30 December 2009

အရေးတော်ပုံ ရင်ခုန်သူများ အပိုင်း ၁ဝ


(သရုပ်ဖော် ပန်းချီ - အောင်လတ်)

တော်လှန်ရေးနဲ့ အနုပညာ။ တော်လှန်ရေး အနုပညာဆိုပါတော့။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ဖူးတဲ့ စကားရှိတယ်။ “တော်လှန်ရေးမှာ အနုပညာ ပါရမယ်။ အနုပညာ မပါတဲ့ တော်လှန်ရေးဟာ မအောင်မြင်နိုင်ဘူး တဲ့။
ဗိုလ်ချုပ်အောင်ဆန်း ဒီလိုပြောခဲ့တယ် ဆိုတာကို ကျွန်တော်တို့ ဆရာဒဂုန်တာရာ ရေးတဲ့ ရုပ်ပုံလွှာ စာအုပ်ထဲက “အောင်ဆန်း (သို့မဟုတ်) အရိုင်း ဆောင်းပါးမှာ ဖတ်ခဲ့ကြရတယ်။ တော်လှန်ရေးမှာ အနုပညာပါရမယ် တဲ့။ အနုပညာမပါတဲ့ တော်လှန်ရေးဟာ မအောင်မြင်နိုင်ဘူး တဲ့။ ဗိုလ်ချုပ် ရဲ့ ဒီ အဘိဓမ္မာကို ကျွန်တော်တို့တွေရဲ့ ကျောင်းသား တိုက်ပွဲ၊ လူထု တိုက်ပွဲ၊ ဒီမိုကရေစီ အရေးတော်ပုံတွေထဲကနေ၊ လက်တွေ့ဘဝထဲကနေ နားလည် ခံယူ ကျင့်သုံးခဲ့ကြတာပါ။ တော်လှန်ရေးနဲ့ အနုပညာဟာ ဆက်စပ်နေတယ် ဆိုတာ သမိုင်းက သက်သေပြခဲ့ပြီပဲ မဟုတ်လား။
          သခင်ဘသောင်းရဲ့ သခင်စိတ်ဓာတ်၊ သခင်အတွေးအခေါ်ကနေ တို့ဗမာ သီချင်းရဲ့ အရေးကြီးတဲ့ စာသားတွေ မွေးဖွားလာခဲ့တယ်။ တေးသွားသံစဉ် သီကုံးပေးသူက ဝိုင်အမ်ဘီ ဆရာတင်ပါ။ တို့ဗမာ သီချင်းဟာ ကိုလိုနီခေတ် အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲဝင် သီချင်း ဖြစ်ခဲ့ပါတယ်။
          ဒီလိုပါပဲ။ နာမည်ကျော် နဂါးနီ သီချင်း ဆိုရင်လည်း ရည်ရွယ်ချက် အနှစ်သာရ စာသားတွေကို ဦးနု၊ သခင်နုက ရေးသားပေးခဲ့တာပါ။ နောက် ဆရာ ရွှေတိုင်ညွန့်ရေးဖွဲ့ သီကုံး ခဲ့တဲ့ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အား ရှိမယ် ဆိုတဲ့ သီချင်းဟာ ဗိုလ်ချုပ်အောင်ဆန်း တောင်းဆိုလို့ ရေးပေးခဲ့တဲ့ သီချင်းပါ။ ဒီသီချင်းမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းပြည်နဲ့ တပ်မတော် အပေါ် မြော်မြင်မှုတွေကို တွေ့ရမယ်။
          လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်မီးကြီး ထတောက်လာတဲ့ အခါမှာလည်း ပြည်တွင်းစစ် ရပ်စဲရေး ပြည်တွင်း ငြိမ်းချမ်းရေး တောင်းဆိုတဲ့ ဆရာမြတ်လေးတို့၊ စန္ဒရား ချစ်ဆွေတို့၊ မာမာအေးတို့ရဲ့ သီချင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဗကသ၊ တကသ၊ ကျောင်းသားသမဂ္ဂ သီချင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
          ဗိုလ်ချုပ်ကြီး နေဝင်း အိမ်စောင့် အစိုးရလက်ထက်နဲ့ မဆလ အစိုးရ လက်ထက် တွေမှာ နိုင်ငံရေး အကျဉ်းသားတွေကို ကိုကိုးကျွန်း နှစ်ကြိမ် ပို့ခဲ့ပါတယ်။ ဒုတိယ အခေါက် ကျွန်းမှာ ကျွန်းဖျက်သိမ်းရေး ရက်ပေါင်း (၅ဝ) ကျော် အစာငတ်ခံ တိုက်ပွဲ ဆင်ခဲ့တာ အကျဉ်းသားတွေဘက်က အောင်ပွဲ ခံခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ အကျဉ်းသား (၈) ဦး အသက် ပေးလှူခဲ့ရတယ်။ အဲဒီ ကျွန်း တိုက်ပွဲမှာ ရေးစပ် သီဆိုခဲ့တဲ့ သီချင်းတွေလည်း ဒီနေ့အထိ အသက်ရှင်ကျန် နေသေးတဲ့ ကျွန်းပြန်ကြီး တွေက သီဆိုပြနိုင်ကြတုန်းပါ။
          ၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင် အရေးအခင်းမှာ ပေါ်ထွက်ခဲ့တဲ့ သမိုင်းဝင် သီချင်းတွေ ဆိုရင် ဒီနေ့ အထိ ပြည်ပ ရေဒီယိုတွေကနေ ပြန်လွှင့်နေတာ အမြဲ နားဆင်နေရပါတယ်။
          ကျွန်တော်တို့ ခေတ်ကို ရောက်လာတော့ ၁၉၇၄ - ၇၅ - ၇၆ အလုပ်သမား အရေးအခင်း၊ ရွှေတိဂုံ အထွေထွေ သပိတ်၊ မှိုင်းရာပြည့် စတဲ့ တိုက်ပွဲတွေကို ဖြတ်သန်းခဲ့ကြတယ်။ မဆလ စစ်အုပ်စုရဲ့ ဖမ်းဆီး ထောင်ချမှုကြောင့် ကျောင်းသားတွေ၊ အလုပ်သမားတွေ အမြောက်အများ အကျဉ်းထောင်တွေထဲကို ရောက်ခဲ့ကြတယ်။ အကျဉ်းထောင်ထဲကို ရောက်သွားကြတဲ့ ကျောင်းသား၊ အလုပ်သမားတွေဟာ သူတို့ရဲ့ တိုက်ပွဲဝင် အနုပညာကို မရ ရတဲ့ နည်းနဲ့ ဖော်ထုတ်ခဲ့ကြတယ်။ တိုက်ပွဲဝင် သီချင်းတွေ ရေးခဲ့ကြ၊ ဆိုခဲ့ကြတယ်။ အကျဉ်းထောင်ထဲမှာ ဖိနှိပ် ချုပ်ချယ်ထားတဲ့ ကြားက တော်လှန်ရေးနဲ့ အနုပညာကို ဖြစ်နိုင်သမျှ ပေါင်းစပ်ခဲ့ကြတယ်။
          ကျွန်တော့် ကိုယ်တွေ့အရ ကျွန်တော်တို့ ၁၉၇၆ မတ်လ ပုသိမ်ကောလိပ် အရေးအခင်းနဲ့ ပုသိမ်ထောင်ထဲ ရောက်လာတဲ့ အုပ်စုဆိုရင် ကျွန်တော်တို့ ပုသိမ်ကောလိပ် ကျောင်းအုပ်ကြီး ဆရာတက္ကသိုလ် ဘုန်းနိုင် ရေးစပ်တဲ့ “အရိုင်းစနစ်ကို တွန်းလှန် ဖြိုဖျက်မည် ဆိုတဲ့ သီချင်းကို ထောင်ထဲမှာ တိုက်ပွဲဝင် သီချင်းအဖြစ် သီဆိုခဲ့ကြတာပါ။
          ကျွန်တော်တို့နဲ့ ခေတ်ပြိုင် အင်းစိန် အကျဉ်းထောင်ထဲ ရောက်ခဲ့တဲ့ ပညာရေး တက္ကသိုလ်က ကျောင်းသား နှစ်ယောက်ရဲ့ သီချင်းတစ်ပုဒ်ဟာ ဒီနေ့ချိန်အထိ ရှင်သန်နေဆဲပါ။ သီချင်းနာမည်က “နိုးထလော့ ဧရာဝတီ လို့ ဖြစ်ပါတယ်။
          သံလွင် စစ်တောင်း၊ ညာလက်မောင်းဟေ့၊ စစ်မောင်းသံချီ၊ ဒုဋ္ဌဝတီ၊ ပြည်သူရဲ့ သွေး၊ ပြည်သူရဲ့သွေး၊ ပြည်သူရဲ့သွေး ဧရာဝတီ ----- ဂဠုန် ဂဠုန် ကြွကြွ၊ သူပုန် သူပုန် ထထ ဆိုတဲ့ သီချင်းပါ။ ဒီသီချင်းရဲ့ စာသားရေးသူက ကိုဝင်းမောင်ပါ။ သံစဉ် ဖွဲ့သူက ကိုဝင်းနိုင် ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်စလုံး ဧရာဝတီ ရေကြည်မြို့နယ် ဘက်ကပါ။ သူတို့ရဲ့ “နိုးထလော့ ဧရာဝတီ သီချင်းကိုလည်း ပြည်ပရေဒီယို တချို့ကနေ ရံဖန်ရံခါ ထုတ်လွှင့်ပေးနေတာကို ကြားနေရပါတယ်။
          ခေတ်အဆက်ဆက် ပေါ်ထွက်ခဲ့တဲ့ တိုက်ပွဲဝင် သီချင်းတွေဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လမ်းကြောင်း တိုက်ပွဲဝင်သူ ရဲဘော် တွေအကြောင်းကို ကောင်းကောင်း ပြောပြနိုင်ကြပါတယ်။ ကောင်းကောင်း မှတ်တမ်းတင်နိုင်ကြပါတယ်။ ဒီလို မော်ကွန်းတင် သီချင်းမျိုးတွေဟာ သွေးနဲ့ စကားပြောပြီးမှ ရေးခဲ့ရတာမို့ တန်ဖိုး အလွန် ကြီးလှပါတယ်။
          ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီး အတွင်းမှာတော့ ကျွန်တော်တို့ဟာ ကြီးကျယ် မြင့်မြတ်တဲ့ အနုပညာမြောက် သီချင်းတစ်ပုဒ်ကို ရရှိခဲ့ကြပါတယ်။ ဒီသီချင်းကတော့ နိုင်မြန်မာ ရေးစပ်တဲ့ “ကမ္ဘာ မကြေဘူး သီချင်းပါပဲ။ ဒီသီချင်းဟာ ကိုယ်ပိုင်သံစဉ် သီချင်းတစ်ပုဒ် အနေနဲ့ မဟုတ်သော်လည်း သီချင်းရေးသူရဲ့ စေတနာ စိတ်ဓာတ်နဲ့ တေးစာသား အကြောင်းအရာက ခံစားချက် ပြင်းပြ မြန်မာဆန်တာကြောင့် ဒီနေ့အချိန်အထိ ဂန္ထဝင်မြောက် တိုက်ပွဲဝင် သီချင်းတစ်ပုဒ် ဖြစ်နေတယ်ရယ်လို့ ဂီတပညာရှင် မာမာအေးက ကောက်ချက်ချခဲ့ဖူးပါတယ်။
          ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းမှာ သံပြိုင် သီဆိုခဲ့ကြတဲ့ ဒီသီချင်းဟာ စစ်တပ်က အဏာသိမ်းလိုက်ပြီးတဲ့ နောက်မှာ အသံတိတ် တိုးတိမ်သွားခဲ့ရပါတယ်။ ဒါပေမဲ့ အာဏာသိမ်း နဝတ စစ်အုပ်စုက ပုဒ်မ ၁၄၄ တွေ၊ နေဝင်းမီးငြိမ်း ကာဖျူးအမိန့်တွေ ထုတ်ပြီး ဖိနှိပ်ချုပ်ချယ် ထားတဲ့ကြားက တစ်ချိန်မှာတော့ ဒီကမ္ဘာမကြေဘူး သီချင်းသံဟာ ရန်ကုန်မြို့ကြီးက ကတ္တရာလမ်းမတွေပေါ်မှာ ဖုံးအုပ်ပဲ့တင် သွားပါတော့တယ်။
          ကိုယ်တော်မှိုင်း ရာဇဝင်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ၊ သခင်အောင်ဆန်း နိုင်ငံတော်မှာ သွေးစွန်းခဲ့ပြီ အဖရေ
          အဲဒီနေ့က ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ကြီး ဒေါ်ခင်ကြည် အဲဒီ အမိရဲ့ ဈာပနမှာ ကျောင်းသား လူငယ်တွေဟာ အဖိုး သခင်ကိုယ်တော်မှိုင်း နဲ့ အဖ ဗိုလ်ချုပ်အောင်ဆန်းတို့ကို တိုင်တည် ရင်ဖွင့် ထားတဲ့ နိုင်မြန်မာရဲ့ “ကမ္ဘာမကြေဘူး သီချင်းကို သံပြိုင် သီဆို ဟစ်ကြွေးရင်း ဈာပန ပို့ဆောင်ခဲ့ကြတာကို ကျွန်တော် ပြန်လည် မြင်ယောင် အမှတ်ရနေဆဲပါ။
          သွေးနဲ့ရင်းထားရတဲ့ တော်လှန်ရေးဟာ တိမ်ကောသွားရိုး ထုံးစံ မရှိပါဘူး။ ဒီလိုပါပဲ။ သွေးနဲ့ရင်းခဲ့ရတဲ့ တော်လှန်ရေး အနုပညာတွေဟာလည်း ဘယ်တော့မှ တိမ်ကော ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ စစ်ဦး ဘီလူးလို့ဆိုတဲ့ အဲဒီ နဝတ ခေတ်ဦး မှာပဲ ကျွန်တော်တို့ဟာ မပြီးဆုံးသေးတဲ့ ကျွန်တော်တို့ အားလုံးရဲ့ ဒီမိုကရေစီ တိုက်ပွဲအတွက် နောက်ထပ် သမိုင်းဝင် ကိုယ်ပိုင် သီချင်း တစ်ပုဒ်ကို ထိုက်ထိုက်တန်တန် ရရှိလိုက်ကြပါသေးတယ်။
          အဲဒီသီချင်းကတော့ ထူးအိမ်သင် ရေးစပ်ပြီး မွန်းအောင် သီဆိုထားတဲ့ “အဆုံးသတ်တိုက်ပွဲ သီချင်းပါပဲ။ ။


မိုးမခမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.