15 January 2010

ကချင်ငြိမ်းအဖွဲ့၏ မှောင်ခိုပစ္စည်းများ ဖမ်းဆီးခံရ

တရားမဝင်ပစ္စည်းများ သယ်ဆောင်လာသော ပြည်သူ့စစ်အသွင်ပြောင်းလိုက်သည့် ကချင်ငြိမ်းချမ်းရေးအဖွဲ့၏ ကားတန်းတခုကို လမ်းကြောင်းပေါ်ရှိ စစ်ဆေးရေးဂိတ်က ဖမ်းဆီးခဲ့သည်။
မကြာသေးမီက ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းခဲ့သည့် ကချင်ငြိမ်းချမ်းရေးအဖွဲ့က ဇန်နဝါရီ (၉) ရက်တွင် ခြောက်ဘီးတပ် သရီးကရောင်းကား (၈) စီး၊ ဟိုက်လတ်ကား (၂) စီးဖြင့် ဆန်၊နှမ်း အိတ်ပေါင်း (၂,ဝဝဝ) ကျော်၊ သစ်နှင့်သစ်သားပန်းပုရုပ်များကို ဗန်းမော်မြို့မှ သယ်ယူလာစဉ် ဗန်းမော်နှင့် တရုတ်-မြန်မာနယ်စပ် နမ်းခမ်းအကြား ဂိုက်ထိပ်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ဗန်းမော်ဒေသခံ ကုန်သည်တဦးက ပြောသည်။
၎င်းက “အဲဒီအဖွဲ့က အစောပိုင်းကတည်းက ကယ်ရီသယ်ပေးနေတာရှိတယ်။ အင်ကျင်းကျောက်တို့ သယ်တာတွေရှိတယ်။ ခုဟာကတော့ သူတို့ပစ္စည်းတွေကော ပါတယ်။ သူတို့အရာရှိကိုယ်တိုင် လိုက်လာတာ။ တန်ဖိုးကတော့ သိန်း (၁,၀၀၀) ကျော် ရှိနိုင်ပါတယ်။ ကားတွေကောပါ သိမ်းလိုက်တာ။ လူတွေကိုတော့ အခုလောလောဆယ် ပြန်လွှတ်ပေးထားတယ်” ဟု ပြောသည်။
ယခု မှောင်ခိုပစ္စည်းများ သယ်လာသည့် ပြည်သူ့စစ်အဖွဲ့သည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့မှ ခွဲထွက်ခဲ့သည့် ဗိုလ်မှူးကြီး လဆန်အောင်ဝါ ဦးဆောင်သည့် ကချင်ငြိမ်းချမ်းရေးအဖွဲ့ဖြစ်ပြီး မြစ်ကြီးနားမြို့၏ အရှေ့မြောက်ဘက် မိုင် (၂ဝ) ကျော်အကွာ လဝါးယန်ကျေးရွာနှင့် ဂွေထူကျေးရွာတို့တွင် အခြေစိုက်ထားသည်။
နအဖက နယ်စပ်တွင်ရှိနေသည့် အပစ်ခတ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းနေချိန်တွင် ၎င်းတို့အဖွဲ့အား ပြည်သူ့စစ်အဖွဲ့အဖြစ် အသွင်ပြောင်းခိုင်းသဖြင့် ၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာ (၁၆) ရက်နေ့တွင် လဝါးယန်ပြည်သူ့စစ်အဖွဲ့နှင့် ဂွေထူပြည်သူ့စစ်အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့သည်။
ယခုဖမ်းဆီးမှုသည် နယ်ခြားစောင့်တပ်ဖွဲ့နှင့်ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းခဲ့သည့် ငြိမ်းအဖွဲ့များထဲတွင် ပထမဆုံးအကြိမ် ဖြစ်ပြီး အလားတူ ဖမ်းဆီးသည့်ဖြစ်ရပ်များလည်း နောက်ထပ် ပေါ်လာနိုင်စရာရှိသည်ဟု အပစ်ခတ်ရပ်အဖွဲ့များနှင့် နီးစပ်သူ နယ်စပ်ဒေသခံတဦးက ပြောသည်။
၎င်းက “အပစ်ရပ်တွေ စီးပွားရေးလုပ်တဲ့နေရာမှာ အဖွဲ့ပိုင် စီးပွားရေးကိစ္စမျိုးကတော့ နားထားလို့မရဘူး။ တပ်သားအဆင့် ရတဲ့လစာ (၄) သောင်း ကျော် (၅) သောင်းလောက်နဲ့ နယ်စပ်ဒေသလို နေရာမျိုးမှာ ရပ်တည်လို့ မဖြစ်နိုင်ဘူး။ နအဖတပ် တွေတောင် လုံလောက်မှု မရှိလို့ တပ်ရန်ပုံငွေ ရှာရတာတွေ၊ ဦးပိုင်ထဲ ရှယ်ယာထည့်ဝင်တာတွေ လုပ်ပြီး ကျားကန်နေရချိန်မှာ မနေ့တနေ့ကမှ တပ်ပုံစံမျိုးရောက်သွားတဲ့ အဲလိုအဖွဲ့တွေအတွက် ရပ်တည်ရေး ပိုပြီးခက်ခဲတယ်” ဟု ပြောသည်။
 ခေတ်ပြိုင်မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.