18 January 2010

800 MHz ဖုန်းများ ရန်ကုန်တွင် ချထားပေးပြီ

ရန်ကုန်တိုင်းအတွင်း မြို့နယ်များတွင် အသုံးပြုနိုင်မည့် ကျပ် ၅ သိန်းတန် CDMA 800 MHz အထိုင်ဖုန်း ထုတ်ယူခွင့် လက်မှတ်များကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ယနေ့ စတင်ထုတ်ပေးခဲ့သည်။

ဂဏန်း ၈ လုံးပါ တယ်လီဖုန်း နံပါတ်ပါရှိသော ထုတ်ယူခွင့် လက်မှတ်များဖြင့် ဘဏ်တွင် ငွေသွင်းခြင်းကို ယနေ့ စတင်ပြုလုပ်နိုင်သော်လည်း ဖုန်းကတ်များ ထုတ်ယူခွင့်ကိုမူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လာမည့် ဗုဒ္ဓဟူးနေ့သို့ ပြောင်းရွှေ့ချိန်းဆိုခဲ့သည်။

''ဖုန်းကျပြီဆိုပြီး စာတိုက်ကနေ စာရောက်လာတယ်။ ဘဏ်မှာ ငွေသွားသွင်းပြီး ဆက်သွယ်ရေးကိုသွားတော့ ဗုဒ္ဓဟူးနေ့မှ ကတ်ထုတ်ပေးမယ်လို့ ပြောလိုက်တယ်'' ဟု CDMA 800 MHz ဖုန်း ထုတ်ယူခွင့် ရရှိသူတဦးက မဇ္ဈိမကို ပြောဆိုသည်။
CDMA_800mhz_Phones_LG_Sc300
ကြိုတင် ငွေပေးစနစ် အသုံးပြုရမည့် CDMA 800 MHz ဖုန်းများကို ထူးထရေးဒင်း၏ ကုမ္ပဏီခွဲတခုဖြစ်သော ITCS Co.Ltd မှ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ကြိုတင်ငွေပေးကတ် များကိုလည်း ယင်းကုမ္ပဏီကပင် တာဝန်ယူ ရောင်းချပေးမည် ဖြစ်သည်။

ခဲခြစ်စနစ်ဖြင့် အသုံးပြုရမည့် ကြိုတင်ငွေပေးကတ်များကို ကျပ်တသောင်းတန်၊ ကျပ်သုံးသောင်းတန် စသော ပြည်တွင်းခေါ်ဆိုမှု ကတ်နှင့် FEC ၂၀ တန်၊ FEC ၅၀ တန် စသော ပြည်ပခေါ်ဆိုမှု ကတ် ဟူ၍ စုစုပေါင်း အမျိုးအစား ၄ မျိုး ခွဲခြားရောင်းချမည်ဟု သိရသည်။

ပြည်တွင်းခေါ်ဆိုမှုတွင် မြို့တွင်း၊ နယ်ဝေးခွဲခြားထားခြင်း မရှိဘဲ အထွက်ခေါ်ဆိုမှု အားလုံးအတွက် တမိနစ်လျှင် ငွေကျပ် ၅၀ ဖြတ်တောက်မည်ဖြစ်၍ SMS တစောင်ပို့ပါက ၂၅ ကျပ် ကျသင့်မည်ဖြစ်ပြီး အဝင်ခေါ်ဆိုခအတွက် ပေးဆောင်ရန် မလိုကြောင်း သိရသည်။

''ကြိုတင်ငွေဖြည့်ကတ် (Prepaid Top-up Card) တွေကို ခဲခြစ်စနစ်နဲ့ ဝယ်ပြီး အသုံးပြုရမှာပါ။ ကတ်မှာပါတဲ့ ခဲပြားကိုခြစ်ပြီး ပေါ်လာမယ့် နံပါတ်ကို ရိုက်ပြီး သုံးရမှာပါ။ ငွေဖြည့်တဲ့ ကတ်တွေကို သက်တမ်းမကုန်ခင်မှာ ခဲခြစ်ပြီး သုံးရမှာပါ။ ခဲခြစ်ပြီးသွားရင်တော့ သက်တမ်းမရှိတော့ပါဘူး။ သူ့မှာပါတဲ့ ယူနစ်မကုန်မချင်း သုံးနိုင်ပါတယ်'' ဟု ITCS Co.Ltd မှ တာဝန်ရှိသူတဦးက ပြောသည်။

မန္တလေးမြို့တွင်မူ CDMA 800 MHz ဖုန်းများကို ယခုလ ၇ ရက်နေ့မှ စတင်၍ သုံးစွဲခွင့် ရရှိခဲ့ကြောင်း သိရှိရပြီး ITCS Co.ltd မှပင် တာဝန်ယူ ရောင်းချပေးနေကြောင်း သိရသည်။

လက်ရှိတွင် ဖုန်းကတ်များ ထုတ်ပေးခြင်း မရှိသော်လည်း ထုတ်ယူခွင့် ရရှိထားပြီး သူများထံမှ ထုတ်ယူခွင့်အား ပြင်ပတွင် ကျပ် ၆ သိန်းခွဲမှ ၇ သိန်းအထိ အလိုက်ပေး၍ ပြန်လည် ဝယ်ယူနေခြင်းများ ရှိနေကြောင်း သိရသည်။

''Prepaid ကတ်တွေကိုတော့ ကိုယ်စားလှယ်ရောင်းခွင့် ပေးမယ်လို့ ကြားပါတယ်။ ခုထက်ထိတော့ တိတိကျကျ မသိရသေးပါဘူး။ အရင် GSM Prepaid ကတ်တွေတုန်းက စစချင်း Central Marking ကုမ္ပဏီကပဲရောင်းပြီး နောက်ပိုင်း အပြင်ဆိုင်တွေ ပေးရောင်းတယ်။ အခုကုမ္ပဏီကလည်း ထူးကုမ္ပဏီကပါပဲ။ လက်ရှိတော့ Reseller ကိစ္စအတွက် ဘာမှမပြောသေးပေမယ့် အပြင်ဆိုင်တွေကိုတော့ ပေးရောင်းမယ်လို့ ထင်ပါတယ်'' ဟု ဖုန်းနှင့် ဖုန်းအပို ပစ္စည်းဆိုင်တခုက ပြောသည်။
မဇ္ဈိမမျှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.