30 December 2009

ရွှေဈေးနှုန်း ကျသော်လည်း ဝယ်လိုအား အေးစက်


အခေါက်ရွှေဈေးနှင့် ၁၅ ပဲရည် ရွှေဈေးနှုန်းမှာ တရိပ်ရိပ် ကျနေသော်လည်း အဝယ် လိုက်မလာကြောင်း ရန်ကုန်ရှိ ရွှေဆိုင်များနှင့် ရွှေကုန်သည်များက တညီတညာတည်း ပြောနေသည်။

ပြီးခဲ့သည့် အပတ်က အခေါက်ရွှေဈေး ၁ ကျပ်သားကို ၆ သိန်း ၅ သောင်း အထိ တက်သွားခဲ့ရာမှ ယနေ့ နေ့လည်ပိုင်းတွင် ၅ သိန်း ၉ သောင်းကျော်အထိ ကျဆင်းသွားကြောင်း ရွှေဘုံသာလမ်းရှိ ရွှေအရောင်းအဝယ်သမား တဦးက ပြောသည်။  

“အရောင်းအဝယ် အခြေအနေက ဒီရက်ပိုင်းမှာတော့ အေးတယ်။ အခေါက်ရွှေက ၁ ကျပ်သားကို ၅ သိန်း ၉ သောင်း ၆ ထောင်ရှိတယ်။ အဲဒါက ခြောက်သိန်းကျော်ကနေ ကျသွားတာပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။ 

ရန်ကုန်ရှိ ‘ရွှေနန်းတော်’ ရွှေဆိုင်ကြီးမှ ဝန်ထမ်းတဦးက “ဆိုင်မှာကတော့ အခုလက်ရှိ အချိန်အထိ ၁၅ ပဲရည်က ၅ သိန်း ၅ သောင်း ၈ ထောင်ပါ။ ဒါက ဒီနေ့ အနိမ့်ဆုံးဈေးပဲ။ နေ့လည်တုန်းက အထိတော့ ၅ သိန်း ၆ သောင်း။ ဈေးကျပေမယ့် အဝယ်ကတော့ လိုက်မလာပါဘူး။ ပုံမှန်အတိုင်းပါပဲ” ဟု မဇ္ဈိမကို ပြောသည်။ 

ပြီးခဲ့သည့် စနေနေ့ အခေါက်ရွှေ ဈေးနှုန်း အပိတ်ဈေးမှာ ၅ သိန်း ၉ သောင်း ၈ ထောင်ကျော်ဖြစ်ပြီး၊ ၁၅ ပဲရွှေရည် ဈေးကွက်ပိတ်ဈေးမှာ ၅ သိန်း ၉သောင်း ၄ ထောင် ဖြစ်ပြီး အမေရိကန် တဒေါ်လာလျှင် ၁၀၀၅ ကျပ်ဖြစ်သည်။ ယနေ့ပေါက်ဈေးမှာ တဒေါ်လာ ၁၀၀၈ ကျပ်ဖြစ်ကြောင်း ရန်ကုန်ရှိ ရွှေနှင့် ဒေါ်လာ အရောင်းအဝယ် ဈေးကွက်မှ သိရသည်။ 

မြန်မာနိုင်ငံရှိ ရွှေဈေးနှုန်းကို ရွှေလုပ်ငန်းရှင်များအသင်း အထက်မြန်မာပြည် (မန္တလေး) နှင့် အောက်မြန်မာပြည် (ရန်ကုန်) တို့က ထိန်းချုပ်ထားသည်ဟုလည်း ရန်ကုန်ရှိ ရွှေလုပ်ငန်းရှင်များ အသင်းမှ အသင်းသားအချို့က မဇ္ဈိမကို ပြောသည်။  

ရွှေဘုံသာလမ်းရှိ ရွှေအရောင်းအဝယ်သမား တဦးကမူ “ရွှေဈေးနှုန်းကိုတော့ သူတို့ ထိန်းချုပ်လို့၊ သတ်မှတ်လို့ မရဘူးလေ။ Demand (ဝယ်လိုအား) များရင် ဈေးတက်မှာ ဖြစ်ပြီးတော့။ Supply (ရောင်းလိုအား) များရင် ဈေးနှုန်း ကျမှာပဲလေ။ ဘယ်လိုလုပ် ဈေးနှုန်းကို ထိန်းချုပ်လို့ရမလဲ” ဟု မဇ္ဈိမကို ပြောသည်။ 

နေ့စဉ် မနက် ရွှေဈေးကွက် မဖွင့်မီ ရန်ကုန်ရှိ အခေါက်ရွှေ ရောင်းဝယ်သူ အားလုံးသည် ရွှေလုပ်ငန်းရှင်များ အသင်း၏ ရွှေဘုံသာလမ်း ရုံးခန်း၌ စုဝေးကြရပြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ ထိုနေ့အတွက် အရောင်းအဝယ် လုပ်ရမည့် အခေါက်ရွှေ ဈေးနှုန်းကို သတ်မှတ်ပေးသည်။

ရွှေဆိုင်ပိုင်ရှင်များမှာမူ အသင်းရုံးသို့သွားရန် မလိုသော်လည်း အသင်းက သတ်မှတ်ပေးသည့် ဈေးနှုန်းအတိုင်းသာ ရောင်းချရခြင်းဖြစ်ကြောင်း သိရသည်။ 
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.