08 June 2010

နိုင်ငံရေးပါတီများ ဝက်ဘ်ဆိုက်တင်လာကြ

၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများသည် ၎င်းတို့ ပါတီနှင့် မဲဆန္ဒရှင်များ အကြား ဆက်သွယ်ရေး နည်းလမ်း တခုအဖြစ် အင်တာနက် စာမျက်နှာများ၊ ဘလော့ဂ်များ ပြုလုပ်လာကြကြောင်း တွေ့ရသည်။

“ကျနော်တို့ ပါတီရဲ့ လှုပ်ရှားမှုတွေကို နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် သိရအောင်၊ ဒီမိုကရေစီလိုလားတဲ့ ပြည်ပရောက် သူငယ်ချင်းတွေ ၊မိတ်ဆွေတွေအနေနဲ့ ကျနော်တို့ ပါတီက  ဆောင်ရွက်နေတာတွေကို ပွင့်လင်းမြင်သာအောင် ဆိုတဲ့ ရည်ရွယ် ချက်နဲ့ အခုလို ၀က်ဘ်ဆိုက် ထောင်လိုက်တာပါ” ဟု   ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်းကပြောသည်။

နိုင်ငံရေး ပါတီများသည် ပါတီ၏ မူဝါဒ၊ သဘောထား ရပ်တည်ချက်၊ မဲဆွယ် စည်းရုံးရေးဆိုင်ရာ အကြောင်းအရာများကို စာရွက် စာတမ်း၊ စာအုပ်နှင့် လက်ကမ်းစာစောင်များပုံနှိပ်၍ ဖြစ်စေ၊ အင်တာနက် စာမျက်နှာများတွင် ဖြစ်စေ ဖော်ပြနိုင်ရန် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနတွင်  မှတ်ပုံတင်ကြေး ကျပ် ၁ သိန်းနှင့် အာမခံကြေး ကျပ် ၅ သိန်းကို ပေးသွင်းကာ ပုံနှိပ် ထုတ်ဝေခွင့်လိုင်စင် လျှောက်ထားရန် လိုအပ်သည်ဟု သိရသည်။

“ပါတီ ဝက်ဘ်ဆိုက် ရှိပေမယ့် အခုလောလောဆယ်တော့ ခဏရပ်ထားတယ်။ ထုတ်ဝေခွင့် မကျသေးဘူး။ ရတာနဲ့ ပြန်တင်နိုင်ဖို့ လုပ်သွားမှာပါ။ ခဏရပ်ထားတယ် ဆိုတာကလည်း ခွင့်ပြုချက်မရခင် တင်နေတယ်ဆိုပြီး အရေးယူတာတွေ၊ ကိုယ့်ပါတီရဲ့ လှုပ်ရှားမှုတွေကို ဟန့်တားနှောင့်ယှက်တာတွေ ဖြစ်လာမှာစိုးလို့ နည်းနည်း သတိထားနေတာပါ” ဟု ကိုဖြိုးမင်းသိန်းက ဆက်လက်ပြောပြသည်။ 

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ အတွင်းရေးမှူး ဦးနေမျိုးဝေကလည်း မဲဆန္ဒရှင်များနှင့် ပါတီအကြား ဆက်ဆံရေးကို  ဥပဒေ ဘောင်အတွင်းမှ ကြိုးစား လုပ်ဆောင်နေရကြောင်း၊ ယခုကဲ့သို့ ပါတီနှင့်ပတ်သက်သည့် မူဝါဒများ၊ အကြောင်းအရာများ ကို လွတ်လပ်စွာရေးသားခွင့် ရသင့်ကြောင်း ပြောသည်။

“အခု ကျနော်တို့ဘက်က ထိန်းပြီး လုပ်ကြည့်တယ်၊ သူတို့ ဘက်ကလည်း နားလည် ပေးဖို့ လိုတယ်။ ပါတီဝက်ဘ်ဆိုက် လျှောက်ဖို့ ၆ သိန်းအတွက် အခု အလှူလိုက်ခံနေတယ်။ လျှောက်တာကတော့ ၃ ရက်အတွင်း ရမယ်လို့ ဗိုလ်မှူးတင့်ဆွေက ပြောတယ်” ဟု ဦးနေမျိုးဝေက ဆိုသည်။

ကဗျာဆရာ၊ စာရေးဆရာ ဝေမှူးသွင် ထူထောင်ထားသည့်  မြန်မာဒီမိုကရေစီ ကွန်ဂရက် ပါတီကလည်း  ဘလော့ဂ် စာမျက်နှာများ ဖွင့်လှစ်ကာ ပါတီနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ဆောင်းပါးများ ဖော်ပြသွားမည်ဟု သိရသည်။

အကယ်၍ နိုင်ငံရေးပါတီများက စစ်အစိုးရကို မဆန့်ကျင်ရန်၊ စစ်တပ်ကို မပုတ်ခတ်ရန်၊ ထုတ်ပြန်ထားသော အမိန့်များကို မဆန့်ကျင်ရန် စသည့် သတ်မှတ်ချက်များကို ဖောက်ဖျက်ပါက အာမခံကြေး တစိတ်တဒေသဖြစ်စေ၊ အားလုံးကို ဖြစ်စေ သိမ်းယူ ခံရမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဟု မတ်လ ၁၇ ရက်နေ့ ရက်စွဲဖြင့် ပြန်ကြားရေးဝန်ကြီး ဌာန၏ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ အင်တာနက် စာမျက်နှာကို အောက်ပါပုံအား Click နှိပ်၍ ကြည့်ရှုနိုင်သည်။

(ဧရာဝတီမှကူးယူဖော်ပြသည်။)

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.