နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ပညာသိဒ္ဓိရပ်ကွက်တွင် ၆၆ ဧက ကျယ်ဝန်းကာ ပွဲကြည့်ခုံ အလုံးရေ ၃ သောင်းဆန့် “ဇဗ္ဗူသီရိကွင်း” နှင့် ပုဗ္ဗသီရိမြို့နယ် တိုက်ချောင်းရွာအနီးတွင် ဧက ၁၀၀ ကျယ်ဝန်းသော ကွင်းတကွင်း တည်ဆောက်နေသည်။
ဇဗ္ဗူသီရိ အားကစားကွင်း ရတနာပန္နက်တင် မင်္ဂလာ အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ပြီးဖြစ်သည်။
မက်စ်ကုမ္ပဏီမှ ဆောက်လုပ်ရေးအရာရှိတဦးကမူ တိုက်ချောင်းရွာအနီး ဘောလုံးကွင်းကလည်း ပွဲကြည့်ပရိတ်သတ် လူ ၃ သောင်းဆန့် ကွင်းပင်ဖြစ်ပြီး ပုံစံတူများဖြစ်သည်ဟု ဆိုသည်။
ကုန်ကျမည့် ငွေပမဏ အမေရိကန်ဒေါ်လာ ၃ သန်းခွဲကျော်ကို တရုတ်အစိုးရက မြန်မာသို့ ငွေသားဖြင့် ကူညီခဲ့ရာ ဆောက်လုပ်ရေး ကန်ထရိုက်အတွက် မက်စ်မြန်မာက ရရှိခဲ့ခြင်းဖြစ်ကြောင်း ဘောလုံး သတင်းရပ်ကွက်က ပြောသည်။
စီမံကိန်း အင်ဂျင်နီယာအဆိုအရ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန (နတလ) က ကြီးကြပ်ငွေ ထုတ်ပေးသည်ဟု ပြောသည်။
ကွင်းများ၏ ပုံစံမှာ လေးဖက်လေးတန် အမိုးအကာများ တည်ရှိမည်ဖြစ်ပြီး နိုင်ငံတကာ ဘောလုံးကွင်းများ နည်းတူဖြစ်ကာ တည်ဆောက်ချိန်မှာ တနှစ်ကျော်ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်းနှင့် ယင်းကွင်းများ တည်ဆောက်ပြီးလျှင် နိုင်ငံတကာပွဲများကို နေပြည်တော်တွင် ကစားသွားနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။
“ဘာရည်ရွယ်လဲဆိုတော့ ၂ဝ၁၃ မှာ မြန်မာပြည်မှာ Sea Game လက်ခံကျင်းပဖို့ ကြံရွယ်နေတယ်။ မြန်မာပြည်က ရဖို့များပါတယ်။ စင်္ကာပူက မလုပ်ဘူးလို့ ငြင်းထားတယ်။ နိုင်ငံတကာ ပွဲကြီးတွေဆိုရင်လည်း နေပြည်တော်မှာ ကစားကြဖို့ များပါတယ်” ဟု ဘောလုံးအဖွဲ့ချုပ် အသိုင်းအဝိုင်းက ပြောသည်။
ကွင်းဆောက်လုပ်ခွင့်ရခဲ့သည့် Max Myanmar ဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်သည် နအဖ ထိပ်သီးခေါင်းဆောင်များနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇနှင့်အတူ နိုင်ငံတော် အစိုးရက ချီးမြှင့်သည့် သီရိပျံဘွဲ့ကို မကြာသေးမီက ရရှိခဲ့သည်။
မဇ္ဈိမမှတဆင့်
No comments:
Post a Comment
မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။