26 January 2010

R ဇာနည်နှင့် တခြားအဆိုတော်များ ဘန်ကောက်တွင် စင်တင်ပွဲကျင်းပ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် R ဇာနည်နှင့် တခြား အဆိုတော်များ ပါဝင်သည့် စင်တင်ပွဲ ယမန်နေ့ညက ကျင်းပသွားရာ ယခင် အကြိမ်များထက် စနစ်ကျပြီး စည်ကားခဲ့သည်။

အဆိုပါစင်တင်ပွဲကို ထိုင်းနိုင်ငံမှ MP3 ကုမ္ပဏီက တာဝန်ယူ ခဲ့သောကြောင့် စနစ်တကျ ပြီးဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရပြီး နောက်ပိုင်း တွင်လည်း ယခုကဲ့သို့ မြန်မာ အဆိုတော်များကို ခေါ်ယူကာ စင်တင်ပွဲများ ပြုလုပ်သွားမည်ဟု အဆိုပါ ကုမ္ပဏီက ကြေညာခဲ့သည်။


R ဇာနည်နှင့် ပရိသတ် ဤကဲ့သို့ ဟန်ချက်ညီညီ တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
လာရောက် အားပေးကြသည့် ပရိသတ်များသည် ယမန်နှစ်က ဘန်ကောက် မဟာချိုင်ဒေသတွင် ဖျော်ဖြေမည်ဟု ကြေညာပြီးမှ ပွဲပျက်ခဲ့ဖူးသည့် R ဇာနည်ကို အထူး အားပေးကြောင်း တွေ့ရသည်။

R ဇာနည်ကို အမျိုးသားထက် အမျိုးသမီး ပရိသတ်များက ပိုမို အားပေးကြသည်။ ရုံဝင်လာသူ များထဲတွင်လည်း အမျိုးသား ပရိသတ်ထက် အမျိုးသမီး ပရိသတ်က ပိုမိုများပြား နေသည်ကို တွေ့ရသည်။

အဆိုပါ စင်တင်ပွဲတွင် R ဇာနည်နှင့် အတူ နောနော်၊ L ဆိုင်းဇီ၊ ဟန်ထွန်း၊ ထိုင်းအဆိုတော် စင်နှင့် ကောင်းဆက်တို့ ဖျော်ဖြေခဲ့ကြပြီး The Tree Band က တီးခတ်သည်။

မူလက ရုံဝင် လက်မှတ်များကို ၅၀၀၊ ၃၅၀၊ ၂၅၀ ဟု ကြေညာ ထားသော်လည်း တကယ်ရောင်းချသောအခါ ၃၅၀ တန် လက်မှတ်များကိုသာ ရောင်းချသဖြင့် ပိုက်ဆံမတတ်နိုင် သူတချို့မှာ အဝေးက လာခဲ့ရပြီး ရုံပြင်မှနားထောင်ကြရသည်ဟု ဘန်ကောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ မှ ကိုအောင်မြင့်သိန်းက ပြောသည်။

“ရုံထဲဝင်တာ လူ ၂၀၀၀ အထက်ရှိတယ်၊ အပြင်မှာလည်း အများကြီးပဲ။ တချို့က ၂၅၀ တန်းပါတယ် ဆိုလို့ လာတာ၊ ၃၅၀ မတတ်နိုင်လို့ မဝင်ရဘူး” ဟု သူက ဆိုသည်၊

အဖွင့်တွင် ထိုင်းအဆိုတော် စင် ကသီဆိုပြီး ကောင်းဆက်က “အာလူးလာမပေးနဲ့ လေကိုနည်းနည်းလျှော့ ဆိုသည့် သီချင်းဖြင့် မြူးမြူးကြွကြွ ဖျော်ဖြေသည်။

နောနော်နှင့် Lဆိုင်းဇီတို့ကလည်း သူတို့၏ ကျော်ကြားသော သီချင်းများဖြင့် ဖျော်ဖြေသကဲ့သို့ ဟန်ထွန်းကလည်း သူ့စတိုင်အတိုင်း ငြိမ့်ငြိမ့်ညောင်းညောင်း ဖျော်ဖြေခဲ့သည်ကို တွေ့ရသည်။

R ဇာနည်က နောက်ဆုံး ဖျော်ဖြေသည်။ တချို့နေရာများတွင် လုံခြုံရေး ၀န်ထမ်းများ အနည်းငယ် ကြမ်းတမ်းစွာ ထိန်းသိမ်းနေရသည်။

Rဇာနည်က “ကျနော့်ကို အခုလို လာရောက်အားပေးတဲ့ ပရိသတ်ကြီးကို အထူးကျေးဇူးတင်ပါတယ်။ ကျနော်တို့  ပျော်ပျော်ရွှင်ရွှင် သီဆိုဖျော်ဖြေလို့ရအောင် စည်းကမ်းရှိရှိ အားပေးကြပါ။ တာဝန်ယူတဲ့ သူတွေနဲ့လည်း ပြဿနာမဖြစ်အာင် အားပေးကြပါ” ဟု မေတ္တာရပ်ခံခဲ့သည်။

လာရောက်ကြည့်ရှု အားပေးသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများ အနှစ်ချိုက်ဆုံးမှာ R ဇာနည်၏ “ကိုယ့်အနားရှိစေချင်” သီချင်းဖြစ်သည်။ ပရိသတ်က “ရေမြေခြား သွားရတော့၊ မင်းလေးကို ထားခဲ့ရပြီပေါ့၊ မျက်ကွယ်ရာမှာ၊ စိတ်ချပါရစေ” အစရှိသည့် တေးသွားကို လိုက်လံသီဆိုကြသည်။

R ဇာနည်က စုစုပေါင်း သီချင်း ၇ ပုဒ်ဖြင့် ဖျော်ဖြေသွားခဲ့သည်။ ၇ နာရီကျော်မှ စတင်သော ဖျော်ဖြေပွဲသည် ည ၁၀ နာရီခွဲတွင် ပြီးဆုံးခဲ့သည်။

“ဒီညတော့ ဘယ်လိုပျော်မှန်းကို မသိဘူး၊ အရမ်း ပျော်တယ်။ R ဇာနည်က ကျမတို့ အသည်းစွဲလေ” ဟု ရှေ့ဆုံးတွင် ကြည့်ကာ ပန်းစည်းဆက်ခဲ့သည့် မမျိုးမျိုးကဆိုသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် မြန်မာအဆိုတော်များကို အစဉ် မျှော်လင့်နေ ကြသည်ကို တွေ့ရသည်။

R ဇာနည်နှင့် အဖွဲ့သည် ဤပွဲမတိုင်ခင် ပထုံဌာနီခရိုင် ခလုန်လွန်မြို့သစ်တွင်လည်း ဇန်န၀ါရီလ ၂၂ ရက်နှင့် ၂၃ရက်နေ့ များက ဖျော်ဖြေခဲ့ပြီးဖြစ်သည်။ လာမည့် ဇန်န၀ါရီလ ၂၈ရက်နှင့် ၂၉ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ ကုန်ဈေးတန်းဈေးတွင် ဆက်လက်ဖျော်ဖြေမည်ဟု သတင်းရရှိသည်။

ယမန်နေ့ညက ကျင်းပသည့် ပွဲအပါအဝင် ဘန်ကောက် ငါးသေတ္တာ စက်ရုံတွင် မြန်မာအဆိုတော်များနှင့် ကျင်းပသည့် စင်တင်ပွဲမှာ တတိယအကြိမ်မြောက်ဖြစ်သည်။ ပထမအကြိမ်မှာ အဆိုတော်လေးဖြူပါဝင်သည့် Iron Cross စင်တင်ပွဲဖြစ်ပြီး ထိုင်းအာဏာပိုင်တို့က ဝင်ရောက် ဖမ်းဆီးမှုရှိခဲ့သည်။ ဒုတိယအကြိမ်မှာ နောနော်နှင့် တခြား အဆိုတော်များ၏ ဖျော်ဖြေပွဲ ဖြစ်သည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.