05 February 2010

ဦးတင်ဦး ယခုလအတွင်း ပြန်လွတ်မည်ဟု NLD မျှော်လင့်

ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ယခုလအတွင်း လွတ်မြောက်လာမည်ဟု မျှော်လင့်နေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ယနေ့ ပြောသည်။

ဒီပဲယင်းအရေးအခင်းပြီးနောက် အဖမ်းခံခဲ့ရသော ဗိုလ်ချုပ်ကြီး ဦးတင်ဦးသည် ယခုလ  ၁၃ ရက်နေ့တွင် အကျယ်ချုပ်သက်တမ်း ၆ နှစ် ပြည့်တော့မည်ဖြစ်သည်။

“ဗိုလ်ချုပ်မောင်ဦး ပြောတဲ့အထဲမှာလည်း ဖေဖော်ဝါရီလအတွင်း လွှတ်ပေးမယ်ဆိုတာလည်း ပါနေတော့ လွတ်မယ်လို့ မျှော်လင့်ပါတယ်။ လွှတ်မယ်ဆိုရင်တော့ ဖော်ဖော်ဝါရီ ၁၃ ရက်နေ့က လွတ်ရက်စေ့တဲ့နေ့ပါ။ ဝန်ကြီးတပါး ပြောတဲ့စကားကို အတည်ယူရမယ်ဆိုရင်တော့ လွတ်မယ်ထင်တယ်” ဟု NLD ပြောခွင့်ရ ပုဂ္ဂိုလ်နှင့် ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်လည်းဖြစ်သူ ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်လ ၂၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ ခရီးစဉ်တွင် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလနှင့် ဒုဥက္ကဋ္ဌ ဦးတင်ဦးကို လာမည့်လတွင် လွှတ်ပေးမည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အသက် ၈၄ နှစ်ရှိ အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးသည် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ပါတီဝင်များ၊ ထောက်ခံအားပေးသူများနှင့်အတူ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် အထက်မြန်မာပြည် စည်းရုံးရေးခရီး လှည့်လည်နေစဉ် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် စစ်အစိုးရ လက်သပ်မွေး လူအုပ်စုကြီး၏ ဝိုင်းဝန်းရိုက်နှက်ခြင်း ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။

ထို့နောက် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်သို့ ပို့ဆောင်ခံရကာ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရန်ကုန်မြို့ရှိ သူ၏ နေအိမ်တွင် ယနေ့ထိတိုင် အကျယ်ချုပ် ချခံနေရသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) ဥက္ကဋ္ဌ ဦးသိန်းဦးက “ဦးတင်ဦးကို ထိန်းသိမ်း ထားတာဟာ တရားဥပဒေနဲ့ မညီညွတ်ပါဘူး။ ဒါဟာ လူ့အခွင့်အရေးနဲ့ ဥပဒေကို ချိုးဖောက်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လွှတ်ပေးရမှာပါ။ လွတ်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်/
စစ်အစိုးရက BLC ကို မကြာသေးခင်က တရားမဝင် အသင်းအဖွဲ့အဖြစ် ကြေညာထားခဲ့သည်။

ဦးခင်မောင်ဆွေက “ဥက္ကဋ္ဌက မလုပ်နိုင်တဲ့အချိန် ဒု-ဥက္ကဋ္ဌက ပြန်လာမယ်ဆိုရင် အားတက်တာပေါ့။ အသက်ကြီးလို့ မသွားလာနိုင်ရင်တောင် စိတ်ဓာတ်ရေးရာ မြင့်တက်လာအောင် အများကြီး အထောက်အကူ ပေးနိုင်မယ် မျှော်လင့်တယ်” ဟု ဦးခင်မောင်ဆွေက ပြောဆိုသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.