21 November 2009

၂၀၁၀ ရွေးကောက်ပွဲကို ကူကီး တိုင်းရင်းသားများ ကန့်ကွက်

၂၀၁၀ တွင်ပြုလုပ်မည့် စစ်အစိုးရ၏ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်းနှင့် တိုင်းရင်းသားပြည်သူ တရပ်လုံး ကိုလည်း ကန့်ကွက်ရန် တိုက်တွန်းကြောင်း ၄၂ နှစ်မြောက် ခါတော်မီ စစ်ဆင်ရေး နှစ်ပတ်လည်နေ့တွင် ကူကီးကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးက ပြောဆိုလိုက်သည်။


ကူကီးတိုင်းရင်းသားများ အပါအ၀င် တိုင်းရင်းသားလူမျိုးစုများနှင့် မြန်မာပြည်သူလူထုကို ဖိနှိပ် အုပ်ချုပ်လျက်ရှိသော စစ်အစိုးရ၏ လုပ်ရပ်မှန်သမျှကို အယုံအကြည်မရှိ၍ ယခုကဲ့သို့ ကန့်ကွက် ရခြင်းဖြစ်ကြောင်း အဆိုပါ တပ်ဦးက ပြောသည်။

“၂၀၀၈ တုန်းက အခြေခံဥပဒေ အတည်ပြု မဲပေးတာမှာလည်း ကျနော်တို့ကန့်ကွက်ခဲ့ပြီးပြီ။ ဒါကို မတရား အတည်ပြုခဲ့တယ်။ စစ်အစိုးရရဲ့လုပ်ရပ်တွေကို ဘာမှအယုံအကြည်မရှိဘူး။ ဒါကြောင့် ကန့်ကွက် ရတာပါ” ဟု ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (KSDF) ၏ ဥက္ကဌ ကိုလူလွန်းက ပြောသည်။

၁၉၆၇ ခုနှစ် မဆလ အစိုးရ လက်ထက်တွင် အိန္ဒိယ - မြန်မာနယ်စပ်ရှိ ကူကီးတိုင်းရင်းသား ၂ သောင်းကျော် တို့ကို အိန္ဒိယ ခွဲထွက်ရေး သူပုန်များအဖြစ် သတ်မှတ်ကာ မြန်မာနိုင်ငံတွင်း နေထိုင်ခွင့်မပေးဘဲ “ခါတော်မီ စစ်ဆင်ရေး” ဟူ၍ အမည်တပ်ကာ မောင်းထုတ်ခဲ့ကြောင်း သိရသည်။

“အဲဒီတုန်းက စပါးရိတ်ချိန်ကို ရိတ်ခွင့်မပေးဘဲ ၄၈ နာရီအတွင်း အမြန်ဆုံးထွက်ရမယ်ဆိုပြီး လုပ်တယ်။ ဘာပစ္စည်းမှ ယူပိုင်ခွင့်မရှိဘူး။ တယောက်စာ အ၀တ်စားလောက်ယူပြီး သွားကြရတာ။ သူတို့က ကူကီး အမည်ခံထားသမျှကို မောင်းထုတ်တာဆိုတော့ မိသားစုတွေ ကွဲတာ အများကြီးပဲ” ဟု ကိုလူလွန်းက  ပြောပြသည်။

ဆက်လက်၍ ၎င်းက “အခုဆိုရင် မဏိပူကလာတဲ့ ကသည်းလူမျိုးတွေကို မြန်မာမှတ်ပုံတင်နဲ့ နေထိုင်ခွင့် ပြုထားတာတွေရှိတယ်။ ကျနော်တို့ ဘိုးဘွားစဉ်ဆက် နေလာတဲ့ ကူကီးတွေကျတော့ အဲဒီလို အခွင့်အရေး မျိုး မရဘူး။ သွားမယ်လာမယ်ဆိုရင် ကသည်းတွေကို ပြန်ပြီးခွင့်တောင်းရတယ်” ဟုပြောသည်။

လက်ရှိတွင်လည်း စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းအထက်ပိုင်း ခန္တီးနှင့် ကဘော်ချိုင့်ဝှမ်းဒေသရှိ ကျန်ရစ်သော ကူကီးလူမျိုးများကို လူမျိုးရေးအရ ဖိနှိပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်းလည်း သိရသည်။

“ထမံသီ ရေကာတာ ဆောက်တုန်းကဆိုရင် အဲဒီဒေသမှာရှိတဲ့ ကူကီးလူမျိုးတွေအပြင် တခြား တိုင်းရင်းသား ပိုင် မြေတွေ၊ ရွာတွေဖယ်ပေးရတယ်။ ကူကီးလူမျိုးဖြစ်တယ် ဆိုတာကို မောင်းထုတ်ခံရမှာစိုးတော့ သူတို့ မပြောရဲကြဘူး။ ထာဒိုချင်းလို့ပဲ ပြောရတယ်။ ကျနော်တို့က ချင်း မဟုတ်တော့ အဲဒီလိုပြောရတာကို မကြိုက်ကြဘူး” ဟု ကိုလူလွန်းက ပြောပြသည်။

ကူကီးလူမျိုးစုအပြင် တခြားသော တိုင်းရင်းသား လူနည်းစုများကိုပါ ဖိနှိပ်မှုများ ရှိနေသောကြောင့် စစ်အာဏာရှင် စနစ်ကို သက်ဆိုးရှည်စေမည့် ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ဆန့်ကျင်ရခြင်းဖြစ်သည်ဟု သူက ဆိုသည်။

တိုင်းရင်းသား ပြည်သူလူထု၏ ရပိုင်ခွင့်များအတွက် စစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူတရပ်လုံးက ၀ိုင်းဝန်းကန့်ကွက် သွားသင့်သည်ဟုလည်း သူက တိုက်တွန်းပြောဆိုသည်။

ကူကီးတိုင်းရင်းသားများသည် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်တွင် ဘိုးဘွားစဉ်ဆက် နေထိုင်ခဲ့ကြပြီး ကိုလိုနီခေတ်က ကူကီးတပ်မတော်အဖြစ် အင်္ဂလိပ်နယ်ချဲ့ကို တိုက်ထုတ်ရာတွင် ပါဝင်ခဲ့ကြသည်။

ထိုစဉ်ကာလက အိန္ဒိယနှင့်မြန်မာ နယ်နိမိတ်များ သတ်မှတ်ရေးဆွဲရာတွင်  ကူကီးတိုင်းရင်းသားများ နေထိုင်ရာနေရာဒေသမှာ အိန္ဒိယပိုင်နှင့် မြန်မာပိုင်အဖြစ် နှစ်ပိုင်းကွဲသွားခဲ့သည်။

လက်ရှိ မြန်မာပြည်ဘက်တွင် ကျန်ရစ်သော ကူကီးလူမျိုး အနည်းစုမှအပ အများစုမှာ အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ် ပြည်နယ်တွင်နေထိုင်ကြပြီး တချို့မှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု နေထိုင်ခွင့်ရရန် လျှောက်ထား ကြသည်။
ဧရာဝတီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.