31 October 2009

မြန်မာအနုပညာရှင်များ နိုင်ငံတကာ အနုပညာဆုအတွက် ပဏာမ ရွေးချယ်ခံရ

မန်မာအမျိုးသမီး ဒုက္ခသည်အဖွဲ့ Kumjing Storytellers၊ ထိန်းသိမ်းခံ နာမည်ကြီးကဗျာဆရာ စောဝေ တို့ကို ၂၀၀၉ ခုနှစ်အတွက် Freedom to Create Prize ဆုအတွက် ပဏာမ ရွေးချယ်ထားလိုက်ကြောင်း ထိုဆုပေးအပ်သည့် အဖွဲ့အစည်း၏ စည်းရုံးရေးမှူးများက ပြောသည်။

မနှစ်ကတည်းကစ၍ လူ့အဖွဲ့အစည်းအတွင်း ဖန်တီးမှုစွမ်းရည် ဆက်လက် ရှင်သန်ခိုင်မြဲစေရန် ပေးအပ်နေသည့် လန်ဒန်အခြေစိုက် အဆိုပါ Freedom to Create ဆုကို အမျိုးအစားသုံးခု ခွဲခြား၍ ကမ္ဘာတဝှန်းမှ အနုပညာရှင်များကို ပေးအပ်ခဲ့သည်။ အဆိုပါ ဆုသုံးမျိုးမှာ ပင်မ၊ လူငယ်နှင့် အထိန်းသိမ်းခံ အနုပညာသည်များဟူ၍ ဖြစ်သည်။

''ဒီဆုက အဓိကတော့ ကမ္ဘာတဝှန်းလုံးမှာ တရားမျှတမှုကို မြှင့်တင်ဖို့နဲ့ အနုပညာ လွတ်လပ်မှုကို အားပေးဖို့ ဖြစ်ပါတယ်'' ဟု Freedom to Create အနုပညာ ဖန်တီးခွင့် လွတ်လပ်မှု ဆုအဖွဲ့မှ အဲလစ်ပါစင် (Alice Parson) က မဇ္ဈိမကို သောကြာနေ့က ပြောသည်။

Kumjing Storytellers မြန်မာအမျိုးသမီး ဒုက္ခသည်အဖွဲ့ကို မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားများ ဖိနှိပ်ညှဉ်းပန်းခံရမှုကို ပါဖောမင့် အနုပညာအသုံးပြု၍ ရှင်းလင်းပြောကြားခဲ့သည့်အတွက် ပင်မဆုအမျိုးအစားအတွက် နောက်ဆုံး ဆန်ခါတင်စာရင်းတွင် ထည့်သွင်းရွေးချယ်ထားလိုက်ကြောင်း ပါစင်က ပြောသည်။

အဆိုပါ Kumjing Storytellers သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးလာခဲ့ရသည့် မြန်မာဒုက္ခသည်များ စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။ Kumjing ဆိုသည်မှာ ထိုင်းဘာသာဖြင့် `အဖိုးတန်ကျောက်မျက်´ ဟု အဓိပ္ပာယ်ရရှိပြီး ထိုင်း-မြန်မာ နယ်စပ်ဒေသသို့ ပြောင်းရွှေ့ရောက်ရှိကာ နေထိုင်လုပ်ကိုင်နေသည့် အမျိုးသမီးများကို ကိုယ်စားပြု ခေါ်ဝေါ်ခြင်း ဖြစ်သည်။

Kumjing ၏ ခရီးဟု လူများသိကြသည့် အဆိုပါအဖွဲ့က အမျိုးသမီးများ ညှဉ်းပန်းနှိပ်စက်ခံရပုံ၊ ခွဲခြားဆက်ဆံခြင်းကို စိန်ခေါ်တိုက်ပွဲဝင်ကြပုံ၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ပုံတို့ကို ပါဖောမင့်အနုပညာ အသုံးပြုပြောပြကြသည်။ ထိုင်းနိုင်ငံတလွှား လှည့်လည်သွားလာပြီး သူတို့ခံစားနေရသော ဒုက္ခများ လူသိစေရန်အတွက် စက္ကူရုပ် ၂၅ဝ ကို အသုံးပြုကာ ရှင်းလင်းပြောပြကြသည်။

ကဗျာဆရာစောဝေမှာ ဖေဖော်ဝါရီ ၁၄ ဟူသည့် ကဗျာကို ရေးသားခဲ့ခြင်းကြောင့် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလအတွင်းက ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခြင်း ခံခဲ့ရသည်။ အဆိုပါ ကဗျာတွင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဝေဖန်သရော်ထားသည့် စာများကို အသုံးပြုထည့်သွင်းခဲ့သည်။ သူ့ကို အထိန်းသိမ်းခံ အနုပညာရှင်ဆု အမျိုးအစားအတွက် ဆန်ခါတင်စာရင်းတွင် ရွေးချယ်ထားခြင်း ဖြစ်သည်။

ဆုရရှိသူစာရင်းကို လန်ဒန်တွင် အခမ်းအနားဖြင့် လာမည့်လ ၂၅ ရက်နေ့တွင် ကြေညာမည်ဖြစ်သည်။ ဆုကြေးငွေလည်း ပါဝင်မည်။ ပင်မအမျိုးအစားဆုတွင် ဆုရရှိသူ ၂ ဦး ပါဝင်မည်ဖြစ်ပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၇၅ဝဝဝ ကို ခွဲဝေယူရမည်။

ပထမဆု အမေရိကန်ဒေါ်လာ ၅ သောင်းကို ဆုရရှိသူနှင့် သူတို့က အမည်စာရင်းသွင်း သတ်မှတ်ပေးသည့် အဖွဲ့အစည်းတို့ အညီအမျှခွဲဝေယူရမည်ဖြစ်ပြီး၊ ဆုပေးခံရသည့်လုပ်ငန်း လူသိများစေရန် ဆက်လက်လုပ်ဆောင်ရမည်။ ဒုတိယဆု အမေရိကန်ဒေါ်လာ ၁၅ဝဝဝ ကို ဆုရသူနှင့် အမည်စာရင်းသွင်း သတ်မှတ်ခံရသည့် အဖွဲ့အစည်းတို့ အညီအမျှ ခွဲဝေယူရမည်။ တတိယဆု အမေရိကန်ဒေါ်လာ ၁ သောင်းကိုလည်း အလားတူ ပုံစံမျိုး ခွဲဝေယူရမည်။

လူငယ် အမျိုးအစားဆုတွင် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၅၀၀၀ ပါဝင်ပြီး ဆုရရှိသူက ဒေါ်လာ ၁ သောင်း ရရှိမည်ဖြစ်ကာ  ကျန်ငွေကို အဆိုပါအနုပညာလုပ်ငန်း မီးမောင်းထိုးပြခဲ့သည့် အရေးကိစ္စကို ဆက်လက် လုပ်ဆောင်ရန် သူတို့အမည်စာရင်း ပေးထားသည့် အဖွဲ့အစည်းက ရရှိမည်။

တတိယဆု အမျိုးအစားဖြစ်သည့် အထိန်းသိမ်းခံ အနုပညာရှင်ဆုကို တရားမမျှတမှုကို မီးမောင်းထိုးဖော်ပြခဲ့သည့် သူတို့အနုပညာအခန်းကဏ္ဍအတွက် ထိန်းသိမ်းခံခဲ့ရသော အနုပညာရှင်များကို ပေးအပ်ခြင်းဖြစ်သည်။ ဤဆုသည် အနုပညာသည်၏ အနုပညာထက် ထိုအနုပညာကြောင့် ပုဂ္ဂိုလ်ရေးအန္တရာယ် ကျရောက်ခဲ့ပုံတို့ကို ပိုမိုအလေးပေး ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ထိုအနုပညာရှင်တို့၏ အနုပညာပစ္စည်းက ပေးအပ်သည့် သတင်းစကားနှင့် ထိုသတင်းစကားက ပေးအပ်သည့် ထိရောက်မှုပေါ် မူတည်၍ ဆုရွေးချယ်ပေးအပ်ခြင်း ဖြစ်သည်။

အဆိုပါ အမျိုးအစားဆုတွင် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၅၀၀၀ ပါရှိပြီး အနုပညာသည် လွတ်မြောက်ရေး၊ သူ့ကိုယ်စား သူပြောချင်လုပ်ချင်သည့် အလုပ်ကို သူ့ကိုယ်စား ကူညီစည်းရုံး ပြောဆိုပေးရန်၊ သူ့မိသားစုကို ကူညီထောက်ပံ့ပေးရန်တို့အတွက် အသုံးပြုမည်။

အဆိုပါ လွတ်လပ်စွာ ဖန်တီးမှုဆု ထိန်းသိမ်းခံအနုပညာသည် အမျိုးအစားတွင် ပြီးခဲ့သည့်နှစ်က ဟာသသရုပ်ဆောင် ဇာဂနာ ခေါ် ဒါရိုက်တာ ကိုသူရ ကို ချီးမြှင့်ခဲ့သည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.