05 December 2009

ဆီးဂိမ်းတွင် မြန်မာအသင်း ဗိုလ်စွဲလျှင် ကျပ်သိန်း ၆၀၀၀ ထက်မနည်း ရရှိမည်

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပနေသည့် ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာ ယူ-၂၃ အမျိုးသား ဘောလုံးအသင်းအနေဖြင့် ဗိုလ်စွဲခဲ့ပါက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌက စုပေါင်း၍ ကျပ်သိန်း ၆၀၀၀ ချီးမြှင့်သွားမည်ဟု သိရသည်။

အနိုင်ပွဲ တပွဲချင်းအလိုက် ကမ္ဘောဇဘဏ်က အမေရိကန်ဒေါ်လာ တသောင်းနှုန်းဖြင့် ချီးမြှင့်သွားမည့်အပြင်၊ ဗိုလ်စွဲခဲ့လျှင် ဥက္ကဋ္ဌ နှစ်ဦးက တဦးလျှင် ကျပ်သိန်း ၃၀၀၀ စီ အပိုထပ်ဆောင်း၍ ချီးမြှင့်သွားရန် ပြောဆိုထားခြင်း ဖြစ်သည်။

“ဖိုင်နယ်မှာ အနိုင်ရလို့ ဗိုလ်စွဲခဲ့ရင် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌက သိန်း ၃၀၀၀၊ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က သိန်း ၃၀၀၀ ဆုချမယ်လို့ ကြေညာထားပါတယ်။ တခြားလူတွေ၊ ကုမ္ပဏီတွေကတော့ ဆုချီးမြှင့်မယ်လို့ ကြေညာထားတာ မရှိသေးဘူးခင်ဗျ။ ဒါပေမဲ့ ဗိုလ်စွဲလာခဲ့ရင်တော့ မနေကြပါဘူး။ ချီးမြှင့်ကြမှာပါ” ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် - MFF မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဖလားရလာခဲ့ရင်တော့ ရလာမယ့် ဆုကြေးတွေက ဘောလုံးသမိုင်းတလျှောက် အများဆုံး ဖြစ်မယ်ထင်တယ်။ အရင်ကလည်း ပေးကြပါတယ်။ ဒါပေမဲ့ ဒီလောက်တော့ မများဘူးခင်ဗျ” ဟု ပြောသည်။

တပွဲချင်း အနိုင်ရရှိပါကလည်း ဒေါ်လာတသောင်းနှုန်း ချီးမြှင့်သွားမည့်အကြောင်း ကမ္ဘောဇဘဏ် ဥက္ကဋ္ဌက ကြေညာထားကြောင်း ကမ္ဘောဇ ဘောလုံးအသင်းမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။

၂၅ ကြိမ်မြောက် ဆီးဂိမ်း ခေါ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ယခုလ ၉ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သော်လည်း အမျိုးသား ဘောလုံးပွဲစဉ်များကိုမူ ယခုလ ၂ ရက်နေ့ကတည်းက စတင် ကျင်းပနေသည်။

မြန်မာအသင်းမှာ အုပ်စု (ခ) တွင် အိမ်ရှင် လာအို၊ စင်္ကာပူ၊ အင်ဒိုနီးရှားနှင့် တအုပ်စုတည်း ကျသည်။ အုပ်စု (က) တွင် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမောတို့ ပါဝင်သည်။ မြန်မာက ယခုလ ၅ ရက်နေ့တွင် လာအို၊ ၇ ရက်နေ့တွင် စင်္ကာပူ၊ ၁၀ ရက်နေ့တွင် အင်ဒိုနီးရှားတို့နှင့် ယှဉ်ပြိုင်ရမည်။

ဘောလုံးဝါသနာရှင် ရန်ကုန်မြို့ခံတဦးက “ဒေသတွင်းမှာကြည့်ရင် တသင်းနဲ့တသင်းက သိပ်ခြေအကွာကြီး မဟုတ်ဘူးဗျ။ အပြန်အလှန် အကြိတ်အနယ်ရှိနေတာ။ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုက  ရှေရှည်မှာ အကျိုးပြုသွားမှာပါ။ ကျနော်တို့ မြန်မာအသင်းက ပြင်ဆင်ချိန်၊ လေ့ကျင့်ချိန် တအားနည်းနေတော့ ဗိုလ်စွဲဖို့တော့ လွယ်မယ် မထင်ဘူးဗျ” ဟု ပြောသည်။

မြန်မာအသင်းနည်းပြ ဒရာဂို မာမစ် (ခရိုအေးရှား နိုင်ငံသား) ကမူ လေ့ကျင့်ချိန် ၂၉ ရက်သာ ရရှိခဲ့သော်လည်း ရွှေတံဆိပ်ရရှိနိုင်ရန် လုံလောက်သော အင်အားရှိကြောင်းနှင့် တပွဲချင်းစီတွင် အနိုင်ရရှိရန် အာရုံစိုက်သွားမည် ဖြစ်ကြောင်း ယခုလ ၁ ရက်နေ့က လာအိုနိုင်ငံသို့ မထွက်ခွာမီ ရန်ကုန်လေဆိပ်၌ သတင်းသမားများကို ပြောဆိုခဲ့သည်။

မြန်မာ ယူ-၂၃ အသင်း ကစားသမားများသည် မြန်မာနေရှင်နယ်လိဂ် MNL ပြိုင်ပွဲဝင် ကလပ်အသင်းများမှ ဖြစ်ကြသည်။ ပဏာမအဆင့်တွင် ကစားသမား ၃၅ ဦး ရွေးချယ်ခဲ့ရာမှ နောက်ပိုင်းတွင် ဦးရေ ၂၀ သို့ စိစစ်ကာ ဇကာတင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထိုထဲတွင် ကမ္ဘောဇအသင်းမှ ၈ ဦး၊ မကွေး FC မှ ၄ ဦး၊ ဒဲလ်တာ၊ ရတနာပုံနှင့် ဇေယျာရွှေမြေတို့မှ ၂ ဦးစီ၊ ရန်ကုန်နှင့် ဥဿာမှ တဦးစီ ပါဝင်သည်။

အသင်းအုပ်ချုပ်သူ ဦးမောင်မောင်၊ နည်းပြချုပ် ဒရာဂို မာမစ်၊ လက်ထောက်နည်းပြများအဖြစ် ဦးဇော်ဝင်းထွန်းနှင့် ဦးတင်မြင့်အောင်၊ ဂိုးနည်းပြ ဦးအောင်ကျော်ကျော်နှင့် အသင်းခေါင်းဆောင် ခင်မောင်လွင် ဖြစ်သည်။

ဆီးဂိမ်းပြိုင်ပွဲကို ၁၉၅၉ ခုနှစ်မှစတင်၍ အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲ အမည်ဖြင့် ၂ နှစ် တကြိမ် ကျင်းပလာခဲ့ပြီး၊ ၁၉၇၇ ခုနှစ်တွင် ကျင်းပသည့် ၉ ကြိမ်မြောက် ပြိုင်ပွဲမှစတင်၍ ဆီးဂိမ်းအဖြစ်သို့ ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။

ဆီးဂိမ်း နှစ် ၅၀ သမိုင်းတလျှောက် မြန်မာအသင်းသည် ၅ ကြိမ်ဆက်တိုက် (၁၉၆၅ မှ ၁၉၇၃ ခုနှစ်အထိ) ဗိုလ်စွဲခဲ့ပြီး၊ ထိုင်းအသင်းပြီးလျှင် အကြိမ်အရေအတွက် အများဆုံး ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။ ထိုင်းအသင်းမှာမူ ၈ ကြိမ်ဆက်တိုက် အပါအဝင် ၁၃ ကြိမ် ဗိုလ်စွဲခဲ့သည်။ ၁၉၇၃ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ မြန်မာအသင်းသည် မည်သည့်ဆုတံဆိပ်မှ ရရှိခဲ့ခြင်း မရှိပါ။ သို့သော် ၁၉၉၃ ခုနှစ် ပွဲစဉ်တွင် ဒုတိယဆု ရရှိခဲ့ပြန်သည်။

ယခု ကျင်းပနေသည့် ၂၅ ကြိမ်မြောက် ဆီးဂိမ်းတွင် ဘောလုံးပြိုင်ပွဲ အပါအဝင် အားကစား အမျိုးအမည်ပေါင်း ၂၈ မျိုး ယှဉ်ပြိုင်ကြမည်ဖြစ်ရာ မြန်မာနိုင်ငံက ၁၈ မျိုးတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာ ယူ-၂၃ အမျိုးသမီး ဘောလုံးအသင်းလည်း ယခုဆီးဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ယနေ့ ကစားသည့် အဖွင့်ပွဲစဉ်၌ အိမ်ရှင် လာအိုအသင်းနှင့် တဂိုးစီ သရေကျခဲ့သည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.