29 December 2009

ပဲစင်းငုံဈေး မိုးပေါ် ထောင်တက်

မြန်မာနိုင်ငံမှ ပဲစင်းငုံနီများအား အိန္ဒိယက ဝယ်ယူအား ကောင်းသဖြင့် ယခုနှစ် ပြည်တွင်းဈေးနှင့် ပြည်ပ တင်ပို့ဈေးနှုန်းများ တက်သွားကြောင်း မြန်မာ ပဲကုန်သည်ကြီးများ အသင်းထံမှ သိရသည်။

အိန္ဒိယနိုင်ငံ၏ ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးသဖြင့် ယခင်နှစ်မှ စတင်ကာ မြန်မာပဲများကို ပို၍ အဝယ်လိုက်နေခြင်း ဖြစ်ပြီး ပဲစင်းငုံ ဈေးကွက်မှာလည်း မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။
bean
လတ်တလောတွင် မြန်မာပြည်တွင်းမှ ဝယ်လက်ဈေးမှာ ၁ တန်လျင် ကျပ် ၉ သိန်း ၅ ထောင် (ဒေါ်လာ ၉၅၀ ခန့်) ခန့်ရှိပြီး  ပြည်ပတင်ပို့ဈေး ၁ တန်လျင် အမေရိကန် ဒေါ်လာ ၁ ထောင်ကျော် ရှိနေသည်။

ယနှစ်က ၁ တန်ကို ဒေါ်လာ ၄၀၀ ဝန်းကျင် လောက်နှင့်သာ ပို့ခဲ့ရခြင်းဖြစ်ပြီး ပြည်တွင်းဝယ်ဈေးမှာ ကျပ် ၃ သိန်းခွဲ ခန့်သာ ရှိခဲ့သည်။

“ပြီးခဲ့တဲ့နှစ်က ထွက်တဲ့ တန်ချိန် ၂ သိန်းခွဲ လောက်ကတော့ အကုန်ကုန်သွားတယ်။ ဒီနှစ်က အထွက်လည်း နည်းတယ်။ နောက်ပြီးတော့ အိန္ဒိယဘက်က ဝယ်လိုအားကလည်း လိုက်နေတဲ့ အတွက်ကြောင့် ဈေးကလည်း တက်သွားတာပါ” ဟု ပဲကုန်သည်ကြီးများ အသင်းဝင်တဦးက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ၌လည်း ရာသီဥတု ဖောက်ပြန်သဖြင့် ယခုနှစ် ပဲစင်းငုံ အထွက်သည် ယခင်နှစ်ထက် ၄၀ ရာခိုင်နှုန်း လျော့ကျသွားသော်လည်း ပြည်ပပို့ဈေးမှာမူ နှစ် ၃၀ အတွင်း အမြင့်ဆုံး ဖြစ်ကြောင်း သိရသည်။ 

လက်ရှိတက်ဈေးဖြင့် ယခုလ အတွင်း၌ အိန္ဒိယသို့ တန်ချိန် ၃၀၀ ပို့ထားပြီး ဖြစ်ကြောင်း မြန်မာ ပဲကုန်သည်ကြီးများ အသင်းမှ ဝန်ထမ်းတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ပဲစင်းငုံကို မကွေး၊ နတ်မောက်၊ အောင်လံ၊ ပြည်၊ ပခုက္ကူ၊ ချောက်၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို ဒေသများတွင် ဇန်နဝါရီလနှင့် မတ်လတို့တွင် စိုက်ပျိုးလေ့ ရှိကြပြီး နိုဝင်ဘာမှ စတင်၍ တနယ်ပြီးတနယ် ဆက်တိုက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
bean1
ပြည်တွင်း၌ ယခုနှစ် ဈေးကောင်းရသဖြင့် တောင်သူများမှာ အဆင်ပြေကြကြောင်း မကွေးတိုင်း၊ နတ်မောက်မြို့နယ် နှောကန်ရွာ တောင်သူတဦးက ပြောသည်။  

“ကျောက်ပန်းတောင်းမြို့ပေါ်မှာ တက်ရောင်းနေတာပဲ။ (တတင်းလျင်) အခု ၃ သောင်းဈေး ပေါက်နေတယ်။ အရင်နှစ်က ဈေးမရှိဘူး ၁၂၀၀၀ ပဲရှိတယ်။ ဒီနှစ်က အမြင့်ဆုံးပဲ။ ရွာမှာ ချောင်ချောင်လည်လည် ဖြစ်တာပေါ့။ အလှုအတန်းလေး ပေးနိုင်တာပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။ 

ပြည်တဝိုက်ရှိ အောင်လံ၊ ဆင်ပေါ်ဝဲ၊ မကွေးတို့မှ ထွက်ရှိသော ပဲစင်းငုံများကိုလည်း ရန်ကုန်မြို့မှ ကုန်သည်များက ကြိုတင် ငွေပေးစနစ်ဖြင့် လာရောက် ဝယ်ယူနေကြကြောင်း ပြည်မြို့ ပဲမျိုးစုံပွဲရုံပိုင်ရှင် တဦးက ပြောသည်။  

ဈေးမတက်မီ ယခုနှစ် ဇန်နဝါရီမှ အောက်တိုဘာထိ တန်ချိန် ၄ သိန်း အိန္ဒိယသို့ ပို့ထားပြီး တန်ဖိုးငွေ ဒေါ်လာ သန်း ၂၁၀ ကျော် ရှိကြောင်း၊ ၂၀၀၈ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာအထိ တန်ချိန် ၂ သိန်း ၄ သောင်း၊ တန်ဘိုးအားဖြင့် ဒေါ်လာ သန်း ၁၂၀ ခန့် ပို့ခဲ့သေးကြောင်း ပဲကုန်သည်ကြီးများအသင်း အရာရှိထံမှ သိရသည်။

မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပဲတင်ပို့သည့် ကုမ္ပဏီ ၃၀၀ ခန့်ရှိပြီး အိန္ဒိယဘက်မှ ဝယ်သည့် ကုမ္ပဏီ ၂၀ ခန့် ရှိသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.