02 February 2010

ဦးအောင်ဆန်းဦးကို ဗုဒ္ဓဘာသာဝင်အဖြစ်မှ သံဃာတော်များ ထုတ်ပယ်

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲရန်ကြိုးစားနေခြင်းကို ရုတ်သိမ်းခြင်း မရှိသောကြောင့် အကိုဖြစ်သူ ဦးအောင်ဆန်းဦးအား ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့က ကြေညာလိုက်သည်။

နောက်ဆုံးထား သတ်မှတ်ပေးထားသော ဇန်နဝါရီလ ၃၁ ရက်တိုင် အကြောင်းမပြန်သောကြောင့် ယနေ့မှစ၍ ဦးအောင်ဆန်းဦးနှင့် ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်းတို့ကို နအဖ စစ်အစိုးရနှင့် နောက်လိုက် များနည်းတူ “ပတ္တနိက္ကုဇ္ဇနကံ” ဆောင်ပြီး ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ကြေညာချက် တွင် ဖော်ပြသည်။
Aungsanoolelenwethein
ဒေါ်အောင်ဆန်းစုကြည်အား “အိမ်ခြံအမွေ ဆက်ခံလိုမှု၊ အမွေခံပစ္စည်း စီမံခန့်ခွဲလိုမှု စသည့်အမှုများဖြင့် တရားစွဲဆိုပြီး အနှောင့်အယှက်ပေးခြင်း၊ နေအိမ်မှ ဖယ်ရှားရန် ကြံစည်နေခြင်း” သည် လူထုကို တိုက်ခိုက်ခြင်းပင် ဖြစ်သည်ဟုဆိုကာ ခြွင်းချက်မရှိ ရုတ်သိမ်းပေးရန် ယခင်လ ၂၄ ရက် နေ့က သံဃာ့ တပ်ပေါင်းစုက အမေရိကန် နိုင်ငံသား ဦးအောင်ဆန်းဦးထံ သတိပေးစာ ပို့ထားခဲ့သည်ဟု ဆိုသည်။

ဗုဒ္ဓဘာသာ ဝိနည်းတော်အရ “ပတ္တနိက္ကုဇ္ဇနကံ” ဆောင်ခြင်းဆိုသည်မှာ သံဃာတော်များသည် ကံဆောင် ခြင်းခံရသူထံမှ အလှူခံခြင်း၊ တရားဟောခြင်း စသည့် သာသနာနှင့် ပတ်သက်သော ဆက်ဆံခြင်းများ မပြုလုပ်တော့ပဲ ကံဆောင်ခံရသူအား  ပယ်ကြဉ်လိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် “စွဲဆိုထားသည့် ဥပဒေများ၊ တားမြစ်ကန့်ကွက်မှုများ” အား ပယ်ဖျက်ပေးမည် ဆိုပါကမူ ဘာသာရေးအရ သပိတ်မှောက် ကံဆောင်မှု အားလုံးကို ရုတ်သိမ်းပေးမည်ဟု ကြေညာချက်တွင် ပါရှိသည်။

မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ အသက်ထင်ရှား သားသမီး ၂ ဦးအနက် အင်ဂျင်နီယာ ဦးအောင်ဆန်းဦးမှာ ညီမနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ စစ်အစိုးရနှင့် နီးစပ်သူ ဖြစ်သည်။

အမေရိကန် နိုင်ငံသားဖြစ်သော်လည်း ပုဂံရှေးမြို့ဟောင်းတွင် နေအိမ်ခြံဝင်းတခုကို အခြားနာမည်နှင့် ဝယ်ယူ ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ရသည်။ စစ်အစိုးရနှင့် နီးစပ်မှုကို အကြောင်းပြု၍ ဒေါ်လဲ့လဲ့နွယ်သိန်းသည် နိုင်ငံရေး ရည်မှန်းချက်ထားသူဟူ၍ လူပြောများခံရသူ ဖြစ်သည်။

သံဃာ ၅ ပါးဖြင့် ပတ္တနိက္ကုဇ္ဇန ကံဆောင်လျင် သံဃာများကို ကိုယ်စားပြုရာရောက် ကြောင်း၊ ကံဆောင်ခံရသူအတွက် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအား ကိုးကွယ်ဆည်းကပ်ရန် အခွင့်အလမ်းမရှိတော့သဖြင့် သံသရာတွင် ကောင်းကျိုးချမ်းသာ မရရှိနိုင်တော့ကြောင်း ရန်ကုန်တိုင်း သံဃာ့မဟာ နာယက အကျိုးတော်ဆောင် ဆရာတော်ကြီး တပါးက မိန့်ကြားသည်။

“ဗုဒ္ဓဘာသာဝင်တွေက သာရေးပဲလုပ်လုပ်၊ နာရေးပဲလုပ်လုပ် သံဃာတော်တွေကို ပင့်ပြီးတော့ လုပ်လေ့ လုပ်ထ ရှိတယ်လေ။  ပတ္တနိက္ကုဇ္ဇန ကံအဆောင်ခံထားရသူပဲဆိုပြီး သံဃာအားလုံးက ကြဉ်လိုက်ရင် ဘာ သာတရားအရ သူ့အတွက် အခွင့်အရေး ဆုံးရှုံးတာပေါ့” ဟု ဆရာတော် ဘဒ္ဒ န္တကောသလ္လ က  မိန့်ကြားသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည့် သံဃာတော်များအား စစ်အစိုးရက အကြမ်းဖက် နှိမ်နှင်းခဲ့သဖြင့် ၂ဝဝ၉ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ သူ၏ မိသားစု၊ စစ်တပ်အရာရှိကြီးများနှင့် အကြမ်းဖက်သူများအား ပြည်တွင်း၊ ပြည်ပ သံဃာတော်များ က ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် မှောက်ခဲ့ကြသည်။

သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအဝင် စစ်ဗိုလ်ချုပ်များသည် ယနေ့အချိန်ထိ ဘုရား ထီးတော် တင်ခြင်း၊ ဆရာတော်၊ သံဃာတော်များအား ဆွမ်းကပ်လှူခြင်းများ ဆက်လက် ပြုလုပ်နေနိုင်သည်ကို တွေ့မြင်နေရသည်။  

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးစန္ဒောဘာသာစာရ ကမူ “ဘာသာတရားကို ကြည်ညိုလို့ပဲဖြစ်ဖြစ်၊ ဟန်ဆောင်လို့ပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရ မလုပ်မဖြစ်လို့ လုပ်ရတာပဲဖြစ်ဖြစ်၊ အာဏာနဲ့ လုပ်သည်ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့် လုပ်နေလို့ပဲဖြစ်စေ ပတ္တနိက္ကုဇ္ဇနကံဆောင် ထားတာဖြစ်တဲ့အတွက် အဲဒီကံက ထိုက်နေမှာပဲ။ ကုသိုလ်ရေးမှာ ဘာလုပ်လုပ် မမြောက်ဘူး” ဟု မိန့်ကြားသည်။ 

၁၉၉၀ ခုနှစ်က မန္တလေးသံဃာများမှ စတင်၍ သပိတ်ကံဆောင်မှုတွင် သံဃာနှစ်သောင်းကျော် ပါခဲ့သည်။ ထိုစဉ်က ကံဆောင်သံဃာတော်များ ဖမ်းဆီးထောင်ချခံခဲ့ရသည်။

နိုင်ငံတဝှမ်း အကျဉ်းထောင်များတွင် မတရား ဖမ်းဆီးခံရပြီး အကျဉ်းကျနေသည့် သံဃာတော် အပါး ၂၅၀ ကျော်ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.