05 January 2010

လွတ်လပ်ရေး မော်ကွန်းဝင် ဘွဲ့တံဆိပ်များ ဖျက်သိမ်း

နအဖစစ်အစိုးရက နိုင်ငံ၏လွတ်လပ်ရေး မော်ကွန်းဝင် ဘွဲ့တံဆိပ်ကို ယနေ့ကျရောက်သည့် (၆၂) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်။
အဆိုပါ လွတ်လပ်ရေး မော်ကွန်းဝင် ဘွဲ့တံဆိပ်အပါအ၀င် နိုင်ငံဂုဏ်ထူးဆောင်တံဆိပ်၊ ဂုဏ်ထူးဆောင်ဘွဲ့ (၈) မျိုးကို ယနေ့ ပယ်ဖျက်ခြင်းဖြစ်သည်။
စစ်အစိုးရက ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပေးအပ်ချီးမြှင့်လာသည့် နိုင်ငံ ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်များကို ၎င်းတို့ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီစေရန် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။
အသစ်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များဆိုင်ရာ သတ်မှတ်ချက်အရ ယခင် ဘွဲ့တံဆိပ် (၃၀ မှ ၂၂ ) ခု အထိ လျှော့ချလိုက်ခြင်းဖြစ်သည်။
လွတ်လပ်ရေး ရပြီးနောက် ပါလီမန် ဒီမိုကရေစီခေတ်က ပေးအပ်ခဲ့သော နိုင်ငံဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များကို ၁၉၇၈ ခုနှစ် ဗိုလ်ချုပ်နေ၀င်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) လက်ထက်တွင် အချို့ဘွဲ့တံဆိပ်များကို တိုးချဲ့ပြောင်းလဲခဲ့သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရက နိုင်ငံအာဏာသိမ်းပြီးချိန်တွင် မဆလခေတ်က ပေးအပ်ချီးမြှင့်ခဲ့သည့်အတိုင်း ချီးမြှင့်ခဲ့သည်။
နိုင်ငံတွင် လက်ရှိကျင့်သုံးနေသော ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင် တံဆိပ်များသည် ယခင် မဆလပါတီကို တည်ဆောက် ကာကွယ်စောင့်ရှောက်သူများကို ပေးအပ်နေသည့် ဘွဲ့တံဆိပ် အမျိုးအစားများ ဖြစ်နေသဖြင့် ယခုကဲ့သို့ ပြောင်းလဲလိုက်ရခြင်း ဖြစ်ကြောင်း စစ်အစိုးရက နိုင်ငံပိုင်သတင်းစာများမှ အသိပေးထုတ်ပြန်သည်။
ယခု အသစ်ပြဋ္ဌာန်းသည့် နိုင်ငံဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် (၂၂) မျိုးကို ချီးမြှင့်ခံရပါက သားစဉ်မြေးဆက် ထိန်းသိမ်းပိုင်ခွင့် ရရှိမည်ဖြစ်ပြီး ယခင်ပေးအပ်ထားပြီးဖြစ်သည့် ဘွဲ့တံဆိပ်များကိုလည်း ခံစားခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
 ခေတ်ပြိုင်မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.