01 December 2009

စီးပွားရေး နိုဗဲလ်ဆုရှင်တဦး မြန်မာနိုင်ငံသို့ သွားရောက် အကြံပေးမည်

ကမ္ဘာ့ဘဏ်မှ စီးပွားရေး နိုဗဲလ်ဆုရှင် မစ္စတာ ဂျိုးဇက် စတစ်ဂ်လစ်ဇ်သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် သွားရောက်မည်ဟု ကုလသမဂ္ဂ အရာရှိတဦးက ပြောလိုက်သည်။

စီးပွားရေး နိုဗဲလ်ဆုရှင် မစ္စတာ ဂျိုးဇက် စတစ်ဂ်လစ်ဇ် (Joseph Stiglitz) (ဓာတ်ပုံ - AP)
“ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေးနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် သူက စီးပွားရေးဆိုင်ရာ အတွေးအခေါ်တွေကို မျှဝေပေးမှာ ဖြစ်ပါတယ်”ဟု ဘန်ကောက် အခြေစိုက် ကုလသမဂ္ဂ၏  အာရှပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (ESCAP) အကြီးအကဲ မစ္စ နိုလန်ဟေဇာ (Noeleen Heyzer)က ဆိုသည်။

စီးပွားရေးပညာရှင် စတစ်ဂ်လစ်သည် တတိယကမ္ဘာနိုင်ငံများကို ကိုယ်စားပြုသူတဦးအဖြစ် လူသိများသည့်အတွက် ကိုယ့်အား ကိုယ်ကိုးသော နိုင်ငံ အစိုးရများနှင့် သင့်လျော်သည်ဟု ယူဆကြောင်း စင်္ကာပူနိုင်ငံ အခြေစိုက် စီးပွားရေးပညာရှင်တဦးက ဧရာဝတီသို့ ပြောသည်။

“ကျေးလက် ဖွံ့ဖြိုးရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊  တောင်သူတွေကို အမတော်ကြေး ပေးရေးတွေကို ဆွေးနွေးလိမ့်မယ် ထင်တယ်” ဟု အမည်မဖော်လိုသူ အဆိုပါ ပညာရှင်က ဆိုသည်။

စီးပွားရေးပညာရှင် စတစ်ဂ်လစ်ဇ်သည် ကမ္ဘာ့ဘဏ်၏ ဒုတိယ ဥက္ကဋ္ဌ တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သို့သော်လည်း ကမ္ဘာ့ဘဏ်၏ မူဝါဒတချို့ကို ဆန်ကျင်သူတဦး အဖြစ် နိုင်ငံတကာ စီးပွားရေးလောကတွင် လူသိများသည်။

မကြာသေးမီက ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ESCAP ညီလာခံသို့ လယ်ယာစိုက်ပျိုးရေး ၀န်ကြီး ဗိုလ်ချုပ်ဌေးဦး တက်ရောက်ခဲ့ရာ  ESCAP အရာရှိများနှင့် ဗိုလ်ချုပ်ဌေးဦးတို့ တွေ့ဆုံပြီး နောက်ပိုင်းတွင် မစ္စတာ စတစ်ဂ်လစ်ဇ်၏ ခရီးစဉ် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းမှုနှင့် ပတ်သက်၍  ကမ္ဘာ့ဘဏ် နှင့် နိုင်ငံတကာ၏ အကြံပေးမှုများ၊ ပညာရှင်တဦးချင်း လာရောက်၍ အကြံပေးမှုများက ကောင်းမွန်သော်လည်း ပြည်တွင်းမှ  ပြုပြင် ပြောင်းလဲလိုသော စိတ်ဓာတ်မျိုး ရှိရန် လိုအပ်သည်ဟု  ရန်ကုန်မှ စီးပွားရေးပညာရှင် တဦးဖြစ်သူ ခင်မောင်ညို (ဘောဂဗေဒ)က ဆိုသည်။

“စီးပွားရေးနဲ့ ပတ်သက်လို့ အကြံပေးတာ ပိုဖြစ်နိုင်မယ်၊ ဒါပေမယ့် သိပ် ထူးထူးခြားခြား ပြောင်းမယ် မထင်ပါဘူး” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် အရောင်းအ၀ယ်များ နှေးကွေးနေကြောင်း၊ နိုင်ငံ၏ စီးပွားရေးကျဆင်းမှု နှင့် ဆင်းရဲမွဲတေမှုများကို တိုက်ဖျက်လိုလျှင် စီးပွားရေးစနစ် တခုလုံး ပြုပြင် ပြောင်းလဲပစ်ရမည် ဖြစ်ကြောင်း၊ ထိုအပြောင်းအလဲသည် နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့် သက်ဆိုင်ကြောင်း သူက ဆက်လက် ပြောပြသည်။

စီးပွားရေး ကျဆင်းမှုမှာ နိုင်ငံတကာ၏ ပိတ်ဆို့ အရေးယူမှုများနှင့် မသက်ဆိုင်ကြောင်း၊ ကုန်သွယ်မှု မချောမွေ့ခြင်း ဆိုသည့် အကြောင်းအရာများသည် မိမိတို့နိုင်ငံအတွင်းက ပြုပြင်မှသာ ရမည် ဖြစ်ကြောင်း သူက ရှင်းပြသည်။

စစ်အစိုးရသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်ပြီး စိတ်ဝင်စားမှု နည်းပါးသည်ဟု စင်္ကာပူအခြေစိုက် စီးပွားရေးပညာရှင်က ထောက်ပြ ဝေဖန်သည်။

စီးပွားရေး ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးမှုများမှာ ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက်တွင်သာ အနည်းအကျဉ်း ရှိခဲ့ကြောင်း၊ ၂၀၀၂ ခုနှစ်တွင် ဂျပန် စီးပွားရေး ပညာရှင် တဦးက မြန်မာ တနိုင်ငံလုံး အတိုင်းအတာဖြင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အတွက် ကွင်းဆင်း လေ့လာ၍ စစ်အစိုးရထံ အစီရင်ခံစာ တစောင်  ရေးသား ပေးပို့ခဲ့ကြောင်း၊ သို့သော်လည်း စစ်အစိုးရက ပြုပြင်ပြောင်းလဲမှုဆိုသည့် စကားရပ်ကို မနှစ်သက်သောကြောင့် လက်မခံခဲ့ဟု သူက ရှင်းပြသည်။

သြစတြေးလျနိုင်ငံ မက်ကွိုင်ယားတက္ကသိုလ်မှ မြန်မာ့စီးပွားရေးကို စောင့်ကြည့် လေ့လာနေသည့်  စီးပွားရေးပညာရှင် မစ္စတာရှောင်တာနဲ ( Sean Turnell)ကလည်း မစ္စတာ စတစ်ဂ်လစ်ဇ်၏ မြန်မာပြည်ခရီးစဉ်နှင့် ပတ်သက်ပြီး မျှော်လင့်ချက် နည်းပါးသည်ဟု ဆိုသည်။

မစ္စတာ စတစ်ဂ်လစ်ဇ်သည် ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး အတွက် ငွေထုတ်ချေးသည့် စနစ်ကို အကောင် အထည် ဖော်ဆောင်ရတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူ ဖြစ်ပြီး ၎င်း၏ စီးပွားရေး ဆိုင်ရာ ကျွမ်းကျင်မှုကို သံသယဖြစ်စရာ မရှိကြောင်း၊ သွားရောက် ဆွေးနွေးခြင်းကိုလည်း ကြိုဆိုကြောင်း၊ သို့သော်လည်း နိုင်ငံတကာက ပေးသည့် အကြံဉာဏ်ကောင်းများကို လက်မခံသည့် စစ်အစိုးရက ၎င်း၏အကြံပေးမှုများကို လက်ခံမည်ဟု မယူဆကြောင်း သူက သုံးသပ်သည်။
ဧရာဝတီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.