05 December 2009

မြစ်ငယ်မြစ်ရေ ပေ (၂၀) ကျော် နိမ့်ကျ

မန္တလေးမြို့ အရှေ့တောင်ဘက် ရဲ-ယမန်းကျေးရွာအနီး မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်နေသည့် ရဲရွာရေအားလျှပ်စစ် စီမံကိန်းအတွက် ပြီးခဲ့သည့် နိုဝင်ဘာလလယ်မှစပြီး မြစ်ကိုပိတ်လိုက်သဖြင့် မြစ်ငယ်မြစ်ရေ ပေ (၂၀) ကျော်နိမ့်ကျသွားကြောင်း ဒေသခံများက ပြောကြားသည်။
ယခုလတွင် စတင်စမ်းသပ်လည်ပတ်မည့် ရဲရွာရေအားလျှပ်စစ် စီမံကိန်းအတွက် မြစ်ငယ်မြစ်ကို ကန့်လန့်ဖြတ်ပိတ်ပြီး ရေသိုလှောင်လိုက်ခြင်းကြောင့် စီမံကိန်း အောက်ဘက်မြစ်ကြောင်း ယခုကဲ့သို့ အဆမတန် မြစ်ရေလျော့ကျသွားခြင်းဖြစ်သည်။
“မြစ်ငယ်မြစ်ရေ (၃) ပုံ (၂) ပုံလောက် နိမ့်ကျသွားတယ်။ အရင်လက မြစ်ကြောင်းကို ပိတ်လိုက်တယ်။ ရေမစီးတော့ဘူး၊ ဒီလ သူတို့ စက်စမ်းပြီး လည်မယ်ပြောတယ်။ အဲဒီအခါရောက်ရင်
(၄) နာရီ တခါ ရေလွှတ်ပေးမယ်ပြောတယ်” ဟု မြစ်ငယ်မြို့ဒေသခံတဦးက ပြောကြားသည်။
စစ်အစိုးရက တရုတ်ကုမ္ပဏီတို့နှင့် ပေါင်းပြီး မြစ်ငယ်မြစ်ပေါ်တွင် ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်နေပြီး ယခုလအတွင်း လျှပ်စစ် စတင်စမ်းသပ်ထုတ်လုပ်မည်ဖြစ်သည်။ မြစ်အထက်ပိုင်းရေကို သိုလှောင်ကာ မြစ်အောက်ပိုင်းကို
(၄) နာရီ တကြိမ် ရေလွှတ်ပေးမည်ဖြစ်သည်။
ဧရာဝတီ၏ မြစ်လက်တက်တခုဖြစ်သော မြစ်ငယ်မြစ် ယခုကဲ့သို့ ရေလျော့ကျသွားခြင်းကြောင့် ဧရာဝတီမြစ်ကြောင်း ပြောင်းလဲခြင်းအပါအ၀င် နိုင်ငံတွင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပွားလာမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေးအဖွဲ့များက ပြောကြသည်။
“ဆည်ပိတ်ခံရတဲ့မြစ် အထက်ပိုင်းက ရေလွှမ်းမိုးခံရမယ်။ မြစ်အောက်ပိုင်းက စိုက်ပျိုးမြေတွေ ပျက်စီးလာမယ်။ ပြဿနာ အကြီးဆုံးက ဧရာဝတီမြစ်ကြီးကို ထိခိုက်မယ်။ မြစ်ဝကျွန်းပေါ်ဒေသ အနေအထားပြောင်းလာမယ်။ ပြဿနာက အကြီးကြီးပါ” ဟု ရန်ကုန်အခြေစိုက် သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေးအဖွဲ့တခုမှ တာဝန်ရှိသူက ပြောသည်။
ယခုကဲ့သို့ မြစ်ငယ်မြစ်ကို ပိတ်လိုက်ခြင်းသာမက မြစ်ငယ်မြစ်၏ လက်တက်တခုဖြစ်သော ဇော်ဂျီမြစ်ပေါ်တွင်လည်း ရေအားလျှပ်စစ် စီမံကိန်း (၂) ခု တည်ဆောက်ထားပြီးဖြစ်သည်။
တောင်ပေါ်ဒေသမြစ်ဖျားခံသော ရေစီးသန်သည့် မြစ်ငယ်မြစ်ကို ပိတ်လိုက်ခြင်းကြောင့် မိုးတွင်းကာလတွင် ရေလွှမ်းမိုးမှု ဆိုးဆိုးရွားရွား ကြုံတွေ့ရနိုင်ဖွယ်ရှိသော်လည်း ယင်းဆိုးကျိုးများနှင့် ပတ်သက်ပြီး အသေးစိတ် ကွင်းဆင်းပြုလုပ်နိုင်ခြင်း မရှိကြောင်း သိရသည်။
ယခုအခါ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်တည်ဆောက်ရေး စီမံကိန်း (၅၀) ကျော် ပြီးစီးသွားပြီး နောက်ထပ် စီမံကိန်း (၃၀) ခန့် ကျန်ရှိနေသေးသည်။
မြန်မာနိုင်ငံ၌ တည်ဆောက်နေသည့် ရေအားလျှပ်စစ်စီမံကိန်းများအနက် အကြီးမားဆုံးဖြစ်သော ရဲရွာရေအားလျှပ်စစ် စီမံကိန်းသည် တတ်ဆင်စက်အင်အားမဂ္ဂါဝပ် (၇၉၀) ရှိမည့် စီမံကိန်းဖြစ်ပြီး နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း (၃,၅၅၀) ထုတ်လုပ်ပေးသွားနိုင်မည်ဖြစ်သည်။
ယင်းသို့ စစ်အစိုးရက ရေအားလျှပ်စစ်စီမံကိန်းများ အလျင်စလို တည်ဆောက်နေသော်လည်း ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးတို့တွင်ပင် လျှပ်စစ်မီး ပုံမှန်မရရှိဘဲ ဖြစ်နေသည်။
ပြည်တွင်းလျှပ်စစ်ဓာတ်အား ပေးဝေနိုင်ရန်အတွက်လည်း အခြေခံအဆောက်အဦများ တည်ဆောက်ခြင်းမရှိဟု သိရသည်။
“ဂျိုက်ကာ (ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအသင်း) က လုပ်ထားတဲ့ သုတေသနစာတမ်းတစောင် အရဆိုရင် မြန်မာနိုင်ငံရဲ့ (၉၀) ရာခိုင်နှုန်းဟာ လက်ရှိ အနေအထားအရ လျှပ်စစ်မီးကြိုးသွယ်တန်းထားတာ မရှိဘူး။ လျှပ်စစ်မီး ပေးလို့မရဘူး” ဟု ပြည်တွင်းစွမ်းအင်အဖွဲ့တခုက ထောက်ပြသည်။
မြစ်ငယ်မြစ်ခေါ် ဒုဌ၀တီမြစ်သည် ရှမ်းပြည်မြောက်ပိုင်းမှ မြစ်ဖျားခံကာ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့တောင်ဘက် အင်းဝအနီးတွင် ဧရာဝတီမြစ်ထဲစီးဝင်သည်။
ခေတ်ပြိုင်မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.