ယင်းနေကြတ်မှု ဖြစ်စဉ်ကို မြန်မာစံတော်ချိန် မွန်းလွဲ ၁နာရီမှ ညနေ ၄နာခွဲအထိ နေကြတ်ချိန် ၃ နာရီခွဲကြာမြင့်မည်ဖြစ်ပြီး ၃နာရီ ၅ မိနစ်မှ ၃ နာရီ ၁၅ မိနစ် အထိ နေအပြည့် ကြတ်မှုကို ၁၀ မိနစ်သာ မြင်ရမည်ဟု မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ထားသည်။
၎င်း နေကြတ်မှု ဖြစ်စဉ်ကို မြန်မာနိုင်ငံအလယ်ပိုင်းရှိ မန္တလေး၊ မုံရွာ၊ ရွှေဘို၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် လားရှိုးမြို့တို့တွင် ထင်ထင်ရှားရှား မြင်တွေ့နိုင်မည်ဟု သိရသည်။
အဆိုပါနေကြတ်မှုကို ကမ္ဘာလှည့် ခရီးသွား အများစုက စိတ်ဝင်စားလျက်ရှိပြီး မြန်မာနိုင်ငံတွင် နေကြတ်မှု ဖြစ်စဉ်ကို ကြည့်ရှုရန် မန္တလေးတောင်၊ စစ်ကိုင်းတောင်၊ ပုပ္ပါးတောင်နှင့် ငပလီ၊ ပုဂံ၊ မုံရွာမြို့တို့တွင် ရှိသော ဟိုတယ်များတွင် နိုင်ငံခြားသား ခရီးသွားများစွာ ရောက်ရှိနေပြီ ဟုသိရသည်။
မြန်မာလူမျိးများသည် နေကြတ်မှု၊ လကြတ်မှု အတိတ်နိမိတ်များကို ယုံကြည်သူများဖြစ်သည့်အတွက် နေကြတ်မှုကြောင့် နိုင်ငံရေး၊ စီးပွားရေး လူမှုရေးများ အပြောင်းအလဲ ဖြစ်ပေါ်လာမည်ဟု ယုံကြည်ကြသည်။
“ဒီနေကြတ်မှုကြောင့် တိုင်းရင်းသားများကြားမှာ စည်းလုံးညီညွတ်မှုတွေ ပြိုကွဲသွားလိမ့်မယ်။ ပိုပြီး သိသာမှာကတော့ နိုင်ငံတော် အကြီးအကဲ ကတော်တွေအတွက် အထိအခိုက် အပျက်အစီးတွေ ဖြစ်လိမ့်မယ်။ ခရီးသွားလာရေးနဲ့ သယ်ယူပို့ဆောင်ရေးတွေမှာလည်း အဆင်မပြေဖြစ်လိမ့်မယ်” ဟု မန္တလေးမြို့ရှိ နက္ခတ္တဗေဒ ပညာရှင် ဆရာရဲက ဧရာဝတီသို့ပြောသည်။
နေကြတ်ပြီးနောက် ဖေဖော်ဝါရီ ၂၄ရက်နေ့အတွင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး အရှုတ်အထွေးများ ဖြစ်ပေါ်လာနိုင်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ ဧပြီလ ၁၆ရက်နေ့အထိ စည်းရုံးမှုများ ပြိုကွဲခြင်း၊ စီးပွားရေး ကျဆင်းခြင်း၊ ခေါင်းဆောင်ပိုင်းများထဲတွင် အချင်းချင်း စိတ်ဝမ်းကွဲခြင်းများ ဖြစ်ပေါ်မည်ဟု ဆရာရဲက ဆက်ပြောသည်။
ယခုဖြစ်ပေါ်မည့် နေကြတ်မှုဖြစ်စဉ်ကို မြန်မာနိုင်ငံနက္ခတ်ပညာရှင်အသင်းနှင့် အစိုးရပိုင် MRTV-3 တို့ ပူးပေါင်းပြီး တိုက်ရိုက် ထုတ်လွှင့် ပြသရန် စီစဉ်နေကြောင်းလည်း ဆင်ဟွာသတင်း တပုဒ်တွင် ဖော်ပြထားသည်။
ဧရာဝတီမှတဆင့်
No comments:
Post a Comment
မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။