေးအတွက် ရည်ရွယ်ထားကြသည်။ သို့သော်လည်း ထိုင်းနိုင်ငံ ကမ်းစပ်များတွင်သာ သောင်တင်ခဲ့ကြသူ များသည်။

ရိုဟင်ဂျာများအရေး စည်းရုံးလှုံ့ဆော်နေသော ထိုင်းနိုင်ငံ အခြေစိုက် အဖွဲ့အစည်းတခု ဖြစ်သည့် အာရ်ရကန်လုပ်ငန်း စီမံချက် (Arakan Project) ၏ ၂၀၀၈ ခုနှစ် ဇွန်လ ခန့်မှန်းချက်အရ ၂ နှစ် အတွင်း ထိုင်းပင်လယ် ကမ်းခြေသို့ ရိုဟင်ဂျာ ၈,၀၀၀ ထက် မနည်း ရောက်ရှိခဲ့သည်ဟု ဆိုသည်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ထိုသူများသည် ရိုဟင်ဂျာလူမျိုး ဆိုသည်ထက် မြန်မာနိုင်ငံတွင် မွေးဖွားသော ဘင်္ဂါလီ လူမျိုးဟု သက်သေပြနိုင်ပါက နေရပ်ရင်း ပြန်ခွင့်ပြုမည်ဟု ပြောဆိုခဲ့သည်။

မြန်မာအာဏာပိုင်များက ရိုဟင်ဂျာများ နေထိုင်သည့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တရိုးတွင် နယ်စပ်ဖြတ်ကျော်မှုကို ဟန့်တားရန်အတွက် ကီလိုမီတာ ၂၀၀ ခန့် ရှည်လျားသော သံဆူးကြိုး ကာရံလျက် ရှိနေသည်။

အပယ်ခံတို့အကြား သွေးစည်းညီညွတ်ရေး














ဗိုလ်ချုပ်ကြီးရွှေမန်းနှင့် မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီး ကင်မ် ကျုတ်ဆစ်တို့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလက နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာတခုကို လက်မှတ်ထိုးနေပုံ
မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံနှစ်နိုင်ငံတို့အကြား နီးကပ်စွာ ဆက်ဆံနေမှုကြောင့် အမေရိကန် နှင့်  အရှေ့တောင် အာရှ အစိုးရများ စိတ်မသက်မသာဖြစ်ခဲ့ကြသည်။ အပယ်ခံ နှစ်နိုင်ငံ ပူးပေါင်းပြီး နိုင်ငံတကာပိတ်ဆို့ အရေးယူမှုများကို အံတုရန် ကြံနေပြီလောဟူသော သံသယများလည်း တိုးပွားလာခဲ့သည်။

၂၀၀၉ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့သည့် ဖြစ်ရပ်နှစ်ခုကြောင့် မြန်မာ နှင့် မြောက်ကိုရီးယားသည် ဒေသတွင်း လုံခြုံရေးကိုပါ ထပ်ဆင့်ခြိမ်းခြောက်နေပြီလောဟူ၍  စိုးရိမ်လာကြသည်။

ပထမဖြစ်ရပ်မှာ ကန်နမ်-၁ (Kang Nam 1) ဟု အမည်ရသော မြောက်ကိုရီးယား ကုန်တင်သင်္ဘောအရေး ဖြစ်သည်။ ထိုသင်္ဘော သည် ဇွန်လ ၁၇ ရက်နေ့တွင် မြောက်ကိုရီးယားမှ ထွက်ခွာလာခဲ့သည်။ သင်္ဘောက မြန်မာနိုင်ငံသို့ ဦးတည်နေသည်ဟု ယူဆ ခဲ့ကြသည်။ နောက်ပိုင်းတွင် တိကျသည့် အကြောင်း တစုံတရာ မရှိပါဘဲ သင်္ဘောက မြောက်ကိုရီးယားသို့ ပြန်လှည့်သွားခဲ့သည်။ သင်္ဘောတွင် တားမြစ် ပိတ်ပင်ထားသော လက်နက်များ (သို့မဟုတ်) ပစ္စည်းများ သယ်ဆောင်လာသည်ဟု သံသယရှိကြသည်။ ကုလသမဂ္ဂဆုံးဖြတ်ချက်အရ မြောက်ကိုရီးယားသင်္ဘောများကို တက်ရောက်စစ်ဆေး ရှာဖွေခွင့်ရှိသဖြင့် အမေရိကန် စစ်သင်္ဘော တစင်းက နောက်ယောင်ခံလိုက်နေခဲ့ပြီး တက်ရောက်ရှာဖွေမည်ဟု ခြိမ်းခြောက်ခဲ့သေးသည်။

ဒုတိယဖြစ်ရပ်မှာ လျှို့ဝှက်စာရွက်စာတမ်း ၂ ခု ပေါက်ကြားမှု ဖြစ်သည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလက ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း၏ မြောက်ကိုရီးယားသို့ သွားရောက်ခဲ့သည့် ခရီးစဉ် အသေးစိတ်၊ စစ်ရေးအတွက် ဖြစ်နိုင်သော မြန်မာနိုင်ငံအတွင်း တည်ဆောက်ဆဲ လိုဏ်ဥမင် မြေအောက်လမ်းများ၏ ဓာတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများ ပြင်ပသို့ ပေါက်ကြားခဲ့သည်။

ဗိုလ်ချုပ်ကြီးရွှေမန်းနှင့် မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီး ကင်မ် ကျုတ်ဆစ်တို့ လက်မှတ်ရေးထိုးထားသော နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာအရ နှစ်နိုင်ငံအကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ကိုင်ရန် သဘောတူထားကြောင်း သိခဲ့ရသည်။ မြောက် ကိုရီးယားက မြန်မာနိုင်ငံရှိ စစ်ရေးဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ပေးခြင်း၊ သို့မဟုတ်  ကြီးကြပ်ပေးခြင်း ပြုလုပ်လိမ့် မည်ဟု ဆိုသည်။ ၎င်းလုပ်ငန်းများတွင် ဒုံးကျည်များ၊ လေယာဉ်ပျံများ နှင့် စစ်သင်္ဘောများကိုပင် ၀ှက်ထားပေးနိုင်သော ဥမင်များ၊ လိုဏ်ဂူများလည်း ပါဝင်သည်။ မြန်မာနိုင်ငံက လေကြောင်းရန် ကာကွယ်ရေးနှင့် အထူးတပ်ဖွဲ့ဆိုင်ရာ သင်တန်းများကိုပါ ရရှိ မည်ဖြစ်ပြီး တပ်ဖွဲ့ဝင်များအတွက် ဘာသာစကား အပြန်အလှန် သင်ကြားရေး အစီအစဉ်များလည်း ပါရှိလိမ့်မည်ဟု ဆိုသည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ်က လွှတ်တော် ကြားနာပွဲတခုတွင် ဤကိစ္စများနှင့် ပတ်သက်ပြီး ထွက်ဆိုခဲ့သေးသည်။ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို အပြည့်အ၀ လိုက်နာခြင်းအားဖြင့် မြောက်ကိုရီးယားနှင့်  စစ်ရေး သို့မဟုတ် လက်နက်ပြန့်ပွား ထုတ်လုပ်မှုနှင့် ဆက်နွယ်သော ပူးပေါင်းဆောင်ရွက်မှုများကို  မြန်မာနိုင်ငံက ရပ်တန့်ရန် အမေရိကန်ပြည်ထောင်စုက ဆန္ဒရှိကြောင်း ပြောဆိုခဲ့သေးသည်။

အင်းစိန်ထောင်တွင်းမှ “ပြင်ဆင်ထားသည့်” တရားရုံး















တရားခွင်အတွင်းမှ ဒေါ်အောင်ဆန်းစုကြည် (သရုပ်ဖော်ပုံ- ဟန်လေး/ဧရာဝတီ)















မြန်မာစစ်အစိုးရသည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် သက်တမ်းတိုးမြှင့်ရေးအတွက် အကြောင်းပြချက်တခုကို သြဂုတ်လတွင် ရလာခဲ့သည်။ ထိုအကြောင်းပြချက်မှာ အမေရိကန်နိုင်ငံသား ဂျွန် ယက်ထော က  ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ခိုးဝင်ကာ နှစ်ရက်ကြာ နေထိုင်ခဲ့သည်ဟူသော အချက် ဖြစ်သည်။

ဂျွန် ယက်ထောနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်အတွင်းရှိ တရားရုံးတခုတွင် စစ်ဆေးခဲ့သည်။ ခိုးဝင် ကျူးကျော်သူ အမေရိကန်နိုင်ငံသားကို သူ၏ ရူးကြောင်ကြောင် စွန့်စားမှုအတွက် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုမူ "လုံခြုံရေးဥပဒေ ချိုးဖောက်မှု"ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

ပြဇာတ်ဆန်သည့် အံ့အားသင့်ဖွယ် ကြားဝင်ဆောင်ရွက်မှု နှစ်ခုလည်း ပေါ်ပေါက်လာသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ဒဏ် ချမှတ်ပြီးချိန်တွင် တရားရုံး အတွင်းသို့  ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ၀င်ရောက်လာကာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ထားချက်ကို နေအိမ် အကျယ်ချုပ် ၁၈ လသို့ လျှော့ချ ပေးကြောင်း ကြေညာခဲ့သည်။ တဆက် တည်းတွင် အမေရိကန်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်၏ မြန်မာပြည် ခရီးစဉ် အတွင်း ဂျွန် ယက်ထောကို ပြန်လည် လွတ်မြောက် စေရန် ဆောင်ကျဉ်းနိုင်ခဲ့ပြန်သည်။

ဂျွန် ယက်ထောက အမေရိကန်ပြည်ထောင်စုရှိ သူ့ မိသားစုရှိရာသို့ ပြန်ရောက်သွားခဲ့သည်။ သူ၏ ရန်ကုန်စွန့်စားခန်းကို စာအုပ် တအုပ် ရေးသားမည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်က အရင်အတိုင်း သူ၏အိမ်သို့ အကျယ်ချုပ်အဖြစ် ပြန်ရောက်သွားခဲ့ ရသည်။ ထိုနေအိမ်တွင် သူအကျယ်ချုပ်နေထိုင်ခဲ့ရသော ကာလသည်  နှစ်ပေါင်း ၂၀ အတွင်း  ၁၄ နှစ်ကြာခဲ့ပြီး ဖြစ်သည်။

ငြိမ်းအဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်














သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင်း လွတ်မြောက်ရာ ထွက်ပြေးကြရသည့် ကိုးကန့်ဒေသမှ အရပ်သားများ (ဓာတ်ပုံ - ရိုက်တာ)
အပစ်အခတ် ရပ်စဲထားသော လက်နက်ကိုင် အဖွဲ့အားလုံးကို နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်း၍ မြန်မာ့ တပ်မတော်၏ အုပ်ချုပ်မှုအောက်၌ ထားရှိရေး ညွှန်ကြားချက်သည် ပြီးခဲ့သော ဧပြီလတွင် ထွက်ပေါ်ခဲ့သည်။ ထိုအချိန်မှစ၍ အပစ်ရပ် တိုင်းရင်း သား အဖွဲ့များနှင့် စစ်အစိုးရအကြား ဆက်ဆံရေး ပျက်ပြားခဲ့ရသည်။ တင်းမာမှုများ တဖန် ဖြစ်ပေါ်လာပြန်သည်။

စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် နှင့် နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ကူးပြောင်းရေး ကော်မတီ အတွင်းရေးမှူး  ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် အပါအ၀င်  စစ်ဗိုလ်ချုပ်များက ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များသို့ ခြေဆန့်၊ ခရီး ထွက်ပြီး တရုတ် - မြန်မာ နယ်စပ် အခြေစိုက် ကချင်၊ ကိုးကန့်၊ ရှမ်း၊ ၀ စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ကွပ်ကဲမှုအောက်၌ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများကို နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် ထည့်သွင်းထားရှိရန် အစီအစဉ်ကို ဗိုလ်ချုပ်ကြီးများက ရှင်းပြခဲ့ကြသည်။

၎င်းအစီအစဉ်အရ နယ်ခြားစောင့်တပ်ရင်းတခုတွင် အင်အား ၃၂၆ ဦး ပါဝင်မည် ဖြစ်သည်။  တပ်ရင်းတခုလျှင် ဗိုလ်မှူး အဆင့်ရှိ တပ်မှူး ၃ ဦး ပါဝင်မည်ဖြစ်ရာ ၂ ဦးက  တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများထံမှ ဖြစ်မည်။ နေ့စဉ် စီမံခန့်ခွဲမှု ကိစ္စများကို စီစဉ် မည့် ကျန်တဦးက မြန်မာ့တပ်မတော်က ဖြစ်မည်ဟု ဆိုသည်။ စစ်ဦးစီး အရာရှိနှင့် တပ်ထောက်အရာရှိများကဲ့သို့သော အဓိက တာဝန်များကိုလည်း ခွဲအရာခံဗိုလ်၊ တပ်ကြပ်ကြီးများ၊ ရုံး စာရေးများနှင့် သူနာပြုများ ကဲ့သို့သော ပြန်တမ်းဝင်အရာရှိ မဟုတ်သည့် အရာရှိ ၂၇ ဦးနှင့်အတူ တပ်မတော်အရာရှိများက သွားရောက်ပူးပေါင်း တာဝန်ယူလိမ့်မည် ဖြစ်သည်ဟု ဆိုသည်။

တိုင်းရင်းသားတပ်ဖွဲ့များ အားလုံးက ၎င်းတို့၏နယ်မြေအတွင်းတွင်သာ လှုပ်ရှားသွားလာရမည်ဖြစ်သည်။ လစာနှင့် အကျိုး ခံစားခွင့် များ ကိုလည်း တပ်မတော်က ထောက်ပံ့ပေးမည် ဖြစ်သည်။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့(DKBA)၊ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) တို့က အသွင်ကူးပြောင်းရေး အစီအစဉ်ကို သဘောတူခဲ့သည်။

အသွင်ပြောင်းရေးကို လိုက်နာလာစေရေးအတွက် စစ်အစိုးရက ကိုးကန့် တိုင်းရင်းသားအုပ်စုကို ပထမဆုံး ဖိအားပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ကိုးကန့်တပ်ဖွဲ့များက လောင်းကစားလုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းလုပ်ငန်းများ အပါအ၀င် တရားမ၀င်လုပ်ငန်းများ လုပ်ဆောင်နေသည်ဟု စွပ်စွဲပြီး ဝင်ရောက် တိုက်ခိုက်လိုက်သည်။

စစ်အစိုးရ၏ အခြေခံဥပဒေ အခန်း ၇၊ ပုဒ်မ ၃၃၈ "တပ်မတော်" ကဏ္ဍအောက်တွင် "နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့ အစည်း အားလုံးသည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည့် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်" ဟု ဖေါ်ပြထားသည်။

ထို့ကြောင့် အသွင်ပြောင်းရေး အစီအစဉ်ကို ငြင်းဆန်နေသည့် အပစ်ရပ်အဖွဲ့များသည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လက်ခံခြင်း မရှိသေးဟု ယူဆနိုင်ကြောင်း အများစုက အဓိပ္ပာယ် ဖွင့်ခဲ့ကြသည်။

စစ်အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား စိတ်စမ်းပွဲက ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်ခင် လများအတွင်း အပြီးသတ် အဖြေထွက်လာနိုင်ချေ ရှိနေသည်။

သွေးစွန်းသည့် အခွင့်အရေးသမားများ


ဗိုလ်မှူးကြီး ချစ်သူ













ဇွန်လတွင် မြန်စာစစ်အစိုးရ တပ်ဖွဲ့များနှင့် မဟာမိတ်ဖြစ်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) တို့က ၎င်းတို့၏ အဓိက ရန်သူဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)ထံမှ စစ်စခန်း သုံးခုကို သိမ်းယူခဲ့ကြသည်။ ယင်းထိုးစစ်ကြောင့် ဆယ်စုနှစ်အတွင်း ထိုင်း-မြန်မာနယ်စပ်သို့ ဒုက္ခသည်များ အလုံးအရင်း ဖြင့် ထွက်ပြေးခိုလှုံကြရသည်။ ကရင်ဒုက္ခသည် ၄,၅၀၀ ခန့် ထွက်ပြေးခဲ့ရသည်။

ကရင် အမျိုးသားအစည်းအရုံး (KNU)မှ ခွဲထွက်လာခဲ့သည့်အချိန်နှင့် ၁၉၉၅ ခုနှစ် မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲ ရေး သဘောတူညီချက်ချုပ်ဆိုခဲ့သည့်အချိန်မှစ၍ DKBA အဖွဲ့က နယ်စပ်တလျှောက်ရှိ ကရင်ဒုက္ခသည် စခန်းများစွာကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ခဲ့ကြသည်။

၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် KNU အဖွဲ့ ခေါင်းဆောင် ဖဒိုမန်းရှာကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ သူ၏နေအိမ် တွင် လုပ်ကြံမှု၌လည်း DKBA က ပါဝင်ပတ်သက်နေခဲ့သည်။


















DKBA တပ်ဖွဲ့များ တပ်စစ်ဆေးမှုခံယူနေစဉ် (ဓာတ်ပုံ - ရှားဖောင်/ဧရာဝတီ)

















DKBA အဖွဲ့တွင် သြဇာအရှိဆုံးဖြစ်သူ (၉၉၉) တပ်ရင်းမှူး ဗိုလ်မှူးကြီးချစ်သူက နောက်ဆုံးဖြစ်ပွားခဲ့သည့် (KNLA) ၏ တပ်မဟာ (၇) ထိုးစစ်အပေါ်ကို အမိန့်ပေးခဲ့သည်ဟု လေ့လာသူအများစုက ယုံကြည်ကြနေကြသည်။ ဗိုလ်မှူးကြီး ချစ်သူ က မြန်မာစစ်တပ် ထိပ်တန်းအရာရှိများနှင့် အနီးစပ်ဆုံး ရှိသူဟု ပြောဆိုနေကြပြီး ယင်းထိုးစစ်ကို ဦးဆောင်ရန်အတွက် စစ်အစိုးရကသူ့ကို  မြိုးမြိုးမြက်မြက် အကျိုးအမြတ် ပေးခဲ့သည်ဟုလည်း ဆိုကြသည်။

သို့သော်လည်း DKBA အဖွဲ့အတွင်း ပဋိပက္ခများလည်း ကြီးထွားလာနေသည်။ အဖွဲ့ခေါင်းဆောင်ပိုင်းက သစ်ထုတ်လုပ်ငန်း၊ သတ္ထုတူးဖေါ်ရေးလုပ်ငန်းနှင့် ရရှိလာသော နေရာသစ်များတွင် စက်ရုံဆောက်လုပ်ရေးလုပ်ငန်းများ စသည့် စီးပွားရေး လုပ်ငန်းများအပေါ် အားပြိုင်မှုကြီးထွားလာနေသည့် သတင်းများလည်း ထွက်ပေါ်လာသည်။ နောက်ထပ် DKBA တပ်ရင်းမှူး တဦး ဖြစ်သော ဗိုလ်ဆန်ပြုတ် (၀ါ) စိုးမြင့်ကို သတ်ရာတွင် ဗိုလ်ချစ်သူ ပါဝင်နိုင်သည်ဟု အတွင်းသတင်း များ က ခန့်မှန်းနေကြသည်။ ဗိုလ်ဆန်ပြုတ်က ဇွန်လအတွင်း ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ပေါ်တွင် စက်လှေဖြင့်ခရီး သွားနေစဉ် လက်နက်ကိုင်လူတစု၏ ချောင်းမြောင်း ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

ကိုးကန့် ပဋိပက္ခ (သို့မဟုတ်) တိုင်းရင်းသား သူပုန်ထမှု နိဂုံး၏ အစပေလော


ဖုန်ကြားရှင်









မြန်မာစစ်အစိုးရ တပ်ဖွဲ့များနှင့် မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ဟု လူသိများ သော ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်အကြား တိုက်ခိုက်မှုများ ထွက်ပေါ်လာပြီးနောက် သြဂုတ်လတွင် ဒုက္ခ သည်ပေါင်း ၃၇,၀၀၀ ခန့်သည် ရှမ်းပြည်နယ် မြောက်ပိုင်းမှ တရုတ်နယ်စပ်မြို့များဖြစ်သော နန်ဆန်နှင့် ဂန်မာမြို့များသို့ ထွက်ပြေးခဲ့ကြရသည်။

သြဂုတ်လ ၈ ရက်နေ့တွင် တင်းမာမှုများ အရှိန်မြင့်တက်လာခဲ့သည်။ စစ်အစိုးရတပ်များက ကိုးကန့်တိုင်းရင်းသား ခေါင်း ဆောင်ဖုန်ကြားရှင်၏ အိမ်တွင် မူးယစ်ဆေးဝါးနှင့် ဥပဒေမဲ့ လက်နက်များ ရှာဖွေမည်ဟုဆိုကာ အိမ်ကို ၀င်ရောက်စီးနင်း ခဲ့ကြသည်။ ဖုန်ကြားရှင်က ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ရာ ဒေသအတွင်းသို့ ထွက်ပြေး ခိုလှုံခဲ့သည်ဟု ဆိုသည်။ သူက မြန်မာစစ်အစိုးရ တပ်ဖွဲ့များ ရုပ်သိမ်းသွားစေရန်နှင့် နိုင်ငံရေးအရ အဖြေရှာရန် တိုက်တွန်း ထားသော ထုတ်ပြန်ချက်တစောင်ကို ထုတ်ပြန်ခဲ့သည်။ တုံ့ပြန်ချက်အဖြစ် မြန်မာစစ်အာဏာပိုင်များက ဖုန်ကြားရှင်နှင့် သူ့ ကို ထောက်ခံသူများကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး (MNDAA) ခွဲထွက်သူ အရာရှိများကို သူ၏နေရာတွင် အစားထိုး ခန့်အပ်ခဲ့ သည်။

ကိုးကန့်မြို့တော်ဖြစ်သော လောင်ကိုင်မြို့သည် သြဂုတ်လ၂၄ ရက်နေ့တွင် စစ်အစိုးရ လက်အတွင်းသို့ ကျရောက်ခဲ့ရ သည်။ ဤသို့နှင့် အနှစ် ၂၀ ကြာ အပစ်အခတ်ရပ်စဲရေးလည်း ပျက်ပြားခဲ့ရတော့ သည်။ MNDAA က ခြုံခိုတိုက်ခိုက်မှုများ စွာဖြင့် ပြန်၍ တိုက်ခိုက်ခဲ့သော်လည်း ၃ ရက်အတွင်း ကိုးကန့်တပ်ဖွဲ့ဝင် (၇၀၀) ကျော် တရုတ်နိုင်ငံသို့ ထွက်ပြေးကာ အများစုက တရုတ်တပ်မတော်ထံသို့ လက်နက်ချခဲ့ကြသည်။

တိုက်ခိုက်မှုများအတွင်း ၎င်းတို့၏ နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများကို အစိုးရတပ်ဖွဲ့များက ဖျက်ဆီး၊ လုယူခဲ့ကြသည်ဟု ဒုက္ခသည် အများစုက တိုင်တန်းခဲ့ကြသည်။ ဒုက္ခသည်များအနက် တချို့မှာ တရုတ်နိုင်ငံသားများ ဖြစ်ကြသည်။ ယူနန်ခရိုင် အနောက်တောင်ဘက်ခြမ်းရှိ နယ်စပ်မြို့တမြို့ဖြစ်သော လင်စန်းမြို့ရှိ တရုတ်အာဏာပိုင်များက ထိုးစစ်အတွင်း ဆုံးရှုံးခဲ့ရ သော ပစ္စည်းများအတွက် မြန်မာစစ်အစိုးရကို ယွမ်သန်းပေါင်း ၂၈၀ ပေးလျော်ရန် တောင်းဆိုခဲ့ကြသည်။

ဘေဂျင်းရှိ တရုတ်အစိုးရကလည်း တရုတ်နိုင်ငံသားများကို အကာအကွယ်ပေးရန်နှင့် အလားတူ ဖြစ်ရပ်မျိုး ထပ်မံ မဖြစ် ပွားစေရန် မြန်မာအစိုးရထံ တောင်းဆိုခဲ့သည်။  

မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို အမေရိကန်အစိုးရက ပြန်လည်စဉ်းစားခြင်း


အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမား (ဓာတ်ပုံ - AFP)















သမ္မတဘာရက်အိုဘားမား၏ အမေရိကန် အစိုးရသစ်က ယခင်အစိုးရ ကျင့်သုံးခဲ့သော တင်းမာသည့် ချဉ်းကပ်ပုံ နည်းနာ သည် မြန်မာစစ်အစိုးရအပေါ်တွင် သြဇာညောင်းနိုင်ခြင်း မရှိဟု ကောက်ချက်ချပြီးနောက် ၂၀၀၉ ခုနှစ်တွင် အဓိက ကျသည့် မြန်မာနိုင်ငံရေးရာ မူဝါဒပြန်လည်သုံးသပ်မှု တခုကို စတင်ဆောင်ရွက်ခဲ့သည်။

ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်လက်တည်ရှိနေမည် ဖြစ်ပြီး တချိန်တည်းတွင်လည်း မြန်မာ စစ်ခေါင်းဆောင်များနှင့် အဆင့်မြင့်ဆက်ဆံမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။ နိုင်ငံတကာလူဆိုးများဟု အမေရိကန်နိုင်ငံက သတ်မှတ်ထား သည့် နိုင်ငံများနှင့် စကားပြောမည်ဟူသော သမ္မတအိုဘားမား၏ မူဝါဒနှင့်လည်း တသားတည်း ဖြစ်သည်။

ထိုမူဝါဒအပြောင်းအလဲက ပြီးခဲ့သည့် စက်တင်ဘာလ နယူးယောက်မြို့တွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေ ညီလာ ခံ အစည်းအဝေးနှင့်ယှဉ်လျှက် ထွက်ပေါ်လာခဲ့သည်။ ယင်းညီလာခံ၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင် တန် က ၀ါရှင်တန်အစိုးရအနေနှင့် "တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းနှင့် ဆက်လက်ပြစ်ဒဏ်ခတ် အရေးယူရေးသည့် နည်းလမ်း နှစ်ခုစလုံးကို အသုံးပြုသွားမည်ဖြစ်ကြောင်း" ထုတ်ဖေါ်ကြေညာခဲ့သည်။

၎င်းထုတ်ပြန်ကြေညာချက်အပြီး မရှေးမနှောင်းမှာပင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဦးဆောင်သော အမေရိကန်အရာရှိများက ယခင်က အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် အမှုထမ်းခဲ့သော သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် နယူးယောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲများတွင် အာရုံစိုက် ဆွေးနွေးခဲ့ကြသည့် အချက်များ၌ နှစ်နိုင်ငံစလုံးက မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးကုန်သွယ်မှုကို ရပ်တန့်သွားစေရေး နည်းလမ်များ၊ နေပြည်တော်နှင့် မြောက်ကိုရီးယားအကြား စစ်ရေးထိစပ်မှုများကို ရပ်တန့်ရန် နှင့် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ့စစ်မျက်နှာတွင် တာဝန် ထမ်းဆောင်ရင်း ပျောက်ဆုံးသွားသူများအဖြစ် သတ်မှတ်ထားသော အမေရိကန်နိုင်ငံသား ၀န်ထမ်းများ၏ ရုပ်ကြွင်းများကို ပြန်လည်ရှာဖွေရေးကိစ္စများ ပါဝင်ခဲ့သည်။

















 ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် အမေရိကန် သံကိုယ်စားလှယ် ကာ့တ် ကမ်းဘဲလ် (ဓာတ်ပုံ - AFP)
















နိုဝင်ဘာလ အစောပိုင်းတွင် မစ္စတာ ကမ်းဘဲလ် ဦးဆောင်သော အချက်အလက်ရှာဖွေရေး ခရီးစဉ်တခု မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ထိုခရီးစဉ်အတွင်း ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် စစ်အစိုးရအရာရှိများနှင့်လည်း တွေ့ဆုံနိုင်ခဲ့သည်။ ကမ်းဘဲလ်နှင့် သူ၏ လက်ထောက် စကော့ မာရှယ် တို့က ၁၉၉၅ ခုနှစ်မှ စ၍ကြည့်လျှင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အဆင့်အမြင့်ဆုံး အမေရိကန်အစိုးရ အရာရှိများ ဖြစ်သည်။ ထိုမတိုင်ခင် က အမေရိကန်ကွန်ဂရက် လွှတ်တော်အမတ် ဘီလ် ရစ်ချတ်ဆင် နှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့သူ မက်ဒလင်း အောလ်ဘရိုက် တို့က ဒီမိုကရေစီအပြောင်းအလဲများ ဖြစ်ပေါ် လာစေရေး တိုက်တွန်းရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။

အမေရိကန်နိုင်ငံ အနေနှင့် "ဆက်ဆံရေးများတိုးမြှင့်ရန်အတွက် လိုအပ်သော လုပ်ဆောင်ချက်များပြုရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း၊ သို့သော် ထိုလုပ်ငန်းစဉ်သည် အပြန်အလှန် အပေးအယူ လုပ်ဆောင်မှုများနှင့် မြန်မာအစိုးရ၏ ခိုင်မာသော အားထုတ်မှုများအပေါ်တွင် အခြေခံရလိမ့်မည်" ဟု မစ္စတာ ကမ်းဘဲလ်က မြန်မာအရာရှိများကို ပြောကြားခဲ့သည်။

နိုဝင်ဘာလအကုန်ပိုင်း စင်ကာပူ၌ကျင်းပသော အမေရိကန် ပြည်ထောင်စုနှင့် အရှေ့တောင်အာရှနိုင်ငံများ အသင်း၏ ထိပ် သီး ဆွေးနွေးပွဲသို့ သမ္မတ အိုဘားမား တက်ရောက်သောအခါတွင် အမေရိကန်-မြန်မာဆက်ဆံမှု ကိစ္စများသည် အကြီး အကျယ် ပြောင်းလဲသွားခဲ့သည်။

ထိပ်သီးဆွေးနွေးပွဲအတွင်း ကိုယ်စားလှယ်များကို မိန့်ခွန်းပြောကြားရာ၌ သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန် စစ်အစိုးရကို တောင်းဆိုခဲ့သည်။

အမေရိကန်-အာဆီယံအဖွဲ့ ပူးတွဲထုတ်ပြန် ကြေညာချက်တွင် အစည်းအဝေးတက်ရောက်သူများက မြန်မာစစ်အစိုးရသည် "ကျယ်ပြန့်သော နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်မည်ဟု မျှော်လင့်ပြီး နိုင်ငံတကာ အသိုင်းအ၀န်းက အသိအမှတ်ပြုစေရန်အလို့ငှာ ၂၀၁၀ ခုနှစ်၊ ရွေးကောက်ပွဲကို လွတ်လပ်၊ တရားမျှတစွာ အင်အားစု အားလုံး ပါဝင်နိုင်သော၊ ပွင့်လင်းမြင်သာသည့် ပုံသဏ္ဌာန်ဖြင့် ဆောင်ရွက်ရမည်" ဟု တိုက်တွန်းပြောဆိုခဲ့ကြသည်။

သို့ သော် ၎င်းထုတ်ပြန်ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ဟူသော စကားလုံး ဖော်ပြချက် တလုံးတပါဒမှ ထည့်သွင်းထားခြင်း မရှိခဲ့ပေ။ အမေရိကန်နိုင်ငံနှင် အာဆီယံအဖွဲ့ အကြား မြန်မာအစိုးရကို မည်သို့ကိုင်တွယ် ဆက်ဆံရမည်နှင့် ပတ်သက်၍ မတူညီသောအမြင်များ ရှိနေသေးကြောင်း ဖော်ပြချက် လက္ခဏာ တရပ်အဖြစ်လည်း ရှုမြင်နေကြသည်။     ။
ဆက်လက်ဖတ်ရှုရန်...

ရိုဟင်ဂျာ ၉၀၀၀ ပြန်ခေါ်ရန် စစ်အစိုးရ သဘောတူ

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒုက္ခသည် စခန်းများရှိ ရိုဟင်ဂျာ ၉၀၀၀ ခန့်ကို မြန်မာ စစ်အစိုးရက ပြန်လည် လက်ခံရန် သဘောတူညီကြောင်း သိရှိရသည်။

ယင်းအစီအစဉ်မှာ ပြီးခဲ့သည့် အင်္ဂါနေ့နှင့် ယနေ့ အပါအ၀င် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၂ ရက်ကြာသွားရောက်သည့် မြန်မာ ဒု နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့်၏ ခရီးစဉ်အတွင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်မှ လာသော သတင်းများ က ဆိုသည်။











 မြန်မာနိုင်ငံ နယ်စပ်အနီး ရိုဟင်ဂျာများထားသည့် ဘင်္ဂလားဒေ့ရှ် ကောက်စ်ဘဇားခရိုင် အတွင်းရှိ ဒုက္ခသည် စခန်းတခု (ဓာတ်ပုံ - ရိုက်တာ)
ယခု ပြန်လည် လက်ခံမည့် ရိုဟင်ဂျာများမှာ မြန်မာနိုင်ငံ နယ်စပ်အနီး ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း ကောက်စ် ဘဇား ခရိုင်အတွင်းရှိ ကုတုပလောင်း ဒုက္ခသည် စခန်း နှင့် နာရာပရ ဒုက္ခသည် စခန်းများမှ ဖြစ်ပြီး ယင်းဒုက္ခသည် စခန်းများတွင် ရိုဟင်ဂျာ ၃၀၀၀၀ ၀န်းကျင် ရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး မိုဟာမက် မီဂျာယူလ် ကာရက်စ် ကို ကိုးကား၍ Reuters သတင်းတရပ် တွင် ဖော်ပြထားသည်။

“မကြာခင် ဒီအစီအစဉ် ဖြစ်မြောက်ဖို့ရှိပါတယ်”ဟု ဦးမောင်မြင့်နှင့် တွေ့ဆုံပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး က ပြောကြောင်းလည်း သတင်းတွင် ပါရှိသည်။

ယခုကဲ့သို့ ရိုဟင်ဂျာများ ပြန်လည်ခေါ်ယူရန်အတွက် မြန်မာအစိုးရကို တိုက်တွန်းမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလ လယ် ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးက သတင်းထောက်များကို ထုတ်ဖော်ပြောကြား ထားသည်။

ရခိုင်လုပ်ငန်း စီမံချက် (Arakan Project) ညှိနှိုင်းရေးမှူး ခရစ္စ လေးဝါးက“အခုပြန်ပို့မယ့် ရိုဟင်ဂျာတွေထဲမှာ သူတို့ ဆန္ဒအလျောက် ပြန်မယ့် သူက နည်းပါတယ်”ဟု ပြောဆိုသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ယင်း ရိုဟင်ဂျာ ပြဿနာသည် ၁၉၉၁-၁၉၉၂ ခုနှစ်များ ကာလက စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ရိုဟင်ဂျာ ပေါင်း ၁ သန်းကျော် ရှိကြောင်း သိရသည်။

၎င်းရိုဟင်ဂျာများသည် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ၊ အလုပ်အကိုင် အခက်အခဲဖြစ်၍ စားဝတ်နေရေး မပြေလည်မှုများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ လှေများဖြင့် ထွက်ခွာလာကြခြင်း ဖြစ်ပြီး  အများစုက မလေးရှားနိုင်ငံသို့ ရောက်ရှိရေးအတွက် ရည်ရွယ်ထားကြသည်။ သို့သော်လည်း ထိုင်းနိုင်ငံ ကမ်းစပ်များတွင် သောင် တင်ခဲ့ကြသူများသည်။

ရိုဟင်ဂျာများအရေး စည်းရုံးလှုံ့ဆော်နေသော ထိုင်းနိုင်ငံ အခြေစိုက် အဖွဲ့အစည်းတခု ဖြစ်သည့် ရခိုင်လုပ်ငန်း စီမံချက် (Arakan Project) ၏ ၂၀၀၈ ခုနှစ် ဇွန်လ ခန့်မှန်းချက်အရ ၂ နှစ် အတွင်း ထိုင်းပင်လယ် ကမ်းခြေသို့ ရိုဟင်ဂျာ ၈,၀၀၀ ထက် မနည်း ရောက်ရှိခဲ့သည်ဟု ဆိုသည်။

မြန်မာအာဏာပိုင်များက ရိုဟင်ဂျာများ နေထိုင်သည့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တရိုးတွင် နယ်စပ်ဖြတ်ကျော်မှုကို ဟန့်တားရန်အတွက် ကီလိုမီတာ ၂၀၀ ခန့် ရှည်လျားသော သံဆူးကြိုး ကာရံလျက် ရှိနေသည်။
 ဧရာဝတီမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

မြန်မာ အလုပ်သမားများ အတွက် အဆင့်မြင့် ပညာသင်ကျောင်း ချင်းမိုင်တွင် ဖွင့်မည်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မြန်မာ အလုပ်သမားများ အတွက် အဆင့်မြင့် ပညာသင်ကြား နိုင်ရန်နှင့် ကိုယ်ပိုင် အသက် မွေးဝမ်းကြောင်း ပြုနိုင်ရန် အတွက် Bridging Educational Access to Migrants (BEAM) အမည်ရှိ သင်တန်း ကျောင်းကို လာမည့် ဇန်ဝါရီ လဆန်းပိုင်းတွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။

ယင်း သင်တန်း ကျောင်းတွင် ပေါင်းကူးပညာရေး (Bridging course) နှင့် အသက်မွေးမှု ပညာရပ်များကို သင်ကြား သွားမည်ဟု သိရသည်။

Bridging course တွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ စာပေနှင့် အနုပညာ၊ လူမှုရေး ဘာသာ၊ သိပ္ပံဘာသာနှင့် (GED) ပညာရေးများ ပါဝင်မည် ဖြစ်ပြီး သက်မွေးမှု ဘာသာ ရပ်များတွင် ၀ဘ်ဒီဇိုင်း တည်ဆောက်ခြင်းများ၊ ပုံနှိပ်လုပ်ငန်နှင့် ပတ်သက်သော ပညာရပ်နှင့် အပ်ချုပ် သင်တန်းများ ပါဝင်မည်ဟု ဦးသိန်းဝင်းက ပြောသည်။

Bridging course အတွက် သင်တန်းချိန် ၂ နှစ်ကြာမည့် ဖြစ်သည်။ ပထမနှစ်တွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ စာပေနှင့် အနုပညာ၊ လူမှုရေး ဘာသာနှင့် သိပ္ပံ ဘာသာရပ်များကို သင်ကြား ပို့ချမည်ဖြစ်ပြီး ဒုတိယနှစ်တွင် (GED) အတွက် သတ်မှတ်ထားသည့် သင်ရိုးစာအုပ်များကို တိုက်ရိုက် သင်ကြားပို့ချမည် ဖြစ်သည်။ ဘာသာရပ် အားလုံးကို အင်္ဂလိပ် ဘာသာဖြင့် သင်ကြားမည် ဖြစ်သည်။

“တချို့လူတွေက အထက်တန်း ကျောင်းတက်ပြီး ထိုင်းနိုင်ငံကို ရောက်လာတယ်။ တချို့ကလည်း တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ် တက်ပြီး ဒီဘက်ကို ရောက်လာတယ်။ ရောက်လာတဲ့ အခါကျတော့ သူတို့ အထက်တန်း ပညာနဲ့ တက္ကသိုလ်ပညာ ဆက်တက်နိုင်ဖို့ ကလိုနေတယ်။ အခုလို လိုအပ်လို့ ဆရာတို့တွေ တိုင်ပင်ပြီး ဒီကျောင်းကို ဖွင့်ဖို့ စဉ်းစားလိုက်တာ” ဟု ဒါရိုက်တာ ဦးသိန်းဝင်းက ဧရာဝတီသို့ ပြောသည်။

သင်တန်းချိန်ကို နံနက် ၈နာရီမှ နေ့လယ် ၁၁နာရီအထိ တချိန်၊ ညနေ ၅နာရီမှ ည ၈နာရီအထိ တချိန် ဟူ၍ ၂ ချိန် သတ်မှတ်ထားပြီး Bridging course အတွက် စုစုပေါင်း သင်တန်းသား ၄၀ တက်ရောက်ခွင့် ရှိသည်ဟု သိရသည်။

ထိုင်နိုင်ငံ ချင်းမိုင်မြို့ရှိ  မြန်မာ အလုပ်သမားများ အတွက် အခြေခံပညာ အဆင့် သင်ကြားပေးသည့် သင်တန်း ကျောင်းသာရှိပြီး အထက်တန်း ပညာနှင့် တက္ကသိုလ်ပညာ ဆက်လက် သင်ကြားရန် ဆန္ဒရှိသော ကျောင်းသားများ အတွက် အဆိုပါကျောင်း ဖွင့်ပေးရန် လိုအပ်ကြောင်း ဦးသိန်းဝင်းက ပြောသည်။

“မြန်မာပြည်မှာဆိုရင် ပိုက်ဆံ အများကြီးပေးမှ တက်ခွင့်ရတယ်လေ။ အခု ဒီလိုမျိုး အခွင့်အရေးတွေ ရတဲ့အတွက် အရမ်း ၀မ်းသာပါတယ်။ အခုလို့ မြန်မာ အလုပ်သမားတွေကို အမြင် ကျယ်လာအောင် ကူညီပေးတဲ့ ဆရာ၊ ဆရာမတွေရှိတဲ့ အတွက်လည်း အရမ်းပီတိ ဖြစ်တယ်” ဟု Bridging course တက်ရန် စိတ်ဝင်စားနေသော ချင်းမိုင်ညဈေးရှိ စားသောက်ဆိုင်တ ဆိုင်တွင် အလုပ်လုပ်နေသည့် လီဆူး တိုင်းရင်သား ကိုအလေးက ပြောသည်။
ဧရာဝတီမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

30 December 2009

ရွှေတွင်းများတွင် အလုပ်သမားများကို ဘိန်းပေးပြီး ခိုင်းစေ




ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းအထက်ပိုင်း၊ တနိုင်းမြို့နယ်အတွင်းရှိ အချို့သော ရွှေတွင်းများတွင် အလုပ်သမားများကို ဘိန်းပေးကာ ခိုင်းစေနေသည်။
တနိုင်းမြို့နယ်အတွင်းရှိ တုံပနီနှင့် တဂါးခဒေသ ရွှေတွင်းများတွင် အလုပ်သမားများကို ပုံမှန်အလုပ်ဆင်းနိုင်ရန်နှင့် အလုပ်သမားထွက်ပြေးမှုများ မရှိစေရန် ရည်ရွယ်ပြီး ဘိန်းသုံးစွဲသူများကို နေ့စဉ် ဘိန်းပေးကာ အလုပ်ခိုင်းစေနေသည်ဟု အဆိုပါဒေသမှ ပြန်လာသည့် ဒေသခံတဦးက ပြောသည်။
၎င်းက “တချို့ရွှေတွင်းက အလုပ်သမား (၅) ယောက်လောက်နဲ့ လုပ်တာရှိတယ်။ တချို့က (၅ဝ၊ ၁ဝဝ) အထိတောင်ရှိတယ်။ ငွေအရင်းအနှီးနဲ့ ရွှေထွက်တဲ့အပေါ် မူတည်ပြီး အလုပ်သမားတွေခေါ်တာ မတူဘူး။ အဲဒီရွှေတွင်းမှာ ဘိန်းစားတွေပဲ အလုပ်မြဲတာ။ ပြီးတော့ ခိုင်းလို့လည်း ကောင်းတယ်တဲ့။ ကျောက်တုံးကြီး သယ်မရတာ၊ သစ်တုံးကြီးတွေ ဖယ်ရတာ၊ မနက် ချမ်းချမ်းအေးအေး ရေထဲမှာ အလုပ်လုပ်နိုင်တာက သူတို့ပဲရှိတာ” ဟု ပြောသည်။
ဘိန်းစွဲနေသည့် အလုပ်သမားများအား မနက် အလုပ်ဆင်းခါနီးတကြိမ်၊ ညနေ အလုပ်သိမ်းချိန်တကြိမ် ဘိန်းပုံမှန်ပေးနေရပြီး အစားအသောက်နှင့် နေထိုင်စရာသာ ပေးထားရကြောင်း အဆိုပါဒေသခံက ပြောသည်။
၎င်းက “အဲဒီမှာရှိတဲ့ ဘိန်းက ပိတ်ဘိန်းလို့ခေါ်တဲ့ ဘိန်းမျိုး။ ဒေသထွက်တွေပေါ့။ အဲဒီနားက စိုက်တဲ့ဘိန်းသီးက အစေးခြစ်ရင် မခဲတော့ ပိတ်အကျဲစမှာ ဘိန်းစေးတွေသုတ်ပြီး အခြောက်ခံထားရတယ်။ အဲဒီဘိန်းပိတ်စတွေကို ညှပ်ပြီး အလုပ်သမားတွေ ဝေပေးနေတာ။ အဲဒါကို ရေနဲ့ ပြန်ကျိုပြီး ဆေးထိုးအပ်နဲ့ အကြောထဲ သွင်းတာလည်း ရှိတယ်။ ငှက်ပျောရွက်အနုကို ဓားနဲ့ နုတ်နုတ်လှီးပြီး အခြောက်လုပ်ထားတဲ့ဟာနဲ့ ပိတ်ဘိန်းကို အစေးထွက်လာအောင် ကျိုထားတဲ့ဟာနဲ့ သမအောင်ရောပြီး ရှူတဲ့နည်းလည်း ရှိတယ်” ဟု ပြောသည်။
အလုပ်သမားများမှာ ငွေချက်ချင်းရလိုကြသောကြောင့် လစာငွေပုံမှန် မပေးနိုင်သည့် နေရာများတွင် မမြဲဘဲ ထွက်ပြေးနေမှုများ ရှိနေသဖြင့် အလုပ်သမား ရှားပါးမှုရှိနေချိန်တွင် ယခုကဲ့သို့ ဘိန်းစွဲနေသည့် အလုပ်သမားများကို ငှားရမ်းနေခြင်းလည်း ဖြစ်သည်။
ယခု တုံပနီနှင့် တဂါးခရွှေတွင်းများတွင် တနိုင်းဒေသဆိုင်ရာ ကွပ်ကဲမှုစစ်ဌာနချုပ်မှ စစ်တပ်များကလည်း မကြာခဏ လာရောက် ဆက်ကြေးငွေ ကောက်နေကြသည်ဟု တနိုင်းမြို့နယ်မှ ဒေသခံက ပြောသည်။
ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ရတနာပုံ အိုင်စီတီပြပွဲ စည်ကားခြင်းမရှိ


 ယခုလ (၂၆) မှ (၃ဝ) ရက်အထိ မန္တလေး၊ ပြင်ဦးလွင် ကားလမ်းနံဘေး ရတနာပုံဆိုင်ဘာစီးတီးတွင် ကျင်းပသည့် (၃) ကြိမ်မြောက် ရတနာပုံ အိုင်စီတီပြပွဲသည် ပြခန်းနည်းပြီး စည်ကားမှုမရှိကြောင်း ကိုယ်တိုင်သွားရောက်ခဲ့သူများက ပြောကြသည်။
မန္တလေးမြို့မှ သွားရောက်ကြည့်ရှုခဲ့သူတဦးက “ပြပွဲမှာ ပြခန်းက နည်းနည်းလေးပဲ။ ကြည့်စရာလည်း ဘာမှမရှိဘူး။ ဒီရတနာပုံ မြို့တော်မှာ ထုတ်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့ တရုတ်ကုမ္ပဏီတွေရယ်၊ ရန်ကုန်ကလာတာ နည်းနည်းရယ်ပဲ ရှိတယ်။ အဝေးကြီးကနေ သွားကြည့်ရတာ လုံးဝမတန်ဘူး။ အဲဒီ အနီးအနားက လူတွေကိုတော့ စတိတ်ရှိုးပွဲကို ဈေးပေါပေါနဲ့ လုပ်ပေးပြီး ဆွဲဆောင်ထားတာတော့ တွေ့တယ်” ဟု ပြောသည်။
ယခုပွဲသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လမ်းညွှန်ချက်ကြောင့် လုပ်ရခြင်းဖြစ်ပြီး ရန်ကုန်မှ ကုမ္ပဏီအများစုကလည်း စိတ်ဝင်စားမှုမရှိကြကြောင်း၊ ရန်ကုန်တွင် အိုင်တီ ပွဲလုပ်သည့်အချိန် ပြခန်းပေါင်း (၁ဝဝ) ကျော်ဖြင့် တိုးကြိတ် စည်ကားသော်လည်း ယခုပွဲတွင်မူ ပြခန်း (၃ဝ) ကျော်ဖြင့် လူသိပ်မရှိကြောင်း အဆိုပါပြခန်းတွင် ရန်ကုန်မှ သွားရောက်ပြသသည့် အိုင်တီကုမ္ပဏီတခုက ပြောသည်။
နအဖစစ်အစိုးရသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာကလည်း အဆိုပါ ရတနာပုံ ဆိုင်ဘာစီးတီးတွင် အိုင်တီပြပွဲတခု ပြုလုပ်ခဲ့ပြီး ယင်းအချိန်က အက်ဖ်အီးစီ (၁ဝ) တန်နှင့် (၂ဝ) တန် ဂျီအက်စ်အမ် တခါသုံးကတ်များ ရောင်းပေးမည်ဟု ကြေညာထားခဲ့ခြင်းကြောင့် နံပါတ်အသေရသည့် ပရီပေးကတ်များ ဖြစ်မည်အထင်ဖြင့် မန္တလေးမှလူများ လာရောက် တိုးဝှေ့ဝယ်ယူသည့်အတွက် စည်ကားခဲ့ဖူးသည်။
အဆိုပါကတ်များသည် တလအကြာတွင် နံပါတ်ကိုပါ လုံးဝသုံး၍ မရခြင်းကြောင့် ပြည်သူများ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့သည်။
ယခုတကြိမ်လည်း (၅) သိန်းတန် စီဒီအမ်အေ ဖုန်းများနှင့် (၅) သိန်းတန် နံပါတ်အသေရသည့် ဂျီအက်စ်အမ်ကတ်များ ရောင်းပေးမည်ဟု ဂျာနယ်များက သတင်းရေးကြသော်လည်း ရောင်းချပေးခြင်း မရှိသဖြင့် အဆိုပါဖုန်းများ ဝယ်ရန်လာကြသူ အနည်းငယ်လည်း စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြသည်။
ယခုပွဲစည်ကားရန် နအဖ အာဏာပိုင်များက ရန်ကုန်မှ မော်ဒယ်များခေါ်ယူပြီး Show ပွဲလုပ်စေခြင်း၊ ဟန်ထွန်း၊ စိုင်းစိုင်းခမ်းလှိုင် ဇော်ဝင်းထွဋ်တို့အပါအဝင် အဆိုတော်ပေါင်း (၆ဝ) ကျော်ကို ခေါ်ယူပြီး တပွဲ ကျပ် (၃,ဝဝဝ) ဖြင့် နေ့ခင်းကြောင်တောင် စတိတ်ရှိုးပွဲ ကျင်းပစေခြင်းတို့ ပြုလုပ်ခဲ့သော်လည်း ကြည့်စရာမရှိသည့် အိုင်တီ ပြပွဲထဲကိုမူ ဝင်ရောက်ကြည့်ရှုခြင်း မတွေ့ရပေ။
ရန်ကုန်က သွားရောက်ပြသသည့် ကွန်ပျူတာ အရောင်းဆိုင်တဆိုင်ကမူ (၂၉) ရက်နေ့အထိ ၎င်းဆိုင်တွင် လက်ဖ်တော့တလုံးမှ ရောင်းချရခြင်း မရှိသေးကြောင်း၊ ယခုတခေါက်လာသည်မှာ စရိတ်ရှုံးကြောင်း ပြောသည်။
ယခင်က အိုင်စီတီပြပွဲကို ရတနာပုံ ဆိုင်ဘာစီးတီး ခန်းမကြီးတွင် ပြသခဲ့ပြီး ယခုတကြိမ်တွင်မူ Yatanarpon Cyber Hall ၌ ပြောင်းရွှေ့ကျင်းပခဲ့သော်လည်း အောက်ထပ် တထပ်တွင်ပင် ပြခန်းများ မပြည့်ကြောင်း သိရသည်။
ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

နေပြည်တော် စည်ပင်သာယာ ဥပဒေ ပြဋ္ဌာန်း




စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်အတွက် နေပြည်တော် စည်ပင်သာယာ ဥပဒေသစ်ကို ယမန်နေ့က ပြဋ္ဌာန်းလိုက်သည်။
ယခု ဥပဒေကြောင့် ယခင် ရန်ကုန်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီတို့အပြင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီတခု ထပ်တိုးလာမည်ဖြစ်သည်။
“စည်ပင်လုပ်ငန်းတွေက အရင်ကတည်းက လုပ်ပါတယ်။ အခု ဥပဒေ ထုတ်လိုက်တော့ တရားဝင် ငွေကောက်ခံခွင့် လက်မှတ်နဲ့ တရားဝင် စည်ပင်ရန်ပုံငွေ ရှာခွင့်လက်မှတ် ရသွားတာလို့ပဲ မြင်ပါတယ်” ဟု ရှေ့နေကြီး ဦးအေးမြင့်က ပြောသည်။
နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်နှင့် မန္တလေး စည်ပင်သာယာရေး ကော်မတီကဲ့သို့ပင် ဒေသတွင်း စည်ပင်သာယာအမိန့်များကို ထုတ်ပြန်နိုင်မည်ဖြစ်သည်။
စစ်အစိုးရခေါင်းဆောင်က နေပြည်တော် စည်ပင်သာယာရေးကော်မတီကို ဖွဲ့စည်းပေးမည်ဖြစ်ပြီး မြို့တော်ဝန်ကိုလည်း ခန့်ထားမည်ဖြစ်သည်။
ယခင်က ရန်ကုန်နှင့် မန္တလေးတို့တွင်သာ မြို့တော်ဝန်ရှိရာမှ ယခု ဥပဒေကြောင့် မြန်မာနိုင်ငံတွင် မြို့တော်ဝန်တယောက် ထပ်တိုးလာမည်ဖြစ်သည်။
အစိုးရ ၀န်ထမ်းလောကတွင်မူ ၀င်ငွေကောင်းသည့် အလုပ်အကိုင်အဖြစ် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ခန့်အပ်မည့် ၀န်ထမ်းနေရာများကို စိတ်ဝင်စားနေကြောင်း သိရသည်။
“နေပြည်တော် စည်ပင်ဝန်ထမ်း ဘယ်လောက်ခေါ်မယ်တော့ မထုတ်သေးဘူး။ နောက် တပတ်လောက်အတွင်း ၀န်ထမ်း နေရာတွေ ထွက်လာမယ် ထင်တယ်။ ၀န်ထမ်းလောကမှာ စိတ်ဝင်စားသူ များပါတယ်။ အင်ဂျင်နီယာလိုမျိုး၊ ဦးစီးမှူးလိုမျိုး နေရာတွေ ၀င်တိုးမယ့်သူ များပါတယ်” ဟု ရန်ကုန်စည်ပင်သာယာမှ ၀န်ထမ်းတဦးက ပြောသည်။
စစ်အစိုးရ ပြန်တမ်းဝင်အရာရှိအဆင့် ၀န်ထမ်းနေရာများကို တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိထားပြီးသူများထဲမှ ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့က စိစစ်ရွေးချယ် ခန့်အပ်လေ့ရှိသည်။
ယင်းရာထူးနေရာများအတွက်လည်း ရာထူးနေရာအလိုက် သက်ဆိုင်ရာ ရွေးချယ်ရေး အာဏာပိုင်များကို လာဘ်ထိုးရကြောင်း သိရသည်။
“သာမန် စည်ပင်စာရေး တယောက်ဖြစ်ဖို့ (၁၀) သိန်းပေးရတယ်။ ရာထူးအလိုက်၊ အကပ်အလိုက် ဘွဲ့ရချင်း တူရင်တောင် စာရေးဖြစ်တဲ့သူက ဖြစ်တယ်၊ ဦးစီးမှူးဖြစ်တဲ့သူက ဖြစ်တယ်၊ မတူဘူး” ဟု ရန်ကုန်စည်ပင်သာယာမှ ၀န်ထမ်းက ပြောကြားသည်။
ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...
 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.