31 January 2010

ဗဟိုဦးစီးအဖွဲ့ဝင် စာရင်း ပေးပို့ရန် NLD ဥက္ကဋ္ဌ ညွှန်ကြား

ပြန်လည်ဖွဲ့စည်းမည့် ဗဟိုဦးစီးအဖွဲ့ CC တွင် အဖွဲ့ဝင်အဖြစ် လျာထားမည့် အမည်စာရင်း တင်သွင်းရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ က ပြည်နယ်/တိုင်း စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌများထံ ယခုလ ၂၇ ရက်နေ့တွင် ညွှန်ကြားစာ ပေးပို့လိုက်သည်။

လာမည့်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တွင် ရွေးချယ်ထားသည့် စာရင်းနှင့်အတူ သက်ဆိုင်ရာ ပြည်နယ်/တိုင်း စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့သည် ရန်ကုန် ပါတီရုံးချုပ်တွင် CEC အဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းရန် ညွှန်ကြားခြင်း ဖြစ်သည်။

“ပါတီလုပ်ငန်းတွေ အရှိန်မြှင့်နိုင်ဖို့ ဆောင်ရွက်တာပါ။ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေမှာ အဖွဲ့ချုပ်အနေနဲ့  ပြောင်းလဲရမယ့် အခြေအနေ ရှိနေတယ်။ CC အင်အားသစ်တွေ တိုးလာလို့ရှိရင် ပြည်နယ်နဲ့ တိုင်းတွေမှာ လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ဖို့၊ စည်းရုံးရေးလုပ်ငန်းတွေ အရှိန်မြှင့်တင်ဖို့ပါ။ ဖေဖော်ဝါရီလ ၁၆-၁၇ ရက်တွေမှာ အဖွဲ့ချုပ်ရုံးကိုလာပြီး CEC နဲ့အတူ ဆွေးနွေးညှိနှိုင်းမှာ ဖြစ်ပါတယ်” ဟု အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ယခုလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် CEC အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုင်ငံတဝှန်းရှိ ပြည်နယ်/တိုင်းသို့ ပါတီဥက္ကဋ္ဌက ၂၇ ရက်နေ့တွင် ညွှန်ကြားစာကို ယခုလို ပေးပို့ခဲ့ခြင်းလည်း ဖြစ်သည်။

“CC ကို ပြန်လည်အသစ်ဖွဲ့မှာ ဖြစ်တယ်။ တတိုင်းတပြည်လုံးမှာရှိတဲ့ တိုင်းနဲ့ ပြည်နယ်၊ မြို့နယ်တွေကို ကိုယ်စားပြုမယ့် ပုဂ္ဂိုလ်တွေနဲ့ CC အဖွဲ့ဝင် အများဆုံး ၁၂ဝ၊ အနည်းဆုံး ၉ဝ လောက် ဖွဲ့ဖို့အတွက် လျာထားတယ်။ သူတို့ဟာသူတို့ အောက်ခြေကနေ ရွေးချယ်ပြီးတော့၊ ကျနော်တို့ ဗဟိုကို တက်လာပြီးတော့ အောက်ခြေက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းပြီးတာနဲ့ စတင်ဆောင်ရွက်မှာပါ” ဟု ဦးအုန်းကြိုင်က ဆိုသည်။

ညွှန်ကြားစာထဲတွင် NLD ကို ကျစ်လစ်ခိုင်မာ တောင့်တင်းရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ထိရောက်စွာ လုပ်ဆောင်ရန်အတွက် အရည်အချင်းရှိသူ၊ အဖွဲ့ချုပ်အပေါ် သစ္စာရှိသူ၊ အဖွဲ့ချုပ်နှင့် ယနေ့အထိ မကင်းမကွာ တာဝန်ထမ်းဆောင်နေသူ၊  အဖွဲ့ချုပ်၏ လက်ရှိမူဝါဒ သဘောထားများအတိုင်း ရပ်တည်နေသူ၊ အဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းများအရ အရေးယူခံနေရသူ မဖြစ်စေရ ဟူသည့် ရွေးချယ်ရေးမူ ၅ ချက်ဖြင့် ရွေးချယ်သွားရမည်ဟု ဆိုထားသည်။ 

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် အမျိုးသမီး လုပ်ငန်းအဖွဲ့တို့အနေဖြင့် အများဆုံး ၅ ဦး ထက်မပိုစေရဘဲ ရွေးချယ် ဆုံးဖြတ်ရန်နှင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်တို့အနေဖြင့် အများဆုံး ၇ ဦးထက် မပိုစေဘဲ ရွေးချယ်ဆုံးဖြတ်ကြရန်လည်း ညွှန်ကြားထားသည်။

ထို့ပြင် ပြည်နယ်/တိုင်း စည်းရုံးရေးအဖွဲ့များက ရွေးချယ်ဆုံးဖြတ်ထားသူများသည် ဗဟိုဦးစီးအဖွဲ့ဝင်ဖြစ်ရန် လျာထားစာရင်းသာဖြစ်ကြောင်းနှင့် ယင်းလျာထားစာရင်းနှင့်အတူ သက်ဆိုင်ရာ ပြည်နယ်/တိုင်း စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့သည် ဗဟိုဌာနချုပ်သို့ လာမည့်လ (၁၆/၁၇) ရက်နေ့အရောက် လာရောက်၍ CEC နှင့် တွေ့ဆုံညှိနှိုင်းကြရမည်ဟု ဆိုသည်။

ထို့နောက် CEC သည် ပြည်နယ်/တိုင်းများတွင် CC အဖွဲ့ဝင်ဦးရေ လျှော့ခြင်း၊ တိုးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ လုပ်ငန်းလိုအပ်ချက်အရ ပါဝင်သင့် ပါဝင်ထိုက်သော ပုဂ္ဂိုလ်များကို ထည့်သွင်းနိုင်ခြင်း လုပ်ပိုင်ခွင့်ရှိပါကြောင်းနှင့် CEC က စိစစ်သုံးသပ်ပြီး အပြီးသတ် ရွေးချယ်အတည်ပြု၍ CC ကို ဖွဲ့စည်းမည်ဟု ရေးသားဖော်ပြထားသည်။

ပြန်လည်ဖွဲ့စည်းမည့် CC (ဗဟိုဦးစီးအဖွဲ့) စာရင်းကို လာမည့် လကုန်ပိုင်းတွင် အပြီးသတ် ကြေညာဖွယ်ရှိကြောင်း CEC (ဗဟိုအလုပ်အမှုဆောင်) အဖွဲ့ဝင်အချို့က ခန့်မှန်းပြောဆိုကြသည်။

ညွှန်ကြားစာနှင့်ပတ်သက်၍ မကွေးတိုင်း ရေနံချောင်းမြို့မှ ပါတီခေါင်းဆောင်တဦးကို မေးမြန်းကြည့်ရာ ယနေ့အချိန်ထိ စာမရောက်သေးသော်လည်း လာမည့်လ ၄ ရက်နေ့တွင် ပါတီအစည်းအဝေးရှိသဖြင့် ထို့နေ့တွင် သိရှိနိုင်ကြောင်း ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို CEC အဖွဲ့ဝင် ၁၁ ဦး ရှိခဲ့ရာမှ ယခုလ ၁၄ ရက်နေ့တွင် အဖွဲ့ဝင်သစ် ၉ ဦး ထပ်မံတိုးချဲ့ခဲ့ပြီးနောက် ဗဟိုဦးစီးအဖွဲ့ - CC ကို ပြန်လည်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ CEC တွင် ယခုအခါ အဖွဲ့ဝင် စုစုပေါင်း ဦးရေ ၂ဝ ရှိသွားပြီဖြစ်သည်။

ပြည်နယ်/တိုင်း ကိုယ်စားလှယ်များဖြင့် ၁၉၉ဝ ခုနှစ်အတွင်း စတင်ဖွဲ့စည်းခဲ့သည့် CC အဖွဲ့ဝင် ဦးရေ ၈ဝ ရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင် အများအပြားကို အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သဖြင့် ဖျက်သိမ်းခဲ့သည့် သဘောမျိုး ဖြစ်ခဲ့ရကြောင်း သိရသည်။

ယခုလ ၂၆ ရက်နေ့တွင်လည်း ဗဟို CEC အဖွဲ့ဝင်များထဲမှ ရန်ကုန်တိုင်း NLD တာဝန်ရှိသူများသည် ၎င်းတို့ တိုင်းအတွင်းရှိ မြို့နယ် ၄ဝ အနက် မြို့နယ် ၂ဝ မှ ဥက္ကဋ္ဌများ၊ စည်းအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သလို၊ ယမန်နေ့ကလည်း ကျန်ရှိသည့် မြို့နယ် ၂ဝ နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

“အဖွဲ့ချုပ်ရဲ့ စည်းရုံးရေး ကိစ္စတွေနဲ့ ပတ်သက်လို့  မြို့နယ်က တင်ပြတယ်။ သူတို့ရဲ့ ဆန္ဒသဘောထားတွေ၊ အောက်ခြေလူထုရဲ့ သဘောထားတွေ ဘယ်လိုရှိလဲဆိုတာကို ဆွေးနွေးတဲ့ သဘောပါ။ တင်ပြချက်တွေကို  ရန်ကုန်တိုင်း တာဝန်ခံတွေက ပြန်ရှင်းပြတယ်။ အဓိက ရွှေဂုံတိုင် ကြေညာချက်အပေါ် ဘယ်လိုသဘောထားလဲ။ စည်းရုံးရေးကိစ္စတွေ ဘယ်လိုရှိသလဲဆိုတာ ဆွေးနွေးကြတာပါ” ဟု အဖွဲ့ချုပ် ရန်ကုန်တိုင်း တာဝန်ခံနှင့် CEC အဖွဲ့ဝင် တဦးဖြစ်သူ ဒေါက်တာဝင်းနိုင်က မဇ္ဈိမကို ပြောသည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

တန်းတူရေး လက်ခံလျှင် တော်လှန်ရေး စွန့်မည်ဟု KIO ထပ်ပြော


တိုင်းရင်းသားလူမျိုးများ တန်းတူရေးကို စစ်အစိုးရဘက်က လက်ခံလျှင် လက်နက်ကိုင် တော်လှန်ရေးကို စွန့်လွှတ်မည်ဟု ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ KIO က နအဖ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ယနေ့ တွေ့ဆုံရာတွင် ထပ်မံပြောဆိုလိုက်ပြန်သည်။

နအဖ အနေဖြင့် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ပါ တန်းတူအခွင့်အရေးကို လက်ခံပါက KIO သည် စစ်အစိုးရ အဆိုပြုထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် မလိုအပ်ဘဲ တော်လှန်ရေးကိုပင် စွန့်လွှတ်မည်ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် - မပခ ရုံးတွင် တွေ့ဆုံကြရာ၌ KIO က ယခုလို ထပ်မံပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဤပြောဆိုချက်မှာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်းနှင့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များသည် တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေးကို အခြေခံပြီး တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှ အခွင့်အရေး အာမခံသည့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့်အပေါ် ရည်ညွှန်း၍ ပြောဆိုခြင်းလည်း ဖြစ်သည်။

တိုင်းရင်းသား အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် KIO အဖွဲ့ ဥက္ကဋ္ဌ ဦးဇောင်းခရား၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂေါင်ရီဇော်ဆိုင်း၊ အဖွဲ့ဝင် ၇ ဦးတို့ ယနေ့ မွန်းလွဲ ၂ နာရီမှ စတင်၍ တနာရီခန့်ကြာ ဆွေးနွေးခဲ့ကြသည်။

“ဒီနေ့ တနာရီလောက် ကြာပါတယ်။ ဗိုလ်ချုပ်ရဲမြင့်တို့ တိုင်းမှူးတို့နဲ့ သွားတွေ့ပါတယ်။ KIO က ၉ ယောက်ပါ” ဟု မြစ်ကြီးနားမြို့ KIO ဆက်ဆံရေးရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ယခုနှစ်ထဲတွင် ၎င်းတို့အကြား ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း KIO ရုံးက ဆိုသည်။

တွေ့ဆုံပွဲတွင် စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်ကမူ နယ်ခြားစောင့်တပ် BGF ပြောင်းလဲဖွဲ့စည်းရန်ကိုသာ ပြန်လည်ပြောဆိုခဲ့သည်။

မြောက်ပိုင်းတိုင်း - မပခ တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် KIO ကိုယ်စားလှယ်တို့ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ၁ဝ ကြိမ်မြောက် တွေ့ဆုံခဲ့စဉ်ကလည်း နယ်ခြားစောင့်တပ်အရေး မည်သည့်အဖြေမျှ မရရှိခဲ့သဖြင့် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က ယခုလို ထပ်မံဆွေးနွေးခြင်းလည်း ဖြစ်သည်။

KIO က တိုင်းရင်းသား လူမျိုးများ တန်းတူရေး တောင်းဆိုချက်ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ တင်ပြခဲ့သော်လည်း ယနေ့ထိ တုံ့ပြန်ခြင်း မရှိသေးကြောင်း ကချင်အရာရှိက ဆိုသည်။

ထို့ပြင် KIO အဖွဲ့အတွင်းရှိ ဌာနတချို့ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု KIO က တင်ပြခဲ့သည်ကိုလည်း တိုင်းမှူးက မည်သည့် တုံ့ပြန်ချက်မှ မပေးခဲ့ကြောင်း သိရသည်။

KIO က အဖွဲ့၏ လက်နက်ကိုင်တပ် KIA ကို ကချင်ဒေသလုံခြုံရေးတပ် - KRGF အဖြစ် ပြည်နယ်အစိုးရ လက်အောက်တွင် ဖွဲ့စည်းလိုကြောင်းလည်း တင်ပြထားသည်။

နှစ်ဖက်ကိုယ်စားလှယ်များအကြား ယခုကဲ့သို့ သဘောတူညီမှုမရသေးသည့် အချိန်တွင် ၄၉ နှစ်မြောက် ကချင် တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲနှင့် ကချင်ရိုးရာ မနောပွဲတော်ကို မြစ်ကြီးနားမြို့နယ် အင်ဂျန်းယန် နယ်မြေရှိ KIA တပ်မဟာ ၁ နယ်မြေတွင် လာမည့်လ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပမည်ဟု KIO က ထုတ်ဖော်ပြောဆိုသည်။

မြစ်ကြီးနားမြို့နယ် နမ္မတီးဒေသရှိ KIA တပ်ရင်း ၁၁ တွင်လည်း စစ်အစိုးရနှင့် KIO အဖွဲ့က အပစ်ခတ်ရပ်စဲခဲ့သည့် ၁၆ နှစ်ပြည့် အခမ်းအနားနှင့် တိုင်းရင်းသားပေါင်စုံ ပါဝင်သည့် ချစ်ကြည်ရေး မနောပွဲကို လာမည့်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပမည်ဟုလည်း ဆိုသည်။

အဆိုပါ ချစ်ကြည်ရေး မနောပွဲသို့ ကချင်ပြည်နယ်အတွင်းရှိ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်မြို့မှ တိုင်းရင်းသားများ၊ ကချင်ယဉ်ကျေးမှုအဖွဲ့များသာမက ပြည်နယ်တွင်းရှိ ခရစ်ယာန်ဂိုဏ်းပေါင်းစုံကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။

၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလတွင် KIO က နအဖ စစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

28 January 2010

ဇာဂနာမွေးနေ့ ချင်းမိုင်တွင် ကျင်းပ

ယခုလက်ရှိတွင် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသော မြန်မာ့စွယ်စုံ အနုပညာရှင် ကိုသူရ (ခ) ကိုဇာဂနာ၏ ၄၉ နှစ်မြောက် မွေးနေ့ပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည်။

ဇန်န၀ါရီလ ၂၇ရက်နေ့တွင် ကျရောက်သော ကိုဇာဂနာ၏ ၄၉နှစ်မြောက်မွေးနှစ်ပွဲအထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်း တကျောင်း၌ လူရွှင်တော် ဂေါ်ဇီလာ ဦးဆောင်သော သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့မှ နံနက် ၁၀ နာရီအချိန်တွင် ဆွမ်းကပ်ဆုတောင်းပွဲ တရပ် ကျင်းပခဲ့သည်။

ကိုဇာဂနာသည် တိုင်းပြည်နှင့် လူမျိုး အပေါ် အစဉ်အမြဲ အာရုံစိုက်ပြီး လူအများ၏ အကျပ်အတည်း များကို လေ့လာသည့် အနုပညာရှင် တဦး ဖြစ်သည်ဟု  သီလေးသီး ဆေးရောင်စုံ အငြိမ့် အဖွဲ့မှ ကိုဂေါ်ဇီလာက ဧရာဝတီသို့ ပြောသည်။

၎င်းသည် နိုင်ငံရေး အသိအမြင်ရှိသော လူရွှင်တော် တယောက် ဖြစ်သည့် အလျောက် သူ၏ နိုင်ငံရေး ပြက်လုံးများ သည်လည်း  ပြည်သူများ အကြား အထူးရေးပန်းစား ခဲ့သည်။

“ကိုဇာဂနာဟာ တိုင်းပြည်နှင့် လူမျိုးအတွက် အနစ်နာခံတဲ့ အနုပညာရှင် တယောက် ဖြစ်တယ်။ တိုင်းပြည် အကျိုး သယ်ပိုးနေတဲ့ လူတွေကို အသက် ရှည်စေချင် ပါတယ်။ ကိုဇာဂနာလို လူမျိုးတွေ အသက်ရှည်ပြီ အန္တရာယ် အပေါင်းမှ ကင်းဝေးစေရန် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဆွမ်းကပ်ပြီး ဆုတောင်းခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။

၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းသင့် ဒေသများသို့ သွားရောက် အကူအညီပေးနေသော ကိုဇာဂနာအား အာဏာပိုင်များက ဖမ်းဆီးပြီး အင်းစိန်ထောင် တရားရုံးတွင် အီလက်ထရွန်နစ် အက်ဥပဒေ ပုဒ်မ ၃မှု  အပါအ၀င် စုစုပေါင်း အနည်းဆုံး ပုဒ်မ ၅ခုဖြင့် တရားစွဲဆိုခြင်း ခံရကာ ထောင်ဒဏ် ၅၉နှစ် ချမှတ်ခံခဲ့ရသည်။ သို့သော် ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလတွင် အီလက်ထရွန်နစ် အမှု တခုကို ထောင်ဒဏ် ၈နှစ်စီဖြင့် စုစုပေါင်း ၂၄နှစ်လျှော့ပေါ့ပေးခဲ့ရာ ၎င်းမှာ ထောင်ဒဏ်  ၃၅နှစ် ကျခံရန်ရှိနေသေးသည်။

“သူ့ကို အာဏာပိုင်တွေက ဒီ ၂၀၁၀မှာ ပြန်လွှတ်ပေးမယ်လို့ ကျနော် မထင်ဘူး။ တကယ်လို့ သူလွတ်လာခဲ့ရင်တော့ အများအကျိုးတွေကို ဒီထက်ပိုပြီး ဆောင်ရွက်လိမ့်မယ့် ဆိုတာကိုတော့ ကျနော် ယုံကြည်တယ်” ဟု ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးကျော်သူက ဆိုသည်။

၂၀၀၇ခုနှစ် စက်တင်ဘာလတွင် ပေါ်ပေါက်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးအတွင်း သပိတ်မှောက်သံဃာများအား ဆွမ်းကပ်လှူသည့်အတွက်လည်း ယာယီထိန်းသိမ်းခြင်း ခံခဲ့ရသေးသည်။

ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်း က “ ကိုသူရ မွေးနေ့အတွက် ဘုန်းကြီးကျောင်းကို ဆွမ်းပို့ပါတယ်။ ဒီနှစ် ၂၀၁၀ပြည့်နှစ်အတွင်းမှာ ကိုသူရ အပါအ၀င် အနိုင်ငံရေး အကျဉ်းသားများ ပြန်လွတ်လာမှာကို နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက မျှော်လင့်နေတာပေါ့” ဟု ပြောသည်။

ကိုဇာဂနာသည် ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှု အရေးတော်ပုံမှစ၍ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သောကြောင့် စစ်အစိုးရက ၎င်းအား အကြိမ်ကြိမ် ဖမ်းဆီးအကျဉ်းချခဲ့သည်။

၎င်းသည် ၁၉၉၁ခုနှစ်အတွင်း လူ့အခွင့် အရေးဆိုင်ရာ နိုင်ငံတကာဆုတဆု ရရှိခဲ့သည်။   ထို့ပြင် ၂၀၀၈ခုနှစ်တွင်လည်း ကနေဒါနိုင်ငံ ကလောင်ရှင်များအဖွဲ့ (PEN Canada) က One Humanity Award ဆုကို ထပ်မံ ချီးမြှင့်ခြင်း ခံခဲ့ရသည်။
ဧရာဝတီမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ကိုညီညီအောင်အမှု အမိန့်ချမည့်ရက် ရွှေ့ဆိုင်း

အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင် အမှုနှင့်ပတ်သက်၍ ယနေ့ အမိန့်ချရန် ချိန်းဆိုခဲ့သော်လည်း လာမည့်လ ၁၀ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ကိုညီညီအောင် (၄၀ နှစ်) ၏ အမှုကို အသေးစိတ်လေ့လာရန် လိုအပ်သေးသဖြင့် အင်းစိန်ထောင်တွင်း တောင်ပိုင်းခရိုင် တရားရုံး တရားသူကြီး ဦးညိုထွန်းက ယမန်တပတ် ထပ်ပေးလိုက်ခြင်းဖြစ်သည်။

“ဒီနေ့ အမိန့်မချဖြစ်ပါဘူး။ ရမန်ပြန်ပေးတယ်။ (မနက်) ၁၀ နာရီမှာ စပါတယ်။ ၁၀ နာရီ ၁ မိနစ်မှာ ပြီးသွားပါတယ်။ တရားသူကြီး ပြောတာက ညီညီအောင်အမှုနဲ့ ပတ်သက်ပြီး အသေးစိတ်လေ့လာဖို့ လိုအပ်နေသေးလို့လို့ ပြောပါတယ်” ဟု ကိုညီညီအောင်၏ ရှေ့နေဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ရုံးချိန်းသို့ ရန်ကုန်ရှိ အမေရိကန် ကောင်စစ်ဝင် အပါအဝင် နှစ်ဦး တက်ရောက်နားထောင်ခဲ့သည်။

ကိုညီညီအောင်သည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကို စစ်တပ်က အကြမ်းဖက်နှိမ်နင်း၍ အာဏာသိမ်းပြီး နောက်ပိုင်း တောခိုခဲ့ကာ၊ ထိုမှတဆင့် အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့သည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၃ ရက်နေ့က  ထိုင်းနိုင်ငံ ဘန်ကောက်မှတဆင့် ပြန်လာစဉ် ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်၌ အဖမ်းခံရသည်။

သူ့အား ရန်ကုန်၌ နေထိုင်ခဲ့စဉ်က နေရပ်လိပ်စာပြောင်းခြင်း၊ အမေရိကန် နိုင်ငံသားအဖြစ် ခံယူခြင်းတို့အား သတင်းမပို့သဖြင့်ဟု ဆိုကာ မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ခြင်း အက်ဥပဒေ ပုဒ်မ ၆ (၃)၊ ဆိုက်ကားသမားတဦး၏ မှတ်ပုံတင်၌ ဓာတ်ပုံပြောင်းလဲကပ်၍ မှတ်ပုံတင်အတု ကိုင်ဆောင်သည်ဟု စွပ်စွဲ၍ ပုဒ်မ ၄၆၈၊ နိုင်ငံခြားငွေ လဲလှယ်မှု ပုဒ်မ ၂၄ (၁) တို့ဖြင့် တရားစွဲထားကြောင်း သိရသည်။

ယင်းစွပ်စွဲချက်များသည် ဥပဒေပြဋ္ဌာန်းချက်များနှင့် မကိုက်ညီကြောင်း ယခုလ ၂၂ ရက်နေ့က လျှောက်လဲချက် ပေးခဲ့သည်ဟု ရှေ့နေဦးဥာဏ်ဝင်းက ပြောသည်။

ကိုညီညီအောင်အား တရားခွင်သို့ လက်ထိပ်ခတ် ခေါ်ဆောင်လာလေ့ရှိသည်ကို ဥပဒေနှင့် မညီကြောင်း သူ၏ ရှေ့နေများက ယခင်ကတည်းက တရားရုံးသို့ လျှောက်လဲခဲ့သော်လည်း ယနေ့ထိ လက်ထိပ်ခတ်၍ ရုံးထုတ်နေဆဲဖြစ်သည်။

သူ၏ အဒေါ်များဖြစ်သည့် ဒေါ်စုစုကြည်နှင့် ဒေါ်ခင်ခင်ဆွေတို့ နှစ်ဦးလည်း ယနေ့ ရုံးချိန်းသို့ တက်ရောက် ကြားနာခွင့် မရကြပေ။ ထို့ပြင် ယခုလ ၁၈ ရက်နေ့က ထောင်ဝင်စာသွားတွေ့စဉ်ကလည်း တွေ့ဆုံခွင့် မရခဲ့ပေ။

ယခုလ ၁၂ ရက်နေ့မှစတင်၍ ကိုညီညီအောင်ကို ချုပ်ထားသည့်အခန်းအား တာလပတ်ဖြင့် ပတ်ပတ်လည် ကာရံထားခဲ့ကြောင်း သိရသည်။

ကိုညီညီအောင်၏ မိခင်နှင့် ညီမဝမ်းကွဲ အပါအဝင် မိသားစုဝင် ၅ ဦးကိုလည်း နိုင်ငံရေးလှုပ်ရှားမှုများဖြင့် ဖမ်းဆီးထားသည်။ မိခင် ဒေါ်စန်းစန်းတင် ထောင်ဒဏ် ၅ နှစ် (မိတ္ထီလာထောင်) နှင့် ဝမ်းကွဲ ညီမ မသက်သက်အောင် ၆၅ နှစ် (မြင်းခြံထောင်) အသီးသီး အကျဉ်းကျနေသည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

အပစ်ရပ် မိုင်းလားအဖွဲ့ အတွင်းရေးမှူး လုပ်ကြံခံရ

ရှမ်းပြည် (အရှေ့ပိုင်း) အထူးဒေသ ၄ ရှိ စစ်အစိုးရနှင့် အပစ်ရပ်ထားသည့် မိုင်းလားအဖွဲ့ ခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NDAA အတွင်းရေးမှူးသည် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ယနေ့နံနက်ပိုင်းတွင် မိုင်းလားမြို့တွင် သေဆုံးသွားသည်။

NDAA – National Democratic Alliance Army အတွင်းရေးမှူး ဦးမင်းအိမ် (ခေါ်) Lin Hongshen သည် ယနေ့နံနက် ၆ နာရီခွဲခန့်က အဖော်တဦးနှင့်အတူ မိုင်းလားမြို့တွင်း လမ်းလျှောက်စဉ် သေနတ်သမားများက ပစ်ခတ်သဖြင့် သေနတ်ဒဏ်ရာ ၇ ချက်ခန့် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။

အဖော်ဖြစ်သူလည်း ဒဏ်ရာပြင်းထန်စွာ ရရှိသဖြင့် တရုတ်နယ်စပ် ဆေးရုံတွင် ယခုအခါ ဆေးကုသမှု ခံယူနေရသည်။

ယခုလုပ်ကြံမှုကြောင့် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် အဆိုပြုချက်ကို ငြင်းဆန်နေသည့် NDAA အဖွဲ့တွင်း အခြေအနေများ ရှုပ်ထွေးနေပြီး၊ အောက်ခြေတပ်သားထု အသိုင်းအဝိုင်းက နအဖ စစ်တပ်နှင့် နီးစပ်သူများကို မလိုလား၍ လုပ်ကြံခြင်းလည်း ဖြစ်နိုင်ကြောင်း NDAA နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

“ခေါင်းဆောင်တွေထဲမှာ နအဖ စစ်တပ်နဲ့ ဆက်စပ်ရတဲ့ လုပ်ငန်းတွေထဲမှာ အဓိက တာဝန်ယူပြီး လုပ်ရတဲ့သူဖြစ်တော့ အောက်ခြေပိုင်းက မကျေနပ်လို့လုပ်တာလို့ ယူဆနေကြတယ်။ နအဖနဲ့ ဆက်ဆံတဲ့နေရာမှာ သဘောထား ထက်သန်တဲ့သူလို့ (သူ့ကို) ယူဆကြတာပေါ့။ အဲဒါကြောင့် စနစ်တကျ လုပ်လိုက်တဲ့ သဘောပေါ့” ဟု သူက ဆိုသည်။

ဦးမင်းအိမ် (၅၇ နှစ်) သည် ဗန်းမော်မြို့သားဖြစ်ကာ ၁၉၇၈ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရကို လက်နက်ကိုင် တော်လှန်ရန် ဗမာပြည် ကွန်မြူနစ်ပါတီ - ဗကပ ဌာနချုပ် တည်ရှိရာ ရှမ်းပြည် အရှေ့မြောက်ဒေသသို့ စတင်ရောက်ရှိလာခဲ့သည်။

ထို့နောက် မုံးကိုးမြို့ရှိ ဗကပ ပါတီ မြောက်ပိုင်းဗျူရို စစ်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် စစ်အကြံပေးနှင့် နိုင်ငံရေး တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၁၉၈၉ ခုနှစ် ဗကပ ပြိုကွဲချိန်တွင် ၈၁၅ စစ်ဒေသ မိုင်းလားမြို့သို့ လိုက်ပါလာခဲ့ပြီး ၁၉၈၉ ခုနှစ် ဇွန်လပိုင်းတွင် နအဖ စစ်တပ်နှင့် ငြိမ်းချမ်းရေး ရယူခဲ့ရာ ရှမ်းအရှေ့ အထူးဒေသ ၄ မိုင်းလားအဖွဲ့အဖြစ် သတ်မှတ်ခဲ့သည်။

ထိုအချိန်မှစ၍ NDAA အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ရာ သူသည် အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်လာခဲ့သည်။

  မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

လားရှိုးတွင် စစ်တပ်ကို စည်းရုံးသည့် စာများကပ်

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ လူထုစားဝတ်နေရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် စစ်တပ်ပါ ပူးတွဲဖြေရှင်းစေလိုသည့် စည်းရုံးရေး စာများအား မကြာသေးခင်က ဓာတ်တိုင်နှင့် သစ်ပင်များတွင်ကပ်၍ လှုံ့ဆော်ခဲ့ကြောင်း နယ်မြေခံ ရဲစခန်းနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယခုလ ၂၄ ရက်ညနှင့် ၂၅ ရက်နံနက်တွင် လားရှိုးမြို့ တိုင်းရုံးလမ်း၊ ဗျူဟာလမ်းနှင့် ဘူတာလမ်းတို့တွင် ကပ်သွားကြောင်း ရပ်ကွက် ၂ ရှိ အမှတ် (၁) ရဲစခန်းက မဇ္ဈိမကို ပြောသည်။

“စာတွေကို လိုက်ဖြန့်တဲ့ လူတွေကိုမှ ကျနော်တို့ မတွေ့လိုက်ရဘူး။ ကျနော်တို့အနေနဲ့ကတော့ အဲဒီစာတွေကို ပြန်သွားခွာကြတာမျိုးလောက်ပဲ လုပ်ခဲ့ရပါတယ်” ဟု ရဲစခန်းတာဝန်မှူးက ပြောသည်။

“တပ်နဲ့ပြည်သူ ဘဝတူ၊ အတူလက်တွဲ ဒို့အောင်ပွဲ” ၊ “စားဝတ်နေရေး ဖူလုံရေး၊ ချက်ချင်း ဖြေရှင်းပေး” “တွေ့ဆုံဆွေးနွေးအဖြေရှာရေး၊ လက်တွေ့ဦးစားပေး” စသည့် လှုံ့ဆော်စာများဖြစ်ကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

ထိုင်းနိုင်ငံရှိ တအောင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးကလည်း လားရှိုးရှိ အဆက်အသွယ်များမှ တဆင့် လှုံ့ဆော်စာများ ဖြန့်သွားသည်ကို ကြားသိရကြောင်းနှင့် မည်သူကပ်သွားသည်ကို မသိရသော်လည်း လားရှိုးမြို့မှ စစ်တပ်အသိုင်းအဝိုင်းကို အဓိကထား အသိပေးလိုခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

“အဲဒီလိုမျိုးနေရာတွေက တပ်ကမိသားစုတွေပဲ အနေများတယ်လေ။ နောက်တခု ထူးခြားတာက ဒီစစ်သားတွေရဲ့ မိသားစုတွေက သူတို့ရတဲ့ လစာတို့၊ ရိက္ခာတို့ မလုံလောက်ဘူးလို့လည်း ခဏခဏ ပြောတယ်လေ” ဟု အစည်းအရုံးမှ ပြောရေးဆိုခွင့်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

ဒယ်အိုးပုံစံရှိ လားရှိုးမြို့ပတ်လည်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် - ရမခ အပါအဝင် လက်အောက်ခံ ခလရ ၄၁၊ ၆၈၊ ၅ဝ၇ နှင့် အမှတ် ၁ဝ စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ် ၆၂၆ ထောက်ပို့၊ အမြောက်တပ်ရင်း၊ သံချပ်ကာတပ်ရင်း၊ မော်တော်ယာဉ် သိုလှောင်ရေး တပ်ရင်း၊ ဝန်တင်တပ်ရင်း စသည့် တပ်များတည်ရှိကြောင်း မြိုခံများထံမှ သိရသည်။

ယင်းစာများ ကပ်ပြီးနောက်ပိုင်း အမှုဖွင့်အရေးယူနိုင်ခြင်း မရှိခဲ့သော်လည်း နယ်မြေခံရဲများနှင့် စစ်သားများ ပူးပေါင်းသည့် “လှည့်ကင်း” အကြိမ် အရေအတွက်မှာမူ ပိုမိုများပြားလာကြောင်း အမှတ် (၁) ရဲစခန်းက ဆိုသည်။

ယခင်က လားရှိုးတွင် ရဲတပ်ဖွဲ့တခုတည်းသာ ကင်းလှည့်လေ့ရှိကြောင်း ရဲ တာဝန်မှူးက ပြောသည်။

ထို့ပြင် ယခင်က ရမခ စစ်ဌာနချုပ် ဝင်းအတွင်းသို့ အရပ်သားများ ဝင်ထွက်သွားလာနိုင်သော်လည်း ယခုမူ ရမခ ဝင်းအတွင်းနေ မိသားစုများမှလွဲ၍ အပြင်လူများ ဝင်ခွင့်မရတော့ကြောင်း တိုင်းရုံးအတွင်း နေထိုင်သူတဦးထံမှ သိရသည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

26 January 2010

ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို သုံးခွင့်မပေးတော့

ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံများကို ဂျာနယ်တိုက်များတွင် အသုံးပြုရန် သတင်းနှင့်ပြန်ကြားရေးဌာနက ပေးလေ့ရှိ သော်လည်း ယခုနောက်ဆုံး ဦးအောင်ကြည်နှင့် တွေ့ဆုံသည့်ပုံမှစ၍ မပေးတော့ကြောင်း ဂျာနယ်တိုက်များထံမှ စုံစမ်းသိရသည်။
ဂျာနယ် အယ်ဒီတာတဦးက “ခါတိုင်းဆို အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတဲ့ ဓာတ်ပုံဖြစ်စေ၊ အစိုးရက တာဝန်ယူပေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေ ဆွေးနွေးပွဲဓာတ်ပုံမျိုးတွေကို ဖြစ်စေ၊ သတင်းနဲ့ ပြန်ကြားရေးဌာနကနေ ကျနော်တို့ ဂျာနယ်တိုက်တွေက တောင်းယူ အသုံးပြုလေ့ရှိတယ်။ ငွေတော့ နည်းနည်းပါးပါး ပေးရတာပေါ့။ ကျနော်တို့က အဲဒီပုံတွေကို သုံးရတယ်။ အခု နောက်ဆုံး ဦးအောင်ကြည်နဲ့ ဆွေးနွေးပွဲ ဓာတ်ပုံကိုကျတော့ ဘယ်တိုက်ကိုမှ မပေးတော့ဘူး။ ဘာအကြောင်းပြချက်မှတော့ မပေးဘူး။ ခါတိုင်းဆို ဒီလို သတင်းဓာတ်ပုံမျိုးကို ကျနော်တို့ ရောင်စုံပုံနဲ့ ကောင်းကောင်းမွန်မွန် ဖော်ပြခွင့်ရတယ်။ ခုတော့ ပုံနှိပ်အရည်အသွေး အရမ်းနိမ့်တဲ့ သတင်းစာထဲက ဓာတ်ပုံကို စကင်လုပ်ပြီး ဖော်ပြရတော့ ပုံတွေက မဲနေတယ်။ မကောင်းဘူး။ ဂျာနယ်တိုင်း ဒီလိုပဲ သုံးကြရတယ်။ တချို့ ဂျာနယ်တွေကတော့ ဓာတ်ပုံတောင် မထည့်တော့ဘူး” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီပါတီနှင့် အစိုးရထိပ်တန်းခေါင်းဆောင်တို့၏ သတင်းဓာတ်ပုံများနှင့်ပတ်သက်၍ ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်သတင်းထောက်များ သတင်းတက်ယူခွင့် မရှိသကဲ့သို့ သတင်းဓာတ်ပုံလည်း မရကြဘဲ စစ်အစိုးရ သတင်းနှင့် ပြန်ကြားရေးဌာနကသာ ရိုက်ကူးပြီး ဂျာနယ်များက ၎င်းတို့ထံမှ ဓာတ်ပုံအသုံးပြုခွင့် တောင်းခံကြရသည်။
သတင်းစာသားကိုမူ ဝေဖန်ချက်၊ ဖြည့်စွက်ချက် မပါစေရဘဲ သတင်းစာတို့တွင် ဖော်ပြသည့်အတိုင်းသာ ရေးသားခွင့်ရကြသည်။
ထိုမျှသာ ဖော်ပြခွင့်ရသော်လည်း ပုဂ္ဂလိက ဂျာနယ်များက ပြည်သူတို့ တွေ့မြင်ချင်သည့် အဆိုပါ သတင်းဓာတ်ပုံမျိုးကို ဂျာနယ် မျက်နှာဖုံးတို့တွင် ပုံကြီးနှင့်ဖော်ပြခဲ့ကြသည်။
နောက်ပိုင်း စစ်အစိုးရ စာပေစိစစ်ရေးက ပိတ်ပင်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ ပါတီခေါင်းဆောင်ပုံများကို မျက်နှာဖုံးတွင် ဖော်ပြခွင့်မရဘဲ အတွင်းစာမျက်နှာများ၌သာ ဖော်ပြခွင့်ရသည်။
ယခုတဖန် အတွင်းစာမျက်နှာတို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရောင်စုံဓာတ်ပုံများ ဖော်ပြနေခြင်းကို စာပေစိစစ်ရေးက မနှစ်မြို့သည့်အတွက် ယခုကဲ့သို ဓာတ်ပုံသုံးခွင့် မပေးတော့ခြင်း ဖြစ်နိုင်ကြောင်း ပုဂ္ဂလိက ဂျာနယ်အသိုင်းအဝိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြောဆိုနေကြသည်။
အန်အယ်လ်ဒီပါတီ ခေါင်းဆောင်များ၏ပုံကို မျက်နှာဖုံး၌ ဖော်ပြခဲ့၍ ပြည်တွင်းထုတ် ဂျာနယ်တစောင် ပြင်းထန်စွာ သတိပေးခံခဲ့ရဖူးသည်။


ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ဧရာဝတီ မြစ်ကူးတံတားကြီး (၄) စင်း ဆောက်လုပ်ရေး နအဖနှင့် တရုတ်ကုမ္ပဏီ ညှိနှိုင်း

နောက်ထပ် တည်ဆောက်မည့် ဧရာဝတီ မြစ်ကူးတံတားကြီး (၄) စင်း ဆောက်လုပ်ခွင့်အတွက် တရုတ် CMAC Engineering Group Co Ltd က စစ်အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းနေပြီဖြစ်သည်။
ယခုလ (၂၂) ရက်တွင် စစ်အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီးနှင့် တရုတ်နိုင်ငံ China CMAC Engineering Group Co Ltd ဥက္ကဋ္ဌ Madam Luo Yan တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်ဖြစ်သည့် The New Light of Myanmar သတင်းစာတွင် ဖော်ပြသည်။
မြန်မာဘာသာဖြင့်ထုတ်ဝေသည့် သတင်းစာများတွင်မူ ဧရာဝတီ မြစ်ကူးတံတား (၄) စင်း တည်ဆောက်ရေး တရုတ်နှင့် ညှိနှိုင်း နေခြင်းကို မဖော်ပြဘဲ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် The New Light of Myanmar တွင်သာ သတင်းထုတ်ပြန်သည်ကို တွေ့ရသည်။
တည်ဆောက်မည့် မြစ်ကူးတံတားကြီးများမှာ ဧရာဝတီတံတား (ပခုက္ကူ)၊ ဧရာဝတီတံတား (စင်းခန်း)၊ ဧရာဝတီတံတား (ညောင်တုန်း) နှင့် ဧရာဝတီတံတား (မလွန်) တို့ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အသိုင်းအ၀ိုင်းမှ သိရသည်။
တရုတ်ကုမ္ပဏီ China CMAC Engineering Group Co Ltd က အဆိုပါတံတား (၄) စင်း တည်ဆောက်ရေးအတွက် လုပ်ငန်းအကြို စီမံကိန်းများကို ထိုနေ့က ဆွေးနွေးကြကြောင်း သိရသည်။
မြန်မာနိုင်ငံ မြောက်ဘက်စွန်းမှ တောင်ဘက်စွန်းဒေသထိ ဖြတ်သန်းစီးဆင်းနေသော ဧရာဝတီမြစ်ကြီးပေါ်တွင် ယခင် မြစ်ကူး တံတားကြီး (၈) စင်းရှိနေရာမှ ယခု တံတား (၄) စင်း ထပ်မံတည်ဆောက်မည်ဖြစ်ရာ ဧရာဝတီမြစ်ကူးတံတားကြီး (၁၂) စင်း ရှိလာမည်ဖြစ်သည်။
စစ်အစိုးရလက်ထက် မြစ်ကူး ချောင်းကူး တံတားပေါင်းများစွာ တည်ဆောက်ထားသော်လည်း တံတားကြေး ကြီးမြင့်မှုကြောင့် ကုန်စည်ပို့ဆောင်ရေး နှုန်းထားများ မြင့်တက်နေဆဲဖြစ်သည်။
ထို့အပြင် တံတားများကို အချိန်အကန့်အသတ်ဖြင့် သွားလာခွင့် ပြုထားသည့်အတွက် သွားလာရေး အဆင်ပြေချောမွေ့ ရမည့်အစား အခက်အခဲတခုအဖြစ် ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက ရှုမြင်သည်။
၎င်းက “စစ်တောင်းတံတားကို ဖြတ်ဖို့ဆိုရင် မနက် (၆) နာရီကနေ ည (၈) နာရီထိပဲ ဖြတ်သန်းသွားလာခွင့်ရှိတယ်။ အဲတော့ တံတားတွေဆောက် လမ်းတွေဖောက်တာရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲလို့ ပြန်မေးစရာ ဖြစ်နေပါတယ်” ဟု ပြောသည်။
စစ်အစိုးရလက်ထက်တွင် မြန်မာ့အသက်သွေးကြောဟု တင်စားခေါ်ဝေါ်သည့် ဧရာဝတီမြစ်အပါအ၀င် ၎င်း၏ အဓိက မြစ်လက်တက်များပေါ်တွင် ဆည်တာတမံများ ပိတ်ဆို့မှု၊ တံတားများ တည်ဆောက်မှုကြောင့် ရေဝေရေလဲ ဧရိယာများ ကမောက်ကမ ဖြစ်နိုင်ကြောင်း ပြည်တွင်းမှ သဘာဝပတ်ဝန်းကျင် လေ့လာသူများက ပြောဆိုသည်။
ထို့အပြင် ပြည်တွင်းအခြေစိုက် သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့များက အသေးစိတ် စုံစမ်းဖော်ထုတ်ခွင့် မရရှိခြင်း၊ ပြည်ပအခြေစိုက် သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့များနှင့် အလှမ်းကွာဝေးခြင်းတို့ကြောင့် ဧရာဝတီသည် အကာအကွယ်မဲ့လျက်ရှိကြောင်း သဘာဝပတ်ဝန်းကျင် လေ့လာသူပညာရှင်များက သုံးသပ်ကြသည်။
စစ်အစိုးရက ဧရာဝတီမြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်း (၇) ခုနှင့် မြစ်ဖြတ်တံတား (၈) စင်း တည်ဆောက်ခဲ့ပြီး ဧရာဝတီ၏အဓိက မြစ်လက်တက်များဖြစ်သော မြစ်ငယ်မြစ်၊ တာပိန်းမြစ်၊ ရွှေလီမြစ်၊ မူးမြစ်၊ ချင်းတွင်းမြစ်တို့တွင်လည်း ရေအားလျှပ်စစ်စီမံကိန်းအတွက် ဆည်တမံများ တည်ဆောက်ထားပြီးဖြစ်သည်။
ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

စက်မှုလုပ်ငန်းရှင်များ နေရာသစ်သို့ မပြောင်းပါက စည်ပင်ဥပဒေအရ တရားစွဲခံရမည်

ရန်ကုန်တွင် ကားဝပ်ရှော့နှင့် အသေးစားစက်မှုလုပ်ငန်းအားလုံးကို ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး လုပ်ငန်းက ဖော်ထုတ်ပေးထားသည့် မြေကွက်များတွင် ပြောင်းရွှေ့လုပ်ကိုင်ကြရန် နောက်ဆုံး သတိပေးထားကြောင်း တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (တယက) မှ သိရသည်။
ပြောင်းရွှေ့ရန်အမိန့်ကို လုပ်ငန်းရှင်များအား ယမန်နှစ် ဒီဇင်ဘာလက အသိပေးထားပြီးဖြစ်ကြောင်း၊ မလိုက်နာပါက လုပ်ငန်းလိုင်စင် ပိတ်သိမ်းမည်ဖြစ်ကြောင်း တယကမှ တာဝန်ရှိသူက ပြောသည်။
ရန်ကုန်တွင် လုပ်ငန်းပြောင်းရွှေ့ရန် စာရင်းကောက်ခံထားသည့် လုပ်ငန်းရှင်ပေါင်း (၁,၀၀၀) ကျော်ရှိသည့်အနက် မြေကွက် အတွက် ငွေပေးသွင်းထားသူပေါင်းမှာ (၃,၀၀) ကျော်ရှိကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။
နေရာမပြောင်းရွှေ့သော လုပ်ငန်းရှင်များသည် လျှပ်စစ်ဖြတ်တောက်ခြင်း၊ ရန်ကုန်စည်ပင်ဥပဒေအရ တရားစွဲဆိုခြင်း ခံရမည်ဟု တယကမှ အမိန့်ထုတ်ထားကြောင်းလည်း အလုံမြို့နယ်ရှိ ကားဝပ်ရှော့တခုမှ တာဝန်ခံတဦးက ပြောသည်။
၎င်းက “ကျနော်တို့အနေနဲ့ လုပ်ငန်းတွေ မကောင်းကြဘူး၊ ဒါ့ကြောင့် လက်ရှိလုပ်နေတဲ့ နေရာကနေပြီးတော့ မပြောင်းနိုင် သေးဘူး။ ပြောင်းရွှေ့ဖို့ လိုအပ်တဲ့ငွေက သိန်း (၁၀၀) လောက် အနည်းဆုံး ကုန်မယ်။ မြေကွက်က သိန်း (၆၀) နဲ့  ၀ယ်ရမယ်။ ပြောင်းရွှေ့စရိတ်နဲ့ လုပ်ငန်းအတွက် အဆောက်အအုံ အမိုးအကာအတွက်လည်း ကုန်အုံးမယ်။ အဲဒီအတွက် ငွေကြေးက အခက်အခဲရှိတယ်။ မပြောင်းနိုင်သေးပါဘူးဗျာ” ဟု ပြောသည်။
ဥပဒေအတိအကျကို သေချာနားမလည်သော်လည်း စည်ပင်ဥပဒေနှင့် တရားစွဲမည်ဆိုသည်မှာ ဒဏ်ငွေဆောင်ရန် သို့မဟုတ် လုပ်ငန်းလိုင်စင်ပိတ်သိမ်းရန်ဖြစ်ကြောင်း သိရသည်ဟု တောင်ဥက္ကလာမှ တွင်ခုံလုပ်ငန်းရှင်တဦးက ပြောသည်။
စက်မှုလုပ်ငန်းများ လုပ်နေသောနေရာများကို မြို့နယ်အလိုက် စိစစ်စစ်ဆေးသွားမည်ဖြစ်ရာ အစိုးရပိုင်မြေနေရာများ၊ အစိုးရပိုင် အဆောင်အအုံဝင်းများနှင့် ဘုန်းတော်ကြီးကျောင်းဝင်းများတွင်လည်း ၀င်ရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ပြောင်းရွှေ့ရမှာကို သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ချထားပေးတယ်။ တာဝန်ကျတဲ့ ဌာနအလိုက်က မိမိတာဝန်ကျတဲ့ မြို့နယ်မှာ ဒီလိုစက်မှုလုပ်ငန်းတွေ မပြောင်းဘဲ ကျန်နေတယ်ဆိုရင် တာဝန်ကျသူ တာဝန်ပဲ။ သက်ဆိုင်ရာဌာနဆိုင်ရာကို အရေးယူသွားမယ်။ ပြောင်းရွှေ့ဖို့ စာရင်းရထားပေမယ့် မြေမရသေးတဲ့ လုပ်ငန်းရှင်တွေကို စာရင်းပြုစုပြီးတော့ စစ်ဒေသမှူးတွေနဲ့ ခရကကို တင်ပြဖို့လည်း ညွှန်ကြားထားတယ်” ဟု တယက တာဝန်ရှိသူက ပြောသည်။
ပေ (၄၀ x ၆၀) မြေတကွက်ကို သိန်း (၆၀) ဖြင့် မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးလုပ်ငန်းက ရောင်းချသည့်အတွက် လုပ်ငန်းရှင်များက မပြောင်းရွှေ့လိုကြကြောင်း သိရသည်။
ထိုသို့မပြောင်းရွှေ့လိုကြသည့်အတွက် စက်မှုလုပ်ငန်းရှင်များကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် သရက်ပင်ချောင်ရှိ ငါးပိ၊ ငါးခြောက်ဇုန်တွင် ပေ (၄၀ x ၆၀) မြေတကွက်ကို ရန်ကုန်မြို့တော်စည်ပင်က သိန်း (၃၀) ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ပြည်တွင်းသတင်းဂျာနယ်များမှတဆင့် ပြောကြားခဲ့သည်။
ယင်းသို့ နေရာနှစ်မျိုး၊ ဈေးနှစ်မျိုးဖြင့် အစိုးဌာနနှစ်ခုက မြေကွက်အပြိုင်ရောင်းကာ ပြောင်းရွှေ့ခိုင်းနေသော်လည်း စက်မှုလုပ်ငန်းရှင်များက မြေ၀ယ်ခ၊ အဆောက်အဦအတွက် ကုန်ကျစရိတ်တို့အပြင် နေရာအနေအထားကြောင့် စီးပွားရေးအရ တွက်ခြေကိုက် မကိုက်ကိုပါ ထည့်သွင်းစဉ်းစားနေကြကြောင်း သိရသည်။
စက်မှုလုပ်ငန်းများအား နေရာပြောင်းရွှေ့မိန့်ထုတ်ရခြင်းမှာ အသံဆိုးများကြောင့် ပတ်ဝန်းကျင်ထိခိုက်ကာ မြို့တော်အင်္ဂါရပ်နှင့် မညီသောကြောင့်ဖြစ်ကြောင်း ရန်ကုန်စည်ပင် အရာထမ်းတဦးက ပြောသည်။
ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

မဲဆောက် ဟန်ထိုင်းအထည်ချုပ်စက်ရုံ (၃) လပိတ်မှု အလုပ်သမားများ စုံစမ်း



မဲဆောက်ရှိ ဟန်ထိုင်း အထည်ချုပ်စက်ရုံတွင် မြန်မာအလုပ်သမား (၁,၅၀၀) ခန့်ကို အလုပ်ရှင်က ကြိုတင်အကြောင်းမကြားဘဲ စက်ရုံကို ယာယီ (၃) လ ပိတ်လိုက်သဖြင့် အခြေအနေအမှန် သိရှိနိုင်ရန်အတွက် အလုပ်သမားများက စုံစမ်းမှုများ ပြုလုပ်နေသည်။ ဟန်ထိုင်းစက်ရုံမှ အလုပ်သမား မောင်နိုင်က “ပြီးခဲ့တဲ့ (၂၀) ရက်နေ့ကပြီး စက်ရုံကို သူဌေးက (၃) လ ယာယီပိတ်တယ်ဆိုပြီး ပိတ်လိုက်တယ်။ အလုပ်သမားတွေကိုတော့ ဘာနစ်နာကြေးမှ မပေးဘူး။ ပိတ်တဲ့ကာလ အတွင်း တယောက်ကို ဟင်းဖိုး ဘတ် (၂၀) ပဲ ပေးတယ်။ ကျနော်တို့ စုံစမ်းနေတာက သူဌေးက နစ်နာကြေးမပေးဘဲ စက်ရုံပိတ်ချင်လို့ တဖက်လှည့်နဲ့ အလုပ်သမား တွေကို ထုတ်တာ ဟုတ်မဟုတ် သိချင်လို့ပါ။ ဘုမသိဘမသိ ဆန္ဒပြတာတွေတော့ လုပ်လို့မဖြစ် သေးဘူး” ဟု ပြောသည်။
အကယ်၍ အလုပ်ရှင်မှ သဘောရိုးဖြင့်မဟုတ်ဘဲ စက်ရုံပိတ်ခြင်းဖြစ်ပါက (၃) လ ပြည့်ချိန်ထိ စောင့်မည်မဟုတ်ဘဲ မိမိတို့၏ နစ်နာကြေးများ ရရှိနိုင်ရန် ထိုင်းအလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံးမှတဆင့် အရေးဆိုသွားမည်ဟုလည်း ပြောသည်။
အလုပ်သမား (၁,၅၀၀) အနက် အများစုမှာ မြန်မာပြည်ပြန်သွားကြသဖြင့် လက်ရှိစက်ရုံတွင် အလုပ်သမား (၁၀၀) ကျော်သာ ကျန်ရှိပြီး အဆိုပါအလုပ်သမား (၁,၅၀၀) တွင် ထိုင်း အလုပ်သမားမှတ်ပုံတင်ထားသူ အရေအတွက်မှာ (၁,၀၀၀) ခန့်ရှိသည်ဟု သိရသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ပြဋ္ဌာန်းချက်အရ မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်း သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်အားခမှာ တနေ့ (၁၅၃) ဘတ်ဖြစ်ပြီး မည်သည့်လုပ်ငန်းရှင်မဆို လုပ်ငန်းယာယီ ရပ်ဆိုင်းထားသည့် ကာလအတွင်း အလုပ်သမားတဦးအား တနေ့တာလုပ်အားခ၏ တ၀က် ပေးရမည်ဖြစ်သည်။
မဲဆောက်ဒေသတွင်းရှိ စက်ရုံအချို့တွင် စက်ရုံပိတ်လို၍ဖြစ်စေ၊ လုပ်ငန်းပြောင်းလဲလို၍ဖြစ်စေ ၎င်းတို့၏ အလုပ်သမားများကို မည်သည့်နစ်နာကြေးမှမပေးဘဲ တဖက်လှည့်ဖြင့် လုပ်ငန်းခွင်များမှ ထွက်ခွာစေခြင်းနည်းများကို အသုံးပြုမှုများ ရှိသည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသည့် (JACBA) အဖွဲ့မှ ဦးမိုးကြိုးက ပြောသည်။
၎င်းက “စက်ရုံပိုင်ရှင်တွေက အလုပ်သမားတွေကို အလိုမရှိတော့ဘူးဆိုရင် နည်းမျိုးစုံနဲ့လုပ်တာတွေရှိတယ်။ အလုပ်သမားတွေ အနေနဲ့ သိရမှာက ဘယ်လိုနည်းနဲ့ပဲပိတ်ပိတ် အလုပ်သမားဥပဒေအရ အလုပ်သမားတွေဘက်က အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံး(ဆ၀ဒီကန်) မှာ (၁၅) ရက်အတွင်း အကြောင်းကြားဖို့ လိုတယ်။ ဒါမှ တကယ်ပြဿနာဖြစ်လို့ ဖြေရှင်းတဲ့ အချိန်ကျရင် ကိုယ့်ဘက်က အလားအလာတွေ ကောင်းမယ်” ဟု ပြောသည်။
ထိုင်းအလုပ်သမားဥပဒေအရ အလုပ်ရှင်သည် ယာယီအလုပ်ရပ်ဆိုင်းလိုပါက သက်ဆိုင်ရာ အလုပ်သမား စစ်ဆေးရေးအရာရှိနှင့် အလုပ်သမားများကို တလကြိုတင်အကြောင်းကြားရမည်ဖြစ်ပြီး ကြိုတင်အကြောင်းမကြားဘဲ ယာယီ လုပ်ငန်းရပ်ဆိုင်းပါက အလုပ်သမားများကို နောက်ဆုံးတလစာ ပေးရမည်ဟုလည်း ပြောသည်။
အလုပ်သမ နန်းအေးက “လုပ်အားခအပြည့်မရပေမယ့် ဟန်ထိုင်းမှာ နှစ်ရှည်လူဟောင်းတွေက တလကို (၇) ထောင် (၈) ထောင် အထိ ရတာတွေရှိတော့ အခြေအနေကို စောင့်ကြည့်ချင်သေးတယ်၊ ကိုယ်ဘက်က အမှားမဖြစ်ရအောင်ပါ။ သူဌေး လိမ်တယ် ဆိုရင်တော့ နစ်နာကြေးတွေ တောင်းဖို့ကိစ္စ ကျမတို့အားလုံး သဘောတူထားတာ ရှိတယ်” ဟု ပြောသည်။
ထိုင်းနယ်စပ် မဲဆောက်ဒေသအတွင်း စက်ရုံအလုပ်ရုံပေါင်း (၂၀၀) ကျော်ရှိပြီး အလုပ်သမားဝန်ကြီးဌာန၏ တနေ့တာလုပ်အားခ (၁၅၃) ဘတ် ပေးသည့်အထည်ချုပ်စက်ရုံမှာ (၂) ရုံသာရှိကာ TK FASHION နှင့် TOP FORM စက်ရုံတို့ဖြစ်သည်။

ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

မယ်ဆိုင်မှ မြန်မာအလုပ်သမားများ တန်းတူအခွင့်အရေး တောင်းဆို

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ အိုဆာကာ ဖိနပ်ချုပ်စက်ရုံမှ မြန်မာလုပ်သားများ ဒေသခံ ထိုင်းအလုပ်သမားများနှင့် အလုပ်သမား အခွင့်အရေး တန်းတူရရှိရန် တောင်းဆိုမှုများ ပြုလုပ်နေကြောင်း သိရသည်။
စက်ရုံတွင်း လုပ်ငန်းတူ၊ အလုပ်ချိန်တူ လုပ်ကိုင်နေကြသည့် အလုပ်သမားများကို လစာတိုးမြှင့်ပေးရာတွင် မြန်မာအလုပ်သမား များကို ချန်လှပ်ထားခြင်းကြောင့် တန်းတူတိုးမြှင့်ပေးရန် စနေနေ့က စက်ရုံတာဝန်ခံထံ မြန်မာအလုပ်သမား (၇၂) ယောက် စုပေါင်းတောင်းဆိုကြခြင်းဖြစ်သည်။
“ယိုးဒယားတွေကိုကျတော့ ၀င်ဝင်ချင်း တရက် ဘတ် (၁၀၀) ပေးတယ်။ အခုနှစ်ကုန်မှာ ဘတ် (၃၀) တိုးပေးတယ်။ ဗမာ လုပ်သားတွေကျတော့ ၀င်ဝင်ချင်း ဘတ် (၈၀) ပေးတယ်။ ကျမတို့ တိုးပြီးတောင်းထားတာကို သူတို့က တိုးမပေးဘူး။ ထွက်ချင်ထွက်ဆို ပြောတယ်” ဟု မြန်မာအလုပ်သမားတဦးက ပြောကြားသည်။
မြန်မာအလုပ်သမားများက ထိုင်းများနည်းတူ တဦးလျှင် ဘတ် (၃၀) မဟုတ်ဘဲ (၁၀) ဘတ်သာ တိုးပေးရန် တောင်းဆိုခဲ့ခြင်း ကိုပင် စက်ရုံတာဝန်ရှိသူများက မလိုက်လျောနိုင်ကြောင်း တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။
ဖိနပ်စက်ရုံ အုပ်ချုပ်သူများက မြန်မာအလုပ်သမားများ၏ အလုပ်သမား မှတ်ပုံတင်များကို သိမ်းဆည်းထားကြောင်း၊ ယနေ့ လစာထုတ်ရက်တွင် လစာတိုးပေးမပေး၊ အလုပ်ထုတ်မထုတ် စောင့်ကြည့်ပြီး အလုပ်သမားအဖွဲ့များနှင့် ချိတ်ဆက်ကာ တရားဥပဒေအရ တောင်းဆိုမှုများ ဆက်လက်ပြုလုပ်မည်ဟု အလုပ်သမားများက ပြောသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ (၂၂ ) ရက် စနေနေ့က စတင်သည့် အခွင့်အရေး တန်းတူရရေး တောင်းဆိုမှုကြောင့် ခေါင်းဆောင်များ အလုပ်ထုတ်ခံရနိုင်ကြာင်း၊ ယင်းသို့ အလုပ်ထုတ်ပါက မြန်မာအလုပ်သမား (၇၂) ယောက်လုံး အလုပ်ထွက်ရန်ရှိကြောင်း သိရသည်။
အလုပ်သမား (၁၀၀) ကျော်နှင့် လည်ပတ်နေသည့် အဆိုပါစက်ရုံတွင် ထိုင်းအလုပ်သမား (၃၀) ကျော်နှင့် မြန်မာအလုပ်သမား (၇၂) ဦးတို့ဖြင့် လုပ်ငန်းလည်ပတ်နေခြင်းဖြစ်သည်။
အလုပ်သမားအဖွဲ့များ အကူအညီဖြင့် မယ်ဆိုင်အလုပ်သမားကြီးကြပ်ရေးရုံးသို့ တိုင်ကြားထားပြီး အခြားအလုပ်သမားအဖွဲ့များ ကိုလည်း အကြောင်းကြားထားကြောင်း သိရသည်။
“ကျနော် မယ်ဆိုင် အလုပ်သမားရုံးကို တိုင်ထားဖို့ အကြောင်းကြားထားပေးပါတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမား တာဝန်ခံ ဦးသက်ခိုင်က ပြောသည်။
အဆိုပါ ဖိနပ်ချုပ်စက်ရုံ အုပ်ချုပ်သူများက မြန်မာအလုပ်သမားများကို နေ့စားခ တိုးမပေးသော်လည်း နေ့စဉ်လုပ်အားခကို ဘတ် (၃၀) တိုးမြှင့်ရရှိကြောင်း လက်မှတ်ထိုးခိုင်းသည်ဟု သိရသည်။
“ကျမက လုပ်သက် (၉) နှစ်၊ တရက်ကို ဘတ် (၁၂၀) ရတယ်။ ဒါက လုပ်သက်ကြောင့်တိုးပေးတာ။ လက်မှတ်ထိုးရတာက (၁၅၇) ဘတ် ရတယ်လို့ လက်မှတ်ထိုးရတယ်” ဟု ယင်းဖိနပ်ချုပ်စက်ရုံမှ မြန်မာအလုပ်သမားတဦးက ပြောသည်။


 ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ရှေ့တန်းစခန်းမှ ထွက်ပြေးသူ တပ်ပြေးများအား ပစ်သတ်မှုရှိ




ရှမ်းပြည်မြောက်ပိုင်း၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ထိန်းချုပ်ရာ နယ်မြေအနီး တပ်စွဲထားသည့် နအဖစစ်တပ်ရှေ့တန်းစခန်းများမှ စစ်သည်များ ထွက်ပြေးမှု များပြားလာနေပြီး တပ်ပြေးများအား ပစ်သတ်သည်အထိ ရှိလာနေသည်။
ယမန်နှစ် သြဂုတ်လကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ အရေးအခင်းကာလကတည်းက ဝမြောက်ဒေသအနီး ဟိုပန်မြို့နယ်အတွင်း လာရောက်တပ်စွဲနေသည့် မိတ္တီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံတပ်များမှ စစ်သည်များ ထွက်ပြေးနေကြသည်ဟု စစ်တပ်နှင့်နီးစပ်သူ တရုတ်-မြန်မာနယ်စပ်ဒေသခံတဦးက ပြောသည်။
၎င်းက “ချူးရွှေ၊ ပန်ကောက်၊ ပန်လုံ အဲဒီဘက်မှာ (၉၉) က ထိုင်နေတာ အခုထိ ပြန်မဆုတ်သေးဘူး။ (၄) လကျော် (၅) လ ပြည့်တော့မယ်။ ကိုးကန့်ထဲက တပ်မ (၃၃) လည်း အဲလောက်ရှိနေပြီ။ အမှန်ဆို စစ်ဆင်ရေး (၃) လ၊ (၄) လဆို နောက်တန်း ပြန်ရပြီ။ အခု လဲဖို့အစီစဉ် မရှိသေးဘူး။ အဲဒီကနေ အရာရှိတွေရောပါ ပြေးနေတာ။ တပ်သားတွေက (၂) ရက်ခြား၊ (၃) ရက်ခြား အဲလို ခွင့်မဲ့တပ်ပြေးဖြစ်စဉ် ဖြစ်နေတာ” ဟု ပြောသည်။
ယခုလ (၁၅) ရက်နေ့က တပ်မ (၉၉) လက်အောက်ခံ၊ ခမရ (၃၁၅) မှ တပ်သား အောင်မြင့်ထွန်းနှင့် ထွန်းထွန်းနိုင်တို့ (၂) ဦး လက်နက်နှင့်အတူ ထွက်ပြေးခဲ့ရာတွင် ၎င်းတို့ (၂) ဦးအား နမ့်ကျွမ်းပြည်သူ့စစ်အဖွဲ့မှ ပြန်လည်ဖမ်းဆီးရမိပြီး ခမရ (၃၁၅) ထံ ပြန်လည်အပ်နှံခဲ့ပြီးနောက် ပစ်သတ်ခဲ့သည်ဟု အဆိုပါစစ်တပ်နှင့် နီးစပ်သူက ပြောသည်။
စစ်တပ်အတွင်း တပ်ပြေးမှု များပြားလာနေ၍ စစ်ကြောင်းရှိ ကျန်စစ်သည်များ အလားတူ ထွက်မပြေးရဲအောင် ရှေ့တန်း စစ်မျက်နှာများတွင် ပစ်သတ်ပြနေခြင်းဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။
၎င်းက “တပ်ပြေးများလာရင် အထက်ကလည်း တပ်ရင်းမှူးတွေကို ဆူတာဆဲတာတွေ ဖြစ်မယ်။ ကျန်တဲ့ကောင်တွေ မပြေးရဲအောင် ပစ်သတ်ပြလိုက်တာဖြစ်တယ်။ တပ်ထဲမှာ ဆက်မနေချင်တော့လို့၊ တိုင်ချင်ခိုက်ချင်စိတ်မရှိတော့လို့ ကိုယ့်အိမ်ကိုယ် ပြန်ကြတာပဲ၊ ရာဇဝတ်မှု ကျူးလွန်ပြီး ထွက်ပြေးရင်တော့ တမျိုးပေါ့ဗျာ။ အခုလို ကိုယ့်ရဲ့ရဲဘော်ကို ပစ်သတ်တာကျတော့ ကြေးစားစစ်တပ်တွေ ရဲ့ မကောင်းတဲ့ အလေ့အကျင့် ဖြစ်တယ်” ဟု ပြောသည်။
၂ဝဝ၈ ခုနှစ် ဒုတိယ လေးလပတ်အတွင်း မြန်မာတနိုင်ငံလုံးရှိ ခြေလျင်တပ်ရင်း၊ ခြေမြန်တပ်ရင်းများမှ စစ်သည်အင်အား (၃,ဝဝဝ) ကျော် ထွက်ပြေးသကဲ့သို့ ဆက်သွယ်ရေးတပ်ရင်း၊ အမြောက်တပ်ရင်းစသည့် အကူလက်ရုံး တပ်ရင်းများမှ (၂,ဝဝဝ) ကျော် ထွက်ပြေးခဲ့သည်ဟု နအဖ၏ (၄) လပတ်အစည်းဝေး လျှို့ဝှက်မှတ်တမ်းများအရ သိရသည်။
တပ်ပြေး များပြားရခြင်းမှာ အထက်နှင့်အောက် ကွာခြားမှုကြီးမားခြင်း၊ အောက်ခြေရဲဘော်များမှာ ဆင်းရဲကျပ်တည်းခြင်းနှင့် တိုက်ချင်ခိုက်ချင်စိတ် နည်းပါးလာမှုကြောင့် အဓိကဖြစ်သည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။
၎င်းက “စစ်တိုက်ချင်လို့ စစ်ထဲဝင်လာတာမှ မဟုတ်ဘဲ။ ဆင်းရဲကျပ်တည်းလို့၊ ရောင်းစားလို့ ရောက်လာတဲ့သူလည်း ရှိတယ်။ လမ်းဘေးကနေ ဆွဲလို့ ပါလာတဲ့သူလည်း ရှိတယ်။ တိုက်ချင်ခိုက်ချင်စိတ်က ဘယ်ခေတ်ကနဲ့ မတူအောင် အရမ်းနည်းလာတယ်။ ကိုးကန့်အရေးခင်း ကာလတုန်းကပဲကြည့်၊ ရဲတွေ သေနေတဲ့ပုံတွေ အစိုးရက ထုတ်ပြတော့ အတော်ရှောခ့်ဖြစ်သွားတယ်။ ကိုးကန့်ရှေ့တန်းမှာပဲ လူ (၃ဝ) လောက် သေနတ်တွေထားပြီး ထွက်ပြေးခဲ့တယ်။ ကေအိုင်အေ စခန်းနဲ့ ရင်ဆိုင်ထားတဲ့ ခလရ (၃၇) ရှေ့တန်းစခန်းက တပ်စိတ် (၂) စိတ်လည်း သေနတ်တွေထားပြီး ထွက်ပြေးခဲ့တယ်။ တိုက်ချင်ခိုက်ချင်စိတ် မရှိရတဲ့အထဲ အဲလို သေတာကျေတာတွေ့ရတော့ ကြောက်လန့် ထွက်ပြေးကုန်တယ်” ဟု ပြောသည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ကရင်ဒုက္ခသည်များ အဓမ္မပြန်ပို့မည့်အရေး စိုးရိမ်နေကြ

ထိုင်း - မြန်မာ နယ်စပ်၊ နို့ဖိုး ဒုက္ခသည် စခန်းတွင် ယာယီ ခိုလှုံခွင့် ပေးထားသော ကရင် ဒုက္ခသည် ၃၀၀၀ ခန့်အား ထိုင်း အာဏာပိုင်များက ဖိအားပေး ပြန်ပို့မည်ကို ကရင် လူ့အခွင့်အရေး ဆောင်ရွက်နေသူများက စိုးရိမ်နေကြသည်။


ပိုင်ဆိုင်မှုများကို စွန့်ခွာ၍ ထိုင်းနိုင်ငံအတွင်းရှိ ယာယီဒုက္ခသည် စခန်းသို့ ထွက်ပြေးလာရသည့် မိသားတစု (ဓာတ်ပုံ - ရဲနည်/ဧရာဝတီ)
ယာယီ ခိုလှုံခွင့် ပေးထားသော ဒုက္ခသည်များက မပြန်ချင် သော်လည်း ထိုင်း အာဏာပိုင်များက အတင်းအကျပ် ပြန်ပို့မည်ကို  စိုးရိမ်ရသည်ဟု မယ်လ ဒုက္ခသည် စခန်းကော်မတီ ဒု ဥက္ကဌ ကိုထွန်းထွန်းက ဧရာဝတီသို့ ပြောသည်။

“ထိုင်းက စခန်း အသစ်ဖွင့်ဖို့လည်း ပေါ်လစီ မရှိဘူး၊ စခန်းထဲဝင်ဖို့ အစီအစဉ်လည်း မလုပ်ပေးဘူး။ နောက်တခု၊ ထိုင်းအစိုးရရဲ့ သဘောထား ကလည်း သူတို့ကို ပြန်စေချင်တယ်။ ဒုက္ခသည်တွေက မပြန်ချင်ဘဲနဲ့ နောက်ဆုံး ပြန်ရမယ့် အခြေအနေဆိုရင် သူတို့ အတွက် အခက်အခဲတွေ အများကြီး ကြုံရမှာကို စိုးရိမ်ရတယ်” ဟု သူက ပြောသည်။

ယခုအခါ မြန်မာ စစ်တပ်များနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) တပ်များက ဤဒေသများကို ထိန်းချုပ်ထားပြီ ဖြစ်သောကြောင့် DKBA တပ်သားအဖြစ် စုဆောင်းခြင်း၊ အဓမ္မ လုပ်အားခိုင်းစေခြင်း စသည့် အန္တရာယ်များ ကြုံတွေ့နိုင်သေးကြောင်း လူ့အခွင့်အရေး ဆောင်ရွက်နေသူများက ဆိုသည်။

ထိုင်း အစိုးရ အနေဖြင့် မြန်မာနိုင်ငံ ဘက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ကရင် ဒုက္ခသည်များကို   နယ်စပ် ဖြတ်ကျော်ခွင့်ပေးထားသော်လည်း ၎င်းတိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် ဒုက္ခသည်များကို မြန်မာနိုင်ငံဘက်သို့ ပြန်ခိုင်းလေ့ရှိသည်။

ထိုင်း - မြန်မာ နယ်စပ်တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) ၏ ဒုတိယ တာဝန်ခံ ဆယ်လီ သွန်မဆင်က ကရင်ဒုက္ခသည်များကို မြန်မာဘက်ကမ်းသို့ ပြန်ရန် ထိုင်း အာဏာပိုင်များက နေ့စဉ် ဖိအားပေးနေကြောင်း ပြောသည်။   

“တကယ်လို့ ဒီဒုက္ခသည်တွေ မြန်မာပြည်ထဲကို ပြန်ရရင် သူတို့ အခြေချမယ့် နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ရှိနေတယ်၊ အဲဒီတော့ သူတို့ အတွက် လုံခြုံမှု မရှိဘူး။ တကယ်လို့ ပြန်ရရင်လည်း သူတို့ ဘာသာ သူတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိရမယ်”ဟု ၎င်းက ဆိုသည်။      

TBBC အဖွဲ့သည် ဒုက္ခသည်များကို ကူညီရန်အတွက် လူသားချင်း စာနာမှု အကူအညီများပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့ များ စုစည်းထားသည့် အဖွဲ့တဖွဲ့ဖြစ်သည်။ ထို့အပြင် ဒုက္ခသည်များကို အခြေခံ ရိက္ခာများဖြစ်သည့် ဆန်၊ ပဲ၊ ငါးပိ၊ ဆား အစရှိသည်တို့ကို ထောက်ပံ့ပေးနေပြီး ပြင်သစ် NGO လူမှုအဖွဲ့အစည်းများက ရေနှင့် သန့်ရှင်းရေး ပစ္စည်းများ ထောက်ပံ့ ပေးလျက်ရှိသည်။

၂၀၀၉ ခုနှစ် ဇွန်လဆန်းပိုင်းက စ၍ ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်းတပ်များက ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၇) မှ တပ်စခန်းများကို ထိုးစစ်ဆင်မှုကြောင့် ကရင်ဒုက္ခသည်များ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြခြင်းဖြစ်သည်။ 

ဒုက္ခသည် အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒုက္ခသည်များအား ပြန်ပို့ရန် စီစဉ်နေချိန်၌ ပဲခူးတိုင်း ညောင်လေးပင် ခရိုင်အတွင်းရှိ ကျေးရွာများတွင် နေထိုင်သော ရွာသား ၁၀၀၀ ကျော်သည် လတ်တလော မြန်မာစစ်အစိုးရ၏ ထိုးစစ်များကြောင့် တောထဲတွင် ထွက်ပြေးပုန်း အောင်းနေကြရ သည်ဟု ကယ်ဆယ်ရေး အဖွဲ့များ ကပြောဆိုသည်။

တချို့သော အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူများတွင် လသားအရွယ် ကလေးငယ်များ ပါဝင်ပြီး တောထဲတွင် အအေးဒဏ်ကိုလည်း ခံနေရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း ကရင်ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့ တဖွဲ့ဖြစ်သည့် Committee for Internally Displaced Karen People (CIDKP)မှ စောစတိဗ်က ဧရာဝတီသို့ ပြောသည်။

“တောထဲမှာ ပုန်းအောင်းနေကြရတဲ့ ရွာသူ ရွာသားတွေဟာ အခု အအေးဒဏ်ကို အရမ်းခံနေတယ်၊ အအေးဒဏ်ကို ကာကွယ်ဖို့ အတွက် မီးတောင် မဖိုရဲကြဘူး” ဟု ၎င်းက ဆိုသည်။

ရွာသားများသည် တောထဲ၌ ဆက်လက်၍ ထွက်ပြေး ပုန်းအောင်းနေရပါက စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့်  ရင်ဆိုင်ရဖွယ်ရှိ ကြောင်းလည်း သိရသည်။

စစ်အစိုးရတပ်ဖြစ်သော စစ်ဒေသ ကွပ်ကဲရေး ဌာနချုပ် (စကခ) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၃၆၇ တပ်ဖွဲ့ဝင်များက ယင်းကျေးရွာများကို မီးရှို့ခြင်းနှင့် ဒေသခံများကို သတ်ဖြတ်မှုတို့ကြောင့် တောထဲသို့ ထွက်ပြေးပုန်းအောင်း နေကြရခြင်း ဖြစ်သည်။    

စစ်အစိုးရက ကျေးရွာများကို ၀င်ရောက်တိုက်ခိုက်မှုကြောင့် အသက် ၄၇ နှစ်အရွယ် စောမြကော်ထူး အမည်ရှိ ရွာသား တဦး ပစ်သတ်ခံရပြီး စာသင်ကျောင်း တကျောင်းနှင့် နေအိမ် ၁၁ လုံးခန့်ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ကရင်ကယ်ဆယ်ရေးနှင့် လူ့အခွင့်အရေး အဖွဲ့များက ဆိုသည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

အကြွေ အစားသုံး တိုကင် ကျပ် ၁၀ သိန်းနီးပါး ရခိုင်တွင်ဖမ်းမိ

ရခိုင်ပြည်နယ် အတွင်း မြန်မာ ငွေစက္ကူ အကြွေအဖြစ် သုံးစွဲသော တိုကင် လက်မှတ် ကျပ် ၉ သိန်းကျော်ဖိုး အာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ကျပ် ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန် အဖြစ် သုံးစွဲနေသည့်  တိုကင်များကို ဇန်နဝါရီ ၁ ရက်နေ့က နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး (နစက) ဒေသ (၆) လက်အောက်ခံ နယ်မြေ မောင်တောမြို့နယ် ကညင်တောရွာတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။


မောင်တောမြို့နယ်အတွင်း အကြွေအစား အသုံးပြုနေသည့် တိုကင် (ဓာတ်ပုံ - ဧရာဝတီ)
အဆိုပါ ကျေးရွာနေ အထက်တန်းပြ ဆရာမ တယောက်က “ကညင်ချောင်း ရွာမှာ တိုကင် ၉ သိန်းကျော် ဖိုးလောက် အဖမ်းခံရလို့ တော်တော်လေး ဂယက်ရိုက်နေတယ်။ ကျမတို့ဆီမှာ အနုတ်မရှိတော့ ဒါကိုပဲ သုံးကြရတာ” ဟု ဆိုသည်။

ကျပ်ငွေ အကြွေ ရှားပါးမှုကြောင့် မြန်မာ တပြည်လုံးရှိ ကုန်စုံဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ကွမ်းယာဆိုင် အစရှိသော ဆိုင်များတွင် အကြွေအစား သကြားလုံး၊ တစ်ရှူးထုပ်၊ ဆေးလိပ်၊ ဘောလ်ပင်၊ ဖရောင်းတိုင် အစရှိသည်တို့ကို ပြန်အမ်း နေသည်မှာ ၁၀ စုနှစ် တခုခန့်ရှိပြီ ဖြစ်သည်။

မောင်တောမြို့နယ်တွင်လည်း ၂၀၀၇ ခုနှစ်ခန့်က စတင်ကာ သက်ဆိုင်ရာ ဈေးဆိုင်အမည်များဖြင့်  တိုကင်များရိုက်နှိပ်၍ အကြွေအစား တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြကြောင်း သိရသည်။

ယခုဖမ်းမိသွားသော တိုကင်လက်မှတ်များမှာ မောင်တောမြို့တွင်းရှိ ဈေးဆိုင်များတွင် လက်ရှိ အသုံးပြု နေသော တိုကင်များဖြစ်နေသောကြောင့် ပြည်သူများလက်ထဲတွင် လည်ပတ်နေသော တိုကင်များ အားလုံး သုံးမရဖြစ်သွားသည်ဟု မောင်တောမြို့မှ ဆရာတော် ဦးဝီရကမိန့်သည်။

“ပြန်လာဝယ်တဲ့ တိုကင်တွေက ဆိုင်တွေက တကယ် ထုတ်ပေးထားတာတွေလား၊ အတု လုပ်ထားတာလား ဆိုတာ စဉ်းစားစရာ ဖြစ်သွားတော့ ဆိုင်တွေက မယူရဲတော့ဘူး။ တကယ် အသုံးပြုနေပြီး လက်ထဲမှာ တိုကင်တွေ ကိုင်ထားတဲ့ ဒကာ၊ ဒကာမတွေ ဒုက္ခရောက်တာပေါ့” ဟု ဆရာတော်က ပြောသည်။

ယခု ဖမ်းဆီးရမိသည့် ကျပ် ၉ သိန်းကျော်ဖိုး တိုကင်များကို လူတဦးတည်းဆီမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

မောင်တောမြို့တွင်သာမက တခြားသောမြို့များတွင်လည်း အကြွေရှားပါးမှုကြောင့် ဆိုင်ရှင်၏ လက်မှတ်နှင့် ငွေတန်ဖိုးရေးကာ တိုကင်အဖြစ် အသုံးပြုကြကြောင်း သိရသည်။

ငွေအကြွေရှားပါးမှုကြောင့် ပြန်အမ်းသည့် ပစ္စည်းများကို စားသုံးသူ တို့က လက်မခံချင်ကြသဖြင့် ထိုသို့ တိုကင် ပြုလုပ်ကာ ပြန်အမ်းခြင်း ကျယ်ပြန့်လာခြင်းဖြစ်သည်။ ကုန်စိမ်း ဆိုင်များတွင်မူ နံနံပင်၊ ငရုပ်သီးစိမ်း၊ ခရမ်းချဉ်သီးတို့ကို အကြွေအဖြစ် ပြန်အမ်းကြသည်။

တချို့သော ကုန်စုံဆိုင်၊ စားသောက်ဆိုင်နှင့် ကွမ်းယာဆိုင်တို့ကမူ ဝယ်နေကျ ဖောက်သည်ကို အကြွေ ပြန်မအမ်းတော့ဘဲ စာရင်းမှတ်ထားသည့် စနစ်နှင့် လည်ပတ်ကြသည်ဟု သိရသည်။

“ဥပမာ ၂၀၀ အမ်းရမယ်ဆိုရင် မအမ်းတော့ဘဲ နောက်တခါအတွက် ပေါင်းမှတ်ထားတာမျိုး၊ ဒါမှမဟုတ် စားသုံးသူဘက်က ပေးစရာကျန်တယ်ဆိုရင်လည်း အဲဒီလိုပဲ ဆိုင်ရှင်က မှတ်ထားလိုက်တာမျိုး လုပ်ကြတယ်” ဟု ရန်ကုန်မြို့နေ ကုမ္ပဏီ ဝန်ထမ်းတဦးက ပြောပြသည်။

စစ်အစိုးရက ၅၀၀ ကျပ်တန်၊ ၁၀၀၀ ကျပ်တန်နှင့် ၅၀၀၀ ကျပ်တန်များကိုသာ အသစ်ထုတ်လုပ်သော်လည်း ၅၀ ကျပ်၊ ၁၀၀ ကျပ်၊ ၂၀၀ ကျပ် အစရှိသည့် အကြွေများကို အသစ်ထုတ်လုပ်ခြင်း မရှိသောကြောင့် အကြွေရှားပါးသည့် ပြဿနာကို ရင်ဆိုင်နေကြရကြောင်း၊ ထိုသို့ အကြွေရှားပါးသည့် ပြဿနာကို မဖြေရှင်းနိုင်သေးကြောင်း ရန်ကုန် အခြေစိုက် သတင်းထောက်တဦးက သုံးသပ်သည်။

“ငွေအကြွေအစား ပစ္စည်းတွေကို ပြန်အမ်းတော့ စားသုံးသူက မလိုချင်တဲ့ပစ္စည်းအတွက်ပါ ငွေ အပိုကုန်ရသလိုဖြစ်တယ်၊ ပစ္စည်းအစား တိုကင်ကို အသုံးပြုပြန်တော့လည်း အလွယ်တကူ အတု လုပ်နိုင်တော့ ရောင်းတဲ့သူဘက်က ထိခိုက်တယ်” ဟု သူက ဆိုသည်။

ဘူးသီးတောင် မောင်တော နယ်စပ် စီးပွားရေးသတင်းများ ရေးသားနေသည့် ပြည်တွင်း သတင်းထောက် တဦးကလည်း တတိုင်းပြည်လုံးတွင် တိုကင်အသုံးပြုကာ မောင်တောမြို့နယ်ကဲ့သို့ ဖမ်းမိပြီး အသုံးမပြုခွင့် မရတော့လျှင် သာမန်ပြည်သူများ နစ်နာမည်ဟု ပြောသည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

R ဇာနည်နှင့် တခြားအဆိုတော်များ ဘန်ကောက်တွင် စင်တင်ပွဲကျင်းပ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် R ဇာနည်နှင့် တခြား အဆိုတော်များ ပါဝင်သည့် စင်တင်ပွဲ ယမန်နေ့ညက ကျင်းပသွားရာ ယခင် အကြိမ်များထက် စနစ်ကျပြီး စည်ကားခဲ့သည်။

အဆိုပါစင်တင်ပွဲကို ထိုင်းနိုင်ငံမှ MP3 ကုမ္ပဏီက တာဝန်ယူ ခဲ့သောကြောင့် စနစ်တကျ ပြီးဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရပြီး နောက်ပိုင်း တွင်လည်း ယခုကဲ့သို့ မြန်မာ အဆိုတော်များကို ခေါ်ယူကာ စင်တင်ပွဲများ ပြုလုပ်သွားမည်ဟု အဆိုပါ ကုမ္ပဏီက ကြေညာခဲ့သည်။


R ဇာနည်နှင့် ပရိသတ် ဤကဲ့သို့ ဟန်ချက်ညီညီ တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
လာရောက် အားပေးကြသည့် ပရိသတ်များသည် ယမန်နှစ်က ဘန်ကောက် မဟာချိုင်ဒေသတွင် ဖျော်ဖြေမည်ဟု ကြေညာပြီးမှ ပွဲပျက်ခဲ့ဖူးသည့် R ဇာနည်ကို အထူး အားပေးကြောင်း တွေ့ရသည်။

R ဇာနည်ကို အမျိုးသားထက် အမျိုးသမီး ပရိသတ်များက ပိုမို အားပေးကြသည်။ ရုံဝင်လာသူ များထဲတွင်လည်း အမျိုးသား ပရိသတ်ထက် အမျိုးသမီး ပရိသတ်က ပိုမိုများပြား နေသည်ကို တွေ့ရသည်။

အဆိုပါ စင်တင်ပွဲတွင် R ဇာနည်နှင့် အတူ နောနော်၊ L ဆိုင်းဇီ၊ ဟန်ထွန်း၊ ထိုင်းအဆိုတော် စင်နှင့် ကောင်းဆက်တို့ ဖျော်ဖြေခဲ့ကြပြီး The Tree Band က တီးခတ်သည်။

မူလက ရုံဝင် လက်မှတ်များကို ၅၀၀၊ ၃၅၀၊ ၂၅၀ ဟု ကြေညာ ထားသော်လည်း တကယ်ရောင်းချသောအခါ ၃၅၀ တန် လက်မှတ်များကိုသာ ရောင်းချသဖြင့် ပိုက်ဆံမတတ်နိုင် သူတချို့မှာ အဝေးက လာခဲ့ရပြီး ရုံပြင်မှနားထောင်ကြရသည်ဟု ဘန်ကောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ မှ ကိုအောင်မြင့်သိန်းက ပြောသည်။

“ရုံထဲဝင်တာ လူ ၂၀၀၀ အထက်ရှိတယ်၊ အပြင်မှာလည်း အများကြီးပဲ။ တချို့က ၂၅၀ တန်းပါတယ် ဆိုလို့ လာတာ၊ ၃၅၀ မတတ်နိုင်လို့ မဝင်ရဘူး” ဟု သူက ဆိုသည်၊

အဖွင့်တွင် ထိုင်းအဆိုတော် စင် ကသီဆိုပြီး ကောင်းဆက်က “အာလူးလာမပေးနဲ့ လေကိုနည်းနည်းလျှော့ ဆိုသည့် သီချင်းဖြင့် မြူးမြူးကြွကြွ ဖျော်ဖြေသည်။

နောနော်နှင့် Lဆိုင်းဇီတို့ကလည်း သူတို့၏ ကျော်ကြားသော သီချင်းများဖြင့် ဖျော်ဖြေသကဲ့သို့ ဟန်ထွန်းကလည်း သူ့စတိုင်အတိုင်း ငြိမ့်ငြိမ့်ညောင်းညောင်း ဖျော်ဖြေခဲ့သည်ကို တွေ့ရသည်။

R ဇာနည်က နောက်ဆုံး ဖျော်ဖြေသည်။ တချို့နေရာများတွင် လုံခြုံရေး ၀န်ထမ်းများ အနည်းငယ် ကြမ်းတမ်းစွာ ထိန်းသိမ်းနေရသည်။

Rဇာနည်က “ကျနော့်ကို အခုလို လာရောက်အားပေးတဲ့ ပရိသတ်ကြီးကို အထူးကျေးဇူးတင်ပါတယ်။ ကျနော်တို့  ပျော်ပျော်ရွှင်ရွှင် သီဆိုဖျော်ဖြေလို့ရအောင် စည်းကမ်းရှိရှိ အားပေးကြပါ။ တာဝန်ယူတဲ့ သူတွေနဲ့လည်း ပြဿနာမဖြစ်အာင် အားပေးကြပါ” ဟု မေတ္တာရပ်ခံခဲ့သည်။

လာရောက်ကြည့်ရှု အားပေးသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများ အနှစ်ချိုက်ဆုံးမှာ R ဇာနည်၏ “ကိုယ့်အနားရှိစေချင်” သီချင်းဖြစ်သည်။ ပရိသတ်က “ရေမြေခြား သွားရတော့၊ မင်းလေးကို ထားခဲ့ရပြီပေါ့၊ မျက်ကွယ်ရာမှာ၊ စိတ်ချပါရစေ” အစရှိသည့် တေးသွားကို လိုက်လံသီဆိုကြသည်။

R ဇာနည်က စုစုပေါင်း သီချင်း ၇ ပုဒ်ဖြင့် ဖျော်ဖြေသွားခဲ့သည်။ ၇ နာရီကျော်မှ စတင်သော ဖျော်ဖြေပွဲသည် ည ၁၀ နာရီခွဲတွင် ပြီးဆုံးခဲ့သည်။

“ဒီညတော့ ဘယ်လိုပျော်မှန်းကို မသိဘူး၊ အရမ်း ပျော်တယ်။ R ဇာနည်က ကျမတို့ အသည်းစွဲလေ” ဟု ရှေ့ဆုံးတွင် ကြည့်ကာ ပန်းစည်းဆက်ခဲ့သည့် မမျိုးမျိုးကဆိုသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် မြန်မာအဆိုတော်များကို အစဉ် မျှော်လင့်နေ ကြသည်ကို တွေ့ရသည်။

R ဇာနည်နှင့် အဖွဲ့သည် ဤပွဲမတိုင်ခင် ပထုံဌာနီခရိုင် ခလုန်လွန်မြို့သစ်တွင်လည်း ဇန်န၀ါရီလ ၂၂ ရက်နှင့် ၂၃ရက်နေ့ များက ဖျော်ဖြေခဲ့ပြီးဖြစ်သည်။ လာမည့် ဇန်န၀ါရီလ ၂၈ရက်နှင့် ၂၉ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ ကုန်ဈေးတန်းဈေးတွင် ဆက်လက်ဖျော်ဖြေမည်ဟု သတင်းရရှိသည်။

ယမန်နေ့ညက ကျင်းပသည့် ပွဲအပါအဝင် ဘန်ကောက် ငါးသေတ္တာ စက်ရုံတွင် မြန်မာအဆိုတော်များနှင့် ကျင်းပသည့် စင်တင်ပွဲမှာ တတိယအကြိမ်မြောက်ဖြစ်သည်။ ပထမအကြိမ်မှာ အဆိုတော်လေးဖြူပါဝင်သည့် Iron Cross စင်တင်ပွဲဖြစ်ပြီး ထိုင်းအာဏာပိုင်တို့က ဝင်ရောက် ဖမ်းဆီးမှုရှိခဲ့သည်။ ဒုတိယအကြိမ်မှာ နောနော်နှင့် တခြား အဆိုတော်များ၏ ဖျော်ဖြေပွဲ ဖြစ်သည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

မြန်မာ ဘုရားဖူးယာဉ် တိမ်းမှောက်၊ တဦးသေဆုံး

အိန္ဒိယနိုင်ငံတွင် မြန်မာဘုရားဖူးများ လိုက်ပါလာသော ယာဉ်တစီး မတော်တဆ တိမ်းမှောက်ခဲ့ရာ အမျိုးသား ၁ ဦးသေဆုံးပြီး ကျန်ခရီးသည် များလည်း ဒဏ်ရာ ရရှိခဲ့ကြကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီလ ၂၃ ရက် နံနက် ၅ နာရီခန့်က နယူးဒေလီမှ ကီလိုမီတာ ၃၀၀ ကျော်တွင်ရှိသော ဥတ္တရာ ပရာဒေ့ရှ် ပြည်နယ်သို့ အသွား  မြူနှင်းများ ထူထပ်စွာ ကျရောက်နေရာ လမ်းမပေါ် ဖြတ်ပြေးသည့် တိရစ္ဆာန်တကောင်ကို ရှောင်လိုက်ရာမှ ဘုရားဖူးယာဉ် တိမ်းမှောက်ခဲ့ရကြောင်း သိရသည်။

“အကောင်ကို ရှောင်လိုက်လို့ ကားက လမ်းချော်သွားတာ။ ကားပေါ်ပါတဲ့ ဦးပဉ္ဇင်း ၇ ပါးအပါအ၀င် ၁၆ ယောက်လုံး ပွန်းပဲ့ဒဏ်ရာတွေ ရကြတယ်။ ရန်ကုန်က အသက် ၄၀ ကျော်အရွယ် ဦးသိန်းမြင့်ကတော့ ဆုံးသွားတယ်” ဟု ယာဉ် တိမ်းမှောက်မှုတွင် ပါဝင်သော ဘုန်းတော်ကြီးတပါးက မိန့်သည်။

အဆိုပါ မြန်မာဘုရားဖူး အဖွဲ့သည် ဗုဒ္ဓမြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်တွင် မယ်တော်မိနတ်သားကို တရားဟောပြီး ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းမှ ဆင်းလာသည့် နေရာဟု အဆိုရှိသော သင်္ကဿနဂိုင်္ဃ ပြည်သို့ ဦးတည်သွားခဲ့ကြခြင်း ဖြစ်သည်။

“အဲ့ဒီနေ့ ညနေကပဲ သင်္ဂြိုဟ်လိုက်တယ်။ ဘုရားဖူးတွေကတော့ သာဝတ္ထိဘက် ရှေ့ဆက်သွားမလို့ မသွားဖြစ်တော့ဘူး။ ဒကာမကြီးတွေကလည်း ခြေထောက်တွေ တော်တော် နာသွားကြတယ်။ အခုတော့ သင်္ကဿနဂိုင်္ဃက ဘုန်းတော်ကြီး ကျောင်းမှာပဲ နားနေကြတယ်” ဟု တခြား ဦးပဉ္ဇင်းတပါးက မိန့်သည်။

ဆောင်းတွင်းကာလဖြစ်၍ နယူးဒေလီမြို့အပါအ၀င် အိန္ဒိယနိုင်ငံမြောက်ပိုင်း မြေပြန့်ဒေသတချို့၌ မြူနှင်းများ ထူထပ်စွာ ကျရောက်ချိန်တွင် ယာဉ်သွားလာမှုခက်ခဲသကဲ့သို့ ယာဉ်မောင်းများ၏ မဆင်မခြင်မောင်းနှင်မှု၊ ပေါ့ဆမှုတို့ကြောင့် ယာဉ်မတော်တဆ ထိခိုက်မှုများ တိုးပွားလာကြောင်း အိန္ဒိယ သတင်းစာများတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်ကလည်း ဗုဒ္ဓဂါယာတွင် ဖြစ်ပွားသော ယာဉ်တိုက်မှုတခု၌ ဘုရားဖူးလာသည့် ရန်ကုန် သာကေတ မိုးကုတ်ရိပ်သာမှ သက်တော် ၅၃ နှစ်အရွယ် ဆရာတော် ဦးပုညာနန္ဒ ပျံတော်မူခဲ့သည်။
ဧရာဝတီမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

24 January 2010

ဆရာကြီးဦးဘဂျမ်း (ကဗျာဆရာ တင်မိုး) ၃ နှစ်ပြည့်အမှတ်တရ



ဆရာကြီးရဲ့ (၃) နှစ်ပြည့်အမှတ်တရအနေနဲ့ပန်းချီ-ဒီဇိုင်း ကိုမျိုး ဆီမှခွင့်တောင်းကူးယူဖော်ပြလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုရန်...

23 January 2010

အန်ဒီအေ (ကချင်) အဖွဲ့ ဗဟိုကော်မတီဝင်များကို လက်နက်နှင့် ကားပါမစ်လဲရန် စီစဉ်ပေး




စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို လက်ခံလိုက်သည့် အန်ဒီအေ (ကချင်) အဖွဲ့ ဗဟိုကော်မတီဝင်များကို ကားပါမစ်တစောင်စီ ထုတ်ပေးလိုက်ခြင်းသည် ဒေသတွင်း လက်နက်အပ်ရန် ကျန်နေသည့်ကိစ္စ အဆင်ပြေစေရေး ရည်ရွယ်ပုံရကြောင်း မြစ်ကြီးနားမြို့မှ အန်ဒီအေ တပ်ဖွဲ့ဝင်ဟောင်းတဦးက ပြောသည်။ ၎င်းက “အန်ဒီအေ တပ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေးကောင်စီက ကောင်စီဝင်တွေကို ပေးတာပါ။ ကိုယ့်မှာရှိတဲ့ လိုင်စင်မဲ့ကား တစီးစီးကို အရင် စာရင်းတင်ပြ ရတယ်။ အဲဒါကို အစိုးရက ယာဉ်လိုင်စင် ထုတ်ပေးတယ်။ ကားပါမစ် ပေးတဲ့သဘောပေါ့” ဟု ပြောသည်။
သက်ဆိုင်ရာက အန်ဒီအေ (ကချင်) တပ်ဖွဲ့ဝင် ခေါင်းဆောင်များအတွက် ကားလိုင်စင်လုပ်ပေးရန် ညွှန်ကြားချက် ရရှိထား ကြောင်း၊ ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းအတွက် ပရာဒို (၁) စီးနှင့် လင်ခရူဆာ (၁) စီး၊ ကျန်ခေါင်းဆောင်များအတွက် ပရာဒို၊ လင်ခရူဆာ၊ ပါဂျဲရိုး၊ ဆာ့ဖ်၊ မာ့ခ်တူး၊ ကယ်တီးနာနှင့် ဖိုးဝှီး စသည့်ကားအမျိုးအစားများဖြစ်ပြီး တဦးလျှင် (၁) စီးစီ စုစုပေါင်း (၁၇) ဦးအတွက် ကား (၁၈) စီးဖြစ်ကြောင်း မြစ်ကြီးနားမြို့ ကညနရုံးမှ တာဝန်ရှိ ဝန်ထမ်းတဦးက အတည်ပြုပြောကြားသည်။
၎င်းက “အန်ဒီအေ ခေါင်းဆောင်တွေ သူတို့တင်ပြထားတဲ့ လိုင်စင်မဲ့ကားတွေကို ကျနော်တို့ရုံးကို ယူလာဖို့လိုတယ်။ ကျနော်တို့က ခဲခြစ်တာအပါအဝင် ယာဉ်လိုင်စင်အတွက် အားလုံး ပြုလုပ်ပေးဖို့ ညွှန်ကြားချက် ရထားတယ်။ အချို့ ခေါင်းဆောင်တွေ ယာဉ်လိုင်စင် လာလုပ်သွားပြီ” ဟု ပြောသည်။
အန်ဒီအေ ခေါင်းဆောင်များအနေဖြင့် လိုင်စင်မဲ့ကားများ လိုင်စင်ရရှိသွားခြင်းသည် ကျပ် သိန်း (၁၀၀) ကျော်တန် လိုင်စင်မဲ့ ကားများကို ကျပ် သိန်း (၁,၀၀၀) ကျော်မှ (၃,၀၀၀) ထောင်အထိ တန်ဖိုးရှိသွားစေကြောင်း၊ စစ်အစိုးရက အဆိုပါ ငွေပမာဏကို လာဘ်ထိုးလိုက်သည့်သဘောဖြစ်ကြောင်း အဆိုပါ အန်ဒီအေ တပ်ဖွဲ့ဝင်ဟောင်းဖြစ်သူက ပြောသည်။
၎င်းက “ဒီလို ခေါင်းဆောင်တွေကို ကျပ် သိန်းထောင်နဲ့ချီ လာဘ်ထိုးလိုက်တဲ့အတွက် ဒေသထဲမှာ နယ်ခြားစောင့်တပ်ထဲ ပြန်လည် ပါဝင်ခြင်း မရှိတော့တဲ့ ခေါင်းဆောင်တွေ၊ ဝါရင့်တော်လှန်ရေးသမားတွေထံက လက်နက်သိမ်းယူရေး ပိုမို အဆင်ပြေသွား လိမ့်မယ်လို့ စစ်အစိုးရက ယူဆနေပုံရတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ (၁၃ မှ ၁၆) ရက်နေ့အထိ မြစ်ကြီးနားတွင် ကျင်းပခဲ့သည့် ကချင်အထူးဒေသ (၁) အထူးအစည်းအဝေးပွဲ၌ တပ်သားဟောင်းများ၊ တော်လှန်ရေး ရဲဘော်ဟောင်းများကို ထောက်ပံ့ကြည့်ရှုရေးကိစ္စ ကိုယ်စားလှယ်များက တင်ပြဆွေးနွေး ခဲ့သော်လည်း ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းက မည်သို့မှ အဖြေမပေးခဲ့ပေ။
ယခု ကားပါမစ်ရရှိသူများမှာ ကချင်ခေါင်းဆောင် (၁၃) ဦး၊ မြန်မာ (၂) ဦး၊ တရုတ် (၂) ဦး စုစုပေါင်း ဗဟိုကော်မတီဝင် (၁၇) ဦးသာ ရရှိကြခြင်းဖြစ်သည်။
ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းသည် ၎င်းတို့ မိသားစုစီးနေသည့် KSR (ကချင်အထူးဒေသ) နံပါတ်တပ် လိုင်စင်မဲ့ကားများကိုလည်း လိုင်စင်ထုတ်ပေးရန် စစ်အစိုးရထံ တင်ပြထားကြောင်း စုံစမ်းသိရသည်။


ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

နယ်ခြားစောင့်တပ်ရင်းမှ ထွက်ပြေးသူ များပြား အနားယူသူများလည်း ပင်စင်လစာ မရရှိသေး



မကြာသေးခင်က အသွင်ပြောင်းခဲ့သည့် နယ်ခြားစောင့်တပ်ရင်းများတွင် ထွက်ပြေးမှု များ ရှိနေသကဲ့သို့ တပ်မှထွက်ခွင့်ရထားသူများကိုလည်း ယခုအချိန်ထိ ပင်စင်လစာ ထုတ်မပေးနိုင်ဘဲ ဖြစ်နေသည်။
ရှမ်းမြောက်အထူးဒေသ (၁)၊ မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့အား နအဖတပ်က ဝင်ရောက်တိုက်ခိုက်ပြီးနောက် လက်ကျန် ပိုင်စုံချိန် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့အား ဒီဇင်ဘာလဆန်းပိုင်းက အသွင်ပြောင်း လိုက်သည့် အမှတ် (၁ဝဝ၆)၊ နယ်ခြားစောင့်တပ်ရင်းမှ စစ်သည်များသည် ယခုအခါ စစ်သင်တန်း တက်ရောက်နေကြရာမှ ထွက်ပြေးမှု အများအပြားရှိနေသည်ဟု ကိုးကန့်ဒေသခံများနှင့် နီးစပ်သူ တရုတ်နယ်စပ် ဒေသခံတဦးက ပြောသည်။
၎င်းက “သင်တန်းတက်ရမယ်ဆိုတော့ အဲဒီထဲကစပြီး ထွက်ပြေးနေတာ။ သင်တန်းသွားတော့ လူ (၂ဝဝ) တောင် မပြည့်တော့ဘူး။ သင်တန်းက နှစ်နေရာမှာ။ အရာခံဗိုလ်နဲ့အထက်တွေက ဗထူးမှာ ပေးတယ်။ အကြပ်တပ်သားတွေက မန်ကပ်မှာ ပေးနေတယ်၊ အဲဒီ သင်တန်းကလည်း ပြန်ပြေးနေတယ်။ သူတို့ အိမ်တွေလည်း ပြန်မရောက်လာသေးဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၈) ရက်တွင် နယ်ခြားစောင့်တပ်ရင်း၊ အမှတ် (၁ဝဝ၁)၊ (၁ဝဝ၂) နှင့် (၁ဝဝ၃) ဟုဆိုကာ အသွင်ပြောင်းလိုက်သည့် ကချင်အထူးဒေသ (၁) တွင်လည်း တပ်ပြေးမှုများရှိနေပြီး ယခင်ရဲဘော်များ မဟုတ်သည့် အပြင်လူများကို တပ်အင်အားအဖြစ် ပြန်ဖြည့်ခဲ့ရသဖြင့် နားလည်သဘောပေါက်မှုလွဲနေ၍ ယခုကဲ့သို့ တပ်ပြေးမှု ဖြစ်နေရကြောင်း ကချင်အထူး ဒေသ (၁) ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးကြီးဟောင်း မုရင်ဒေါင်ဟောင်းက ပြောသည်။
၎င်းက “သဘောမပေါက်လို့ဖြစ်တယ်။ အသွင်ကူးပြောင်းတဲ့ထဲမှာ တချို့က တပ်ထဲက လူတွေ၊ လူအင်အားကို ပြန်ဖြည့်တယ် ဆိုတော့ တပ်ဖွဲ့ဝင် မဟုတ်တဲ့သူတွေ ပါသွားတာပေါ့လေ။ သဘောမပေါက်တဲ့သူတွေကို ဆွဲထည့် လိုက်တာရှိတယ်။ အခု နောက်ပိုင်း ပြေးတာ လျော့တော့ လျော့သွားပြီ” ဟု ပြောသည်။
နယ်ခြားစောင့်တပ်ဖွဲ့တွင် ပါဝင်ခွင့်မရတော့သည့် အသက် (၅ဝ) ကျော် တပ်ဖွဲ့ဝင်များအနေဖြင့် တပ်ကအနားယူခဲ့ရပြီး ယခုအချိန်အထိ ပင်စင်လစာ မရရှိသေးသဖြင့် ယခုလ (၁၃) ရက်မှ (၁၆) ရက်အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကချင်အထူးဒေသ (၁) ၏ အထူးအစည်းဝေးတရပ် ကျင်းပခဲ့ပြီး အနားယူထားသည့် တပ်ဖွဲ့ဝင်များအတွက် ကူညီထောက်ပံ့ရေး ဆွေးနွေးခဲ့ကြသော်လည်း ဆုံးဖြတ်ချက်မချနိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးဟောင်း မုရင်ဒေါင်ဟောင်းက ပြောသည်။
၎င်းက “အဲဒီကိစ္စကို နိုင်ငံတော်အစိုးရနဲ့ ဆက်ဆွေးနွေးရမယ်။ သူတို့ကို တင်ပြပြီး သူတို့ပေးလာတဲ့ အဖြေပေါ်မှာပဲ ဆက်လက် လုပ်ဆောင်သွားရမှာ ဖြစ်တယ်။ သူတို့နဲ့ ဆွေးနွေးဖို့ လိုသေးတယ်” ဟု ပြောသည်။
အပစ်ခတ်ရပ်အဖွဲ့များမှ အသွင်ပြောင်းလိုက်သည့် နယ်ခြားစောင့်တပ်ရင်းများ ယခုကဲ့သို့ အဆင်မပြေမှုများ ရှိနေချိန်တွင် ပြည်သူ့စစ်အသွင်ပြောင်းခဲ့ရသည့် ကချင်ငြိမ်းချမ်းရေးအဖွဲ့ ခေါ် ဦးလဆန်အောင်ဝါ ဦးဆောင်သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ခွဲထွက်) ၏ စီးပွားရေးလုပ်ငန်းအဖြစ် တရုတ်ပြည်သို့ ကုန်ပစ္စည်းများ တင်ပို့နေမှုကို မကြာသေးခင်ရက်ပိုင်းက ဖမ်းဆီးခဲ့ သည့်အပြင် မြစ်ကြီးနားမြို့နေ၊ အဖွဲ့နာယက တဦးကိုလည်း မူးယစ်တပ်ဖွဲ့က မူးယစ်ဆေးဝါး ရှာဖွေရင်း ရိုက်နှက်ခဲ့၍ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

မြန်မာ့မြွေများ အမေရိကန် ထိန်းချုပ်မည်

မြန်မာစပါးအုံး မြွေအပါအ၀င် မြွေအမျိုးအစား ၉ မျိုးကို အမေရိကန် နိုင်ငံအတွင်းသို့ တင်သွင်းနေမှုများ ပိတ်ပင်ရေး ဥပဒေ ပြဋ္ဌာန်းရန် ပြင်ဆင်နေသည်ဟု သိရသည်။

အဆိုပါ မြွေများသည် ပြည်သူများအတွက် အန္တရာယ်ရှိစေသည်သာမက အမေရိကန်ပြည်ထောင်စု၏ ဂေဟစနစ်ကိုပါ ပျက်စီး စေ သည်ဟု အမေရိကန်နိုင်ငံ ပြည်ထဲရေးဌာန အတွင်းဝန် ကင် ဆလာဇာက ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။


၁၁ ပေ အရှည်ရှိ မြန်မာ့စပါးအုံး မြွေကြီးကို အမေရိကန် နိုင်ငံတွင် ဤသို့ သရုပ်ပြနေသည် (ဓာတ်ပုံ - အေပီ)
“မြွေကောင်ရေ ထိန်းချုပ်တာ၊ မြွေတွေကို အပြီးဖယ်ရှား ပစ်တာတွေကို ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ ဖလော်ရီဒါလိုမျိုး ပြည်နယ် အစိုးရတွေက အမြန်ဆုံး ဆောင်ရွက် နေကြပါတယ်။ ဒါပေမယ့်လည်း လွယ်တဲ့ အလုပ်တော့ မဟုတ်ဘူး။ အောင်အောင် မြင်မြင် ဆောင်ရွက်နိုင်ဖို့ အတွက်ဆိုရင် ပြည်ပက မြွေတွေ တင်သွင်းတာကို ပိတ်ပင်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံထဲမှာလည်း မြွေတွေကို ရွှေ့ပြောင်း သယ်ယူတာ၊ မြွေအရောင်း အ၀ယ်လုပ်တာ တွေကို ရပ်ဆိုင်းရမှာ ဖြစ်ပါတယ်”ဟု ဆလာဇာ  က ပြောသည်။

အမေရိကန် ပြည်ထောင်စုရှိ ငါးများနှင့် တောရိုင်း တိရိစ္ဆာန်များ ဆိုင်ရာ ဥပဒေမူကြမ်းကို လာမည့် ဖေဖော်ဝါရီလ စောစောပိုင်းတွင် ထုတ်ပြန် မည်ဖြစ်ကြောင်း၊ တချိန်တည်းမှာပင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စီးပွားရေးဆိုင်ရာ မူကြမ်းကို လည်း ရေးဆွဲထုတ်ပြန်မည်ဟု ဆလာဇာကဆိုသည်။

တားမြစ်မည့်  မြွေမျိုးစိတ်များမှာ မြန်မာစပါးအုံးမြွေ၊ မြောက်အာဖရိက စပါးအုံးမြွေ၊ တောင်အာဖရိကစပါးအုံးမြွေ၊ အိတ်ရှုံ့အမျိုး အစား စပါးအုံးမြွေ၊ သားကောင်ကို ရစ်ပတ်ပြီးညှစ်သတ်တတ်သည့်  တောင်အမေရိကအပူပိုင်းဒေသရှိ အစိမ်းရောင် နှင့် အ၀ါရောင် အနာကွန်ဒါမြွေ၊ ဘိုလီဗီးယန်း အနာကွန်ဒါမြွေ နှင့် စပါးကြီးမြွေ တို့ဖြစ်သည်။

အဆိုပါ မြွေမျိုးစိတ်များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ခန့်ကတည်းက အမေရိကန်နိုင်ငံသို့ တင်ပို့ခဲ့ပြီး တချို့သော မျိုးစိတ်များ ပေါက်ပွားမှုသည် တင်သွင်းခဲ့သည့် ဦးရေထက် ပိုမိုများပြားဖွယ်ရှိနေသည်။

ယခုကဲ့သို့ ဂေဟစနစ်တခုလုံးကို အန္တရာယ်ဖြစ်နိုင်သည့် သတ္တ၀ါ မျိုးစိတ်များအား တားဆီးရန်အတွက် ကြိုးပမ်းမှု အားကြိုဆို ကြောင်း၊ အထက်လွှတ်တော်တွင် ဖွဲ့စည်းထားသည့် ရေ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်သူ့ လုပ်ငန်းကော်မတီ ၏ ရေနှင့် တောရိုင်း တိရစ္ဆာန်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ စိန့်ဘင်ဂျာမင် ကာဒင်းက ပြောသည်။

“တိုင်းပြည်တ၀န်းမှာရှိတဲ့ မူလ မျိုးစိတ်တွေကို ပြည်ပက ရောက်လာတဲ့ မျိုးစိတ်တွေက ခြိမ်းခြောက်နေတာကိုတော့ မေးခွန်းထုတ် စရာဖြစ်နေပြီ၊ ဒါတွေဟာ အမေရိကန်မှာ နဂိုက ရှိတဲ့ သဘာဝဂေဟစနစ်၊ တိုင်းပြည်စိုက်ပျိုးရေး၊ စီးပွားရေးနဲ့ ပြည်သူ့ ကျန်းမာ ရေးတွေ အပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်”ဟု ၎င်းကပြောသည်။

မြန်မာစပါးအုံးမြွေများအပါအ၀င် အန္တရာယ် ကြီးသည့် မြွေများသည် တခြားသော သတ္တ၀ါမျိုးစိတ်များနှင့် တောရိုင်းတိရိစ္ဆာန်များကို အန္တရာယ်ပြုနေကြောင်း၊ မကြာသေးမီက မိချောင်းကန် အမျိုးသားဥယျာဉ် အနီးမှ တွေ့ ရှိခဲ့သည့် စပါးအုံးမြွေ နှစ်ကောင်၏ အစာ အိမ်ထဲတွင်  ရှားပါးလာဂို ကြွက်များကို တွေ့ရှိရကြောင်း သိရသည်။

ပြည်ပမှ ရောက်ရှိလာသည့် မြန်မာစပါးအုံးမြွေများနှင့် အခြားသော လူကိုရစ်ပတ်၍ အန္တရာယ်ပြုနိုင်သော မြွေမျိုးစိတ်များသည် သဘာဝပတ်ဝန်းကျင်အသစ်၊ ရာသီဥတုအသစ်တွင် လိုက်လျောညီထွေ အသက်ရှင်နေထိုင်နိုင်ပြီး၊ အကောင်ရေ ၁၂၀၀ ကျော် သည် ၂၀၀၀ပြည့်နှစ်ကတည်းက ဖလော်ရီဒါပြည်နယ်ရှိ အီဗာဂလိတ် အမျိုးသားဥယျာဉ်၊ ပြည်နယ်အနောက်ဘက်ရှိ ကမ်းရိုး တန်းဒေသများ နှင့် ဖလော်ရီဒါကျွန်းဆွယ် မှ တခြားသောနေရာများသို့ ပြောင်းရွှေ့ သွားလာနေကြသည်။
မဇ္စျိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

မလေးရှားတွင် အဖမ်းအဆီးကြမ်း



မလေးရှား အာဏာပိုင်များက တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများကို ပြင်းထန်စွာ အရေးယူမည် ဟူသော ထုတ်ပြန်ချက် ထွက်ပြီးနောက် ရက်သတ္တ တပတ်ခန့် အတွင်း နိုင်ငံတ၀န်း နေ့စဉ် ရက်ဆက် ဖမ်းဆီးမှု များပြုလုပ်နေသောကြောင့် မလေးရှားရှိ မြန်မာ အလုပ်သမားများ စိုးရိမ်ထိတ်လန့်နေကြောင်း သတင်း ရရှိသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၄ ရက်နေ့က မလေးရှားနိုင်ငံထုတ် The Star သတင်းစာတွင် ထိုကဲ့သို့ ပြင်းထန်စွာ ဖမ်းဆီးနှိမ်နင်းမည်ဟု ထုတ်ပြန်ချက်ပါလာပြီးနောက် ယနေ့အထိ မြန်မာနိုင်ငံသားများအပါအ၀င် နိုင်ငံတ၀န်း ရှိ နိုင်ငံခြားသားအလုပ်သမား ထောင်နှင့်ချီ၍ ဖမ်းဆီးခံရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (မလေးရှား ဌာနခွဲ) မှ အတွင်းရေးမှူး ကိုအောင်ကျော်ဆက် က ပြောသည်။

“ဇန်န၀ါရီ ၁၄ ရက်ကနေ ဒီနေ့အထိ မလေးရှားတနိုင်ငံလုံး ဖမ်းဆီးမှုမှာ လူ ၄၀၀၀ လောက်ကိုရှိနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမြို့တွင်း၌ မလေးရှား ရဲ များက ဖမ်းဆီး စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ကွာလာလမ်ပူအခြေစိုက် ပြည်ထောင်စု သတင်းစာ ထုတ် ဝေသူ ကိုအောင်ထွန်းဦးကလည်း ပြောသည်။

“KL (ကွာလာလမ်ပူ) မြို့ထဲမှာဆိုရင် ပုလိပ်တွေက နှစ်ယောက်တတွဲ လမ်းထိပ်နားတွေက ရပ်စောင့်ပြီး ဖမ်း တယ်၊ အထူးသဖြင့် ကိုတာရယ တ၀ိုက်မှာ အဆိုးဆုံးပဲ၊ ဖမ်းတာကတော့ တနိုင်ငံလုံး၊ ရပ်ကွက်တွေ ဆိုရင် ပုလိပ်တွေ က အုပ်လိုက်အုပ်လိုက် ၀င်ပြီးရှာနေကြတယ်”ဟု ဆိုသည်။

ယခု ရက်ပိုင်းအတွင်း မလေးရှားရှိ လူစည်ကားရာ ကားမှတ်တိုင်များ၊ လမ်းဆုံလမ်းခွများ၊ ပန်းခြံများ၊ ကုန် တိုက် ကြီးများ၊ ဈေးများနှင့် စားသောက်ဆိုင်တန်းများကို ၀င်ရောက်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။   

မလေးရှားနိုင်ငံ ပီနန်းတွင်နေထိုင်သူ ကိုမျိုးသူကလည်း လူဝင်မှုကြီးကြပ်ရေး၊ ရဲ တပ်ဖွဲ့ဝင်များနှင့် ရလာ များ ပူးပေါင်း၍ ပီနန်း ၌ ယမန်နေ့က လူ ၁၀၀ ခန့် ဖမ်းဆီးသွားသည်ဟု ပြောဆိုသည်။ ထို့အပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)အသိအမှတ်ပြု လက်မှတ် ကိုင်ဆောင်ထားသူများပင် အဖမ်း အဆီးခံရမှုရှိသည်ဟုလည်း ဆိုသည်။

“ကျနော် ကြားသိသလောက် တရားမ၀င်နိုင်ငံခြားသား အလုပ်သမား ၅ယောက်နဲ့အထက်ကို လက်ခံ ထား တဲ့ အလုပ်ရုံ ကုမ္ပဏီကိုမိရင် ပိတ်ပစ်ပြီး သူဌေးကိုပါ အရေးယူမယ်လို့ ကြားတယ်၊ နောက်တခု ကတော့ U.Nလက်မှတ် ကိုင်ဆောင်သူတယောက်ကို အလုပ်ပေးထားတဲ့အလုပ်ရှင်ဆိုရင် အဲဒီသူဌေးကို ရင်းဂစ် ၄၀၀၀ ကနေ ၅၀၀၀ အထိ ဒဏ်ရိုက်မယ်လို့ ခြိမ်းခြောက်ထားတယ်”ဟု ကိုမျိုးသူက ပြောပြသည်။

ကိုအောင်ကျော်ဆက်ကလည်း“အခု တလော မလေးအနှံ့မှာ ဖမ်းတာဆီးတာဟာ အတော်လေးကို စိပ်လာ တယ်၊ မနေ့က ပီနန်းက စက်ရုံတခုကိုဝင်ဖမ်းတာ မြန်မာ အယောက် ၄၀ ကျော်ပါသွားတယ်၊ ပြီးတော့ မြန်မာ တွေ အနေများတဲ့ ကွာလာလမ်ပူနားက ပူချောင်း (Puchong) မှာဆိုရင် လော်ရီကား ၃ စီးနဲ့ တင်သွားတယ်၊ နောက် ကလန်း (KLang) မှာ လော်ရီကား ၂ စီးစာ လောက်ပါသွားတယ်”ဟုဆိုသည်။

ထိုကဲ့သို့ ဖမ်းဆီးရာတွင် အသုံးပြုသောကားများမှာ စစ်သုံးလော်ရီကားများဖြစ်ပြီး တစီးလျှင် အနည်းဆုံး လူ(၈၀)ခန့် ဆန့်သည်ဟု သိရသည်။

ဇန်န၀ါရီ ၁၄ ရက်က The Star သတင်းစာတွင် “မလေးရှား လူဝင်မှုကြီးကြပ်ရေးက လာမည့် ဖေဖော်ဝါရီ လ ၁၅ ရက်မှ စတင်ကာ နိုင်ငံတ၀န်း တရားမ၀င်အလုပ်လုပ်နေသော နိုင်ငံခြားသား ထောင်ပေါင်းများစွာကို ဖမ်းဆီးနှိမ်နင်းတော့မည်။ ယင်းသို့ ဖမ်းဆီးရာတွင် လ၀ကများ ၊ ရဲများ၊ ရလာ (Rala) များက ပူးပေါင်း ကူညီ ကြမည်ဖြစ်သည်။ ယခုအခါ မလေးရှားတွင် နိုင်ငံခြားသား အလုပ်သမား ၁ သန်း ၈ သိန်းခန့်ရှိသည်”ဟု ဖော် ပြခဲ့သည်။

မလေးရှားတွင် မြန်မာအလုပ်သမား သိန်းနှင့်ချီ၍ လာရောက် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။
ဧရာဝတီမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

အိမ်ပြင်ဆင်ရေး ဦးအောင်ဆန်းဦး ကန့်ကွက်



မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် လုံခြုံရေးအတွက် ပြင်ဆင်နေမှုကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ယမန်နေ့က တရားဝင် ကန့်ကွက် ထားကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်မည့်ကိစ္စကို အစ်ကိုဖြစ်သူက ပထမဆုံးအကြိမ် တားဝရမ်း ထုတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရှေ့နေ ဦးဉာဏ်ဝင်းက “သူလျှောက်တဲ့ လျှောက်လွှာကို ကျနော်တို့ကတော့ ကန့်ကွက်မှာပဲ။ ဘယ်လို အချက်အလက်တွေနဲ့ ကန့် ကွက်ရမလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ ညှိနှိုင်းဖို့လိုတယ်၊ လာမယ့် အပတ်ထဲမှာ တွေ့ဖြစ်မယ်” ဟု ပြောသည်။

ယင်း ဥပဒေအရ အငြင်းပွားနေသည့် ပစ္စည်းတခုကို လက်ဝယ်ရှိသူက တန်းဖိုးလျော့စေရန် ပြုလုပ်ခြင်း၊ ပျက်စီးစေခြင်း၊ လွှဲပြောင်းပေးခြင်းများ ပြုလုပ်လျှင် တားဝရမ်း ထုတ်နိုင်သော်လည်း အထက်ပါ အခြေအနေများ မရှိသောကြောင့် ကန့်ကွက်စာတွင် ထည့်သွင်းရေးသားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မေလက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အမေရိကန်နိုင်ငံသားတဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း နေအိမ် လုံခြုံရေးအတွက် ပြုပြင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်သည်။     

အာဏာပိုင်များက ခွင့်ပြုချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အပေါ်ထပ်ရှိ ဝရန်တာကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင် ပြင်ဆင်ခဲ့ရာမှ ဦးအောင်ဆန်းဦး၏ ကန့်ကွက်မှုကြောင့် အိမ်ပြင်ရန် ခေတ္တခဏ ရပ်ဆိုင်းထားရကြောင်းလည်း သိရသည်။

စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်တွင်း အမှု ရင်ဆိုင်နေရစဉ် ကတည်းက ၎င်း၏ နေအိမ်ကို လုံခြုံရေး အတွက် ပြန်လည် ပြုပြင်ရန် ပြောဆိုသဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် တိုင်ပင်ခဲ့သည်။ အိမ် အပေါ်ထပ်တွင် ရှိသော ၀ရန်တာ နှစ်ခုကို အဓိကထားပြီး ပြုပြင်မည် ဖြစ်ကြောင်း၊ အိမ်ပြင်ရန်အတွက် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြောင်း ကြားခဲ့ကြောင်း သိရသည်။

၂၀၀၁ ခုနှစ်က ဦးအောင်ဆန်းဦးသည် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချထားသည့် နေအိမ်ကို သူလည်း ပိုင်ဆိုင်သည်ဟု ဆိုကာ အမွေပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုနှင့် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သည်။

၂၀၀၇ ခုနှစ်တွင် အိမ်ကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်သည် သူ တင်ပြထားသည့် သက်သေများနှင့် တွေ့ခွင့် မရခဲ့သောကြောင့် ထိုအချိန်မှစပြီး အမှုကို ရပ်ထားခဲ့သည်။

၁၉၆၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်က မြန်မာ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် ဝန်ကြီးချုပ် ဦးနုက အင်လျားကန်စောင်းရှိ နေအိမ်ကို ပေးအပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သို့ ပြန်ရောက်လာချိန် ၁၉၈၈ ခုနှစ်ကတည်းက ထိုအိမ်၌ပင် နေထိုင်လာခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ကဗျာဆရာစောဝေ လွတ်ရက်စေ့သော်လည်း ပြန်မလွတ်သေး

“အာနာရူးကြီး မှူးကြီး သန်းရွှေ” ဟုသည့် စာသား ပါရှိသော ကဗျာကို ရေးသားမှုကြောင့် ရမည်းသင်း ထောင်တွင် ထောင်ဒဏ် ၂ နှစ် ကျခံနေရသည့် ကဗျာဆရာ စောဝေသည် ဇန်န၀ါရီလ ၂၁ ရက်နေ့က လွတ်ရက်စေ့ပြီ ဖြစ်သော်လည်း အာဏာပိုင်များက ပြန်မလွှတ် ပေးသေးကြောင်း မိသားစုဝင်များက ပြောသည်။

ကဗျာဆရာ စောဝေ
ကဗျာ စောဝေ၏ “ဖေဖော်ဝါရီ ၁၄” အမည်ရှိ ကဗျာသည် ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့ထုတ် အချစ် ဂျာနယ်တွင် ပါလာပြီးနောက် သူ့အား အာဏာပိုင်များက ဖမ်းဆီးကာ နိုင်ငံတော် အသရေ ဖျက်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“အမိန့်ချတုန်းက ချုပ်ရက်တွေကို ခံစားစေ ဆိုတာ ပါတယ်။ လွတ်မယ် ထင်ပြီး သွားတာ၊ လွှတ်မပေး ဘူးရှင့်။ ကျမလည်း ထောင်ဝင်စာ ပေးပြီးတော့ ပြန်လာခဲ့ရတယ်။ သူတို့ ကိုယ်တိုင် ကလည်း လွတ်မယ့်ရက်ကို ခုထက်ထိ မပြောနိုင်သေးဘူး ဖြစ်နေတယ်။ သူတို့ကို ဘာမှ မညွှန်ကြား ထားဘူးလို့ ပြောတယ်” ဟု ဇနီးဖြစ်သူ ဒေါ်နန်းစန်းစန်းအေးက ဧရာဝတီသို့ပြောသည်။

ကိုစောဝေကို ၂၀၀၈ ဇန်န၀ါရီ ၂၁ ရက်နေ့တွင်ဖမ်းပြီး ၂၅ ရက်နေ့တွင် အင်းစိန်ထောင်သို့ပို့ကာ ၂၇ ရက်နေ့တွင် ရမန်ယူခဲ့သည်။ လွတ်ရက်စေ့နေပြီး လွှတ်မပေးသေးသည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်များထံ စာပေးပို့ တောင်းဆိုမည်ဟု သူ့ဇနီးဖြစ်သူက ဆိုသည်။

ဒေါ်နန်းစန်းစန်းအေးက ဆက်လက်၍ “ကိုစောဝေက ကဗျာဆရာတယောက်ကို သူတို့ဖမ်းထားလို့ အကျိုးရှိမယ်ဆိုရင်လည်း ဆက်ဖမ်းထားလို့ ရပါတယ်တဲ့။ သူ့အနေနဲ့ ဘုရားတရားလုပ်ဖို့ အခြေအနေပိုရတယ်၊ ၀ဋ်ကြွေးရှိသလောက် သူခံပါ့မယ်တဲ့။ ကျမကိုလည်း သည်းခံဖို့ အားမွေးဖို့ ပြန်အားပေးတယ်” ဟု ပြောပြသည်။

အင်းစိန်အကျဉ်းထောင်ရှိ အကျဉ်းဦးစီးဌာနသို့ သွားရောက်စုံစမ်းရာတွင်လည်း မည်သည့်နေ့တွင် လွတ်မည်ကို မပြောနိုင် ကြကြောင်း ဇနီးဖြစ်သူက ဆိုသည်။

သူက “ရှေ့နေကလည်း သူလွတ်ရက်စေ့ရင် လွတ်မှာပါလို့ ပြောတော့ ကျမလည်း ဘာမှ ဆက်ပြောလို့ မရတော့ဘူး။ ကျမတို့ ဘ၀က ကူစရာ ကယ်စရာ မရှိတော့ ဘယ်သူ့ကိုမှလည်း ထွေထွေထူးထူး တိုင်လို့ပြုလို့လည်း ရမှာ မဟုတ်ဘူး” ဟုပြောသည်။

ခင်ပွန်းဖြစ်သူမှာ လက်ရှိတွင် သွေးဝမ်းသွားရောဂါ ခံစားနေရပြီး အစားသိပ်မစားနိုင်၍ ကျန်းမာရေးအခြေအနေကို စိုးရိမ် ပူပန်သည်ဟု သူက ဆက်ပြောသည်။

ကဗျာဆရာ စောဝေသည် အကျဉ်းကျနေစဉ်အတွင်း ဖိနှိပ်ချုပ်ချယ်မှုများကြားမှ မိမိ၏အမြင်ကို ရဲရင့်စွာ ဖော်ထုတ် ရေးသားနိုင်မှုအတွက် အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) ကချီးမြှင့်သော Hellman/ Mammett Award ကို ရရှိခဲ့သည်။

လွတ်ရက်စေ့နေသည့် ကိုစောဝေကို လွှတ်မပေးသေးသည်နှင့် ပတ်သက်၍ အာရှလူ့အခွင့်အရေး ကောင်စီမှ ရှေ့နေ ဦးမင်းလွင်ဦးက နိုင်ငံတကာရှိ လူ့အခွင့်အရေးအဖွဲ့များသို့ တင်ပြ တိုင်ကြားမည်ဟု ဆိုသည်။

“အခု ကိုစောဝေ ကိစ္စက ဆိုးဆိုးရွားရွား လူ့အခွင့်ရေး ချိုးဖောက်မှုအစစ်ပဲ။ ရမန်ယူတာ မယူတာ အသာထား၊ ဥပဒေအရ ချုပ်ရက်က စဖမ်းတဲ့နေ့ကတည်းက စတွက်ရတယ်။ အခု ရဲတွေက လူဖမ်းပြီဆိုရင် ထုထောင်းပြီး အဲဒီ ဒဏ်ရာတွေ ပျောက်လောက်မှ ရုံးတင်တယ်။ ချုပ်ရက်ကိုလည်း ဥပဒေအတိုင်း မဟုတ်ဘဲ လုပ်ချင်သလို လုပ်နေကြတာ။ ရုံးတင်တဲ့ ရက်ကိုပဲ ထည့်တွက်တာမျိုးတွေပေါ့။ အဲ့ဒီတော့ ရှေ့နေတွေက ဘယ်နေ့က ဖမ်းတာလဲဆိုတာကို လိုက်မေးနေရတဲ့ အခြေအနေ ဖြစ်နေတယ်” ဟု ဦးမင်းလွင်ဦးက ပြောသည်။

ထို့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များဖြစ်သည့် ဗိုလ်ကြီးဝင်းထိန်၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာမေ၀င်းမြင့်တို့ကိုလည်း ထိုကဲ့သို့ ဥပဒေချိုးဖောက်၍ ထပ်မံ ချုပ်ထားခြင်း ပြုလုပ်ခဲ့သည်များကို သူက ထောက်ပြပြောဆိုသွားသည်။
ဧရာဝတီမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ဦးဝင်းတင် ရန်ကုန်ပြန်ရောက်



ဆယ်စုနှစ် ၂ ခုနီးပါး အကျဉ်းကျခဲ့ရာမှ ပြန်လွတ်လာပြီးနောက် နယ်သို့ ပထမဆုံး အကြိမ် ခရီးထွက်သွားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးဝင်းတင်သည်  ယနေ့တွင် ရန်ကုန်သို့ ပြန်လည်ရောက်ပြီ ဖြစ်သည်။

၃ ရက်ကြာ မန္တလေး-မေမြို့ ခရီးစဉ်တွင် မန္တလေးတိုင်း မြို့နယ် ၃၀ မှ ပါတီဝင်များကို ပါတီ ဗဟိုအလုပ်အမှုဆောင် တိုးချဲ့ပြင်ဆင်ခြင်းနှင့် ရွှေဂုံတိုင်စာတမ်း ရပ်တည်ချက်တို့ကို အလေးထား ရှင်းပြခဲ့ကြောင်း သိရသည်။

“စီအီးစီ ခေါင်းဆောင်မှု တိုးချဲ့တဲ့အခါမှာ အားလုံးရဲ့ သဘောတူညီနဲ့ဆိုတာကို ရှင်းပြခဲ့တယ်။ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ရွှေဂုံတိုင်ကြေညာစာတမ်းအပေါ်မှာပဲ ရပ်တည်တယ်။ အဲဒီအတိုင်းပဲ ရပ်တည်ဖို့ရာ ကျနော် တိုက်တွန်းခဲ့တယ်”  ဟု အသက် ၈၀ နှစ်အရွယ် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ထောင်ကထွက်ပြီး တနှစ်နှင့် ၄ လခန့်အတွင်း ခရီးဝေးအဖြစ် မန္တလေးမြို့သို့ ယခုလ ၁၉ ရက်နေ့တွင် လူထုဦးလှ နှစ်တရာပြည့် အခမ်းအနားသို့ သွားရောက်မှုဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။

ဦးဝင်းတင် (တွဲဘက်သဘာပတိ) နှင့်အတူ ဦးအုန်းကြိုင် (အန်အယ်ဒီဗဟိုအလုပ်အမှုဆောင်)၊ ကဗျာဆရာ ဖျာပုံနီလုံဦး (ခ) ဦးအောင်မြင့် (ဗဟန်းမြို့နယ်ဥက္ကဋ္ဌ) နှင့် စာရေးဆရာ မုံရွာအောင်ရှင် (စစ်ကိုင်းတိုင်း တိုင်းစည်းရုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ) တို့လည်း လိုက်ပါသွားကြသည်။

ခရီးစဉ်သည် အဓိကအားဖြင့် လူထုဦးလှ (ကွယ်လွန်) နှစ် ၁ဝဝ ပြည့် အခန်းအနားသို့ တက်ရောက်ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာဆရာဟောင်းဖြစ်သူ ဦးဝင်းတင်က ပြောသည်။

ထိုမှတဆင့် ၂ဝ-၂၁ ရက်နေ့တို့တွင် မန္တလေးနှင့် မေမြို့၌ ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ မန္တလေးရှိ နိုင်ငံရေးအကျဉ်းသား မိသားစုများကိုလည်း တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။

“ထူးထူးခြားခြား သဘောထားကွဲလွဲတဲ့ ဆွေးနွေးချက်တွေ တခုမှ မတွေ့ခဲ့ရဘူး။ သူတို့အဓိကထားပြီး တိုက်တွန်းချက်ကတော့ ညီညီညွတ်ညွတ် လုပ်ကြဖို့နဲ့ အများဆန္ဒနဲ့ လုပ်နိုင်အောင်နဲ့ ဒီလောက်ပါပဲ” ဟု ဦးဝင်းတင်က ဆက်ပြောသည်။

ဆွေးနွေးပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ ရုံးချုပ်ရှိ စီအီးစီ အစည်းအဝေးတွင် ပြန်လည်တင်ပြသွားမည်ဟုလည်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူလည်းဖြစ်သည့် ဦးဝင်းတင်သည် ၁၉၈၈ ခု ဒီမိုကရေစီရေးလှုပ်ရှားမှု၌ ပါဝင်ခဲ့သဖြင့် ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခံရပြီး ၁၉ နှစ်ကျော် အကျဉ်းကျခံခဲ့ရသည်။  ၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

၁၃ နှစ်အရွယ်မှစ၍ သတင်းစာလောကသို့ ဝင်ရောက်ခဲ့သော ဦးဝင်းတင်သည် ထောင်တွင်း၌ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး စာတမ်းများ၊ နေအိမ်အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုမှုများ၊ ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စာတမ်းများကို ရေးသားခဲ့သည်။

သူသည် UNESCO ၏ Guillermo Cano ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ရေးဆု (Guillermo Cano World Press Freedom Prize)၊ ကမ္ဘာ့သတင်းစာများအသင်း၏ လွတ်လပ်ရေးအတွက် ရွှေကလောင်ဆု (Newspapers' Golden Pen of Freedom)၊ နယ်စည်းမခြား သတင်းထောက်များဆု (Winner of Reporters Without Border) စသည့်များ ချီးမြှင့်ခံခဲ့သည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ရတနာပုံ အသင်း AFC ဥက္ကဋ္ဌ ဖလား ဝင်ရောက်ခွင့်ရ



မြန်မာနေရှင်နယ်လိဂ် MNL တွင် ဗိုလ်စွဲခဲ့သဖြင့် ရတနာပုံ ဘောလုံးအသင်းသည် ၂ဝ၁ဝ ခုနှစ် အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ပြိုင်ပွဲသို့ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားသည်။

“ကျနော်တို့အသင်းက MNL ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့အတွက် ပြိုင်ပွဲစည်းကမ်းအရ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ပြိုင်ပွဲကို အလိုအလျောက် ဝင်ရောက်ခွင့် ရခဲ့တာပါ။ ကျနော်တို့ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ” ဟု ရတနာပုံအသင်း အမှုဆောင်အရာရှိချုပ် ဦးဟံမင်းထွန်းက မဇ္ဈိမကို ပြောသည်။

AFC ဥက္ကဌ ဖလား ဘောလုံးပြိုင်ပွဲ - AFC President’s Cup 2010  ကို အာရှ ဘောလုံးအဖွဲ့ချုပ်က ၂ဝဝ၅ ခုနှစ်မှ စတင်၍ နိုင်ငံ ၈ နိုင်ငံရှိ အမှတ်ပေး ပြိုင်ပွဲများမှ ပထမ (သို့) ဒုတိယရသည့် ကလပ်အသင်း တသင်းစီ ဖိတ်ခေါ်ကာ ယှဉ်ပြိုင်ကျင်းပစေခဲ့သည်။

၂ဝဝ၈ ခုနှစ်တွင် မြန်မာ၊ ဘင်္ဂလားဒေ့ခ်ျနှင့် တာမီနစ္စတန် စသည့် နိုင်ငံ ၃ နိုင်ငံမှ ကလပ်အသင်းများကို တိုးချဲ့ဖိတ်ခေါ်ခဲ့သည်။ ၂ဝဝ၈ နှင့် ၂ဝဝ၉ ခုနှစ်များတွင် ရှမ်းပြည်နယ်ကိုယ်စားပြု ကမ္ဘောဇ ဘောလုံးအသင်းသည် AFC ဥက္ကဋ္ဌ ဖလားသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အုပ်စုအဆင့်မှပင် လှည့်ပြန်ခဲ့ရဖူးသည်။

၂ဝ၁ဝ AFC ဥက္ကဋ္ဌ ဖလား ဘောလုံးပြိုင်ပွဲကို သီရိလင်္ကာမှလွဲ၍ မြန်မာအပါအဝင် အခြား အာရှနိုင်ငံ ၁ဝ နိုင်ငံမှ ချန်ပီယံ ကလပ်အသင်းများ ယှဉ်ပြိုင်ရန် စာရင်းပေးထားကြောင်း AFC ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဘဏ္ဍာအခွန်၊ စီးပွားကူးသန်း စသည့် အစိုးရ ဝန်ကြီးဌာနများနှင့် ဆုကြေးစား မဟုတ်သည့် ပထမတန်း အမှတ်ပေး ဘောလုံးပြိုင်ပွဲကို ၁၉၉၆ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

၂ဝဝ၅ ခုနှစ် နောက်ပိုင်းတွင် ကမ္ဘောဇ၊ အဲပုဂံ၊ Royal Eleven၊ Ruby Dragon စသည့် ပုဂ္ဂလိက ဘောလုံး အသင်းများ ပါဝင်ယှဉ်ပြိုင်လာခဲ့သော်လည်း ဆုကြေးစား ဘောလုံးစနစ်ကို အမှတ်ပေးပြိုင်ပွဲများ စတင်ခဲ့ပြီးနောက် ၁၄ နှစ်အကြာမှသာ ကူးပြောင်းနိုင်ခဲ့သည်။

ပြီးခဲ့သည့်နှစ် မတ်လတွင် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများက ဘောလုံးအသင်းများ တည်ထောင်ခဲ့ပြီးနောက် MNL အမည်ဖြင့် ပထမဆုံး ဆုကြေးစား ဘောလုံးပြိုင်ပွဲကို စတင်ခဲ့သော်လည်း ကစားသမား အများစုကို ယခင် အဆင့်မြင့်တန်းဖြစ်သည့် ဝန်ကြီးဌာန အသင်းများမှ စာချုပ်ဖြင့် ခေါ်ယူခဲ့ကြသည်။

ယခုကျင်းပပြီးစီးခဲ့သော  MNL ပြိုင်ပွဲများတွင် မြို့တော်စည်ပင်၊ ရထားပို့ဆောင်ရေး၊ ပြည်ထဲရေး၊ ဘဏ္ဍာအခွန်၊ စွမ်းအင်၊ စီးပွားကူးသန်း၊ ဆောက်လုပ်ရေးနှင့် သစ်တောရေးရာ စသည့် ဝန်ကြီးဌာနများမှ ဘောလုံးသမားပေါင်း ၁၆၀ ခန့် ဝင်ရောက်ကစားခဲ့ကြောင်း MFF မှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းကစားသမားများကို ဝန်ကြီးဌာနများက ကစားချိန် ၂ နှစ်ကို အလွတ်သဘောဖြင့် ခွင့်ပြုထားခြင်း ဖြစ်သည်။

သို့သော် MFF က ဝန်ကြီးချုပ်ရုံး၏ ညွှန်ကြားချက်အရ ဝန်ထမ်းဘောလုံးသမားများ၏ သက်ဆိုင်ရာ မိခင်ဌာနများသို့ ပြန်မည်၊ မပြန်မည်ကို ယခုနှစ် ဖေဖော်ဝါရီလအတွင်း အကြောင်းကြားရန် ပြီးခဲ့သည့်လက ထုတ်ပြန်ကြေညာခဲ့သည်။

ဌာနမပြန်သူများကို အငြိမ်းစားပေးမည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့သည့်အတွက် MNL ကလပ် ၈ သင်းမှ ကစားသမား ၃၂ ဦးနှင့် နည်းပြ ၃ ဦးသည် ဝန်ကြီးဌာနသို့ ပြန်မည်ဟု စာရင်းပေးခဲ့သည်။

ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် ဝန်ကြီးဌာနများက ထုတ်ပြန်ထားသည့် ၎င်းတို့၏ အမိန့်ကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်းနှင့် လာမည့် နိုဝင်ဘာလကျမှသာ ဝန်ထမ်းကစားသမားများ ဝန်ကြီးဌာနသို့ ပြန်မပြန် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း MFF မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

တတိယအကြိမ် MNL ပြိုင်ပွဲကို လာမည့် မတ်လအတွင်း အိမ်ကွင်း၊ အဝေးကွင်းနှင့် ကြားကွင်း ဟူ၍ သုံးကျော့ အမှတ်ပေး ပတ်လည်စနစ်ဖြင့် ကျင်းပရန်စီစဉ်နေကြောင်း သိရသည်။

ထိုပြိုင်ပွဲသို့ ပြီးခဲ့သည့် MNL အသင်း ၈ သင်းအပြင် ကရင်ပြည်နယ် ကိုယ်စားပြု SARA FC ၊ နေပြည်တော် ကိုယ်စားပြု ACE FC နှင့် ကချင်ပြည်နယ် ကိုယ်စားပြု မနောမြေ အသင်းတို့ ထပ်တိုးပါဝင်လာမည်ဖြစ်သည်။ 
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ဒီကေဘီအေမှ တပ်သားသစ်အဓမ္မကောက်ယူနေ


 
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ)၏ ထိန်းချုပ် နယ်မြေအတွင်း၌ တပ်သားသစ်များ အဓမ္မ ကောက်ယူ နေသည်။
ဒီကေဘီအေ တပ်ရင်း(၁)၊ ရင်းမှူး ဗိုလ်မောင်ချစ်၊ ဒုရင်းမှူး ဗိုလ်တကီး တို့က ၎င်းတို့၏ ထိန်းချုပ်နယ်မြေ၊ ထီးပ ဒေါထာ့ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် တပ်သားသစ်များ အဓမ္မကောက်ခံ နေသည်ဟု ဒေသခံတစ်ဦး က ယခုလိုပြောသည်။
ထီးပဒေါထာ့ရွာအပိုင်ပေါ့နော့။ ထီးပဒေါထာ့ရွာအုပ်စု၊ အဲ့ဒီမှာ သူတို့အကုန်လုံးပဲပေါ့။ ဒီဖာပွန်ဂွင် မှာ ဆိုလို့ရှိရင် သူတို့ အဲဒီအတိုင်းပဲ အဓမ္မတောင်းခံ နေတယ်။
အဆိုပါ ကျေးရွာအုပ်စုအတွင်းရှိ  တကေခိုး၊ ၀ဲကြီး၊ သိမ်ကုန်း၊ အူးနိုးထာ့၊ အထက် ဆန်ကောလူ၊ အောက်ဆန် ကောလူ၊ မယ်သလီဖိုး၊ မယ်သလီကူ့၊ ကျောက်ဖား၊ ဟတ်ကြီး စသည့်ကျေးရွာများတွင် ကောက်ခံခြင်းဖြစ်သည်။
ကျေးရွာအတွင်း အသက်(၁၅)နှစ်မှ(၅၀)အတွင်းရှိ ယောကျာ်းလေးများကို ခေါ်ယူနေခြင်း ဖြစ်ပြီး တပ်သားသစ် မလုပ်လိုသူများမှာ ငွေပေးရသည်ဟု အဆိုပါဒေသခံက ဆက်ပြော သည်။
ဒီယောကျာ်းလေး ရှိတဲ့အိမ် မှန်လို့ရှိလို့ရှိရင်၊ အကုန်သူခေါ်ထည့်တယ်။ မ၀င်လို့ရှိရင်သူက (၁၀)သိန်း တောင်းတယ်။
တပ်ဖွဲ့အတွင်း မ၀င်လိုသူများနှင့် တောင်းသည့်ငွေမထည့်နိုင်သူများအား ဒီကေဘီအေမှ လိုက်လံဖမ်းဆီးနေ သည့်အတွက် ရွာသားများ ထွက်ပြေးပုန်းရှောင်နေကြသည်။
ယင်းကိစ္စအပေါ်  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ)မှ နယ်မြေခံတပ်မှူးတစ်ဦး က ယခုလို သုံးသပ်ပြောဆိုသည်။
အခုသူတို့ လူဦးရေက သိပ်မရှိတော့ဘူးလေ။ ပြေးတဲ့သူက ပြေးတယ်။ သေတဲ့သူကသေ၊ ဒဏ်ရာရတဲ့ သူကရပေါ့နော်။ အဲတော့ သူတို့ စစ်သားသစ်ကောက်တယ်ဆိုတာ သေချာ ပြီးသားပဲ။
ဒီကေဘီအေက စစ်အစိုးရနှင့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို သဘောတူခဲ့ပြီးနောက် ကယားပြည် နယ်စပ်တ လျှောက်မှ ဘုရားသုံးဆူအထိ တာဝန်ယူရမည်ဟု သတင်းရရှိ ကြောင်း ၎င်းကဆက်ပြောသည်။
ဒီကေဘီအေ အနေနှင့်လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်မှစတင်၍ ကရင်ပြည်နယ်ဒေသအတော် များများတွင် တပ်သား သစ်စုဆောင်းမှုများ ပြုလုပ်လျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။
တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော်(ဒီကေဘီအေ)သည် ၁၉၉၄ ခုနှစ်တွင် ကရင် အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)မှ ခွဲထွက်၍ မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရန် သ ဘောတူထားသည့် အဖွဲ့တဖွဲ့လည်း ဖြစ်သည်။
သတင်းနှင့်မီဒီယာ ကွန်ယက်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

တရုတ်သို့ သစ်မှောင်ခိုလမ်း ပြန်ပွင့်လာ

ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး သာအေး ယခုလ ၂၀ ရက်နေ့က လာရောက်သဖြင့် ဗန်းမော်မှတဆင့် တရုတ်နိုင်ငံသို့ တပိုင်တနိုင် သစ်တင်ပို့နေသည့် မှောင်ခိုလမ်းကြောင်းကို တရက်ကြာ ပိတ်ပင်ခဲ့ရာမှ ယမန်နေ့က ပြန်ဖွင့်လိုက်သည်။

တရုတ်နယ်စပ်မြို့ နောင်တောင်းအထိ ဆိုင်ကယ်များဖြင့် သစ်သယ်ထုတ်နိုင်သည့် ကချင်ပြည်နယ် ဗန်းမော်နှင့် ရှမ်းပြည်နယ် နမ့်ခမ်း ဆက်စပ်ရာ သစ်ကယ်ရီ တောလမ်းကြောင်း ပြန်ဖွင့်ခြင်း ဖြစ်သည်။

“တနေ့က ဦးသာအေး လာတယ်ဆိုပြီးမှ ပိတ်ထားလိုက်တယ်။ တရက်ပဲနေပြီး ပြန်သွားပြီ။ အခု လမ်းကြောင်း ပြန်ကောင်းပြီဆိုတော့ ကျွန်းတိုက်နေတယ်လေ” ဟု ဗန်းမော်ရှိ သစ်ကယ်ရီသမားတဦးက မဇ္ဈိမကို ပြောသည်။

ဗန်းမော်နှင့် မံစီမြို့နယ်အတွင်းရှိ သစ်တောများမှ ကျွန်းသစ်တုံးများကို ဆိုင်ကယ်ပေါ်တင်ကာ တောလမ်းအတိုင်း ရှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ တဖက်ကမ်းရှိ တရုတ်နယ်စပ် နောင်တောင်း အရောက် သယ်ယူကြသည်။

သစ်သယ်ယူရာတွင် အခကြေးငွေယူ၍ သယ်သူများ ရှိသလို၊ ကိုယ်ပိုင်  သယ်သူများလည်းရှိရာ ကယ်ရီ သယ်ခအဖြစ်မူ သစ်တတုံးလျှင် ကျပ် ၅၀၀၀ ရရှိကြသည်။

“တချို့ကျတော့လည်း ကိုယ့်ဟာကိုယ် ဝယ်ရောင်း လုပ်ကြတာပေါ့။ ကယ်ရီတင်ရင်တော့ ကျွန်းတုံးတတုံးကို ၅၀၀၀ (ကျပ်) ရတယ်။ လမ်းရှင်းခ အပြီးအစီး ရဲဘော်တွေတောင်းတဲ့ နေရာမှာ ကိုယ့်ဟာကိုယ်ရှင်း။ ထုံးစံကတော့ တစီးကို ၁၀၀၀ တောင်းတာပဲလေ။ အဖွဲ့လိုက်၊ အုပ်စုလိုက် လှည့်ရင် ကြိုးတားသလို တောင်းတာ။ စည်းကမ်း မရှိဘူး။ မတရားကို ပိတ်တောင်းတာ” ဟု ကယ်ရီသမားက ဆိုသည်။

“ဝမ်းတူးဖိုက် (၁၂၅) ဆိုင်ကယ်တွေပေါ့။ ၄ ပတ်လည်ပေါ့။ အရှည်က ၃ ပေ ။ နောင်တောင်းအထိ  ဆိုင်ကယ် တစီးကို အတုံး ၂၀ လောက်အထိ တင်နိုင်တယ်။ ဖမ်းတာတွေလည်း ရှိတယ်  ထောင်ထဲ ရောက်နေတာတွေလည်း အများကြီးပဲ” ဟု သူက ဆက်ပြောသည်။

ဗန်းမော် - မံစီဘက်မှ ဆိုင်ကယ်ဖြင့် တောလမ်းအတိုင်း  တရုတ်နယ်စပ်အထိ ၅ နာရီ ကျော် မောင်းနှင်ရပြီး အာဏာပိုင်များက သစ်တင်ကားကြီးများကို ဖမ်းဆီးမှု များပြားသဖြင့် ဆိုင်ကယ်များဖြင့် ယခုလို သယ်ယူလာကြသည်။

“ကားကြီးတွေနဲ့ အရင်လို သယ်တာ မရှိသလောက် ဖြစ်သွားပြီ။ သေးသေးလေးတွေပဲ ပီကင်းဂျစ်တွေ၊ တုန်ဖုန်းအသေးလေးတွေလောက်ပဲ သယ်တော့တယ်။ သိပ်လည်း မလုပ်ရဲတော့ဘူးလေ။ တကယ်လည်း ဖမ်းတာကိုး” ဟု ကယ်ရီသမားက ဆိုသည်။

ယခုအခါ လူငယ်တော်တော်များများက ဆိုင်ကယ်ဖြင့် သစ်ကယ်ရီတင်ရန် ဗန်းမော်မြို့မှ ထွက်ခွာသွားသဖြင့် လက်ဖက်ရည်ဆိုင်များပင် လူပါးနေကြောင်း မြို့ခံ လက်ဖက်ရည်ဆိုင်ရှင်တဦးက ဆိုသည်။

“ မြို့ထဲမှာလည်း ရှင်းနေတာပဲ။ ဆိုင်ကယ်တွေ၊ ကားတွေ တောဘက် တက်သွားကြပြီ။ လူသိပ်မရှိဘူး” ဟု ဆိုင်ပိုင်ရှင်က ပြောသည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ကိုးကန့်နယ်မြေတာဝန်ကျ မြန်မာစစ်တပ်အတွင်း ပစ်ခတ်မှုဖြစ်

ရှမ်းပြည်၊ အရှေမြောက်ပိုင်း၊ ကိုးကန့်နယ်မြေအတွင်းရှိ လောက်ကိုင်နှင့် ကုန်ကြမ်း မြိုအကြား တာရွှေထန်ကျေး ရွာရှိ ဂိတ်စောင့်တာဝန်ကျနေသည့် မြန်မာစစ်အစိုးရ စစ်တပ်အတွင်း အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားရာ (၁)ဦး သေ ဆုံးပြီး (၂)ဦး ဒဏ်ရာ ရရှိသွားသည်။
တပ်မ(၃၃)လက်အောက်ခံတပ်များ ရှေတန်းလှုပ်ရှားနေသည့် အဆိုပါကိုးကန့်နယ်မြေရှိ တာရွှေထန် ကျေးရွာ တွင် ဂိတ်တာဝန်ကျ စစ်သားအချင်းချင်း ယခုလ(၁၆)ရက်နေ့က ပစ်ခတ်မှု ဖြစ်ခဲ့ခြင်းဖြစ်ပြီး ဖြစ်ပွားရသည့် အ ကြောင်းရင်းကို မသိရကြောင်း လောက်ကိုင် ဒေသခံကုန်သည်များနှင့် နီးစပ်သူ တဦးက ပြောသည်။
ဖြစ်တာက တပ်ကကောင်တွေဖြစ်တာ၊ တယောက်သေ၊ နှစ်ယောက် ဒဏ်ရာရတယ်၊ လုပ်တဲ့ကောင် ကို ပြန်ဖမ်းမိတယ် ပြောတယ်။ ထောက်ပို့တပ်(၉၃၆) တာရွှေထန်မှာ ရှိတယ်။ အဲဒီနားမှာက တပ်မ (၃၃)ဌာန ချုပ်လည်းရှိတယ်။ ဖြစ်တာက တာရွှေထန်မှာ။ တာရွှေထန် ဂိတ်မှာ။ ဟိုတုန်းက ကိုးကန့် ကုန်သွယ်ရေး ဂိတ်ပေါ့ဗျာ။
ပြီးခဲ့သည့်နှစ် သြဂုတ်လကုန်ပိုင်းက ကိုးကန့်နယ်မြေအတွင်း ဖုန်ကျားရှင် ဦးဆောင်သည့် မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)အဖွဲအား စစ်အစိုးရက ချေမှုန်းတိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ကိုးကန့် ဒေသအား နအစစ်တပ်များဖြစ်သည့် လောက်ကိုင် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ)နှင့် တပ်မ(၃၃) လက်အာက်ခံတပ်များ စုစုပေါင်း တပ်ရင်း(၂ဝ)ခန့် ထိန်းချုပ်ထားသည်။ ပိုင်စုံချိန် ဦးဆောင်သည့် လက်ကျန် တပ်ဖွဲ တို့ကို စုစည်းပြီး နယ်ခြားစောင့်တပ်ရင်း၊ အမှတ်(၁ဝဝ၆)အဖြစ် အသွင်းပြောင်း ခဲ့သည်။
ယခင် ကိုးကန်တပ်ဖွဲ အခွန်ကောက်ခံနေခဲ့သည့် နှစ်နိုင်ငံနယ်စပ်ဂိတ်များနှင့် ဒေသ အတွင်းရှိ ဂိတ်များတွင် မြန် မာစစ်တပ်များက တာဝန်ယူနေချိန်တွင် ယခုလို အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

သတင်းနှင့်မီဒီယာ ကွန်ယက်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ကြားခံ ကုမ္ပဏီစနစ် အလုပ်သမား မှတ်ပုံတင်ရေး အဆင်မပြေ



ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခွင့် သက်တမ်းကို နောက်ထပ် ၂ နှစ် တိုးပေးလိုက်သော်လည်း ကြားခံကုမ္ပဏီထားသည့်စနစ်က ငွေကုန်ကြေးကျများစေပြီး အလုပ်သမားများအတွက် အဆင်မပြေဟု ထိုင်းနိုင်ငံရှိ အလုပ်သမား အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများက ပြောသည်။

ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ကိုမိုးဆွေက “အခုဟာက ပုံမှန် process (လုပ်ငန်းစဉ်) မဟုတ်ဘဲနဲ့  အေးဂျင့်တွေကနေ ဖောင်ဖြည့်၊ ဖောင်လက်ခံပြီးတော့ သူတို့ မြန်မာအစိုးရဆီကို တိုက်ရိုက်ပို့ပြီးတော့ လုပ်နေတာ။ အဲဒီ အေးဂျင့်တွေခံပြီး လုပ်နေရတော့ ငွေကုန်ကြေးကျများလို့ မလုပ်ကြတာလည်းပါတယ်” ဟု မဇ္ဈိမ ကို ပြောသည်။

ယာယီပတ်စ်ပို့ လုပ်ပေးသော ကာလကို မြန်မာနှင့် ထိုင်းအစိုးရ သဘောတူညီချက်အရ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ သတ်မှတ်ထားရာမှ၊ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြုလုပ်သော ထိုင်းအစိုးရ ဝန်ကြီးများ အစည်းအဝေးက ယင်းကာလကို နောက်ထပ် ၂ နှစ် သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့သည်။ 

မြန်မာ့ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှုကော်မတီ  (TACDB) မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်ဝေက “မြန်မာအစိုးရက ကုမ္ပဏီတွေကို ကြားထဲကဝင်လုပ်ခွင့်ရအောင် လုပ်တဲ့အတွက် အလုပ်သမားတွေ ပိုက်ဆံထပ်ကုန်တာ။ ဒီထိုင်းနိုင်ငံအတွင်းမှာ verification process ကို နှစ်နှစ်အတွင်းမှာ ပြီးအောင် လုပ်နိုင်ဖို့ကတော့ မြန်မာအစိုးရပေါ်မှာပဲ မူတည်တယ်။ မြန်မာစစ်တပ်ကသာ ပြည်သူအပေါ်မှာ ဆက်ဆံမှုတွေ၊ ပေါ်လစီတွေ ပြောင်းလဲခဲ့မယ်ဆိုရင် အဲဒီ process က ၂ နှစ်တောင် မကြာနိုင်ပါဘူး”  ဟု မဇ္ဈိမကို ပြောသည်။

အလုပ်သမားများအနေနှင့် ပတ်စ်ပို့ လျှောက်ထားရာတွင် ပုံမှန်လမ်းကြောင်းအတိုင်း လျှောက်ထားပါက ဘတ်ငွေ ၃၈ဝဝ သာကုန်ကျပြီး၊ ယခုအခါ မြန်မာအစိုးရဘက်မှ အေးဂျင့်များကို အသုံးပြုနေသောကြောင့် အလုပ်သမားများအနေနှင့် ဘတ်ငွေ ၆ဝဝဝ မှ ၇ဝဝဝ အထိ ပေးရ၍ ထိုင်းအစိုးရက သက်တမ်း ၂ နှစ် တိုးသော်လည်း မလုပ်နိုင်ကြကြောင်း သိရသည်။

ရွှေ့ပြောင်းအလုပ်သမားများ ကူညီပေးရေးအဖွဲ့ (MAP Foundation) မှ အလုပ်သမား အခွင့်အရေး ကာကွယ်ရေး တာဝန်ခံ ကိုနစ်က “အေးဂျင့် တွေပေါ်လာတော့ နစ်နာတာက အလုပ်သမားတွေ။ ပိုက်ဆံတွေအများကြီး ပေးရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံအတွင်း၌ လာရောက်အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမားများမှာ လာအို၊ မြန်မာနှင့် ကမ္ဘာဒီးယား နိုင်ငံတို့မှဖြစ်ပြီး လာအိုနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများအတွက် သက်ဆိုင်ရာ အစိုးရများက ထိုင်းနိုင်ငံအတွင်းရှိ ၎င်းနိုင်ငံသားများ အလုပ်သမားအများစုရှိရာ နေရာများတွင် သွားရောက်၍ အလုပ်သမား မှတ်ပုံတင်ခြင်းကို ပြုလုပ်ပေးနေပြီး၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အတွက်မူ နိုင်ငံသားဖြစ်ကြောင်း မှတ်ပုံတင်ရန် မြန်မာနိုင်ငံသို့ ပြန်လုပ်ကြရကြောင်း သိရသည်။ 

ကိုမိုးဆွေက “ မြန်မာအစိုးရကသာ ဒီဘက် (ထိုင်းဘက်) မှာ လာလုပ်ပေးမယ်ဆိုရင် အလုပ်သမားတွေ အတွက် ပိုပြီး လွယ်ကူတယ်။ ခုနကပြောတဲ့ စိုးရိမ်ကြောင့်ကြစရာတွေလည်း မရှိတော့ဘူး။ အခု ဖြစ်တာက အလုပ်သမားတွေအနေနဲ့ ပြန်သွားရင်၊ ဟို (မြန်မာပြည်) ဘက်ခြမ်းကို ရောက်သွားရင် ဖမ်းမလား၊ ဆီးမလား ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်နေတာကိုး။ မြန်မာအစိုးရဘက်က ဘာဖြစ်လို့ ဒီဘက်ကို လာပြီး မလုပ်ပေးနိုင်လဲ ဆိုတာတော့ ကျနော်တို့လည်း မစဉ်းစားတတ်တော့ဘူး” ဟု ပြောသည်။

ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် မြန်မာအစိုးရအနေနှင့် မိမိနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများအတွက် နိုင်ငံသားဖြစ်မှု သက်သေအထောက်အထား (national verification) ကို ထိုင်းနိုင်ငံအတွင်းတွင် လာရောက်လုပ်ပေးရန် ငြင်းဆန်နေဆဲဖြစ်လျှင်၊ နိုင်ငံသားဖြစ်မှု သက်သေ အထောက်အထားအတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ မိမိတို့နိုင်ငံသို့ ပြန်ရန် လိုအပ်သည်ဆိုလျှင် ထိုင်းအစိုးရ၏ နောက် ထပ်သက်တမ်း ၂ နှစ်တိုးခြင်းသည် ထိရောက်မှု ရှိမည်မဟုတ်ဟု ဖော်ပြထားသည်။

၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်း အလုပ်သမားဝန်ကြီးတို့ တွေ့ဆုံပြီးနောက် ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှစတင်၍ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ တရားဝင်မှတ်ပုံတင်ရေးအတွက် နှစ်နိုင်ငံသဘော တူညီမှုရရှိခဲ့သည်။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းကျော် ၂၀၁၀ ခုနှစ် ဇန်နဝါရီလအထိ တရားဝင် မှတ်ပုံတင်ထားသော မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေမှာ ၁ သောင်းသာ ရှိသေးကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား အဖွဲ့အစည်းများက ပြောသည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...
 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.