15 June 2010

ဘူးသီးတောင်-မောင်တောလမ်း လမ်းမြေပြို

နယူးဒေလီ (မဇ္ဈိမ) ။     ။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ကုန်စည်ဖလှယ်ရာ ကားလမ်းဖြစ်သည့် ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောလမ်းတွင် မြေပြိုမှုဖြစ်ပွားရာ ယမန်နေ့ညမှ စတင်ကာ ၁၇ နာရီထက်မနည်း လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

ဘူးသီးတောင်မြို့ အနောက်ဘက် ၈ မိုင်အကွာရှိ တောင်ခေါင်းကြီး လှိုဏ်ဂူ၏ အပေါ်တွင် ဖောက်လုပ်ထားသည့် လှိုဏ်ဂူပတ်လမ်းမှ မြေသားများ ပြိုကျသဖြင့် တနင်္ဂနွေနေ့ည ၁၁ နာရီခန့်မှ တနင်္လာနေ့ညနေ ၄ နာရီအထိ လမ်းပိတ်ဆို့ခဲ့သည်။။ 

တောင်ခေါင်းကြီးလိုဏ်ဂူကို ကိုလိုနီခေတ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁ ဖာလုံခန့် ရှည်လျားကာ ဘူးသီးတောင်မှ မောင်တောမြို့သို့သွားရာ လမ်းခရီး၏ အလယ်တွင် တည်ရှိသည်။  

“မိုးက တအားရွာတယ်။ မနေ့က ညဦးပိုင်းကတည်းက ရွာနေတာ။ လှိုဏ်ခေါင်းပေါ်က လမ်းကလည်း မြေသားလမ်းဆိုတော့ အိပြီးပြိုကျကုန်တာ။ ဒီနေ့လည်း တနေ့လုံး ရွာနေတုန်းပဲ။” ဟု ဘူးသီးတောင်မြို့မှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ခရီးသည်တင် လိုင်းကားများနှင့် ကုန်တင်ကား အစီးရေ ၃ဝ ခန့်မှာ ညနေ ၄ နာရီအထိ လမ်းပိတ်ဆို့နေသည့် လှိုဏ်ခေါင်း၏ တဖက်တချက်စီတွင်  ရပ်တန့် စောင့်ဆိုင်းနေခဲ့ရသည်။

ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဆောက်လုပ်ရေးဌာနမှ ဘူဒိုဇာနှစ်စီးဖြင့် လာရောက်ရှင်းလင်းမှု ပြုခဲ့သည်။

ဘူးသီးတောင်မြို့နှင့် မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နယ်စပ်မြို့ မောင်တောသည် ၁၆ မိုင် ကွာဝေးသည်။

ယခုလမ်းကို အသုံးပြု၍ ရခိုင်ပြည်နယ်မှ ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ၊ ရာသီပေါ် အသီးအနှံများ၊ ဆန်စပါး၊ ဝါး၊ ကျွန်းသစ် စသည့် ကုန်ပစ္စည်းများကို ဘင်္ဂလားဒေ့်ခ်ျသို့ တင်ပို့ကြောင်း သိရသည်။
(မဇ္ဈိမမှတဆင့်)

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.