13 January 2010

မြန်မာအမျိုးသမီးများ လေယာဉ်မောင်းတော့မည်

အဲပုဂံ (Air Bagan) လေကြောင်း လိုင်းတွင် ယခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ အမျိုးသမီး လေယာဉ်မှူး ၃ ဦး ၀င်ရောက် မောင်းနှင်မည် ဖြစ်ကြောင်း ထိုလေကြောင်းလိုင်းမှ အကြီးတန်း အရာရှိ တဦးက ပြောသည်။

bridge
အမျိုးသမီး ၃ ဦး ကို လေယာဉ်မှူးအဖြစ် တာဝန်ပေးမည့် အဲပုဂံ လေကြောင်းလိုင်းမှ လေယာဉ်တစီး
ထိုအမျိုးသမီး သုံးဦးသည် မလေးရှားနိုင်ငံရှိ Integrated Aviation Academy  အမည်ရှိ လေယာဉ်မှူး သင်တန်းကျောင်း တခုတွင် ၂ နှစ်ကြာ လေ့လာသင်ယူ ခဲ့သူများ ဖြစ်သည်ဟု သိရသည်။

“မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး လေယာဉ်မှူးတွေ ဖြစ်လာမှာပေါ့၊ ကျနော်တို့ ဆီက ဒီလူတွေ အပြင် ထပ်မွေးထုတ် ဖို့လည်း အစီအစဉ်တွေ ရှိပါတယ်” ဟု သူက ပြောသည်။

ထို ၃ ဦးသည် ပြည်တွင်းပြည်ပ ခရီးစဉ်များ၊ စင်းလုံးငှား ခရီးစဉ်များတွင် တာဝန်ယူရမည်ဟု ဆိုသည်။

“အမျိုးသမီးတွေလည်း အရေးပါတဲ့ အခန်းမှာ ပါလာတာ ၀မ်းသာဖို့ ကောင်းပါတယ်၊ သင်တန်းတက်ပြီး အကျိုးရှိရင်တော့ ပိုကောင်းတာပေါ့၊ အဲပုဂံ ကတော့ ချက်ချင်း လေယာဉ်မှူးဖြစ်အောင် လုပ်ပေးနိုင်စွမ်း ရှိတယ်လေ၊ အခြား သင်တန်းတွေကျ တော့ တက်ပြီးချင်း လေယာဉ်မှူးဖြစ်ဖို့ မလွယ်ဘူး၊ ပြန်စောင့်ရမှာ” ဟု မြန်မာ့လေကြောင်းလိုင်းမှ အရာရှိတဦးက ဆိုသည်။

သက်တမ်း ၆ နှစ်ရှိပြီ ဖြစ်သည့် ပုဂ္ဂလိကပိုင်လေကြောင်းလိုင်း အဲပုဂံက မလေးရှားသို့ စေလွှတ်ခဲ့သူများမှာ ငယ်ရွယ်သူများဖြစ်ကြောင်း ၂၀၀၈ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ထုတ် AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ၎င်းတို့မှာ အဲပုဂံမှ လေယာဉ်မယ်များဖြစ်သည့် မမေချိုဝင်း နှင့် မနှင်းဦးဝေတို့ဖြစ်သည်။

မမေချိုဝင်းသည် အသက် ၂၀ ရှိပြီဖြစ်ပြီး ကွန်ပျူတာနည်းပညာဘွဲ့ရတဦးဖြစ်သည်ဟု ဆိုသည်။  မနှင်းဦးဝေ၏ အသက်မှာ ၂၅ နှစ် ဖြစ်ပြီး နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်ဖြင့် ဘွဲ့ရထားသူဖြစ်ကြောင်း သိရသည်။

ကျန်တဦးနှင့် ပတ်သက်ပြီး သတင်း မရရှိသေးပါ။

နိုင်ငံတကာ တွင်လည်း အမျိုးသမီးများ လေယာဉ်မှူးအဖြစ် တာဝန်ယူခြင်းကို အနည်းငယ်သာ တွေ့နိုင်သည်။

အမျိုးသမီးများ လေယာဉ်မောင်းနှင်ခြင်းကို နိုင်ငံပေါင်း ၁၆ နိုင်ငံတွင်သာ တွေ့ရမည်ဟု တရုတ်နိုင်ငံ China Daily သတင်းစာ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ ထိုအထဲမှ ၈ နိုင်ငံတွင် အမျိုးသမီးများကို စစ်လေယာဉ် မောင်းနှင်ရန် တာဝန် ပေးထားသည်ဟု ဆိုသည်။

ဧရာဝတီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.