01 January 2010

ပူးပေါင်း ဆောင်ရွက်ရေး ထောက်ခံမည်ဟု မြန်မာ့အရေး ကော်မတီပြော

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံနှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု ဆိုခြင်းကို ထောက်ခံကြောင်း မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပရေး ကော်မတီက ပြောသည်။

“ဒေါ်စုကို လွတ်လပ်စွာ ဆွေးနွေးခွင့် ပြုပါ။ ဒေါ်စု ပူးပေါင်း ဆောင်ရွက်မယ် ဆိုတာကို ကျနော်တို့ ထောက်ခံပါတယ်။ အဟန့်အတားဖြစ်အောင် မဆောင်ရွက်ပါနဲ့။ အလျော့ပေးမှုတခု ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ တိုင်းပြည်အကျိုးကို ရှေးရှုမယ်ဆိုရင် ဒီအခြေအနေကို သူတို့လက်ခံရမယ်” ဟု ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းရှိ ကော်မတီရုံး၌ ယမန်နေ့က ပြုလုပ်သည့် မြန်မာ့အရေး ဆွေးနွေးပွဲ အကြို သတင်းစာ ရှင်းလင်းပွဲအပြီး ပြောခွင့်ရသူ ကိုဖြိုးမင်းသိန်းက မဇ္ဈိမကို ပြောခြင်းဖြစ်သည်။

မြန်မာအရေး ဆွေးနွေးပွဲအား ယခုလကုန်တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ကော်မတီဝင်များ အနေဖြင့် ၈၈ ကျောင်းသားများ၊ ဝါရင့် နိုင်ငံရေးသမားများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေး တက်ကြွသူများကို လိုက်လံ ဆွေးနွေးမှုများ မပြီးဆုံးသေးသဖြင့် လာမည့်လ ဒုတိယပတ်သို့ ပြောင်းရွှေ့ လိုက်သည်။ 

ဆွေးနွေးပွဲ ကျင်းပပြီးနောက် ရလဒ်များအား သတင်းမီဒီယာများထံသို့ ကြေငြာပေးမည်ဖြစ်ပြီး စတင် ကျင်းပသည့်နေ့မှာပင် ကော်မတီအား ဖျက်သိမ်းလိုက်မည်ဖြစ်ဟု ကိုဖြိုးမင်းသိန်းက ပြောသည်။

ထို့အပြင် ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးကလည်း ဒေါ်ဆောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်ငြိမ်း ချမ်းသာခွင့်ပြုမှ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည် ဟူသည့် အချက်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွှေဂုံတိုင် ကြေငြာချက်ပါ အကြောင်းအရာများကို သတင်းထောက်များအား ရှင်းပြခဲ့သည်ဟု သိရသည်။

သတင်းစာရှင်းပွဲကို ယမန်နေ့ နေ့လည် ၁ နာရီမှ ၂နာရီခွဲအထိ ကျင်းပခဲ့ပြီး ပြည်တွင်း သတင်းဌာနများ ဖြစ်သော ရန်ကုန်တိုင်း(မ်)၊ မြန်မာတိုင်း(မ်)၊ 7 days ၊ Flower News၊ True News၊The Voice နှင့် နိုင်ငံခြား သတင်းဌာနများဖြစ်သည့် Reture ၊ AP ၊ AFP ၊ အပါအဝင် သတင်းဌာန ၂၀ ကျော် တက်ရောက်ခဲ့သည်ဟု ကိုဖြိုးမင်းသိန်းက ပြောသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ စရဖ ၂ ဦးခန့် တက်ရောက် နားထောင်ခဲ့သည်။ ထို့အပြင် ရဲနှင့် ထောက်လှမ်းရေးများကလည်း စောင့်ကြည့်ခဲ့ပြီး တက်ရောက်သူများအား ဓါတ်ပုံ ရိုက်ယူခဲ့ကြောင်း သူက ဆက်ပြောသည်။

နိုင်ငံရေးကို ပွင့်လင်း မြင်သာအောင် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် သင်ပုန်းချေနိုင်ကြောင်းနှင့် စစ်တပ်အား ရန်သူအဖြစ် သဘောမထားကြောင်း သူက ဆိုသည်။

“နိုင်ငံရေးကို ပွင့်လင်းမြင်သာအောင် လုပ်မယ်။ စစ်တပ်နဲ့ ကိုယ်တို့ကြားမှာ ရန်သူလို သဘောမထားဘူး။ အရှင်းဆုံး ပြောရရင် တရားဝင် ရပ်တည်နိုင်ဖို့ ကြိုးစားမယ်။ ရှေ့ဆက်ပြီး ဂုဏ်သက္ခာရှိစွာ ဖြတ်သန်းမယ်။ စစ်တပ်၊ ပြည်သူ ပူးပေါင်းရမယ်လေ။ ဒါပေမဲ့စစ်တပ်က နိုင်ငံရေးသမားတွေကို မယုံကြည်သေးဘူး” ဟု သူက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလလယ်တွင် ပြန်ကြားရေး ဝန်ကြီးဌာန၊ စရဖ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ပြည်ထဲရေး ဝန်ကြီးဌာနများသို့ မြန်မာ့အရေး ဆွေးနွေးပွဲ လုပ်မည့်အကြောင်း စာပို့လိုက်ရာ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စရဖမှ ကော်မတီဝင်များ၏ နေအိမ်များသို့ လာရောက် မေးမြန်း စုံစမ်းခဲ့ကြောင်း သိရသည်။

ကိုဖြိုးမင်းသိန်း၏ နေအိမ်ကိုလည်း စရဖ၏ “နိုင်ငံရေး ပါတီများ စုံစမ်းရေးအဖွဲ့” မှ တပ်မှူးတဦး ခေါင်းဆောင်၍ လာရောက် မေးမြန်း စုံစမ်းခဲ့သည်ဟု သိရသည်။

မဇ္ဈိမမှတဆင့်
 

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.