21 June 2010

မန္တလေးတိုင်းအတွင်းရှိ ကြံ့ဖွံ့ဆိုင်းဘုတ်များဖြုတ်ချ

 မန္တလေးတိုင်းအတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဆိုင်းဘုတ်များအား သောကြာနေ့က ဖြုတ်ချလိုက်ကြောင်း သိရသည်။

မန္တလေးတိုင်းအတွင်းရှိ (၃၁) မြို့နယ်တွင် ယခင်တင်ထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဆိုင်းဘုတ်များအား ပါတီဆိုင်းဘုတ်အသွင်ပြောင်းရန်အတွက် သောကြာနေ့က တပြိုင်တည်း ဖြုတ်ချလိုက်သည်ဟု ဒေသခံတဦးက ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအား ယခုလ (၉) ရက်နေ့က နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်မှ မှတ်ပုံတင်ခွင့် ပြုခဲ့သည့်နောက်ပိုင်း မန္တလေးဒေသနှင့် မြန်မာပြည်မြောက်ပိုင်းကို အဓိကထားစည်းရုံးမည့် စက်မှု (၁) ဝန်ကြီးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်သောင်း ရောက်ရှိခိုက် ယခုကဲ့သို့ ဖြုတ်ချလိုက်ခြင်းဖြစ်သည်။

ဒေသခံတဦးက “မန္တလေးတိုင်းရုံးဆိုင်ဘုတ်ပေါ့နော်၊ (၇၃) လမ်းထိပ်၊ (၂၇) နဲ့ (၂၈) လမ်းကြားမှာရှိတဲ့ တိုင်းရုံးဆိုင်းဘုတ်ကို ဖြုတ်ချလိုက်တာ။ စနေနေ့ကတော့ မန္တလေးတိုင်း မြို့နယ်ပေါင်းစုံ အစည်းအဝေးခေါ်တယ်။ ဒီအပတ်အတွင်းတော့ ပါတီဆိုင်းဘုတ်အနေနဲ့ ပြန်တင်မယ်လို့တော့ပြောတယ်” ဟု ဆိုသည်။

အဆိုပါအစည်းအဝေးအား တိုင်းအတွင်းရေးမှူး ဦးလှသောင်းလည်း တက်ရောက်သည်ဟု သိရသည်။ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်း၊ စာတိုက်နှင့်ကြေးနန်း ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်တို့သည် ကြာသပတေးနေ့ နေ့လယ်ပိုင်းကလည်း စည်းရုံးရေးသဘောဖြင့် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ သွားရောက်ခဲ့ကြသေးသည်။

တချိန်တည်းလိုပင် နိုင်ငံရေးပါတီတခုဖြစ်သော ပြည်ထောင်စုဒီမိုကရက်တစ်ပါတီက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှင့် အစိုးရတို့ ကင်းကင်းရှင်းရှင်း ရှိရန်လိုကြောင်း ကြာသပတေးနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုရက်ပိုင်းအတွင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒု-ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးလည်း မိုးကုတ်မှတဆင့် မန္တလေးသို့ ရောက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ယခုအခါတွင် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများအား မှတ်ပုံတင်ခွင့်ပြုထားရာ ပါတီပေါင်း (၃၃) ပါတီသည် မှတ်ပုံတင်ခွင့်ကျခဲ့ပြီးဖြစ်သော်လည်း တိုင်းရင်းသားပါတီ (၃) ခုဖြစ်သော ကချင်ပါတီများမှာ ယခုအထိ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်မကျသေးပေ။ အဆိုပါ ပါတီများမှာ ကချင်ပြည် နယ်တိုးတက်ရေးပါတီ (KSPP)၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီကချင် (UDP) နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ (NSSPP) တို့ဖြစ်ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အရ နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် ဆက်လက်၍ ပါတီ တည်ထောင်ခွင့် လျှောက်ထားသော ပါတီပေါင်း (၄၂) ပါတီရှိပြီး၊ မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ (၃၅) ပါတီအနက် (၃၃) ပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကာ ကျန်ပါတီများအား စိစစ်ဆောင်ရွက်နေကြောင်း သိရှိရသည်။
(ခေတ်ပြိုင်မှ)
ဆက်လက်ဖတ်ရှုရန်...

20 June 2010

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ရန်ကုန်တွင် ကျင်းပ

လရိပ်ပြာအောက် ကုမုဒြာတို့ ပွင့်သစ်ခဲ့
မတူညီတဲ့ ဒေသတွေက တူညီတဲ့ မျှော်လင့်ချက်တွေနဲ့
သင့်ခေါင်းဆောင်မှုရဲ့ နောက်မှာ ပြည်သူတွေဟာ သွေးစည်းညီညာခဲ့ကြ
သံမဏိဒါး ကျခဲ့ကြ
သင်ဟာ လေထဲက ဖယောင်းတိုင် မဟုတ်
မုန်တိုင်းကြားမှာ မြူးပျော်ပျံတက်
မုန်တိုင်းကို ကြိုဆိုနှုတ်ဆက် မုန်တိုင်းငှက်ဖြစ်တယ်။
.......................................
.......................................
.......................................
အော်နေတဲ့ စစ်နဲ့ ငြိမ်းချမ်းရေး
ဂီလာန အမှောင်ခေတ်နဲ့ အိမ်မက်မဲ့ ညတာရှည်များ
အောင်မြင်စွာဖြတ်သန်းသွားကြစို့။
တန်းတူရေးလား သွေးခွဲရေးလား
တွေ့ဆုံရေးလား ပျက်သုဉ်းရေးလား
နာကျဉ်းခြင်းလား ခွင့်လွှတ်ခြင်းလား
ကော်ဇောနီလား ကြိုးနီလား
အချိန်က စည်းခြားခဲ့ပြီ
သစ္စာတရားဟာ ထာဝရ ဘက်လိုက်နေလိမ့်မယ်။


ပင်နီ တိုက်ပုံဝတ်၊ မျက်မှန် ထူထူ တပ်ထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်း တဦးက ကဗျာဆရာ၊ စာရေးဆရာ ဖျာပုံနီလုံဦး ရေးစပ် ထားသော ဒေါ်အောင်ဆန်း စုကြည်မွေးနေ့ အမှတ်တရ ကဗျာကို ရွတ်ဆို အပြီး လူပေါင်း ၇၀၀ ကျော်၏ လက်ခုပ် သံတို့က ခြံဝင်း အတွင်း ဆူညံ သွားတော့သည်။

အင်းစိန် မြို့နယ် ၁၀ မိုင်ကုန်း ဈေးအနီးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေနှင်းကြည်၏ ခြံဝင်း အတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ အသက် ၆၅ နှစ်ပြည့် မွေးနေ့ကို ကျင်းပနေခြင်း ဖြစ်သည်။




မီးထွန်းညှိထားသော ဖယောင်းတိုင်ကို ညာလက်ဖြင့်ကိုင်ပြီး ဘယ်လက်ဖြင့် နှင်းဆီပွင့် အ၀ါရောင်ပန်းခက်ကို ကိုင်ထားကြသော ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့ ဆုတောင်းပွဲသို့ လာရောက်ကြသူများသည် “အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေ၊ ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေ၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမြန်ဆုံး လွတ်မြောက်ပါစေ”ဆိုသည့် ကြွေးကြော်သံများကို မာန်ပါပါနှင့် တက်တက်ကြွကြွ ကြွေးကြော် ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဒီမိုကရေစီအင်အားစုများ၊ လူငယ်များ နှင့် အမျိုးသမီး များက တန်ဖိုးထား၍ ဦးစီးဦးဆောင် ပြုကာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စများအား ဆောင်ရွက်ကြောင်း၊ ပြည်တွင်းတွင်လည်း တပြည်လုံး အားဖြင့် တတ်နိုင်သမျှ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နေကြသည်ကိုတွေ့မြင်ရကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သူ သတင်းစာ ဆရာကြီး ဦးဝင်းတင် က ပြောသည်။

“ဒီနေ့ ဒီအချိန်အခါမှာ သစ်ပင်မရှိခြင်းကြောင့် ရေကြီးတယ်၊ ရေရှားတယ်၊ မိုးခေါင်တယ်ဆိုတာကို ကျေးလက်မှာရှိတဲ့ လူထု ကိုယ်တိုင်ကိုက သိရှိလာပါပြီ၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ လူသားတရပ်လုံးနဲ့ ဆက်စပ်နေတဲ့ ဒီသစ်ပင်စိုက်တဲ့အလုပ်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကြပါမယ်၊ အလေးအနက်သဘောထားပြီး ဆောင်ရွက်ကြတာ ဖြစ်ပါတယ်”ဟု ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဥာဏ်ဝင်းကလည်း“ပြည်သူလူထုအားလုံး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အ၀ရဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနဲ့ အမြန်ဆုံး ပြန်ရပါစေ”ဟု ဆုတောင်း သည်။

မွေးနေ့ပွဲသို့တက်ရောက်လာသော ဒီမိုကရေစီအင်အားစု၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေး သာအောင် ကလည်း နအဖ ကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး မြန်မာနိုင်ငံ အရေးတွင် ပါဝင်စေချင်ကြောင်း ပြောဆိုသည်။

“မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းပေးမယ့်အဖြေမဟုတ်ပါဘူး ဆိုတာ သိတဲ့အတွက် ဒီရွေးကောက်ပွဲအပြီးမှာလည်း အခက်အခဲတွေ အကျပ်အတည်းတွေနဲ့ နိုင်ငံရေးပြဿနာတွေရှိနိုင်ပါတယ်၊ ဒီပြဿနာတွေ အားလုံးကို ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းနိုင်မယ့် လူက ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်၊ ဒါကြောင့် ဒေါ်အောင်ဆန်း စုကြည် ကို အမြန်ဆုံးလွတ်စေချင်တယ်။ လွတ်ပါစေလို့လည်း ဆုတောင်းပါတယ်”ဟု ဦးအေးသာအောင် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်းပွဲသို့ တက်ရောက်လာကြသူ အများစုမှာ NLD အဖွဲ့ဝင်များ ဖြစ်ပြီး နိုင်ငံရေး အသိုင်း အ၀ိုင်းနှင့် ဒီမိုကရေစီအင်အားစုများမှ ဖိတ်ကြားထားသူများလည်းပါဝင်သည်။ ထို့အပြင် အကျဉ်းကျနေသော နိုင်ငံရေး အကျဉ်း သား မိသားစုဝင်များလည်း လာရောက်ပြီး ဆုတောင်းကြသည်ကို တွေ့မြင်ရသည်။

“သားဖေဖေကလည်း နိုင်ငံရေးသမားပါပဲ၊ ဖေဖေအမြန်ဆုံးလွတ်ပါစေလို့ ညအိပ်ရာ ၀င်တိုင်း ဆုတောင်းတယ်၊ ပြီးရင် ဘွားဘွား ဒေါ်အောင်ဆန်းစုကြည်လည်း အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းတယ်”ဟု အသက် ၇ နှစ်အရွယ် မောင်ခိုင်လင်းအောင် ဆိုသော နိုင်ငံရေး အကျဉ်းသား တဦး၏ သားက ညအိပ်ရာဝင် ဆုတောင်းကို ပြောပြသည်။

မောင်ခိုင်လင်းအောင်၏ ဘခင်မှာ ကိုစိုးမိုးထွန်းဖြစ်ပြီး အင်းစိန်ထောင်၌ ပုဒ် ၁၃/၁ နှင့် ၁၇/၁ တို့ဖြင့် ထောင်ဒဏ် ကျခံနေရသူ ဖြစ်သည်။

တခြားသော နိုင်ငံရေး အကျဉ်းသား တဦး၏ ဇနီး ဒေါ်ခင်ဝင်းကလည်း“မြန်မာနိုင်ငံကောင်းအောင် မွန်အောင် ဒီမိုကရေစီရအောင် လုပ်ပေးနိုင်တဲ့သူက ဒေါ်အောင်ဆန်းစုကြည်ပဲ ရှိတယ်ဆိုတာကို ယုံကြည်တဲ့အတွက် မွေးနေ့ဆုတောင်းပွဲမှာ အခုလိုလာပြီး ဆုတောင်းပါတယ်”ဟု ပြောသည်။

သူမ၏ ခင်ပွန်း ဦးတင်ဦး ဆိုသူမှာ စစ်ကိုင်းတိုင်း ခန္တီးထောင်တွင် ထောင်ဒဏ်နှစ်ရှည် ကျနေပြီး သားဖြစ်သူမှာလည်း မွန်ပြည်နယ် သထုံထောင်တွင် ကျနေကြောင်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ပါစေဟု အမြဲ ဆုတောင်း လေ့ရှိကြောင်း သူက ပြောသည်။

“ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး၊ ရှေ့ဆက် ပြီးတော့ ကျန်းကျန်း မာမာနဲ့ မြန်မာ့ ဒီမိုကရေစီ အတွက် ဆောင်ရွက် ကြိုးပမ်း နိုင်ရေး အဲဒါတွေကို ရည်စူးပြီးတော့ မနက်က သံဃာ ၅ ပါးကို အာရုံဆွမ်း ကပ်ပါတယ်၊ နေ့လည်ပိုင်းမှာ ဧည့်သည်တွေကို ဖိတ်ပြီးတော့ ဆုတောင်းပွဲ ကျင်းပတယ၊် ငှက်လွှတ်တယ်၊ ငါးတွေ လွှတ်တယ်”ဟု NLD ဗဟို ဦးစီးအဖွဲ့ဝင် အမျိုးသမီး အဖွဲ့ခေါင်းဆောင် ဒေါက်တာ မေ၀င်းမြင့်ကလည်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲတွင် နှစ်စဉ် သံဃာတော်များ အားဆွမ်းကပ်ခြင်း၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအား ပညာသင်ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ယခုနှစ်အတွက် နိုင်ငံရေး အကျဉ်းသား မိသားစုဝင် ကျောင်းသူ ကျောင်းသားပေါင်း ၁၂၇ ဦးကိုပေးအပ်မည်ဟု ဆိုသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားမိသားစု ၀င်များမှာ  NLD အဖွဲ့ဝင်များသာမက မြန်မာ့ ဒီမိုကရေစီအရေးကိုလိုလားသော ဒီမိုကရေစီ အင်အားစုမှ မည်သည့်အဖွဲ့အစည်းကမဆို နိုင်ငံရေးအကျဉ်းသား မိသားစုဝင် သားသမီးများကိုပါ ပညာသင်ထောက်ပံ့ကြေး ပေးကြောင်း သိရှိရသည်။

မွေးနေ့ ဆုတောင်းပွဲကျင်းပသော အင်းစိန် ဆယ်မိုင်ကုန်းဈေး အနီးတ၀ိုက်တွင် လုံထိန်းများအပြည့် ပါဝင်သော ကား ၄ စီး၊ ရဲကား ၃ စီး ၊ လိမ္မော်ရောင် မော်တော်ဆိုင်ကယ်များဖြင့် ရဲများ၊ အရပ်ဝတ်ရဲများ စသည်ဖြင့် လုံခြုံရေး ချထားပြီး မွေးနေ့ပွဲသို့ လာရောက် သူများအား အရပ်ဝတ်ရဲများနှင့် စစ်ထောက်လှမ်းရေးများက ဗီဒီယို၊ ဓာတ်ပုံရိုက် မှတ်တမ်းများ ရိုက်ယူနေသည်ကို တွေ့မြင်ရ သည်။

“ဆယ်မိုင်ဈေး အပြင်က ဈေးသည်တွေကို မနေ့ညနေပိုင်းကတည်းက ဈေးရောင်းခွင့်မပေးဘူး၊ ဈေးသည်တွေအားလုံး ရှင်းထား တယ်၊ ဒေါ်မေနှင်းကြည်အိမ်တ၀ိုက်ကိုလည်း အရပ်ဝတ်ရဲတွေနဲ့ လုံခြုံရေးချထားတယ်”ဟု အင်းစိန်မြို့နယ်မှ ရယက အဖွဲ့ဝင် တဦးက ပြောသည်။

ယနေ့ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ထိုင်း နိုင်ငံ အပါအ၀င် ဂျပန်၊ အိန္ဒိယ ၊ မလေးရှား စသည့် နိုင်ငံတကာရှိ မြန်မာ့အရေးလှုပ်ရှားသူများနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် လေးစားသူများက ကျင်းပကြကြောင်းလည်း သိရသည်။
(ဧရာဝတီမှတဆင့်)
ဆက်လက်ဖတ်ရှုရန်...

ဒေါ်စုမွေးနေ့တွင် နာရေးအသင်းက ဓာတ်မှန်ခန်း ဖွင့်လှစ်

operation-ceremony1ရန်ကုန် (မဇ္ဈိမ)။ ။ နာရေးကူညီမှုအသင်း (ရန်ကုန်) က အခခဲ့ ရိုက်ကူးပေးမည့် ဓာတ်မှန်ခန်းကို ယနေ့ကျရောက်သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် စတင်ဖွင့်လှစ်လိုက်သည်။

ဒဂုံမြို့သစ်မြောက်ပိုင်းရှိ သုခဆေးခန်းတွင် ကုသပေးနေသော ဆရာဝန်ကြီးများက ဓာတ်မှန်ရိုက်ရန် လိုအပ်သော လူနာများအတွက် အခမဲ့ ရိုက်ပေးသည့် ဓာတ်မှန်ခန်းကို ယနေ့နံနက် ၉ နာရီတွင် ချိုးငှက်နှင့် စာကလေးများကို လွှတ်ပေးကာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

‘’အင်မတန် ထူးမြတ်တဲ့ နေ့ထူးနေ့မြတ်မှာ အများပြည်သူတွေကို အခမဲ့ ကုသပေးနေတဲ့ သုခဆေးခန်းအနေနဲ့ ဓာတ်မှန်ခန်းကိုပါ ဖွင့်လှစ်ခွင့် ရတဲ့အတွက် မတည်အလှူရှင်တွေကို များစွာ ကျေးဇူးတင်မိတယ်’’ ဟု  ပြည်တွင်း သတင်းထောက်များကို နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌဖြစ်သူ ရုပ်ရှင်မင်းသား ဦးကျော်သူက ပြောသည်။

ဓာတ်မှန်ခန်းကို ယခုနှစ် ဖေဖော်ဝါရီလ ၂၁  ရက်နေ့မှ စတင်တည်ဆောက်ခဲ့ရာ  ဓာတ်မှန်ခန်းအဆောက်အအုံအတွက် ကုန်ကျငွေ ကျပ်သိန်း ၂၇၀ ခန့်နှင့် မီးစက်ဖိုး သိန်း ၅၀ အပါအ၀င် စုစုပေါင်း သိန်း ၃၀၀ ကျော် ကုန်ကျကြောင်းနှင့် ဓာတ်မှန်ရိုက်ကူးစက်ကိုမူ ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂ သောင်းခွဲ (ကျပ်သိန်း ၂၅၀ ခန့်) ဖြင့် ၀ယ်ယူခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စေတနာ့ဝန်ထမ်း ဓာတ်မှန်ကျွမ်းကျင် ဆရာဝန်တဦးရှိပြီး ဓာတ်မှန်းခန်း ကျွမ်းကျင်ဆရာဝန်များကို ခန့်ထားသွားဦးမည်ဟု သိရသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အတွင်းရေးမှူး စာရေးဆရာမ သန်းမြင့်အောင်က ‘’သုခဆေးခန်းမှာ ရှိတဲ့ ဆရာဝန်တွေက ဓာတ်မှန်ရိုက်ဖို့ လိုတယ်ဆိုရင် ရိုက်ပေးပါမယ်။ ဓာတ်မှန်ကျွမ်းကျင်သူတွေ လျှောက်ထားတာတွေ ရှိပါတယ်’’ ဟု ပြောသည်။

ယခင်က နာရေးအသုဘတခုကိုသာ ဆောင်ရွက်ပေးနေသော်လည်း နောက်ပိုင်းတွင် ပြည်သူများ လိုအပ်ချက်အရ ကျန်းမာရေးကိုပါ ဆောင်ရွက်ပေးလာခဲ့သည့် ၎င်းတို့အသင်းသည် ယခုဆိုလျှင် ဓာတ်မှန်ကိုပါ ရိုက်ပေးနိုင်တော့မည်ဖြစ်သဖြင့် အလွန်ဝမ်းသာကြောင်း သူက ဆက်ပြောသည်။

‘’ကျန်းမာရေး၊ ပညာရေး စတာတွေကို ဖြည့်စွမ်းပေးနေရတာ ဖြစ်တဲ့အတွက် ကျေနပ်တယ်။ အများပြည်သူအတွက် အများပြည်သူ ကောင်းမှုဆိုတာ နာရေးကူညီမှုအသင်းရဲ့ နောက်ဆုံး ဆောင်ပုဒ်ပါ။ ပြည်သူတွေ လိုအပ်တာကို ဖြည့်ဆည်းပေးနိုင်ဖို့ အမြဲဆောင်ရွက်သွားမယ်’’ ဟု ဆရာမ သန်းမြင့်အောင်က ဆိုသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) က အခမဲ့ ကုသပေးသည့် သုခဆေးခန်းကို ၂၀၀၇ ခုနှစ် မတ်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ မဖွင့်လှစ်မီက ဆေးကူညီမှုကော်မတီကို ဖွဲ့စည်းကာ ၂၀၀၃ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကျန်းမာရေးနေ့မှ စတင်ကာ မြောက်ဥက္ကလာဆေးရုံကြီး၊ တောင်ဥက္ကလာပ မိခင်နှင့် ကလေးဆေးရုံ၊  အင်းစိန်ဆေးရုံကြီး၊ စံပြဆေးရုံကြီးတို့တွင် ကျန်းမာရေး ဆေးဝါးကူညီမှုလုပ်ငန်းကို လိုက်လံကူညီဆောင်ရွက်ပေးခဲ့ရသည်။

အသင်းကြီးသည် ၂၀၀၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ကာ ၂၀၁၀ ဇွန်လ ၁၅ ရက်နေ့အထိ ကူညီခဲ့သော နာရေးပေါင်း ၈၉၁၆၁ ရှိခဲ့ပြီဖြစ်သည်။

သုခဆေးခန်းတွင် လာရောက်ကုသသည့် လူနာများမှာ တနေ့လျှင် ပျမ်းမျှအားဖြင့် ၂ဝဝ ခန့်ရှိရာ ယင်းတို့ကို ပြည်တွင်းပြည်ပရှိ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် အခမဲ့ကူညီနေခြင်း ဖြစ်သည်။

သုခအလင်းအမည်ရှိ စာကြည့်တိုက်ကိုလည်း ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သည့် ဗိုလ်ချုပ်ဆောင်ဆန်း မွေးနေ့တွင် အသင်းရုံးအပေါ်ထပ်တွင် ဖွင့်လှစ်ခဲ့သေးသည်။
ဆက်လက်ဖတ်ရှုရန်...

မြစ်ဆုံအနီးရှိ ရွာသား ၆၀၀ ကျော် ပြောင်းရွှေ့ခံရ

ကချင်ပြည်နယ် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအနီးရှိ ကျေးရွာ ၂ ရွာမှ လူဦးရေ ၆၅၀ ခန့်အား ဒေသအာဏာပိုင်များက လွန်ခဲ့သည့် ၁၀ ရက်အတွင်း အတင်းအကျပ် ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများအဆိုအရ သိရသည်။    

ယခုလ ၁၀ ရက်နေ့တွင် မြစ်ဆုံတောင်ဘက် ၁ မိုင်အကွာရှိ တောင်ပန်းရွာမှ အိမ်ခြေ ၆၀ ခန့် (လူဦးရေ ၂၅၀ ခန့်) နှင့် ၁၂ ရက်နေ့တွင် အရှေ့တောင်ဘက် ၁ မိုင်ခွဲအကွာရှိ မဇွပ်ရွာဟောင်းမှ အိမ်ခြေ ၁၀၀ ခန့် (လူဦးရေ ၄၀၀ ခန့်) ရှိ ရွာသားများအား အတင်းအကျပ် ပြောင်းရွှေ့စေခဲ့သည်။

တောင်ပန်းရွာအား မြစ်ဆုံတောင်ဘက် ၉ မိုင်ခန့်ရှိ မြောင်းခင်းရွာနှင့် မဇွတ်ရွာဟောင်းရွာအား အနောက်တောင်ဘက် ၉ မိုင်ခန့်ရှိ လုံကာဇွပ်ရွာရှိ အေးရှားဝေါလ်ကုမ္ပဏီ တည်ဆောက်ခဲ့သည့် ပျဉ်ကာသွပ်မိုး ခြေတံရှည် အိမ်တန်းလျားများဆီသို့ မြစ်ကြီးနားမြို့ မယက အဖွဲ့ဝင်များ၊ စစ်ဗျူဟာမှူး၊ စစ်သားများ၊ ရဲများ၊ ဌာနဆိုင်ရာ အရာရှိများနှင့် လုပ်အားပေးများ စုစုပေါင်း ဦးရေ ၁၀၀ ကျော်ဖြင့် နံနက်ပိုင်းမှစတင်ကာ နေ့ချင်းပြီး ပြောင်းရွှေ့ရခြင်း ဖြစ်သည်။

ဧရာဝတီမြစ်စတင်ရာ မေခ-မလိခပေါင်းဆုံသည့် နေရာတွင် ရေအားလျှပ်စစ်စီမံကိန်းနှင့် ရေကာတာများ တည်ဆောက်မည့် မြစ်ဆုံစီမံကိန်းသည် မြစ်ကြီးနားမြောက်ဘက် ၂၇ အကွာတွင် တည်ရှိသည်။

“၁၀ တန်ကား ၄ စီးလောက် ပစ္စည်းသယ်ပေးဖို့ ရောက်လာတယ်။ ပစ္စည်းကို လွတ်တဲ့ကားပေါ်မှ တင်ပါ၊ ဒီနေ့ မပြောင်းရင် အရေးယူခံရမယ်လို့ တယောက်က အော်နေတယ်။ ပစ္စည်းတွေကို အမြန်ထုပ်၊ ကားပေါ်တင်တယ်။ ကားပေါ်မှာ ၄-၅ ယောက် လိုက်လာတယ်။ သူတို့က သယ်ကူတယ်။ အရင်ရောက်သူတွေ ပစ္စည်းတွေ ပုံချတယ်။ အခန်းတွေပေးမှ ပစ္စည်းတွေ စီရတယ်။ အခန်းက သိပ်သေးတော့ ပစ္စည်းထားရင် အနေအထိုင် အရမ်းကျပ်တယ်” ဟု တောင်ပန်းရွာသား တဦးက မဇ္ဈိမကို ပြောသည်။

အိမ်ထောင်စုတစုအား တခန်းလျှင် ၈ ပေပတ်လည် ၂ ခန်းစီပါရှိသည့် အခန်းများတွင် နေရာချထားပေးကြောင်း သိရသည်။

မဇွပ်ကျေးရွာဟောင်း ရွာသားတဦးက “ကျနော်တို့ မချမ်းသာပေမယ့် ကိုယ့်အိမ်ကို စိတ်တိုင်းကျ ဆောက်တယ်၊ လွတ်လွတ်လပ်လပ် နေခဲ့တယ်။ အခုက ၈ ပေပတ်လည် ၂ ခန်းကိုပဲ ရတယ်။ ကုတင်တောင် သိပ်မဆန့်ဘူး။ သစ်သားအစိမ်းနဲ့ ဆောက်ထားတော့ ခြောက်လာတော့ တံခါးတောင် ဖွင့်လို့ သိပ်မရဘူး” ဟု မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်လ ၂၈ ရက်နေ့ကလည်း မဇွပ်ရွာသစ်မှ အိမ်ခြေ ၆၀ (လူဦးရေ ၂၀၀ ကျော်) အား မြစ်ဆုံအနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာရှိ လုံဂါဇွတ်ကျေးရွာသို့ ရွှေ့ပြောင်းစေကာ ရွာနှင့် တမိုင်ခန့်အကွာရှိ မြေလွတ်မြေရိုင်းများအား ခုတ်ထွင်ရှင်းလင်းကာ တောင်ယာလုပ်ကိုင်ရန် ပေးခဲ့သည်။ ယခု နောက်ဆုံး ရွှေ့ရသည့် ရွာသားများကိုမူ ယနေ့ထိတိုင် မြေပေးခြင်း မရှိသေးကြောင်း သိရသည်။

‘’ကျနော်တို့ မပြောင်းချင်လည်း ပြောင်းရတယ်။ ကျနော်တို့ ဆန္ဒက ဘာမှ အရေးမပါဘူး။ သူတို့လုပ်ချင်တာ လုပ်နေတာကို ခေါင်းညိတ်ရတာကလွဲပြီး ဘယ်တတ်နိုင်မလဲ’’ ဟု မဇွပ်ကျေးရွာဟောင်း ရွာသားတဦးက ပြောသည်။

ယင်းရွာသားများသည် လယ်ယာ၊ တောင်ယာနှင့် ဥယျာဉ်ခြံမြေ လုပ်ကိုင်သူများဖြစ်ကာ စပါး၊ ကောက်ပဲသီးနှံနှင့် ဂရိတ်ဖူး၊ လိမ္မော်၊ ကဗ္ဗာလာ၊ ကြက်မောက်၊ သရက်ခြံ အစရှိသဖြင့် အသီးအနှံများလည်း စိုက်ပျိုးခဲ့ကြသည်။

၎င်းတို့၏ လယ်ယာနှင့် တောင်ယာ ဧကပေါင်း ၄၀၀ ကျော်နှင့် ဥယျာဉ်ခံမြေ ဧကပေါင်း ၃၀၀ ကျော်အား စွန့်ခွာခဲ့ရသည်ဟု ရွာသားအချို့က ခန့်မှန်းပြောဆိုသည်။

ယခုလ ၁၆ ရက်နေ့တွင်မူ မြစ်ကြီးနားမြို့နယ် အာဏာပိုင်များ၊ တရုတ်ကုမ္ပဏီ CPI အရာရှိများနှင့် အေးရှားဝေါလ်ကုမ္ပဏီ တာဝန်ရှိသူများက အိမ်ပြောင်းခဲ့သူများအတွက် တအိမ်ထောင်လျှင် ကျပ်တသိန်းနှင့် ၂၄ ပြည်ဝင်ဆံ့သည့် ဆန် ၂ အိတ်စီ ပေးဝေခဲ့ပြီးဖြစ်သည်။ သို့သော် လယ်ယာခြံမြေများအတွက် ပေးလျော်ခြင်း မရှိကြောင်း အပြောင်းရွှေ့ခံ ရွာသားများက မဇ္ဈိမကို ပြောဆိုကြသည်။

ပြီးခဲ့သည့်နှစ်ကတည်းက မြစ်ဆုံအနီး ကျေးရွာ ၆၀ ခန့်အား ပြောင်းရွှေ့ရန် ဒေသအာဏာပိုင်များက ပြောခဲ့ဖူးသော်လည်း ရက်အတိအကျ မသတ်မှတ်ဘဲ ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့တွင် ရေကာတာတည်ဆောက်ရာ မြစ်ဆုံဒေသ၌ ဗုံး ၁၄ လုံး ထက်မနည်း ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း ယခုလို အရွှေ့အပြောင်းများ ပြုလုပ်လာခြင်း ဖြစ်သည်။

ကျေးရွာရွှေ့ရပါက မြေနေရာ ရွေးချယ်ခွင့်၊ လျော်ကြေးနှင့် နစ်နာကြေးများ ရရှိခံစားခွင့် အပါအဝင် တောင်းဆိုချက် ၁ဝ ချက်အား တန်ဖရဲကျေးရွာ ရပ်မိရပ်ဖ ၂၂ ဦးက ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၈ ရက်နေ့ကတည်းက အာဏာပိုင်များထံ တောင်းဆိုခဲ့ဖူးသော်လည်း ထိုအခွင့်အရေးများ မရရှိခဲ့ပါ။

ပြောင်းရွှေ့ရမည့် ကျေးရွာ ၆ဝ ခန့်တွင် တန်ဖရဲ၊ မဇွပ်၊ တောင်ပန်း၊ ခမ်းဘူး၊ ဂွေဒူ စသည့် ကျေးရွာများ အပါအဝင် ဧရာဝတီမြစ် အရှေ့ဘက်နှင့် အနောက်ဘက်မှ ရွာများဖြစ်သည်။ စုစုပေါင်း လူဦးရေမှာ အိမ်ခြေ ၁၅ဝဝ ခန့်ရှိနိုင်ကြောင်း အဆိုပါ ဒေသအရေး လေ့လာစောင့်ကြည့်နေသည့် တရုတ်နယ်စပ်အခြေစိုက် ကချင်ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG က ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းဖြစ်သော ရေအားလျှပ်စစ် မီဂါဝပ် ၃,၆ဝဝ ထုတ်လွှတ်ပေးနိုင်မည့် မြစ်ဆုံရေကာတာစီမံကိန်းအား မေခမြစ်အပိုင်းတွင် ရေကာတာ ၅ ခု၊ မလိခမြစ်မှာ ၂ ခု တည်ဆောက်မည်ဟု မြန်မာ့အလင်းသတင်းစာက ၂၀၀၇ ခုနှစ် မေလပိုင်းတွင် ဖော်ပြခဲ့သည်။ ကချင်ပြည်နယ်အတွင်း၌ မြစ်ဆုံရေကာတာ စီမံကိန်းအပြင် ချီဖွေရေကာတာ စီမံကိန်းနှင့် တာပိန်မြစ် ရေကာတာ စီမံကိန်းများလည်း တည်ဆောက်နေသည်။

မြစ်ဆုံရေကာတာ စီမံကိန်းအား တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း China Power Investment ကော်ပိုရေးရှင်း၊ တရုတ်တောင်ပိုင်း China Southern Power Grid ကော်ပိုရေးရှင်းနှင့် အေးရှားဝေါလ်ကုမ္ပဏီတို့က ၂ဝဝ၇ ခုနှစ်ဆန်းပိုင်းကတည်းက တာဝန်ယူ ဆောက်လုပ်လာခဲ့သည်။ 

အေးရှားဝေါလ်က ဧရာဝတီမြစ်အထက်ပိုင်း မြစ်ဆုံနေရာဖြစ်သည့် မေခနှင့် မေလိခ မြစ်အောက်ဘက်တွင် ရေအားလျှပ်စစ်စက်ရုံနှင့် ရေကာတာ ဆောက်လုပ်ရေးအတွက် လမ်းဖောက်၊ တောင်ဖြိုလုပ်ငန်းများလည်း လုပ်ဆောင်ခဲ့သည်။

စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို အတိအကျ မသိသော်လည်း အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံခန့် ရှိနိုင်ကြောင်းနှင့် လျှပ်စစ်ဓာတ်အားကို တရုတ်သို့ ရောင်းချဖွယ်ရှိပြီး တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ခန့် ရရှိနိုင်ကြောင်း ၂ဝဝ၇ ခုနှစ်က ထုတ်ပြန်ခဲ့သည့် KNDG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း ဧရာဝတီမြစ်အောက်ပိုင်းရှိ မြစ်ကြောင်းများ သိသာစွာ  သဲသောင်များ  ဖြစ်ထွန်းခဲ့ပြီး ရေကြောင်းသွားလာမှု ခက်ခဲခဲ့ရကြောင်းနှင့် ရေကာတာ တည်ဆောက်မှု ပြုလုပ်ပါက ယခုထက်ပင် ပိုမိုဆိုးရွားလာနိုင်ကြောင်း ပြည်တွင်းရှိ မြစ်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုထားကြသည်။
(မဇ္ဈိမမှတဆင့်)
ဆက်လက်ဖတ်ရှုရန်...

19 June 2010

အိုဘားမားရဲ့ အမေ့စု အတွက် မွေးနေ့သဝဏ်လွှာ

Office of the Press Secretary
I wish to convey my best wishes to Aung San Suu Kyi, the world’s only imprisoned Nobel Peace Laureate, on the occasion of her 65th birthday on June 19.  Her determination, courage, and personal sacrifice in working for human rights and democratic change in Burma inspire all of us who stand for freedom and justice.  I once again call on the Burmese government to release Aung San Suu Kyi and all political prisoners immediately and unconditionally and to allow them to build a more stable, prosperous Burma that respects the rights of all its citizens.  Towards this end, I encourage all stakeholders in Burma to engage in genuine dialogue towards national reconciliation, a vital step to set Burma on a more positive course for the future.
ဆက်လက်ဖတ်ရှုရန်...

ရွေးကောက်ပွဲ မပျက်ရေးနှင့် ကြံ့ဖွံ့ပါတီအား ၀န်းရံရေး နအဖ ချမှတ်

ပြီးခဲ့သည့်မေလအတွင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် တိုင်းမှူး၊ တပ်မမှူးများ၏ ၂ဝ၁ဝ ပထမ လေးလပတ်အစည်းဝေးတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပသွားနိုင်ရေးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကျောထောက်နောက်ခံပြုသွားရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

ပြည်သာယာ စစ်ဆင်ရေးညွှန်ကြားချက်ဟု အမည်ပေးထားသည့် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တိုင်းမှူး၊ တပ်မမှူးများသို့ ညွှန်ကြားချက်တွင် နိုင်ငံရေးတိုက်ပွဲအနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပသွားနိုင်ရေး၊ ကြံ့ဖွံ့ပါတီအား ကျောထောက်နောက်ခံပြု ဝန်းရံပေးရေးအတွက် ဖော်ပြထားသည်ဟု စစ်ဘက်သတင်း ရပ်ကွက်အရ သိရသည်။

အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စများကိုလည်း ရပ်ဆိုင်းထားကာ နောင်တက်လာမည့် အစိုးရသစ်လက်ထက်၌ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုကာလအတွင်း စစ်တိုင်းဒေသအတွင်း နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေး၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များအတွက် စီမံချက်များ ရေးဆွဲပြင်ဆင်ထားရန် ညွှန်ကြားထားကြောင်း စစ်ဘက်နှင့် နီးစပ်သူတဦးက ပြောသည်။

နအဖအနေဖြင့် ယခင် ဗိုလ်ချုပ်ကြီးနေဝင်း လမ်းစဉ်အတိုင်း ကျင့်သုံးနေပုံရပြီး ယခုကာလအတွင်း စစ်ရေးထက် နိုင်ငံရေးတိုက်ပွဲအနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအား မဖြစ်ဖြစ်အောင် ကျင်းပသွားရန်ရှိသည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “ဗိုလ်နေဝင်းတုန်းကလည်း သန့်ရှင်းနဲ့ တည်မြဲကွဲတော့ တည်မြဲကို ကျောက်ထောက်နောက်ခံ ပြုခဲ့သေးတယ်၊ မဟန်တော့မှ ဖြုတ်ထုတ်တာတွေ လုပ်ခဲ့တာ။ ၁၉၇၄ တုန်းကလည်း စစ်ဗိုလ်ယူနီဖောင်းချွတ်ပြီး အာဏာယူခဲ့ကြတယ်။ အခုလည်း ဗိုလ်နေဝင်း လုပ်တဲ့အတိုင်း ဆက်လုပ်နေတာပါ။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အာဏာရဖို့၊ အောင်မြင်စွာ ကျင်းပဖို့ လုပ်သွားမယ်။ ဒီကြားထဲ ငြိမ်းအဖွဲ့တွေကို ဖိအားပေးတာတွေ ဘာတွေ မလုပ်တော့ဘူး။ ကိုးကန့်ကို တိုက်ခဲ့တာ အခုချိန်အထိ တပ်မ (၃၃) ကို ပြန်မထုတ်နိုင်သေးဘူး။ တိုက်ပွဲဖြစ်ရင် ရွေးကောက်ပွဲနဲ့ အရမ်းကပ်နေပြီ။ ပြီးတော့ နိုင်ငံတကာနဲ့ တရုတ်ကြီးကလည်း နယ်စပ်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်တာခိုက်တာကို မလိုလားဘူး” ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နအဖစစစ်ခေါင်းဆောင်များနှင့် စစ်တိုင်းမှူးများက ထူထောင်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ နာမည်ပြောင်းထားခြင်းဖြစ်ပြီး ပါတီဥက္ကဋ္ဌ တာဝန်အား လက်ရှိ နအဖဝန်ကြီးချုပ် ဦးသိန်းစိန်က တာဝန်ယူထားသည်။
(ခေတ်ပြိုင်မှ)
ဆက်လက်ဖတ်ရှုရန်...

နအဖဝန်ကြီးများ ကေအိုင်အိုနှင့် လာတွေ့

အမှတ်(၁) စက်မှုဝန်ကြီး ဦးအောင်သောင်း၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဦးသိန်းဇော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ ယမန်နေ့က တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့သို့ ရောက်ရှိလာခဲ့ပြီး ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

နအဖနှင့် ကေအိုင်အိုအကြား နှစ်ဖက်တွေ့ဆုံမှုများကို မြစ်ကြီးနားတွင် ပြုလုပ်နေရာမှ လိုင်ဇာ၌ လာရောက် တွေ့ဆုံခြင်းဖြစ်ပြီး ကေအိုင်အိုအဖွဲ့၏ ဖိတ်ကြားမှုအရ ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု ကေအိုင်အိုခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ဧပြီ (၂၂) ရက်နေ့က နယ်ခြားစောင့်တပ် မလုပ်ဘူးလို့ တုံ့ပြန်ပြီးနောက်ပိုင်း ကေအိုင်အိုနဲ့ နအဖအကြား နှစ်ဖက် ဆက်ဆံမှု မပျက်သွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တွေ့နေကြတာရှိတယ်။ မြစ်ကြီးနားမှာပဲ တွေ့နေကြတာ။ အခု လိုင်ဇာကို လာဖို့ ကေအိုင်အိုက ပြီးခဲ့တဲ့တပတ် တွေ့ဆုံတုန်းက ဖိတ်ထားတော့ ရောက်လာတာ။ နယ်ခြားစောင့်တပ်ကိစ္စ ဆွေးနွေးတာမျိုး မဟုတ်တော့ဘူး။ ဘာဆွေးနွေးနေတယ်၊ ဘယ်ခေါင်းစဉ်နဲ့ သွားနေသလဲဆိုတာတော့ မသိရဘူး” ဟု ပြောသည်။

အသွင်ပြောင်းလိုကြောင်း ပြောဆိုပြီးနောက်ပိုင်း ကေအိုင်အိုနှင့် နအဖအကြား တွေ့ဆုံမှုများရှိခဲ့ရာ ကေအိုင်အိုအဖွဲ့ကမူ ပုံမှန် ဆက်ဆံရေး မပျက်ရေးအတွက် တွေ့ဆုံခြင်းသာဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုသော်လည်း ကေအိုင်အိုအဖွဲ့က နယ်ခြားစောင့်တပ်အစား ကချင်လက်နက်ကိုင်တပ်ရင်းများဖြင့်သာ ဖွဲ့စည်းလိုကြောင်း ဧပြီလအတွင်းက ကေအိုင်အို၏ နောက်ဆုံးကမ်းလှမ်းမှုအပေါ် ဆွေးနွေးခြင်းလည်း ဖြစ်နိုင်သည်ဟု အဆိုပါ ကေအိုင်အို ခေါင်းဆောင်များနှင့် နီးစပ်သူလိုင်ဇာဒေသခံက ပြောသည်။

၎င်းက “သူတို့က မိတ်မပျက်အောင် ချစ်ကြည်ရေးအရ တွေ့ဆုံမှုဆိုပေမယ့် ဒီထက်ပိုနိုင်တယ်လေ။ ကေအိုင်အို ပြောထားတဲ့ ကချင်လက်နက်ကိုင် တပ်ရင်းအနေနဲ့ အသွင်ပြောင်းမယ့်အပေါ်ကို နအဖဘက်က သဘောတူတာ ဒါမှမဟုတ် အသေးစိတ် သိချင်လို့ ဆွေးနွေးနေတာလည်း ဖြစ်နိုင်ပါတယ်။ နှစ်ဖက်အကြား ဟိုအစောပိုင်းကလို စစ်ရေးတင်းမာမှုမရှိတော့ဘူးဆိုတော့ တစုံတရာ နားလည်မှု ရနေပုံရတယ်” ဟု ပြောသည်။

ယမန်နေ့က မပခလက်အောက်ခံ ခလရ (၁၄၂) မှ စစ်သားအင်အား (၁ဝဝ) ဝန်းကျင်က လုံခြုံရေးအဖြစ် လိုက်ပါလာသည့် အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်းနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဦးသိန်းဇော်တို့အဖွဲ့သည် ယမန်နေ့ နေ့လယ် (၁၁) နာရီခန့်တွင် လိုင်ဇာသို့ ရောက်ရှိလာပြီး လိုင်ဇာဟိုတယ်တွင် ကေအိုင်အို ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားသည်ဟု လိုင်ဇာဒေသခံများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ကေအိုင်အိုအဖွဲ့မှ တာဝန်ရှိသူများကို ဖုန်းဆက်သွယ်၍ မရပေ။
(ခေတ်ပြိုင်မှတဆင့်)
ဆက်လက်ဖတ်ရှုရန်...

နိုင်ငံရေးဆိုင်ရာ ထုတ်ဝေခွင့်ကို အာမခံကြေးဖြင့် ထိန်းချုပ်မည်

နိုင်ငံရေးပါတီအချို့ကို ခွင့်ပြုလိုက်ပြီ ဖြစ်သည့် နိုင်ငံရေးပါတီ ထုတ်ဝေခွင့်ကို အာမခံကြေးစနစ်ဖြင့် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း စာပေစိစစ်ရေးမှ စာစစ်မှူးတဦးက ပြောသည်။

၎င်းက “အခု မှတ်ပုံတင်ခွင့်ပြုချက် ချပေးပြီးတဲ့ နိုင်ငံရေးပါတီတွေထဲက (၅) ပါတီထက်မနည်းကို နိုင်ငံရေးပါတီ ထုတ်ဝေခွင့် ချပေးပြီးပြီ။ အဲဒီပါတီတွေဟာ စာပေစိစစ်ရေးကို တင်ပြီး ကြိုတင်ခွင့်ပြုချက် ရယူစရာမလိုဘဲ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ အဲဒီပါတီရဲ့မူဝါဒ သဘောထားရပ်တည်ချက် မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်းအရာ အချက်အလက်များ ပါရှိတဲ့ စာရွက်စာတမ်း စာအုပ်နဲ့ လက်ကမ်းစာစောင်တွေကို ထုတ်ဝေခွင့်ရကြမှာဖြစ်တယ်။ ဒါပေမယ့် စာပေစိစစ်ရေးက မကြိုက်တာတွေ ရေးသားဖြန့်ဝေလာရင်တော့ အဲဒီပါတီတွေက ထုတ်ဝေခွင့်အတွက် အာမခံတင်ထားတဲ့ ကျပ်ငွေ (၅) သိန်းကို သိမ်းယူပြီး ထုတ်ဝေခွင့်ကို ရပ်ဆိုင်းမယ်၊ တကယ်လို့ ပြန်လည်ထုတ်ဝေခွင့် ရချင်တယ်ဆိုရင် အာမခံငွေ ပြန်တင်ရမယ်၊ ပြန်လည်လျှောက်ထားရမယ်။ ဒီနည်းနဲ့ ထိန်းချုပ်ဖို့ ပြင်ဆင်ထားတယ်” ဟု ပြောသည်။

ယခုလက်ရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ကရင်ပြည်သူ့ပါတီ အပါအဝင် ပါတီအချို့ နိုင်ငံရေးပါတီ ထုတ်ဝေခွင့် ရရှိပြီးဖြစ်ကြောင်း၊ ပါတီအချို့မှာမူ ငွေရေးကြေးရေး အခက်အခဲကြောင့် ထုတ်ဝေခွင့်လျှောက်ထားခြင်း မရှိသေးကြောင်း သိရသည်။

ထုတ်ဝေခွင့်ရရှိပြီး ပါတီများ၏ အခက်အခဲနှင့်ပတ်သက်၍ ပါတီခေါင်းဆောင်တဦးက ထုတ်ဝေခွင့်သည် လက်ရှိ ပုဂ္ဂလိကဂျာနယ်များကို ခွင့်ပြုထားသကဲ့သို့ အထွေထွေ လိုင်စင် အမျိုးအစားမဟုတ်ဘဲ ပါတီနှင့်ပတ်သက်သည့် ပါတီ၏မူဝါဒ သဘောထားရပ်တည်ချက် မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်းအရာ အချက်အလက်များကိုသာ ရေးသား၊ ထုတ်ဝေခွင့်ရမည်ဖြစ်ကြောင်း ပြောသည်။

၎င်း “ကျယ်ကျယ်ပြန့်ပြန့် ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး။ နောက်ပြီး ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကလည်း အလွန်များတယ်။ ပုဂ္ဂလိက ဂျာနယ်တွေထက်တောင် များတယ်။ ဆိုတော့ ဝါဒဖြန့်ချိမှုကိုတောင် သိပ်ပြီးလုပ်နိုင်မှာ မဟုတ်ဘူး။ နောက်ပြီး ထုတ်လုပ်ဖြန့်ချိရေး ကုန်ကျစရိတ် ငွေရေးကြေးရေး အခက်အခဲကလည်း ရှိသေးတယ်” ဟု ရှင်းပြသည်။

အဆိုပါ ထုတ်ဝေခွင့်နှင့် ထုတ်ဝေမည့် နိုင်ငံရေးပါတီများသည် အချက် (၁၁) ချက်ပါ စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ပြီး လိုက်နာခြင်းမပြုပါက အာမခံငွေကို သိမ်းယူခြင်းသာမက ပါတီကိုလည်း အရေးယူနိုင်သည်ဟု စည်းကမ်းချက်များတွင် ဖော်ပြထားသည်။

စစ်အစိုးရသည် မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ်အတွင်း လွတ်လပ်သည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများ ပြုလုပ်ပေးမည် ဆိုသော်လည်း စာနယ်ဇင်းလွတ်လပ်ခွင့်ကိုမူ လုံးဝ ခွင့်ပြုပေးခြင်း မရှိသေးဘဲ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ တာဝန်ရှိသူများ၏ ပြောဆိုချက်များ အပါအဝင် နိုင်ငံရေးဆိုင်ရာ ရေးသားချက်များကိုလည်း အကြီးအကျယ် စိစစ်ဖြတ်တောက်ပြီးမှ ဖော်ပြခွင့်ပြုနေကြောင်း သိရသည်။

စစ်အစိုးရက ယခုလက်ရှိ မှတ်ပုံတင်ခွင့်ပြုချက် ချထားပေးသည့် ပါတီ (၃၃) ပါတီအနက် ပါတီဟောင်းတခုဖြစ်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကသာ တိုင်းရင်းသား သတင်းလွှာ ဆိုသည့်အမည်ဖြင့် (၈) မျက်နှာပါ တလ တကြိမ်ထုတ် စာစောင် ထုတ်ဝေလျက်ရှိသည်။

ရန်ကုန်မြို့မှ သတင်းဂျာနယ် အယ်ဒီတာများကမူ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် မပေးဘဲ လွတ်လပ်သည့် ရွေးကောက်ပွဲ လုံးဝဖြစ်နိုင်စရာ မရှိကြောင်း ဝေဖန်ပြောဆိုနေကြသည်။
(ခေတ်ပြိုင်မှ)
ဆက်လက်ဖတ်ရှုရန်...

မောင်တောတွင် ကုန်ဈေးနှုန်းများ မိုးပေါ်ထောင်တက်

မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် လူအသေအပျောက်များသော မြေပြိုမှုများဖြစ်ခဲ့ပြီးနောက် ကုန်စည်စီးဆင်းမှု ပြတ်တောက်ကာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့တွင် အခြေခံ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်ကုန်သည်။

ယခုလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မြေပြိုကျမှုကြောင့် လူနေအိမ်များ ပျက်စီးခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ခ်ျနယ်စပ်မြို့ မောင်တောတွင် ယခင်က ကျပ် ၁၃ဝဝဝ ဆန်တအိတ်သည် ယခုအခါ ၁၈ဝဝဝ ကျပ်သို့ ခုန်တက်သွားကာ ကြက်ဥ ၄ လုံး ကျပ် ၅ဝဝ မှ ကျပ် ၈ဝဝ သို့ မြင့်တက်သွားသည်။

“အိမ်ပြိုကျလို့ ဆွေမျိုးတွေရဲ့ အိမ်တွေမှာ သွားနေကြရတယ်ဗျာ။ ဒီကြားထဲ စားသောက်ကုန်တွေက ရုတ်တရက် ဈေးနှုန်းတက်ကုန်တော့၊ ပိုက်ဆံကလည်း မရှိတော့ ဝယ်ရခြမ်းရတာ ဒုက္ခရောက်ကြရတာပေါ့ဗျာ” ဟု မောင်တော ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

မြေပြို ရေကြီးမှုများကြောင့် ဘူးသီးတောင်မြို့နယ်တွင် ၃၁ ဦး၊ မောင်တောမြို့နယ်တွင်  ၂၄ ဦး၊ မင်းပြားနှင့် မြေပုံမြို့နယ်ကြားရှိ ရွာတရွာတွင် မိုးကြိုးပစ်ခံရသဖြင့် ၁ ဦး၊ စစ်တွေမြို့နယ်တွင် စစ်သား ၁ ဦး သေဆုံးခဲ့သည်ဟု စစ်အစိုးရက ထုတ်ပြန်ထားသည်။

ရန်ကုန်ရှိ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ရုံးအရာထမ်းတဦးက လူထောင်ပေါင်းများစွာ ရွှေ့ပြောင်းနေထိုင်ရခြင်း သို့မဟုတ် အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး “အခုလောလောဆယ် အရေးတကြီး လိုနေတာ ရေသန့်၊ ခိုလှုံစရာ၊ အစားအသောက်နဲ့ ဆေးဝါးတွေနဲ့ စောင်တွေပါ” ဟု အီးမေးလ်မှတဆင့် ပြောသည်။

လမ်းများပျက်စီးမှုနှင့် တံတားများ ရေထဲမျောပါပျက်စီးသွားခြင်းကြောင့် နှောင့်နှေးကြန့်ကြာမှုနှင့် အခက်အခဲဖြစ်နေကြောင်း ကယ်ဆယ်ရေး ဝန်ထမ်းများက ပြောသည်။

မောင်တောမှ ဘင်္ဂလားနယ်စပ်သို့ သွားသော ကားလမ်းပေါ်တွင် ၃ မိုင် တံတား ရေမျောသွားသည့်အပြင် ဘူးသီးတောင်-မောင်တော ကားလမ်းရှိ လိုဏ်ဂူကြီး မြေပြိုကျကာ ကားလမ်းမှာ ပေ ၆ဝဝ ခန့် တောင်ပြိုပိတ်ဆို့နေသည်ဟု ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်ယ် မြို့တော် စစ်တွေမြို့နယ်ရှိ  ရခိုင်သဲချောင်းရွာတွင် ၂၈ အိမ်ပျက်စီးပြိုကျ သွားခဲ့သည်ဟု စစ်တွေမြို့နယ် နာရေးကူညီမှုအသင်း အဖွဲ့ဝင်တဦးက ပြောသည်။

ထို့အပြင် စစ်တွေ-ရန်ကုန် လမ်းမကြီးကြားရှိ ပုဏ္ဏားကျွန်းမြို့နယ်တွင် တောင်ကျရေ တိုက်စားသဖြင့် ကြံခင်းရွာအနီး သံကူကွန်ကရစ်တံတား ပျက်စီးခဲ့သွားသည်။

မြောက်ဦးမြို့ခံတဦးက “မြောက်ဦးက ၁၄ ရက်နေ့မှာ စစ်တွေကို လာတာ။ တံတားပျက်နေလို့ ကားကို ထော်လာဂျီတွေနဲ့ ဆွဲတင်ပြီး လာရတယ်။ စစ်တွေကို ၁၆ ရက် နေ့မှရောက်တယ်။ ကားတစီးပြီး တစီး ပြောင်းစီးလာရတယ်။ လမ်းလည်း လျှောက်ရတယ်။ သာမန်ဆို ဒီခရီးစဉ်က ၅ နာရီလောက်ပဲ ကြာတယ်” ဟု မဇ္ဈိမကို ပြောသည်။
(မဇ္ဈိမမှတဆင့်)
ဆက်လက်ဖတ်ရှုရန်...

တရုတ်မှ လက်နက်ဝယ်ယူရေး ဦးတေဇ ပွဲစားလုပ်

မြန်မာစစ်အစိုးရလေတပ်အတွက် ဘက်စုံသုံး ဂျက်ဗုံးကြဲလေယာဉ်အစီး ၅၀ ၀ယ်ယူနိုင်ရန် အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ရင်းနှီးသော မဟာမိတ်တဦးဖြစ်သည့် မြန်မာနိုင်ငံမှ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးက ယခုလဆန်းပိုင်းတွင် တရုတ်နိုင်ငံသို့ သွားရောက်ကာ ကြားပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပသော ကုန်စည်ပြပွဲတွင် ဦးတေဇ ကို ယခုလ ၇ ရက်နေ့က တွေ့ရှိခဲ့ပြီး၊ သူ့ခရီးစဉ်၏ ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့ ပူးတွဲထုတ်လုပ်သည့် ၂ ယောက်စီး K-8 Karakorum တာလတ်ဂျက်လေ့ကျင့်ရေးလေယာဉ်နှင့် အပေါ့စားတိုက်လေယဉ်များကို စစ်အစိုးရက ၀ယ်ယူနိုင်ရေးအတွက် ဖြစ်သည်။

လေယာဉ်များ၏ တန်ဖိုးကိုမူ အမျိုးမျိုးခန့်မှန်းပြောကြားနေကြသည်။ အလားတူ လေယာဉ် ၆ စင်း ၀ယ်ယူနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၅၇.၈ သန်း သုံးစွဲသွားမည်ဟု ဘိုလီးဗီးယားနိုင်ငံက လွန်ခဲ့သော အောက်တိုဘာလက ကြေညာခဲ့သည်။ ဂျိန်းကာကွယ်ရေး အပတ်စဉ်စာစောင်၏ ရေးသားချက်အရ အဆိုပါ ၀ယ်ယူမည့် သဘောတူညီချက်တွင် `အရံအင်ဂျင်နှစ်လုံး၊ KTS2000BW စမ်းသပ်ရေးယာဉ်၊ မာလ်တီမီဒီယာလေ့ကျင့်ရေးစနစ်၊ ကနဦးစက်အရံပစ္စည်းများ လေ့ကျင့်ရေးနှင့် ထိန်းသိမ်းရေးစက်ပစ္စည်းများ ပါဝင်သည်ဟု သိရသည်။

ထိုအချိန်ကတည်းကစ၍ ဗီနီဇွဲလားခေါင်းဆောင် ဟူဂိုးချာဗက် (Hugo Chavez) ကလည်း အဆိုပါ လေယာဉ် ၁၈ စီး ၀ယ်ယူရန် သူ့အစိုးရအနေဖြင့် အမေရိကန်ဒေါ်လာ ၈၂ သန်း သုံးစွဲသွားမည်ဟု ယခုလ ၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ တောင်အမေရိကတိုက် မြောက်ဘက်ကမ်းခြေရှိ အဆိုပါနိုင်ငံ၏ လေတပ်တွင် အနည်းဆုံး လေယာဉ် အစီး ၂၀၀ ရှိသည်။

မြန်မာလေတပ်ကလည်း K-8 Karakorum အမျိုးအစားလေယာဉ် ၁၂ စီး ၀ယ်ယူခဲ့သည်။ လေတပ်နှင့် နီးစပ်သော သတင်းရပ်ကွက်များ၏ အပြောအရ မြန်မာအစိုးရသည် ရုရှားလုပ် MIG-29 နှင့် တရုတ်က ထုတ်လုပ်သော အလားတူ လေယာဉ် F-5 တို့ ကဲ့သို့သော မဟာဗျူဟာတိုက် လေယာဉ်တို့ထက် မြေပြင်တိုက်ခိုက်ရေး လေယာဉ်များကို ပိုမိုရယူလိုနေကြောင်း ပြောကြားကြသည်။ အဆိုပါ တိုက်လေယာဉ်မျိုးဖြင့်  စစ်အစိုးရအုပ်ချုပ်ခံ နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် ပြောင်းလဲရေး ငြင်းဆန်နေဆဲဖြစ်သော အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို ခြိမ်းခြောက်နိုင်မည်ဖြစ်သည်။

လေယာဉ်များသည် ဟုန်တူး (Hongdu) လေယာဉ်ကုမ္ပဏီက စက်တင်ဘာလအတွင်းက ကြေညာခဲ့သည့် အရောင်းအ၀ယ်စာချုပ်တွင် ပဟေဋိဖြစ်နေသည်။

ကေ-၈ လေယာဉ်များကို ထုတ်လုပ်သည့် ဟုန်တူးလေယာဉ်ကုမ္ပဏီက စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် နားလည်ရခက်သော ကြေညာချက်တွင် ကေ-၈ လေယာဉ်အစီး ၆၀ ကို `အမည်ဖော်ပြထားခြင်း မရှိသည့် အာရှနိုင်ငံတနိုင်ငံ´ သို့ ရောင်းချရန်စာချုပ် ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း ပါရှိသည်ဟု (ဂျိန်းထောက်လှမ်းရေး အုပ်စုပိုင်) ဂျိန်းကာကွယ်ရေး စက်မှုအုပ်စုက ကြေညာခဲ့သည်။

ဂျိန်းအုပ်စု၏ ရေးသားချက်အရ အဆိုပါ စာချုပ်ကို ဟုန်တူးကုမ္ပဏီ၊ လျှို့ဝှက်ထားသော အာရှနိုင်ငံတခုနှင့် တရုတ်အမျိုးသား လေကြောင်းနည်းပညာ ပို့ကုန်သွင်းကုန် ကော်ပိုရေးရှင်းတို့အကြား ကျန်းရှီးပြည်နယ် နန်ချန်းမြို့ရှိ ဟုတ်တူးကုမ္ပဏီရုံးတွင် စက်တင်ဘာလ ၆ ရက်နေ့က ချုပ်ဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုအမည်ဖော်ပြထားခြင်း မရှိသည့် အာရှနိုင်ငံသည် မိမိတို့၏ လေယာဉ်များကို အဆင့်မြှင့်တင်ရေး ပြုလုပ်နေသည့် အီရန် သို့မဟုတ် အင်ဒိုနီးရှားနိုင်ငံတို့ ဖြစ်နိုင်သည်ဟု ဂျိန်းစာစောင်က ခန့်မှန်းသုံးသပ်သည်။ အဆိုပါ အမည်ဖော်ပြထားခြင်း မရှိသည့် အာရှနိုင်ငံမှာ မြန်မာနိုင်ငံလည်း ဖြစ်နိုင်သည်။ သို့သော် မဇ္ဈိမက ဤကိစ္စကို အတည်ပြုနိုင်ခြင်း မရှိပါ။

ဂျိန်းစာစောင်၏ အဆိုအရ ဟုန်တူးကုမ္ပဏီက စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် အဆိုပါစာချုပ်၌ အဆင့် ၃ ဆင့် ပါရှိသည်ဟု ဆိုသည်။ ပထမအဆင့်တွင် လေယာဉ် ၁၂ စီးကို တင်ပို့ရောင်းချမည်ဖြစ်သည်။ ဒုတိယအဆင့်တွင် ကေ-၈ နှင့် ဆက်စပ်သော နည်းပညာ၊ စက်ပစ္စည်းကိရိယာများကို ပေးအပ်ရေးဖြစ်သည်။ တတိယအဆင့်တွင် ၀ယ်ယူသူက ကျန်လေယာဉ် ၄၈ စီးကို မိမိနိုင်ငံတွင်ပင် လိုင်စင်ဖြင့် ထုတ်လုပ်နိုင်ရေး ဖြစ်သည်။

ဦးတေဇသည် သူ့လေကြောင်းလုပ်ငန်းဖြစ်သည့် အဲပုဂံတွင် အသုံးပြုရန် ခရီးတို ပြည်တွင်းခရီးစဉ်သုံး တာဘိုဂျက်အင်ဂျင် ၂ လုံးတပ် ATR-72 လေယာဉ်တစီးကို Chinese Southern Airline မှ ၀ယ်ယူရန် စုံစမ်းလေ့လာနေသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။ တရုတ်နိုင်ငံမှ အဲဘတ်စ် A-310 လေယာဉ် ၂ စီးကို သူဝယ်ယူခဲ့သေးသော်လည်း အသုံးပြုနိုင်ခြင်း မရှိဘဲ လုံခြုံရေးအရ စိတ်မချရသည့်အတွက် ရန်ကုန်မြို့တွင် ရပ်နားထားရသည်။

အမေရိကန်၊ ဥရောပနိုင်ငံများ၊ ကနေဒါ၊ သြစတြေလျနှင့် ဆွစ်ဇာလန်နိုင်ငံတို့က ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက် တေဇအတွက် စီးပွားရေးလုပ်ကိုင်နိုင်သည့်နေရာ အနည်းငယ်တွင် တရုတ်နိုင်ငံလည်း တနေရာဖြစ်သည်။ အမေရိကန်အစိုးရက `လက်နက်ပွဲစားနှင့် ဘဏ္ဍာရေးလူယုံတော်´ အဖြစ် ရည်ညွှန်းဖော်ပြလေ့ရှိသည့် ဦးတေဇသည် အနောက်နိုင်ငံတခုက ပထမဆုံး ပစ်မှတ်ထား ပိတ်ဆို့အရေးယူခံရသူ ဖြစ်သည်။

သူသည် အာဏာရှင်ကြီး ဦးသန်းရွှေနှင့် ဘဏ္ဍာရေးအဆက်အဆံများရှိပြီး အိမ်တွင်းပုန်း အာဏာရှင်ကြီး၏ သားသမီးများနှင့်လည်း အလားတူ အဆက်အဆံများ ရှိသည်ဟု စွပ်စွဲကိုးကားကာ ထိုသို့ နာမည်ပျက်စာရင်းသွင်း ပိတ်ဆို့အရေးယူခဲ့ခြင်း ဖြစ်သည်။ ဤသို့ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားလင့်ကစား ဦးတေဇသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော်မျှရှိသော စီးပွားဥစ္စာများကို စုဆောင်းပိုင်ဆိုင်နေပြီဖြစ်သည်ဟု ခန့်မှန်းပြောဆိုနေကြသည်။
(မဇ္ဈိမမှတဆင့်)
ဆက်လက်ဖတ်ရှုရန်...

ဓာတ်ငွေ့ပိုက်လိုင်းကိစ္စသည် သူမသာကိုယ်မနာဟု ဘန်ကီမွန်းက ပြောဆို

တောင်ကိုရီးယား ဒေ၀ူးကုမ္ပဏီ၏ အငြင်းပွားဖွယ်ရာ မြန်မာနိုင်ငံ ရွှေသဘာဝရေနံမြေ ဓာတ်ငွေ့ပိုက်လိုင်းကိစ္စကို `သူမသာကိုယ်မနာ အခြေအနေတရပ်´ ဟု၍ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့စဉ်က ချီးကျူးထောက်ခံပြောဆိုခဲ့ဖူးကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိစ္စရပ်များအပေါ် သူ၏ သဘောထားနှင့်ပတ်သက်၍ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများက မေးခွန်းထုတ်မှုကို ကုလအတွင်းရေးမှူးချုပ် ရင်ဆိုင်နေရချိန်တွင် ထိုသို့ ဒေ၀ူးဓာတ်ငွေ့ပိုက်လိုင်းအပေါ် မစ္စတာဘန်၏ ထုတ်ဖော်ပြောဆိုချက်ကို ဖော်ထုတ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ပိုက်လိုင်းအပေါ် ထောက်ခံပြောဆိုသည့် သဘောထားမှတ်ချက်ကို မစ္စတာဘန်ကီမွန်းက ၂၀၀၅ ခုနှစ် သြဂုတ်လအတွင်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိစဉ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ကေနတ်ဝါးဆင်း (K. Natwar Singh) ကို ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။ အိန္ဒိယသတင်းစာများ၏ အဆိုအရ အစိုးရနှစ်ခုစလုံးအတွက် အထူးဦးစားပေးလုပ်ငန်းမှာ ဒေ၀ူးကုမ္ပဏီက အိန္ဒိယအစိုးရ ထိန်းချုပ်ထားသည့် ကုမ္ပဏီများနှင့် ရွှေသဘာဝဓာတ်ငွေ့လုပ်ငန်းတွင် အတူပူးတွဲလုပ်ဆောင်ရေးဟု ဆိုသည်။

အဆိုပါ ကုမ္ပဏီများမှာ Gas Authority of India (Gail) နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း (ONGC) က လုံးဝပိုင်ဆိုင်သည့် နိုင်ငံတကာ လုပ်ငန်းခွဲတခုဖြစ်သော ONGC Videsh တို့ ဖြစ်ကြသည်။ Press Trust of India က သတင်းပေးပို့ရာတွင် ဤသို့မှတ်ချက်ချပြောဆိုခဲ့ကြောင်း နှစ်ဖက်သဘောတူညီထားပြီးဖြစ်သည့် အစည်းအဝေး မှတ်တမ်းများကို ကိုးကားပြောဆိုထားသည်။

`မြန်မာနိုင်ငံတွင်း ဒေ၀ူး-ONGC-Gail အစုစပ်ဆောင်ရွက်မှုပုံစံကို ကြည့်ခြင်းအားဖြင့် အိန္ဒိယနှင့် ကိုရီးယားကုမ္ပဏီများအကြား ဟိုဒရိုကာဘွန်သယံဇာတအရင်း အမြစ်များ ရှာဖွေရေးလက်တွဲဆောင်ရွက်ရန် နှစ်ဖက်သဘောတူညီခဲ့ခြင်းမှာ သူမသာ-ကိုယ်မနာ အခြေအနေတရပ်သို့ ဦးတည်သွားစေလိမ့်မည်´။

ဤသို့ ဘန်ကီမွန်းက ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းကို `သူမသာ-ကိုယ်မနာ´ဟု သဘောတူခဲ့ခြင်းအတွက် ဤစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည်ကို စိုးရိမ်ပူပန်နေကြသည့် လူ့အခွင့်အရေး ကိစ္စရပ်များအတွက် စည်းရုံးလှုံ့ဆော်နေသူများနှင့် ပြည်ပရောက် မြန်မာများကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။ ဤစီမံကိန်းမှ ရရှိလာမည့် နိုင်ငံခြားငွေမာ ဘီလျံများစွာဖြင့် မိမိပြည်သူများကို သတ်ဖြတ်ရန်အတွက် စစ်အစိုးရကို လက်နက်များ ၀ယ်ယူနိုင်စေလိမ့်မည်ဟု ပြောဆိုဝေဖန်မှုများ ရှိနေကြသည်။

ရွှေသဘာဝဓါတ်ငွေ့လုပ်ငန်းကို ပြင်းထန်စွာ ဆန့်ကျင်ရေးစည်းရုံး လှုံ့ဆော်မှုများ ဆောင်ရွက်နေသည့် Shwe Gas Campaign အဖွဲ့မှ ဦးဝင်းအောင်က မဇ္ဈိမကို ပြောကြားရာတွင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းသည် ဘန်ကီမွန်းနှင့် ကိုရီးယားကုမ္ပဏီအတွက်သာ `သူမသာ-ကိုယ်မနာ´ အခြေအနေဖြစ်ပြီး မြန်မာပြည်သူများအတွက်မူ လုံးဝ မဖြစ်နိုင်ဟု ဆိုသည်။ လူသတ်သမား ဗိုလ်ချုပ်များကိုသာ အကျိုးရှိစေလိမ့်မည်ဟု ဆိုသည်။

အငြင်းပွားဖွယ်စီမံကိန်းအား `သူမသာ-ကိုယ်မနာ´ ဟု ပြောဆိုသည်ကို Earth Rights International အဖွဲ့ကြီးမှ ကိုနိုင်ထူးကလည်း ကန့်ကွက်သည်။ `ရွှေစီမံကိန်းသည် ကိုရီးယား၏ ဂုဏ်သတင်း၊ ဒေ၀ူးကုမ္ပဏီ၏ ဂုဏ်သတင်းတို့ကို ပျက်စီးစေလိမ့်မည်။ မြန်မာနိုင်ငံတွင်းရှိ ထောင်ပေါင်းများစွာသော ရွာသားများ၏ လူ့အခွင့်အရေးအပေါ် တိုက်ရိုက်ခြိမ်းခြောက်နေခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ဤစီမံကိန်းကို `သူရှုံး-ကိုယ်ရှုံး´ အခြေအနေဟုသာ ပြောချင်ပါသည်။ သဘာဝသယံဇာတကြွယ်ဝမှုအပေါ် စီမံခန့်ခွဲပုံကို စစ်အစိုးရက လုံးဝဥဿုံ ပြောင်းလဲခြင်း မပြုလျှင်၊ လူ့အခွင့်အရေး ချိုးဖောက်မည့်အစား ထိန်းသိမ်းကာကွယ်သည့် လုပ်ငန်းများကို စတင်လုပ်ဆောင်ခြင်း မပြုလျှင် ရွှေစီမံကိန်းသည် ဘေးဒုက္ခအန္တရာယ်ကြီးသာ ဖြစ်လိမ့်မည်´ ဟု သူက ပြောသည်။

Inner City Press မှ သတင်းထောက်တဦးက ဒေ၀ူးကုမ္ပဏီ၏ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအပေါ် သူ၏ ရပ်တည်ချက်ကို လွန်ခဲ့သော နှစ်က မေးမြန်းခဲ့ရာတွင် မစ္စတာ ဘန်ကီမွန်းက ဖြေကြားရန် ငြင်းဆိုခဲ့ပြီး မှတ်ချက်တစုံတရာပေးခြင်း မပြုခဲ့ပါ။ အဆိုပါ သတင်းထောက် မက်သယူးရပ်ဆဲလီး (Matthew Russell Lee) ကပင် ဇွန်လ ၉ ရက် ဗုဒ္ဓဟူးနေ့က ဘန်ကီးမွန်း၏ ပြောရေးဆိုခွင့်ရှိသူ Farhan Haq ကို ရွှေစီမံကိန်းအပေါ် ဘန်ကီမွန်းက `သူမသာကိုယ်မနာ´ စီမံကိန်းဟု ယခုထိ ယုံကြည်နေဆဲရှိသေးသလားဟု မေးမြန်းခဲ့သည်။ Haq က အဖြေပေးနိုင်ရန် မေးမြန်းကြည့်ပါမည်ဟု ဖြေကြားခဲ့သည်။ တပတ်အကြာတွင် မဇ္ဈိမက ထပ်မံမေးမြန်းခဲ့ရာ ဤအကြောင်းအရာကို လေ့လာနေဆဲဖြစ်ကြောင်းနှင့် အဖြေမပေးနိုင်သေးကြောင်း ပြန်လည်ပြောကြားခဲ့သည်။

လွန်ခဲ့သော နွေရာသီက မြန်မာနိုင်ငံသို့ သွားရောက်ရာတွင်လည်း မစ္စတာဘန်ကီမွန်းသည် သူတခုခု လုပ်နေကြောင်း ပြသရန်အတွက်သာ စိတ်မပ့ါတပါဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု အကဲခတ်များက ယုံကြည်ကြသည်။ စစ်အစိုးရကလည်း သူ့ကို အထိန်းသိမ်းခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးဘဲ ငြင်းဆန်ခဲ့သည်။ ဘန်သည် ကမ္ဘာ့နာမည်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားနှင့် တွေ့ဆုံခွင့်ရရန် အတင်းအကျပ် တောင်းဆိုနိုင်ခဲ့သော်လည်း စစ်အစိုးရ စိတ်ဆိုးပြီး ကိုရီးယားစက်မှုလုပ်ငန်းအတွက် အရေးပါသည့် စီမံကိန်း ပျက်ပြားသွားမည်ကို စိုးရိမ်ကာ မပြောဘဲနေခဲ့သည်ဟုလည်း မြန်မာအတိုက်အခံ တက်ကြွလှုပ်ရှားသူ အများအပြားက ယုံကြည်ကြသည်။

ဘန်၏ ခရီးစဉ်အပြီး ရက်သတ္တပတ်များစွာအကြာတွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) ကိုမူ အထိန်းသိမ်းခံ နိုဘယ်ဆုရှင်နှင့် တွေ့ဆုံခွင့်ပြုခဲ့သည်။

အငြင်းပွားဖွယ် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ကိုရီးယားနိုင်ငံတို့မှ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးများက အနည်းစု လုပ်ငန်းလက်တွဲ ဆောင်ရွက်ဖော်များအဖြစ် ပါဝင်ကာ ဒေ၀ူး ကုမ္ပဏီကမူ အဓိက အစုရှယ်ယာရှင်အဖြစ် ရှိနေသည်။

ဤစီမံကိန်းကို တောင်ကိုရီးယား၏ `ပင်လယ်ရပ်ခြား အကြီးဆုံး စီမံကိန်း´ ဖြစ်ကြောင်း ဆိုးလ်မြို့တော်ထုတ် ကိုရီးယားသံတော်ဆင့် (The Korea Herald) သတင်းစာကြီးက ရေးသားဖော်ပြထားသည်။ ယခုစီမံကိန်းမှ မြန်မာစစ်အစိုးရ ရရှိမည့် ငွေကြေးသည် ဆယ်စုနှစ် ၃ ခုအတွင်း အမေရိကန်ဒေါ်လာ ၄၀ ဘီလျံရှိမည်ဟုလည်း အဆိုပါ သတင်းစာက ခန့်မှန်းတွက်ချက်ထားသည်။

ဤငွေကြေးများဖြင့် စစ်တပ်ကို ပိုမိုအင်အားတောင့်တင်းလာအောင် ပြုလုပ်နိုင်သည်ဟုလည်း ပြောဆိုဝေဖန်မှုများ ရှိနေသည်။ ကီလိုမီတာ ၈၀၀ ရှိ အဆိုပါပိုက်လိုင်းသည် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းခြေမှ ဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ တင်ပို့ပေးနိုင်မည်ဖြစ်ကာ တည်ဆောက်ရေးလုပ်ငန်းကို လွန်ခဲ့သော အပတ်က စတင်ခဲ့ပြီဖြစ်သည်။

မစ္စတာဘန်ကီမွန်းသည် မည်သည့်အခါကမျှ ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးအဖြစ်က ရပ်စဲသွားခြင်း မရှိခဲ့ဟု ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့က ကိုဝင်းအောင်၏ စိတ်ထဲတွင် ခံစားရသည်။

သူက `ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရှိစဉ်ကတော့ ဒေ၀ူးရဲ့ ရွှေဓာတ်ငွေ့စီမံကိန်းကို ထောက်ခံခဲ့တဲ့ သူဆိုတာ ထင်ရှားပါတယ်။ ဒီစီမံကိန်းဟာ မြန်မာပြည်သားတွေဆီက ခိုးယူထားတဲ့ မြေပေါ်မှာ တည်ဆောက်မယ့် သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်ပျက်စီးစေမယ့် ပိုက်လိုင်းစီမံကိန်း ဖြစ်ပါတယ်။ ကုလအတွင်းရေးမှူးချုပ် ဖြစ်လာပေမယ့်လည်း ကိုရီးယားစီးပွားရေး လုပ်ငန်းတွေရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်နေတုန်းပဲ ရှိသေးတယ်။ ဒါကြောင့် မြန်မာစစ်အစိုးရကို စိန်ခေါ်လုပ်ကိုင်ရမယ့် ကိစ္စတွေကို သူဝန်လေးနေရတာဟာ ဒီကိစ္စက အတော်များများပါမယ်လို့ ကျနော် အသေအချာ ယုံကြည်ပါတယ်´ ဟု ပြောသည်။

ဥဇဘက်ကစ်စတန်နိုင်ငံ အာဏာရှင် အစ္စလမ်ကာရီမော့ဗ် (Islam Karimov) နှင့် မစ္စတာဘန်တို့ တရင်းတနှီးရှိနေခြင်းနှင့် ကိုရီးယားနိုင်ငံက အဆိုပါ အလယ်အာရှနိုင်ငံတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ခြင်းတို့ တိုက်ဆိုင်နေခြင်းကိုလည်း ကိုဝင်းအောင်က ထောက်ပြသည်။ ဒေ၀ူးအင်တာနေရှင်နယ် ကုမ္ပဏီအပြင် ကိုရီးယားနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးများဖြစ်ကြသော ကိုရီးယား ဓာတ်ငွေ့ကော်ပိုရေးရှင်း (Kogas)၊ ကိုရီးယား အမျိုးသားရေနံကော်ပိုရေးရှင်း (KNOC) တို့ကလည်း ဤယခင်ဆိုဗီယက်သမ္မတ နိုင်ငံဟောင်း၏ စို့စို့ပို့ပို့ရမည့် စွမ်းအင်ကဏ္ဍတွင် ဒေါ်လာဘီလျံပေါင်းများစွာစီ ရင်းနှီးမြှုပ်နှံခဲ့ကြသည်။

ဥဇဘက်ကစ္စတန်အာဏာရှင် ကာရီမော့ဗ် ကို သူ့ကိုဆန့်ကျင်သူ အများအပြားအား ထောင်သွင်းအကျဉ်းချခြင်း၊ ကွပ်မျက်ခြင်း ပြုလုပ်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲပြောဆိုထားကြသည်။ ထိုအချိန်က ဥဇဘက်ကစ္စတန်နိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူ ခရေ့မာရေး (Craig Murray) က သေမှုသေခင်း အစီရင်ခံစာတရပ်ကို ၂၀၀၂ ခုနှစ်က ပြုလုပ်ခဲ့ရာတွင် ကွယ်လွန်သူ အတိုက်အခံတဦးကို ထောင်ဝန်ထမ်းများက အရှင်လတ်လတ် ရေနွေးကန်ထဲချ၍ သတ်ပစ်ခဲ့သည်ဟု ဆိုသည်။

ကုလအေဂျင်စီများနှင့် လက်ပွန်းတတီး လက်တွဲလုပ်ကိုင်နေသော ထင်ရှားသည့် ဥဇဘက် AIDS ရောဂါ ကူညီကယ်ဆယ်ရေး တက်ကြွလှုပ်ရှားသူတဦးကို ထောင်သွင်းအကျဉ်းချထားသည့်ကိစ္စအား ဧပြီလအတွင်း ဘန်ကီမွန်း သွားရောက်စဉ် ထည့်သွင်းဆွေးနွေးမေးမြန်းခဲ့ခြင်း ရှိမရှိကို ပြောရေးဆိုခွင့်ရှိသူ ဟတ်က မဖြေနိုင်ခြင်းအတွက် သူ အထူးစိတ်ပျက်မိသည်ဟုလည်း သူက ပြောသည်။ ထိုတက်ကြွလှုပ်ရှားသူ  မက်ဆင်ပိုပေါ့ (Maxim Popov) ကို ကုလရံပုံငွေဖြင့် AIDS ရောဂါတိုက်ဖျက်ရေး လက်ကမ်းစာစောင်များ ပုံနှိပ်ဖြန့်ဝေခဲ့သည့်အတွက် `ဖောက်ပြန်သည့် လူမှုအပြုအမူများ´ ကျူးလွန်ခဲ့သည်ဟုဆိုကာ  ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။

မက်ဆင်ပိုပေါ့ ခံစားနေရသော ဆင်းရဲဒုက္ခများသည် အတွင်းရေးမှူးချုပ်၏ ဦးစားပေးစာရင်းတွင် လုံးဝပါဝင်ခြင်း မရှိဟု ကိုဝင်းအောင်က ယုံကြည်နေသည်။ ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ဘန်ကီမွန်းသည် ဆိုးလ်နှင့် ထိုနိုင်ငံများအကြား ဆက်ဆံရေးထူထောင်ခဲ့ပြီး ကိုရီးယားစက်မှုလုပ်ငန်းအတွက် မြန်မာနှင့် ဥဇဘက်ကစ္စတန် ကဲ့သို့သော နိုင်ငံများကို အထူးဦးစားပေး နေရာများအဖြစ် သတ်မှတ်ခဲ့သည်။ ဤသို့ဖြင့် အဆိုပါ နှစ်နိုင်ငံစလုံးတွင် ကိုရီးယားနိုင်ငံက အကြီးဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်လာအောင် ကူညီလုပ်ဆောင်ပေးခဲ့သည်ဟု သူက ဆိုသည်။

`ဘန်ကီမွန်းက သူ့ကိုယ်သူ ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးလို့ အခုထိ ထင်နေတုန်းပဲဆိုတာ ရှင်းနေတာပဲ။ မက်ဇင်ပိုပေါ့လို လူတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခအကြောင်း သွားပြောလို့ ဥဇဘက်အာဏာရှင်ကြီးနဲ့ ဆက်ဆံရေး ပျက်သွားမှာမျိုး သူက အဖြစ်မခံနိုင်ဘူး။ ဒီလူက AIDS ရောဂါ ကာကွယ်ရေးအတွက် ကုလရံပုံငွေ အထောက်အပံ့နဲ့ ထုတ်တဲ့ စာစောင်တွေကို ဖြန့်ဝေမိလို့ အကြောက်လွန်ရောဂါ ရနေတဲ့ စစ်အစိုးရက ထောင်ချလိုက်တာ´ ဟုလည်း ကိုဝင်းအောင်က ပြောသည်။

`ဘန်ကီမွန်းနဲ့ မြန်မာဗိုလ်ချုပ်ကြီးတွေရဲ့ ဆက်ဆံရေးကလည်း ဒီအတိုင်းပဲ။ သူ့အတွက် ကိုရီးယား စီးပွားရေးလုပ်ငန်းတွေရဲ့ အကျိုးစီးပွားက လူ့အခွင့်အရေးထက် ပိုအရေးပါတယ်။ ကုလအတွင်းရေးမှူးချုပ်အဖြစ်နဲ့ သူဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းကိုကြည့်ရင် သူလိုလူဟာ ကုလသမဂ္ဂအဖွဲ့ကြီးကို ဦးစီးဦးရွက်ပြုရတဲ့နေရာနဲ့ မသင့်တော်ဘူးဆိုတာ သိပ်ထင်ရှားတယ်။ သူက တကယ့်ကို ကုလအဖွဲ့ကြီးအတွက် သိက္ခာကျစရာဘဲ´ ဟု သူက ပြောဆိုလိုက်သည်။
(မဇ္ဈိမမှတဆင့်)
ဆက်လက်ဖတ်ရှုရန်...

တွေ့ဆုံဆွေးနွေးရေးအတွက် EU ကို NLD တိုက်တွန်း

မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံဆွေးနွေးနိုင်ရန် နိုင်ငံတကာအနေဖြင့် ဝိုင်းဝန်းတိုက်တွန်းစေလိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဥရောပသမဂ္ဂအား ယမန်နေ့က တောင်းဆိုခဲ့သည်။

ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ဥရောပသမဂ္ဂ EU အဖွဲ့ဝင် အနည်းဆုံး ၃ နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံရုံးကိုယ်စားလှယ် ၁၄ ဦးနှင့် NLD ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ခေါင်းဆောင် ၃ ဦး ရန်ကုန်ရှိ ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဂျာမန်သံအမတ်ကြီး နေအိမ်၌ တွေ့ဆုံခဲ့ရာ၌ ထိုသို့တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

‘’နောက်ဆုံးလမ်းကြောင်းက တွေ့ဆုံဆွေးနွေးရေးပဲ။ ဒီနေ့ပြဿနာက အခြေခံဥပဒေ ဖြစ်နေသလို၊ ဒီအခြေခံဥပဒေ အပါအဝင် ငြိမ်းချမ်းရေး ပြဿနာတွေ၊ ဖွံ့ဖြိုးရေး ပြဿနာတွေကို ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးသန်းရွှေတို့ တွေ့ဆုံဆွေးနွေးကြဖို့ပဲ။ အဲဒီလို တွေ့ဆုံဖြေရှင်းဖို့အတွက် ကမ္ဘာက ဝိုင်းဝန်းတိုက်တွန်းကြပါ။ မဖြစ်နိုင်ဘူးလို့ မယူဆဘူး။ ကျနော်တို့ဘက်ကလည်း အမြဲတမ်း ကမ်းလှမ်းနေတယ်။ သူတို့ဘက်ကလည်း ဝန်ကြီးဦးအောင်ကြည်ကို ခန့်ထားတဲ့အတွက် လမ်းက ဖွင့်ထားပြီးသားပဲ။ သော့ခတ်ထားလို့ မပွင့်တာပဲ ဖြစ်တယ်” ဟု NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲသို့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းတင်နှင့် ဦးဟံသာမြင့်တို့ တက်ရောက်ကာ၊ EU ဘက်မှ မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်သံအမတ်ကြီး ဦးဆောင်သည့် နယ်သာလန်၊ ဘယ်လ်ဂျီယံ စသည့် နိုင်ငံများမှ သံရုံးကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံအခြေစိုက် ဥရောပသံရုံးမှ လာရောက်သည့် ကိုယ်စားလှယ်များ၊ ဥရောပ သံအရာရှိများ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

EU ကိုယ်စားလှယ်များက NLD ၏ ရပ်တည်ချက်၊ ရွေးကောက်ပွဲအပေါ် သဘောထား၊ ပါတီတွင်း အကွဲအပြဲ၊ ရွေးကောက်ပွဲအလွန် ခန့်မှန်းချက်များကို မေးမြန်းခဲ့ကြသည်။

ရွေးကောက်ပွဲတွင် ပြန်လည်မှတ်ပုံမတင်ဘဲ ထားရှိခဲ့ပြီးနောက် ပါတီနိုင်ငံရေးလုပ်ငန်းများ ရပ်နားကာ လူထုအခြေပြုဦးတည်သည့် နိုင်ငံရေးလုပ်ငန်းများကို ဦးစားပေးလုပ်ကိုင်နေကြောင်း NLD ခေါင်းဆောင်များက ဖြေကြားခဲ့ကြသည်။

“ရွေးကောက်ပွဲ မဝင်ရတာက ၂ဝဝ၈ အခြေခံဥပဒေကို အသိအမှတ်မပြုဘူး။ ပါတီမှတ်ပုံတင်မယ်ဆိုရင် အခြေခံဥပဒေကို အသိအမှတ်ပြုရမယ်။ ဒီဥပဒေကို အလုပ်အကျွေးပြုရမယ်ဆိုတော့၊ ဒီအခြေခံဥပဒေကို လက်မခံခြင်းဟာ အဓိကကိစ္စ။ အကွဲအပြဲဆိုတာနဲ့ပတ်သက်လို့ ကျနော်တို့က အကွဲအပြဲမဟုတ်ဘူး။ ဘယ်တုန်းကမှ မကွဲဘူး။ ဧပြီလ ၂၉ ရက်နေ့တုန်းက ပါတီရုံးမှာ ငြင်းတာခုန်တာတို့၊ သဘောထားကွဲတာတို့ ဘာမှ မရှိခဲ့ဘူး။ အဲဒီနောက်ပိုင်း ရက်ပေါင်း ၃ဝ လောက်အထိ ပါတီအတွင်းမှာ ရှိနေတယ်။ ပါတီကို မှတ်ပုံမတင်တော့ဘူးဆိုခြင်းကြောင့် မေလ ၆ ရက်နေ့အထိ ရှိနေတယ်” ဟု ဦးဝင်းတင်က ပြောသည်။

စစ်အစိုးရ ရွေးကောက်ပွဲဥပဒေအရ ရက် ၆ဝ အတွင်း ပြန်လည်မှတ်ပုံခြင်းမပြုသဖြင့် မေလ ၆ ရက်နေ့တွင် ပါတီပျက်ပြယ်ပြီးနောက် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း ၄ ဦး၊ ဗဟိုဦးစီးအဖွဲ့ဝင်ဟောင်း ၇ ဦးနှင့် အဖွဲ့ဝင်ဟောင်း အချို့အပါအဝင် ၁၇ ဦးက အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ဖွဲ့စည်းကာ ပါတီမှတ်ပုံတင်ခဲ့ခြင်းအပေါ် EU သံရုံးကိုယ်စားလှယ်များ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာမည့် အခြေအနေကို ဦးဝင်းတင်က “ရွေးကောက်ပွဲအလွန်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာမယ်။ နိုင်ငံရေး အခြေအနေအရ စစ်အစိုးရ ဝန်းရံတဲ့ ကြံ့ဖွံ့တွေ ဝင်စီးတာကြောင့် ပါတီတွေကြားထဲမှာ မကျေလည်မှုတွေ ရှိမယ်။ တိုင်းပြည်က ပိုမိုနစ်မွန်းလာရင် တိုင်းပြည်ကလည်း လှုပ်လှုပ်ရွရွ ဖြစ်လာနိုင်တယ်” ဟု ပြောသည်။

အလားတူပင် NLD ခေါင်းဆောင်များနှင့်သာမက ဥရောပသမဂ္ဂ ကိုယ်စားလှယ်များက ၂ဝ၁ဝ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၄ ပါတီမှ ခေါင်းဆောင်များကို ရန်ကုန်မြို့ရှိ ဂျာမန်သံအမတ်ကြီး နေအိမ်တွင် ယမန်နေ့ ညနေ ၃ နာရီခွဲမှ ၄ နာရီခန့်အထိ တွေ့ဆုံကာ ၂ဝ၁ဝ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီ၏ မူဝါဒများကို မေးမြန်းခဲ့သေးသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု ဒီမိုကရေစီမဟာမိတ်မှ ဦးဖြိုးမင်းသိန်း၊ အမျိုးသားဒီမိုကရေစီအင်အားစုမှ ဒေါက်တာ သန်းငြိမ်းနှင့် ဦးခင်မောင်ဆွေ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးမှ ဗဟိုကော်မတီဝင်များဖြစ်သည့် ဦးဟန်ရွှေနှင့် ဦးသိန်းထွန်း၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးမှ အတွင်းရေးမှူး ဦးနေမျိုးဝေတို့ တက်ရောက်ခဲ့သည်။

ယင်း ၄ ပါတီမှ ခေါင်းဆောင်များအား ရွေးကောက်ပွဲတွင် မည်သို့သောကြောင့် ဝင်ရောက်ရပုံ၊ ရွေးကောက်ပွဲတွင် တရားမျှတမှု ရှိမရှိ၊ မည်သို့ စည်းရုံးရေး ဆင်းမည်နည်း၊ တိုင်းရင်းသားဒေသများနှင့် တိုင်းရင်းသား လူမျိုးများအပေါ် သဘောထား စသည်များကို EU ဘက်က မေးမြန်းခဲ့သည်။

“ဒီရွေးကောက်ပွဲက ဥပဒေအရ တရားမျှတမှု မရှိဘူးဆိုတာ သိပေမယ့် ၂ဝ၁ဝ မတိုင်ခင်တုန်းက စစ်အစိုးရဟာ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးကို ပတ်ပြီးနင်းထားတဲ့ အတွက်ကြောင့်မို့လို့ အခုပေါ်လာတဲ့ ကွက်လပ်လေး ထွက်လာတဲ့အခါမှာ ပြည်သူအတွက် ရအောင်ယူရမယ်လို့ ပြောခဲ့တယ်” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဦးခင်မောင်ဆွေက ပြောသည်။

တိုင်းရင်းသားများအရေးနှင့်ပတ်သက်၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ၊ တန်းတူညီမျှ ရပိုင်ခွင့်များကို မူအားဖြင့် ထားပါကြောင်း ၎င်းတို့ပါတီအနေဖြင့် သဘောထားရှိကြောင်း သူက ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီမဟာမိတ်ပါတီ ဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်းက “ရွေးကောက်ပွဲကို လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဝိုင်းဝန်းကူညီကြဖို့၊ မြန်မာအစိုးရအနေနဲ့ ကတိကဝတ်ပြုထားတဲ့အတိုင်း ရွေးကောက်ပွဲအပြီး ဆောင်ရွက်ပေးသင့်တယ်လို့ ကျနော်တို့ပါတီက မေတ္တာရပ်ခံတင်ပြခဲ့တယ်” ဟု ဆိုသည်။

(မဇ္ဈိမမှတဆင့်)
ဆက်လက်ဖတ်ရှုရန်...

15 June 2010

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသား စက်သုံးဆီအရောင်းဆိုင်ဖွင့်

ချင်းမိုင် (မဇ္ဈိမ) ။     ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သားနှင့် ဗိုလ်ချုပ်ကြီးသူရရွှေမန်း၏သားနှစ်ဦးတို့သည် စစ်အစိုးရ၏ အခြားသော လက်ရင်းလူယုံများနှင့် အသင်းအဖွဲ့များကဲ့သို့ပင် စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်ရသွားသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သားဖြစ်သူ ဦးထွန်းနိုင်ရွှေပိုင်ဆို်င်သော မြန်မာနိုင်ဂရု(ပ်) Myanmar Naing Group ကုမ္ဗဏီသည် ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းများအတွင်း အရောင်းဆိုင် ၆ ဆိုင်အတွက် စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချခွင့်ရထားကြောင်း မဇ္ဈိမက လက်ခံရရှိထားသော စွမ်းအင်ဝန်ကြီးဌာနမှတ်တမ်းအရ သိရသည်။

ရန်ကုန်ရှိ ဂျေဒိုးနတ်ဆိုင် အစုရှယ်ယာပိုင် ဦးထွန်းနိုင်ရွှေ၏ မြန်မာနိုင်ဂရု(ပ်)သည် ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးကိုလည်း အကြီးအကျယ်လုပ်လျှက်ရှိသည်။

မေ ၁၅ ရက်နေ့ကစတင်၍ ဒီဇယ်ဆီနှင့် ဓာတ်ဆီရောင်းချသော ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ခွင့်ပြုလိုက်ရာ တပ်မတော်ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးရွှေမန်း၏သားများဖြစ်သော ဦးအောင်သက်မန်းနှင့် ဦးတိုးနိုင်မန်းတို့၏ ကုမ္ဗဏီများဖြစ်ကြသည့် ဧရာရွှေဝါ/ရွှေယမုံကုမ္ဗဏီနှင့် ဇေကမ္ဘာတို့သည် ဆိုင် ၁၂ ဆိုင်နှင့် ၂ ဆိုင် အသီးသီးဖွင့်လှစ်ခွင့်ရရှိသည်။ ဇေကမ္ဘာကို ဦးခင်ရွှေက ပိုင်ဆိုင်သော်လည်း စက်သုံးဆီဆိုင်ပါမစ်တွင် ဦးခင်ရွှေ၏သားမက် ဦးတိုနိုင်မန်းအမည်ဖြင့် ဇေကမ္ဘာကိုတွဲကာ  လုပ်ပိုင်ခွင့်ပြုခြင်းဖြစ်သည်။

ထို့အပြင် စစ်အစိုးရ၏ လူမှုရေးအသင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနှင့် စစ်တပ်အတွက် ရန်ပုံငွေရှာနေသော ပြည်ထောင်စု မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လိမိတတ်တို့လည်း စက်သုံးဆီအရောင်းဆိုင် ၁၅ ဆိုင်နှင့် ၁၄ ဆိုင် ခွင့်ပြုချက်ရရှိသည်။

အခြားသော ကုမ္ကဏီကြီးများတွင် ဦးတေဇပိုင် ထူးထရေးဒင်း၊ အဏ္ဏ၀ါကုမ္ဗဏီလိမိတတ်၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု လိမိတက်၊ ရွှေသံလွင်ကုမဏီ၊  နီလာရိုးမထရေးဒင်း၊ အေးရှားလ်ဝေါ်ကုမဏီ၏အခွဲတခုဖြစ်သော ဂရင်းအေးရှား Green Asia၊ ကမ္ဘောဇနှင့် ဧရာရွှေဝါ တို့ပါဝင်သည်။

ဆီဆိုင်တခုလျှင်ဂါလံ ၃၂၀၀ မှ ဂါလံ ၁၅၀၀၀ အထိ သိုလှောင်မှာဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ်ဂျာနယ် မြန်မာတိုင်းမ်က ရေးသားထားသည်။
(မဇ္ဈိမမှတဆင့်)
ဆက်လက်ဖတ်ရှုရန်...

ဝါရင်နိုင်ငံရေးသမားကြီး ဦးအောင်မြင့် ကွယ်လွန်

ချင်းမိုင်(မဇ္ဈိမ) ။     ။ ဝါရင်နိုင်ငံရေးသမားကြီး ဦးအောင်မြင့်သည် သွေးတိုးရောဂါဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ယနေ့နံနက်က ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၈၇ နှစ် ရှိပြီ ဖြစ်သည်။

ဦးအောင်မြင့်သည် ဖျာပုံဇာတိဖြစ်ပြီး မဆလခေတ်က  ဖျာပုံခရိုင် ကွန်မြူနစ်ပါတီတွင် ဥက္ကဌ လုပ်ခဲ့ဖူးသလို ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအုပ်စိုးချိန်တွင် အလုပ်သမားကောင်စီတွင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။

လွတ်လပ်ရေးကြိုးပမ်းမှုကာလမှသည် ခောတ်အဆက်ဆက် နိုင်ငံရေးအဖွဲ့အစည်းများတွင် ပါဝင်ခဲ့သူများကို စုစည်းထားသည့် ဝါရင့်နိုင်ငံရေးအဖွဲ့မှ အဖွဲ့ဝင်တဦးဖြစ်သည်။

“သူက သေတဲ့အထိကို မြန်မာ့ ဒီမိုကရေစီအရေးမှာ တိုးတက်တဲ့ အင်အားစုအဖြစ်နဲ့ ပါဝင်လုပ်ဆောင်ခဲ့တာ အမှန်ပဲလေ။ ဆုံးရုံးမှုကတော့ ဒီအချိန်မှာ လက်ကျန် အင်အားစုနည်းတဲ့ အချိန်မှာ သူ ကွယ်လွန်သွားတော့ ကျနော်က ရဲဘော် ရဲဘက်တယောက်လည်း ဖြစ်တော့ ဝမ်းနည်းတာပေါ့။”ဟု လုပ်ဖော်ကိုင်ဖက်တဦးဖြစ်သူ ဦးအုန်းမောင်က ပြောသည်။

ဝါရင့်နိုင်ငံရေးသမားအဖွဲ့ကို ၁၉၉၅ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ဆိုရှယ်လစ်ပါတီ၊ ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်၊ ကျောင်းသားသမဂ္ဂ၊ အလုပ်သမား လယ်သမားအဖွဲ့ဟောင်းများတွင် ပါဝင်ခဲ့သူ နိုင်ငံရေးသမားကြီးများဖြင့် ဖွဲ့စည်းခဲ့သည်။ စတင်ချိန်က ၂၃ ဦးပါဝင်ခဲ့သော်လည်း ယခုအချိန်တွင် ၁၁ ဦးသာ ကျန်ရစ်သည်။

(မဇ္ဈိမမှတဆင့်)
ဆက်လက်ဖတ်ရှုရန်...

ဘူးသီးတောင်-မောင်တောလမ်း လမ်းမြေပြို

နယူးဒေလီ (မဇ္ဈိမ) ။     ။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ကုန်စည်ဖလှယ်ရာ ကားလမ်းဖြစ်သည့် ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောလမ်းတွင် မြေပြိုမှုဖြစ်ပွားရာ ယမန်နေ့ညမှ စတင်ကာ ၁၇ နာရီထက်မနည်း လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

ဘူးသီးတောင်မြို့ အနောက်ဘက် ၈ မိုင်အကွာရှိ တောင်ခေါင်းကြီး လှိုဏ်ဂူ၏ အပေါ်တွင် ဖောက်လုပ်ထားသည့် လှိုဏ်ဂူပတ်လမ်းမှ မြေသားများ ပြိုကျသဖြင့် တနင်္ဂနွေနေ့ည ၁၁ နာရီခန့်မှ တနင်္လာနေ့ညနေ ၄ နာရီအထိ လမ်းပိတ်ဆို့ခဲ့သည်။။ 

တောင်ခေါင်းကြီးလိုဏ်ဂူကို ကိုလိုနီခေတ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁ ဖာလုံခန့် ရှည်လျားကာ ဘူးသီးတောင်မှ မောင်တောမြို့သို့သွားရာ လမ်းခရီး၏ အလယ်တွင် တည်ရှိသည်။  

“မိုးက တအားရွာတယ်။ မနေ့က ညဦးပိုင်းကတည်းက ရွာနေတာ။ လှိုဏ်ခေါင်းပေါ်က လမ်းကလည်း မြေသားလမ်းဆိုတော့ အိပြီးပြိုကျကုန်တာ။ ဒီနေ့လည်း တနေ့လုံး ရွာနေတုန်းပဲ။” ဟု ဘူးသီးတောင်မြို့မှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ခရီးသည်တင် လိုင်းကားများနှင့် ကုန်တင်ကား အစီးရေ ၃ဝ ခန့်မှာ ညနေ ၄ နာရီအထိ လမ်းပိတ်ဆို့နေသည့် လှိုဏ်ခေါင်း၏ တဖက်တချက်စီတွင်  ရပ်တန့် စောင့်ဆိုင်းနေခဲ့ရသည်။

ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဆောက်လုပ်ရေးဌာနမှ ဘူဒိုဇာနှစ်စီးဖြင့် လာရောက်ရှင်းလင်းမှု ပြုခဲ့သည်။

ဘူးသီးတောင်မြို့နှင့် မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နယ်စပ်မြို့ မောင်တောသည် ၁၆ မိုင် ကွာဝေးသည်။

ယခုလမ်းကို အသုံးပြု၍ ရခိုင်ပြည်နယ်မှ ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ၊ ရာသီပေါ် အသီးအနှံများ၊ ဆန်စပါး၊ ဝါး၊ ကျွန်းသစ် စသည့် ကုန်ပစ္စည်းများကို ဘင်္ဂလားဒေ့်ခ်ျသို့ တင်ပို့ကြောင်း သိရသည်။
(မဇ္ဈိမမှတဆင့်)
ဆက်လက်ဖတ်ရှုရန်...

14 June 2010

ကလေးစစ်သားတဦး မိဘများထံ ပြန်လည်ရောက်ရှိ

ဖြိုးကြီး။ ။ ၁၃၊ ၆၊ ၂၀၁၀

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ကန်းကျွန်းကြီးကျေးရွာမှ အဖ ဦးသောင်းအေး အမိ ဒေါ်ခင်စန်းရွှေတို့၏သား အသက် (၁၇)နှစ်အရွယ် မောင်ဝေယံ ကလေးစစ်သားအဖြစ် တာဝန်ထမ်းဆောင်နေရာမှ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) အကူညီဖြင့် မိဘထံ ပြန်လည်ရောက်ရှိလာသည်။

ယခုလ (၁၀) ရက်နေ့က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး ခလရ (၃၂) တွင် တာဝန်ကျနေသည့် မောင်ဝေယံကျော် (ခ) သန့်ဇင်နောင်ကို မိဘများကိုယ်တိုင် သွားရောက်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ခင်စန်းရွှေက ပြောသည်။

“ဦးအေးမြင့်တို့နဲ့ တိုင်ပင်ပြီးတော့ ILO အဖွဲ့အစည်းများကနေ ကျမသားလေး ပျောက်သွားလို့ ကူညီပေးပါဆိုပြီး ဝိုင်းဝန်းရှာပေးလို့ သူရှိတဲ့နေရာကို သိရတာပါ၊ ဒီလ (၈) ရက်နေ့က မင်္ဂလာဒုံ ခလရ (၈၂) နံ့သာကုန်း ထောက်ကြံ့ကနေ လာအကြောင်းကြားတာပါ၊ ကလေးကိုတွေ့ပြီ သူနေတဲ့ တပ်ကို မိဘတွေကိုယ်တိုင်သွားခေါ်ပါဆိုလို ကျမတို့ (၁၀) ရက်နေ့က သွားခေါ်တာပါ” ဟု ပြောသည်။

မိဘများသွားရောက်ခေါ်လာစဉ် တာဝန်ရှိသူများက ကလေးကိုကောင်းမွန်စွာပြန်လည် ထည့်ပေးလိုက်သော်လည်း နောက်နောင် အစိုးရ၏ ဝန်ထမ်းဖြစ်ခွင့်မရှိတော့ကြောင်း ပြောလိုက်သည်ဟု မိခင်ဖြစ်သူက ဆက်ပြောသည်။

မောင်ဝေယံကျော် စတင်ပျောက်ဆုံးသွားခြင်းနှင့် ပတ်သက်၍ မိခင်ဖြစ်သူက “ကျမသားကို ၂၀၀၉ ခုနှစ်၊ ၈ လပိုင်း၊ ၂၁ ရက်နေ့က ကျမက ဆူလိုက်တော့ သူက အပြင်ထွက်သွားရင်း လမ်းမှာ စစ်သားတယောက်က စစ်ထဲဝင်မလားလို့ မေးရင်းနဲ့ ပါသွားတာ” ဟု မိခင်ဖြစ်သူက ပြောသည်။

ထို့အပြင် မောင်ဝေယံကျော်သည် ပုသိမ်စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံခဲ့ရပြီး သင်တန်းကာလအတွင် ညှဉ်းပန်းနှိပ်စက်မှုများ ရှိခဲ့ကြောင်း ပြန်လည်ပြောသည်။

၎င်းကြုံတွေ့ခဲ့ရသည်များနှင့် ပတ်သက်၍ “သင်တန်းမှာ ရိုက်တာနှက်တာတွေ ရှိတယ်၊ သင်တန်းချိန်ပြီးသွားရင် အုတ်တွေဘာတွေ ထမ်းရတယ်၊ ကောက်စိုက်၊ ကောက်ရိတ်၊ တပ်ရင်းမှူးအိမ်မှာ သန့်ရှင်းရေးတွေ လုပ်ရတယ်” ဟု ပြောသည်။

သင်တန်းကျောင်းတွင် ၎င်းနှင့်ရွယ်တူ ကလေးငယ် အယောက် (၃၀) ခန့်ရှိကြောင်းနှင့် သင်တန်းဆင်းပြီး ကိုယ်ပိုင်အမှတ် တ/ ၄၂၁၇၂၀ဖြစ် ကြာအင်းဆိပ်ကြီးသို့ တပ်သားတာဝန်ထမ်းဆောင်ရင်း ရှေ့တန်းစစ်မြေပြင်သို့ နှစ်ကြိမ်ထွက်ခဲ့ကြောင်း မောင်ဝေယံကျော်က ဆက်လက်ပြောသည်။

ယခုကဲ့သို့ မောင်ဝေယံကျော် မိဘများထံ ပြန်လည်ရောက်ရှိလာသည့်အတွက် ဝမ်းသာကြောင်းနှင့် ကလေးပြန်လည်ရောက်ရှိအောင် ကူညီပေးသူများ အားလုံးကို ကျေးဇူးတင်ကြောင်း မိခင်ဖြစ်သူက ပြောသည်။

ထို့အပြင် “နောက်နောင် ကလေးမိဘတွေအနေနဲ့လည်း အခုလို ကလေးငယ်တွေ ပျောက်ဆုံးပြီး စစ်တပ်ထဲရောက်နေရင် အကူညီပေးနေတဲ့သူတွေနဲ့ တိုင်ပင်ပြီး ကိုယ့်သားသမီးကို ပြန်ရဖို့အတွက် လုပ်ဆောင်ရန် လိုအပ်ပါတယ်” ဟု ဒေါ်ခင်သန်းရွှေ တိုက်တွန်းပြောဆိုသည်။

အသက်မပြည့်သေးဘဲ စစ်သားအဖြစ်စုဆောင်းခံရသည့် ကလေးများနှင့် ပျောက်နေသည့်ကလေးငယ်များအတွက် မိဘကိုယ်တိုင် ရပ်ကွက်၊ ကျောင်း စသည့် ထောက်ခံစာများအပါအ၀င် ကိုယ်ရေးအချက်အလက် အပြည့်အစုံဖြင့် ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်ရှိ အိုင်အယ်အိုရုံးသို့ တိုက်ရိုက် တိုင်ကြားနိုင်သည်။
(ရိုးမမှတဆင့်)
ဆက်လက်ဖတ်ရှုရန်...

မဖြူဖြူသင်း ဦးဆောင်သည့်အဖွဲ့က NLD လူကြီးများအား ဂါဝရပြု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် HIV/AIDS ရောဂါသည်တွေကို အကူအညီပေးရေး အစီအစဉ်တာဝန်ခံ မဖြူဖြူသင်းဦးဆောင်ပြီး ဝေဒနာသည်များက အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်တို့အား ဂါဝရပြု ကန်တော့သည့်ပွဲကို မနေ့ကနံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ (၁၈) ရပ်ကွက်ရှိ HIV/AIDS ဝေဒနာရှင်များကိုထားရှိသည့်နေရာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မဖြူဖြူသင်းက ပြောသည်။

“ဘဘတို့ကလည်း လူနာတွေကို အရမ်းအားပေးချင်တယ်။ လူနာတွေကလည်း ဘဘတို့ကို ဂါရ၀ပြုချင်တယ်။ အဲဒါနဲ့ ဒီနေ့တိုင်ပင်ပြီး လုပ်လိုက်တာပါ၊ ဘဘတို့က ဒီမှာလာပြီး လူနာတွေကို တွေ့ဆုံတယ်၊ အားပေးတယ်၊ အတူတူစားပြီး ချစ်ချစ် ခင်ခင်ရင်းရင်းနှီးနှီး နေကြတယ်။ လူနာတွေကလည်း ဘဘတို့ကို ကန်တော့တယ် အဲဒီပုံစံမျိုးလေး လုပ်လိုက်တာ” ဟု ပြောသည်။

ယင်းကဲ့သို့ ဝေဒနာရှင်များနှင့် တွေ့ဆုံရာတွင် ဦးဝင်းတင်နှင့် ဦးတင်ဦးတို့က ၎င်းတို့အနေဖြင့် ဝေဒနာရှင်များအတွက် ကူညီနိုင်သမျှ အကူညီပေးသွားမည်ဖြစ်ကြောင်း အားပေးပြောဆိုခဲ့သည်။

“ဘဘတို့အခုလို လာရောက်တွေ့ဆုံပြီး အားပေးစကားတွေပြောတဲ့အခါကြတော့ လူနာတွေလည်း တော်တော်တက်တက်ကြွကြွဖြစ်လာတယ်၊ အခုလောလောဆယ် ဒီမှာဝေဒနာရှင် (၆၀) လောက်ရှိတယ်၊ အပြင်က မပါသေးဘူး၊ ဘဘတို့ကလည်း အကူညီတွေပေးဖို့ လုပ်သွားမယ်ဆိုတာလည်း ပြောသွားတယ်” ဟု ဆက်ပြောသည်။

အဘဦးတင်ဦးနှင့် အဘဦးဝင်းတင်တို့ ဦးဆောင်၍ ဝေဒနာရှင်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ အထိမ်းအမှတ်ဖြစ် ခရေပင် (၂) ပင်ကို နံနက် (၁၁) နာရီအချိန်တွင် စိုက်ပျိုးခဲ့သည်။

အဖွဲ့ချုပ်၏ HIV/AIDS ကူညီရေးအစီအစဉ်ကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ညွန်ကြားချက်ဖြင့် ၂၀၀၂ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ပြီး ထိုကူညီရေးအဖွဲ့တာဝန်ခံအဖြစ် အဖွဲ့ချုပ် တောင်ဥက္ကလာပမြို့နယ် စည်းအဖွဲ့ဝင် မဖြူဖြူသင်းက တာဝန်ခံအဖြစ် ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည်။

အဖွဲ့ချုပ် ကူညီရေးအဖွဲ့ စတင်သည့်နှစ်မှ အခုအချိန်ထိ HIV/AIDS ဝေဒနာသည် (၃၀၀၀) ကျော်အတွက် ဆေးစစ်နိုင်ရန် ဆေးဝါးရရှိရန်၊ နေရေထိုင်ရေး စသည့်လိုအပ်ချက်များကို အကူအညီပေးနိုင်ခဲ့ပြီး ယခုလက်ရှိ လူနာတစ်ရာကျော်ကို လက်ခံကူညီပေးလျက်ရှိသည်။
(ရိုးမမှကူးယူသည်)
ဆက်လက်ဖတ်ရှုရန်...

12 June 2010

ဗိုလ်ကြီးစိုင်းသိမ်းဝင်းနှင့် ဗိုလ်မှူးအောင်လင်းထွဋ် တို့အပေါ်စွပ်စွဲချက်များ

စစ်အစိုးရ၏ လျှို့ဝှက် နျူကလီးယား စီမံကိန်းအကြောင်း DVB နှင့် အယ်လ်ဂျာဇီးယားတို့ ပူးပေါင်း ထုတ်လွှင့်မှုများ အတွက် DVB၊ ဗိုလ်ကြီးစိုင်းသိမ်းဝင်း နှင့် ဗိုလ်မှူးအောင်လင်းထွဋ် တို့အပေါ် မြန်မာ့ရုပ်မြင်သံကြားသတင်းမှ စွပ်စွဲခြေပချက်ဗီဒီယိုဖြစ်ပါသည်။
 စစ်အစိုးရနှင့်မြောက်ကိုရီးယားတို့၏ ပူးပေါင်းဆောင်ရွက်မှုအကျဉ်း

စစ်အစိုးရသည် အရှေ့တောင်အာရှ ဒေသတွင်း အဏုမြူလက်နက် ကင်းစင်သောဇုန်နယ်အဖြစ်

သတ်မှတ်ရေး သဘောတူညီချက် (ဘန်ကောက်သဘောတူညီချက်) ကို ၁၉၉၅ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။ နောက်တနှစ် အကြာတွင် ဘက်စုံ အဏုမြူစမ်းသပ်မှုများ တားမြစ်ရေး သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုး ခဲ့သေးသည်။
အဏုမြူစွမ်းအင် ဦးစီးဌာနကို ၁၉၉၇ အောက်တိုဘာလတွင် အသစ် ဖွဲ့စည်းခဲ့ပြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ အောက်တွင် ထားရှိသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၀၂ ခုနှစ်၊ ဇန်န၀ါရီလတွင် မြန်မာစစ်အစိုးရက "ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးချရေး အတွက်" အဏုမြူ သုတေသနဓာတ်ပေါင်းဖို တခုတည် ဆောက်ရန် အစီအစဉ်ကို အတည်ပြုပြောဆိုလာခဲ့သည်။ ထိုအချိန် က နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးခင်မောင်ဝင်းက "မြန်မာနိုင်ငံ၏ အဏုမြူစွမ်းအင်အပေါ် ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် စိတ်ဝင်စားမှုမှာ ကာလကြာရှည်ကတည်းက ရှိနေခဲ့သည်" ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

၂၀၀၃ ဇူလိုင်လတွင် မြောက်ကိုရီးယား ပညာရှင် ၁၅ ဦးမှ ၂၀ အထိ ရန်ကုန်ရှိ ရေတပ်စခန်းတခုနှင့် ကာကွယ်ရေး ဝန်ကြီးဌာန၏ ဧည့်ရိပ်သာ တခုတွင် တွေ့ရကြောင်း ဟောင်ကောင် အခြေစိုက် အရှေ့ဖျားဒေသ စီးပွားရေးရာ စာစောင် က ရေးသားဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် မြန်မာပြည်ကို ဒုံးကျည်များ ရောင်းချနေသည်ဟု အမေရိကန် အစိုးရ အရာရှိတို့က ၂ဝဝ၄ ခုနှစ်ကလည်း ထုတ်ဖော် ပြောကြားခဲ့သည်။


မြန်မာနှင့် မြောက်ကိုရီးယားတို့သည် ၂ နိုင်ငံ သံတမန် ပုံမှန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ရာမှ မကြာသေး သော နှစ်များ အတွင်း တိတ်တဆိတ် ဆက်ဆံရေးများ ပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီလတွင် တရားဝင် ဆက်ဆံရေး ပြန်လည် စတင်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက်ကိုရီးယားသို့ လျှို့ဝှက် သွားရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်း ပေါက်ကြားခဲ့သည်။ ထိုခရီးစဉ်တွင် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် နှင့် စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

၂၀၀၉ ခုနှစ် ဇွန်လတွင်လည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်းသွားသည့် သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

၂၀၀၉ ခုနှစ်တွင် မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နှင့် ပတ်သက် ဆက်နွယ်မှုရှိသည်ဟု ယူဆရသော သံလိုက်ဓာတ်အား တိုင်းတာသည့် ကိရိယာ တမျိုးကို မလေးရှားမှ တဆင့် မြန်မာနိုင်ငံသို့ တင်သွင်းရန် ကြိုးပမ်းခဲ့သူ ၃ ဦးကို ဂျပန်နိုင်ငံ၌ ဖမ်းဆီးခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က မြောက်ကိုရီးယားသည် မြန်မာနိုင်ငံသို့ နျူကလီးယား နည်းပညာ လွှဲပြောင်းပေးအပ်ပါက အာဆီယံ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်ကြောင်း ၂၀၀၉ ခုနှစ် ဇူလိုင်လတွင်းက ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်တွင် ကျင်းပသော အာဆီယံအစည်းအဝေး လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် သတိပေး ပြောကြားဖူးသည်။

စစ်အစိုးရသည် သန့်စင်ပြီးသား ယူရေနီယံများကို မြောက်ကိုရီးယားနိုင်ငံ၏ နည်းပညာ အကူအညီဖြင့် လာမည့် ၅ နှစ် အတွင်း အဏုမြူဗုံး ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ၂၀၀၉ ခုနှစ် သြဂုတ်လထုတ် Sydney Morning Herald သတင်းစာ၏ ဆောင်း ပါးတပုဒ်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံ နျူကလီးယား နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုများ အတွက် စိုးရိမ် ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ P. J Crowleyက ယခုနှစ် ၂၀၁၀ မတ်လ ပထမပတ်တွင် ပြောကြားခဲ့သေးသည်။

စစ်အစိုးရ၏ လျှို့ဝှက်သတင်းများ ပေါက်ကြားမှုကြောင့် ထိန်းသိမ်းထားသည့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူး ၀င်းနိုင်ကျော်ကို အင်းစိန်ထောင်တွင် ယခုနှစ် ၂၀၁၀ ဇန်နဝါရီလ ၇ ရက်က သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ချမှတ်ခဲ့သည်။


ဗိုလ်မှူး ဝင်းနိုင်ကျော်သည် စစ်အစိုးရ၏ လျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်း၊ မြေအောက် လိုဏ်ခေါင်းများ ဖောက်လုပ်ရေး စီမံကိန်း၊ လျှို့ဝှက်သွားရောက်ပြီး လက်နက်ဝယ်ယူခဲ့သည့် မြောက်ကိုရီးယားခရီးစဉ်၊ ရုရှား၊ အိန္ဒိယခေါင်းဆောင်များနှင့် လျှို့ဝှက် ဆွေးနွေးခဲ့သည့်မှတ်တမ်းများနှင့်ပတ်သက်ပြီး မီဒီယာများထံပေါက်ကြားခဲ့သည့်အတွက် ဖမ်းဆီး အပြစ်ပေး ခံခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့တွင် ကုလသမဂ္ဂ ကျွမ်းကျင် သူများထံမှ ပေါက်ကြား လာသည့် ၄၇ မျက်နှာရှိ အစီရင်ခံစာ တစောင်ကို အေပီသတင်း ဌာနက ကိုးကား ဖော်ပြရာ၌ မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက် ရှိပြီး ကုလ သမဂ္ဂ၏ အရေး ယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက် ရှိသည်ဟု ဆိုထားသည်။

(ဗီဒီယိုအား ဟံသာဝတီ မှ ရယူပါသည်)
ဆက်လက်ဖတ်ရှုရန်...

မြောက်ကိုရီးယား နှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးအပေါ် သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံ၏ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်ဆံရေးနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်းကို ဇွန်လ ၁၁ ရက်နေ့ ညပိုင်း ည ၈ နာရီအချိန် ထုတ်လွှင့်ခဲ့သည့် သတင်း အစီအစဉ်တွင် ဖော်ပြခဲ့ပါသည်။
        သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတို့သည် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ သံတမန် အဆက်အသွယ် ပြတ်တောက်နေခဲ့ပြီးနောက် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာနိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးမူဝါဒအရ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်သွယ်ရေး ပြန်လည်ထူထောင်ရန် ဆုံးဖြတ်ခဲ့ပြီး ၂၆-၄-၂၀၀၇ ရက်နေ့တွင် နှစ်နိုင်ငံ သံတမန်အဆက်အသွယ် ပြန်လည် ထူထောင်ခဲ့ခြင်း ဖြစ်ပါသည်။ 
        နှစ်နိုင်ငံအကြား  သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ပြီးနောက် မြန်မာနှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတို့သည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံများဖြစ်သည့်နှင့်အညီ အခြားကမ္ဘာနိုင်ငံများနှင့် နည်းတူ နှစ်နိုင်ငံ အကြားကုန်သွယ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေခြင်းဖြစ်ပါသည်။ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်အနေဖြင့် ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နှစ်ဖက်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး အပြန်အလှန် ကူညီမှုများလည်း ရှိခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် ၁၇-၅-၂၀၀၈ ရက်နေ့တွင် ဆန်တန်ချိန် ၁၅၀၀ အား ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသို့ ကူညီပေးပို့ခဲ့ပြီး၊ ဆန်တန်ချိန်တစ်သောင်းကိုလည်း ရောင်းချခဲ့ရာ အကြိမ်များခွဲ၍ ရေကြောင်း ခရီးဖြင့် ပေးပို့စေခဲ့ပါသည်။ ထိုကဲ့သို့ နှစ်နိုင်ငံအကျိုးတူ ကုန်သွယ်ရေး ဖြစ်ထွန်းလျက်ရှိရာတွင် မြောက်ကိုရီးယားသင်္ဘောများ မြန်မာနိုင်ငံဆိပ်ကမ်းသို့ လာရောက်ခဲ့ခြင်းအပေါ် အခြေခံ၍ ၂၀၀၉ ခုနှစ် ဇွန်လဆန်းတွင် ကန်နန် (၁) အမည်ရှိ မြောက် ကိုရီးယားသင်္ဘောသည် လက်နက်များတင်ဆောင်၍ မြန်မာနိုင်ငံသို့ ဦးတည်သွားနေသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပါသည်။ 
        ထိုသတင်းများမှာ အခြေအမြစ်မရှိဘဲ ထင်မြင်ယူဆချက်များအပေါ် အခြေခံ၍လည်းကောင်း၊ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးလို၍လည်းကောင်း ပေါ်ပေါက်လာသည့် သတင်းများသာ ဖြစ်ခဲ့ပါသည်။ ယခုနှစ် ဧပြီလတွင် မြောက်ကိုရီးယားသင်္ဘော ချုံကမ်မြန်မာနိုင်ငံ ဆိပ်ကမ်းသို့ ဆိုက်ကပ်၍ ပုံမှန်ကုန်ပစ္စည်းများ အတင်အချ ပြုလုပ်ခဲ့ခြင်းအပေါ် ကုလသမဂ္ဂလုံ ခြုံရေးကောင်စီ၏  ဆုံးဖြတ်ချက် အမှတ် (၁၈၇၄) ကို ချိုးဖောက်ခဲ့ကြောင်း သတ်မှတ် ပိတ်ပင်ထားသည့် ပစ္စည်းများ တင်ဆောင်လာခဲ့ကြောင်းဖြင့် စွပ်စွဲပြောဆိုမှုများ ပေါ်ထွက်ခဲ့ပါသည်။ ဖြစ်ရပ်မှန်မှာ ကန့်သတ်မှု မရှိသည့် ဘိလပ်မြေများ တင်သွင်းပြီး ဆန်တန်ချိန်  တစ်သောင်း တင်ပို့ရောင်းဝယ်ခဲ့ခြင်းသာ ဖြစ်ပါသည်။ 
        အမှန်စင်စစ် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံမှ ကုန်တင်သင်္ဘောများ မြောက်ကိုရီးယား ဆိပ်ကမ်းမှ ထွက်ခွာလာသည့်အခါ လမ်းတစ်လျှောက် စစ်ဆေးရန်အခွင့်အရေးများ ရှိသော်လည်း စစ်ဆေးခဲ့ခြင်းများ မရှိဘဲ မည်သည့် နိုင်ငံသို့ ဦးတည်သွားရောက်သည်ကိုပင် မသိရှိရသေးမီ ထိုသင်္ဘောမှာ လက်နက်များတင်ဆောင်၍ မြန်မာနိုင်ငံသို့ ဦးတည်နေကြောင်းဖြင့် ကြိုတင်၍ တာဝန်မဲ့ စွပ်စွဲပြောဆိုမှုများ မပြုလုပ်သင့်ဟု ယူဆပါသည်။
        မြန်မာနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံနှင့်မဆို မိတ်ဆွေနိုင်ငံကဲ့သို့ ခင်မင်ရင်းနှီးစွာ ဆက်ဆံလျက်ရှိသည့်နည်းတူ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံနှင့်လည်း ကူးသန်းဆက်သွယ်မှုများ ပြုလုပ်လျက် ရှိပါသည်။ အချို့နိုင်ငံ များက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် (၁၈၇၄) အရ လိုက်နာဆောင်ရွက်ရေးနှင့် ပတ်သက်၍ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် ကုန်စည်ရောင်းဝယ်မှုအပေါ် မြန်မာနိုင်ငံအား စွပ်စွဲမှုများ ပြုလုပ်လေ့ရှိသော်လည်း အခြေအမြစ်မရှိပါ။ မြန်မာဆိပ်ကမ်းသို့ မြောက်ကိုရီးယားသင်္ဘော ဆိုက်ကပ်ခဲ့ရာတွင်လည်း သက်ဆိုင်ရာ ဆိပ်ကမ်းအာဏာပိုင်များမှ လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေး၍ ဆိုက်ကပ်ထွက်ခွာခွင့် ပြုခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အလျောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါသည်ဟု ဖော်ပြပါရှိပါသည်။


(Eleven Media Group မှစာသားများကူးယူ၍ ဟံသာဝတီမှ ဗီဒီယိုအားကူးယူဖော်ပြသည်)
ဆက်လက်ဖတ်ရှုရန်...

မြန်မာ့နျူကလီယား စီမံကိန်းနှင့် ပတ်သက်ပြီး စစ်အစိုးရ၏ ပြန်လည်ဖြေရှင်းချက်

မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ပိုင်ဆိုင်ရန် ရည်ရွယ်ချက်ဖြင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်း၍ နျူကလီးယားအစီအစဉ်တစ်ရပ် ကြိုးပမ်းလုပ်ဆောင်နေကြောင်း ထုတ်လွှင့်ခဲ့မှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက်
        အဆိုပါ ထုတ်ပြန်ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 
        မြန်မာနိုင်ငံသည် နျူကလီးယားလက်နက် ပိုင်ဆိုင်ရန်ရည်ရွယ်ချက်ဖြင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်း၍ နျူကလီးယားအစီအစဉ်တစ်ရပ် ကြိုးပမ်းလုပ်ဆောင်နေကြောင်း စွပ်စွဲထုတ်လွှင့်ခဲ့ကြပါသည်။ ယင်းသို့ ထုတ်လွှင့်ပြော ဆိုချက်များသည် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များသာဖြစ်ပြီး နိုင်ငံရေးထိုးနှက်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းသာဖြစ်ပါသည်။ ယင်းစွပ်စွဲချက်များသည် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေရန် ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ် သတင်းမီဒီယာဌာနများမှ မမှန်မကန် ထုတ်လွှင့်မှုများဖြစ်ခြင်း၊ တပ်ပြေးအချို့နှင့် ပြည်ပြေးအချို့၏ စွပ်စွဲပြောဆိုမှုများအပေါ် အခြေခံထားခြင်းတို့ကြောင့် ယုံကြည်စိတ်ချရသော တိကျမှန်ကန်မှုမရှိသည့် မျှတမှုမရှိသည့် သတင်းများသာ ဖြစ်ပါသည်။ယင်းသို့ အခြေအမြစ်မရှိသည့် စွပ်စွဲချက်များသည် မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် လုံးဝကွာခြားသော ကိစ္စဖြစ်၍ တုံ့ပြန်ဖြေရှင်းရန် လိုအပ်ခြင်းမရှိဟု ယူဆခဲ့ပါသည်။ အမေရိကန်အစိုးရမှ မြန်မာနိုင်ငံနှင့်ထိတွေ့ဆက်ဆံမှု ပြုလုပ်ရန် မူဝါဒချမှတ်ခဲ့ပြီးနောက် ယင်းမူဝါဒနှင့်အညီ အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာဂျင်ဝက်ဘ်နှင့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကတ်ကမ်းဘဲလ်တို့သည် မြန်မာနိုင်ငံသို့ လာရောက်၍ နှစ်နိုင်ငံအကြား ထိတွေ့ဆွေးနွေးမှုလုပ်ငန်းစဉ်များကို ပြုလုပ်ခဲ့ကြပါသည်။ ယင်းကဲ့သို့ အမေရိကန်နှင့် မြန်မာဆက်ဆံရေး ပြန်လည်စတင်နေချိန်တွင် မြန်မာအစိုးရအား ဆန့်ကျင်သူများက သတင်းမီဒီယာများနှင့် ပူးပေါင်း၍ ရည်ရွယ်ချက်ရှိရှိဖြင့် မြန်မာနိုင်ငံအပေါ် နျူကလီးယားနှင့်ပတ်သက်သည့် စွပ်စွဲချက်များကို အချိန်ကိုက်လုပ်ကြံဖန်တီးခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် မြန်မာအစိုးရအနေဖြင့် ယခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီအသွင်ကူး ပြောင်းရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေချိန်တွင် နိုင်ငံရေးလုပ်ငန်းစဉ်အပေါ် အဟန့်အတားဖြစ်စေရန်နှင့် နိုင်ငံရေးအရ သိက္ခာကျစေရန် ထိုးနှက်လုပ်ဆောင်ခြင်းပဲ ဖြစ်ပါသည်။ ယင်းသို့ စွပ်စွဲချက်များ ထွက်ပေါ်လာခြင်းကြောင့် မြန်မာနိုင်ငံသို့ ဇွန်လဆန်းပိုင်းတွင် လာရောက်ရန် စီစဉ်ထားခဲ့သော အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာဂျင်ဝက်ဘ်သည်  ၎င်း၏ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ပါသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ကုလသမဂ္ဂမှ ပြဌာန်းထားမှုများ၊ ဆုံးဖြတ်ချက်များကို အစဉ်လေးစားလိုက်နာနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထို့အပြင် ဂျနီဖာမြို့ရှိ လက်နက်ဖျက်သိမ်းရေးကွန်ဖရင့်၏ မူလအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် တက် ကြွစွာ ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံသည် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယင်းစာချုပ်နှင့်စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ IAEA ၏ စောင့်ကြည့်မှု သဘောတူညီချက်ကိုလည်း ၁၉၉၅ ခုနှစ်တွင် IAEA နှင့် လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါသည်။ ဒေသတွင်း အဆင့်တွင်လည်း မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နျူကလီးယားလက်နက် ကင်းမဲ့ရေးဇုန် စာချုပ်တွင် ပါဝင်ထားသည့် အာဆီယံအသင်းဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာရေး၊ ပညာရေးနယ်ပယ်များတွင် ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် အသုံးပြုရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ရုရှားနိုင်ငံ အပါအ၀င် အခြားနိုင်ငံများသို့ ပညာသင်များ စေလွှတ်ခြင်းအပြင် ရှရှားနိုင်ငံနှင့်ပူးပေါင်း၍ ၁၀ မဂ္ဂါဝပ်ရှိသော နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ရန် သဘောတူညီတစ်ရပ် ရှိခဲ့ဖူးသော်လည်း လုံလောက်သည့် အရင်းအမြစ်များ မရှိခြင်း၊ နိုင်ငံတကာမှ နားလည်မှု လွယ်မှားမည် စိုးခြင်းတို့ကြောင့် လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသေးဘဲ၊ ရပ်ဆိုင်းထားခဲ့ပါသည်။ ယင်းစီမံကိန်းကိုလည်း IAEA ၏ စောင့်ကြည့်မှု အစီအစဉ်အောက်မှနေ၍ ဆောင်ရွက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးနှင့် နျူကလီးယားလက်နက် ထုတ်လုပ်ရေးကို ခွဲခြားရှုမြင်ရန် လိုအပ်မည် ဖြစ်ပါသည်။ နိုင်ငံတိုင်းသည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် ငြိမ်းချမ်းစွာ အသုံးပြုနိုင်သည့် အခွင့်အရေးရှိသည့် အချက်ကို မြန်မာနိုင်ငံမှ အစဉ်တစိုက် ထောက်ခံခဲ့ပါသည်။ နျူကလီးယားလက်နက် မပြန့်ပွားရေးကို ထောက်ခံသည့် တစ်ချိန်တည်းမှာပင် နျူကလီးယားလက်နက်များ မပြန့်ပွားရေးစာချုပ်အား နိုင်ငံရေးအရ အသုံးမပြုရေးနှင့် ယင်းစာချုပ်အား အကောင်အထည် ဖော်ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ခွဲခြားဆက်ဆံမှု မပြုရေးမူများကို ထောက်ခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ 
        မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်အတူ လက်တွဲလျက် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် အစဉ်တစိုက် ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ထိပါးစေမည့် လုပ်ဆောင်မှုမျိုးကို မည်သည့်အခါမျှ လုပ်ဆောင်မည် မဟုတ်ပါ။ မြန်မာနိုင်ငံအပေါ် နျူကလီးယားနှင့် ပတ်သက်၍ အခြေအမြစ်မရှိသော စွပ်စွဲမှုချက်များကို အခြေပြု၍ ဖိအားပေးမှုများသည် လည်းကောင်း၊ ပြည်တွင်းရေးတွင် စွက်ဖက်ရန် နိုင်ငံရေးရည်ရွယ်ချက် (သို့မဟုတ်) ပထ၀ီဒေသဆိုင်ရာ နိုင်ငံရေးမဟာဗျူဟာ ရည်မှန်းချက်ဖြင့် ဝေဖန်စွပ်စွဲမှုများသည် လည်းကောင်း ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အကျိုးပြုမည် မဟုတ်ပါ။ 
        နျူကလီးယား လက်နက်ထုတ်လုပ်ရန် မြန်မာနိုင်ငံအနေဖြင့် အခြေခံအဆောက်အအုံနှင့်  နည်းပညာအရ လည်းကောင်း၊ ငွေကြေးအရင်းအမြစ်အရ လည်းကောင်း လုံလောက်မှုမရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သည့် အခြေအနေမရှိဟု ကျွမ်းကျင်သူအချို့က  သုံးသပ်ကြပါသည်။ ယင်းအကြောင်းအရင်းများကြောင့် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုများရှိကြောင်း စွပ်စွဲချက်များသည် မှန်ကန်မှု မရှိကြောင်းနှင့် နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးအတွက် ကြိုးပမ်းမှုများ အလျဉ်းမရှိကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။ 
        မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးကိုသာ လိုလားပြီး နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် စစ်အင်အားနိုင်ငံဖြစ်လာရန် ရည်ရွယ်ချက်မရှိပါဟု ဖော်ပြပါရှိပါသည်။

(Eleven Media Group မှတဆင့်ကူးယူ၍ ဗီဒီယိုအား ဟံသာဝတီမှတဆင့် ရယူပါသည်)
ဆက်လက်ဖတ်ရှုရန်...

လမ်းပြကြယ်ဦးအေးမြင့်က ကလေးစစ်သား မောင်အောင်လှိုင်ဖြိုး(မော်လမြိုင်) အကြောင်း ထုတ်ဖော်ပြောဆို

မိုးမခအထောက်တော် ၀၀၃
ဇွန် ၁၁၊ ၂၀၁၀
ရုပ်မြင်ကင်မရာဖြင့် ကိုယ်တိုင်ထုတ်ဖော်ပြောဆိုချက်တွင် ကလေးစစ်သားအရေး၊ အဓမ္မလုပ်အားပေးများအရေး ဆောင်ရွက်နေသော လမ်းပြကြယ်အဖွဲ့၏ ခေါင်းဆောင် ဦးအေးမြင့်က ၎င်း၏ စာရင်းအရ ၂၀၁၀ ခုနှစ်အတွင်း ၂၂ ဦးမြောက်ကလေးစစ်သား မောင်အောင်လှိုင်ဖြိုး အကြောင်း အသေးစိတ် တင်ပြပြောဆိုထားသည်ကို တွေ့ရသည်။
အသက် ၁၄နှစ် အရွယ် မောင်အောင်လှိုင်ဖြိုးသည် ထိုင်းနယ်စပ်တွင် အလုပ်လုပ်ကိုင်ရန် သူငယ်ချင်းများနဲ့ အိမ်မှ ထွက်လာရာတွင်၊ သာမညနယ်အရောက် သာမညထမင်းဆိုင်သို့ ရောက်ရှိစဉ် ထမင်းဆိုင်ပိုင်ရှင်က ကြာအင်းဆိပ်ကြီးရှိ ခမရ ၂၈၄  စစ်တပ်သို့ အကြောင်းကြားပြီး စစ်တပ်တွင်း သွင်းရန် သတင်းပေးလိုက်သည်ဟု ဆိုသည်။ ခမရ ၂၈၄ က ရဲဘော်တဦးက ထိုကလေးငယ်ကို စစ်တပ်သို့ စာရင်းသွင်းပြီး တပ်အတွင်းရှိ ကင်းစောင့်ခြင်းနှင့် အခြားအလုပ်ကြမ်းများ ခိုင်းစေထားသည်ဟု သိရသည်။ ကလေးငယ်က မိဘရပ်ထံပြန်ပြေးသော်လည်း တပ်ထိန်းက ပြန်ဖမ်းပြီး ပြစ်ဒဏ်ချလိုက်ကြောင်း၊ မိဘက အသက်မပြည့်ကြောင်း သက်သေပြသော်လည်း ပြစ်ဒဏ်ချပြီး စစ်တပ်ကို ပြန်ပို့မည်ဟု ဆိုကြောင်း သိရသည်။
ဦးအေးမြင့်က ပြည်သူလူထုအတွင်းမှာပင် ကိုယ်ချင်းစာစိတ်၊ မိဘချင်း သားသမီးချင်း စာနာစိတ် မရှိကြပုံ၊ အောက်ခြေတပ်မတော်သားများကလည်း ပြည်သူလူထုအပေါ် သစ္စာစောင့်သိ စောင့်ရှောက်ရန် စိတ်ဓာတ်သိက္ခာ ခေါင်းပါးပုံတို့ကို ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ထားသည်ကို တွေ့ရသည်။
ပြည်တွင်းမီဒီယာများကတဆင့် ကလေးစစ်သားတွေ မရှိဘူးဟု လိမ်ညာသတင်း မပေးသင့်ကြောင်း၊ မတရားမှုကျူးလွန်သူ စစ်သားများကလည်း တပ်မတော်၏ သိက္ခာကို စောင့်ထိန်းရန် မကြိုးစားဘဲ ပြည်သူလူထုကို ခြိန်းခြောက်အနိုင်ကျင့်ပြီး သတင်းမှန်များကို ဖုံးကွယ်ရန် မလုပ်သင့်ကြောင်း၊ ပြည်တွင်းပြဿနာများကို အချင်းချင်း မဖြေရှင်းနိုင်ဘဲ ပြည်ပက  ၀င်ရောက် ဖြေရှင်းခြင်းကို ခံနေရတာ၊ ဝေဖန်ပြစ်တင်ခြင်း ခံနေရတာသည် တိုင်းပြည်နှင့် ပြည်သူလူထု၏ သိက္ခာ အလွန်ကျဆင်းကြောင်း၊ သို့သော်လည်း အိုင်အယ်လ်အိုကို တိုင်ကြားသင့်က တိုင်ကြားရတာ ဖြစ်ကြောင်း၊ ထိုထက်လိုအပ်လာပါက ကုလသမဂ္ဂသို့ ဆက်လက် သတင်းပို့တင်ပြရမည် ဖြစ်ကြောင်း ပြောကြားထားသည်ကို တွေ့ရသည်။


(မိုးမခမှကူးယူ၍ ဗီဒီယိုအား လမ်းပြကြယ်မှရယူပါသည်)
ဆက်လက်ဖတ်ရှုရန်...

ရန်ကုန်တွင် လျှပ်စစ်မီး ရချိန်နည်းပါးသဖြင့် မိုဘိုင်းဖုန်းလိုင်းများ ခေါ်ဆိုရခက်

မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၁၁၊ ရန်ကုန်
ရန်ကုန်မြို့တွင် လျှပ်စစ်မီး ရရှိချိန် ပိုမိုနည်းပါးလာ သဖြင့် မိုဘိုင်းဖုန်း ကွန်ရက်နှင့် ပတ်သက်သည့် ထပ်ဆင့်လွှင့်ထုတ်သည့် နေရာများအား အချိန်ပြည့် ဖွင့်မထားနိုင်သည့် အဖြစ်နှင့် ကြုံတွေ့နေရပြီး မိုဘိုင်းဖုန်းသုံးစွဲသူများ အခက်အခဲကြုံနေရသည်။ မိုဘိုင်းဖုန်း ကွန်ရက်တွင် ထပ်ဆင့်လွှင့်ထုတ်ပေးသည့်တိုင် များအား အချိန်ပြည့် လျှပ်စစ်ဓါတ်အားပေးထား ရန်အတွက် လောင်စာဆီမလုံလောက် တော့သည်အဖြစ်ကို လတ်တလော ကြုံတွေ့နေရသည်ဟု မြန်မာ့ ဆက်သွယ်ရေး အင်ဂျင်နီယာ တဦးက ပြောသည်။
        ``အရင်ကာလတွေက မီးလာချိန်များသေးပြီး မီးပျက်ချိန်မှာ မီးစက်နှိုးထားဖို့ လောင်စာဆီလုံလောက်ပေမယ့် အခုသီတင်းပတ်တွေမှာ မီးပျက်ချိန်များလွန်းတော့ လောင်စာဆီမလောက်တဲ့ အခါ ပိတ်ထားရတော့တယ်။ အဲဒါကြောင့် ကွန်ရက်တခုလုံး မမိတာ ၊ ဆက်သွယ်ရခက်ခဲတာ ၊ ဂျီအက်စ်အမ်ဆို မက်ဆေ့ခ်ျ ပို့ရခက်ခဲတာတွေ နဲ့ကြုံနေရတာပါ။ အခုရက်ပိုင်းမှာ ဆက်သွယ်ရေး ၀န်ကြီး ဦးသိန်းဇော်( ယခင်ဗိုလ်မှူးချုပ် ) လာတော့ အဲဒီအခြေအနေကို တင်ပြပါတယ်။ ၀န်ကြီးက မီးမလာလို့ စက်တွေ အချိန်ပြည့်မလည်နိုင်တာတော့ မဖြစ်သင့်ဘူးလို့ ပြောတယ်၊ ဒါပေမယ့်လည်း လောင်စာဆီ ထပ်တိုးပေးဖို့လည်း မရှိတော့ ကျွန်တော်တို့ ၀န်ထမ်းတွေအနေနဲ့ ဘာမှ မတတ်နိုင်တဲ့ အခြေအနေပါ´´
          ဟု အထက်ပါ အင်ဂျင်နီယာ ကပြောဆိုသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် မိုဘိုင်းဖုန်း လိုင်းတစ်လိုင်းဈေးနှုန်း အမြင့်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အပြင် တစ်မိနစ် ပြောဆိုခတွင်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံထက် နှစ်ဆနီးပါးများနေပြီး ၀န်ဆောင်မှုပိုင်းတွင်မူ အနိမ့်ဆုံး အနေအထားမျိုး နှင့်ကြုံတွေ့နေရသည်။
ရန်ကုန်မြို့မှ မိုဘိုင်းဖုန်းသုံးစွဲသူများ အနေဖြင့် လိုင်းမ၀င်ခြင်း၊ `ကွန်နက်ရှင် အယ်ရာ´ဖြစ်ခြင်း၊ မက်ဆေ့ခ်ျ ပို့ရခက်ခြဲ့ခင်း၊ အစရှိသည့် ပြဿနာများနှင့် အစဉ် ရင်ဆိုင်ကြုံတွေ့နေရပြီး အခြားနိုင်ငံများကဲ့သို့ အခြားရွေးချယ်စရာ မိုဘိုင်းဖုန်း ကုမ္ပဏီမရှိသဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ချပေးသည့် ဖုန်းများကိုသာ ဈေးကြီးပေးဝယ် သုံးစွဲနေကြရသည်။
မတ်လကုန် ဧပြီလဆန်းမှ စတင်ပြီး အခြေအနေဆိုးနေသည့်  ရန်ကုန်မြို့လျှပ်စစ်မီး ရရှိမှုသည် ယခုရက်များထိ ဆက်လည် ဖြစ်ပေါ်နေဆဲဖြစ်ပြီး ယနေ့သတင်းစာတွင် ရတနာ သဘာဝဓါတ်ငွေ့တွင်းမှ ရန်ကုန်သို့ သွယ်တန်းသည့် ၂၄ လက်မ ဓါတ်ငွေ့ပိုက်မှ ဓါတ်ငွေ့ကို ၉ရက်နေ့တွင် စတင်ပို့လွှတ်ပြီဟု မျက်နှာဖုံးတွင် ဖေါ်ပြထားသော်လည်း လျှပ်စစ်မီး အခြေအနေမှ တိုးတက်လာခြင်း မရှိသေးပေ။
ရန်ကုန်လျှပ်စစ်ဓါတ်အားပေး တာဘိုင်စက်များ လည်ပတ်ရန် ညောင်တုန်း ရေနံမြေ သဘာဝဓါတ်ငွေ့ တနင်္သာရီတိုင်း ရေဖြူ ဘက်မှလာသည့် သဘာဝဓါတ်ငွေ့နှင့် ယခုနောက်ဆုံး မုတ္တမ ပင်လယ်ကွေ့ ရတနာ ဓါတ်ငွေ့တွင်းမှ ဓါတ်ငွေ့များ ပို့လွှတ်ရန် ပိုက်သွယ်တန်းခဲ့ခြင်းဖြစ်သည်။
ဆက်လက်ဖတ်ရှုရန်...

ရန်ကုန်မှာ ပုဂ္ဂလိက ဓါတ်ဆီဆိုင် စတင်ရောင်းပြီ

မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၁၁၊ ရန်ကုန်
နအဖ အစိုးရ၏ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး စီမံကိန်း တစိတ်တဒေသ ဖြစ်သည့် ပုဂ္ဂလိကပိုင် လောင်စာဆီဆိုင်များ ရန်ကုန်တွင် ယနေ့ စတင်ရောင်းချသည်ကို တွေ့ရှိရသည်။ ယခုနှစ်ဆန်းမှ စတင်ပြီး အစိုးရပိုင် ဓါတ်ဆီဆိုင် ၂၄၆ ဆိုင်ကို ပုဂ္ဂလိကပိုင် ပြုလုပ်ရန် အဆိုပြုလွှာများ ခေါ်ယူခဲ့ပြီးနောက် မေလ ၁၅ရက်နေ့တွင် လွှဲပြောင်းမည်ဟု ဆိုသော်လည်း ရန်ကုန်မြို့ရှိ ဓါတ်ဆီဆိုင်များအား ယနေ့တွင်မှ အမှန်တကယ် လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုခြင်းဖြစ်သည်။
သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ပြီးနောက် နယ်မြို့အချို့တွင် ပုဂ္ဂလိကပိုင် ဓါတ်ဆီဆိုင်များ ရောင်းချခွင့်ပြုခဲ့သည်ကို တွေ့ရှိရသော်လည်း ရန်ကုန်မြို့ရှိ ဓါတ်ဆီဆိုင်များကိုမူ ယနေ့မှ စတင်ရောင်းချစေခြင်း ဖြစ်သည်။
မော်တော်ယာဉ်ပိုင်ရှင် တဦးက
``ခါတိုင်း ကိုယ်ထုတ်နေကျ ဆိုင်ကိုဒီနေ့ ဓါတ်ဆီသွားထုတ်တော့ ဆီစာအုပ်မလိုတော့ပဲ တဂါလံ ၂၅၀၀ ကျပ်နဲ့ ကြိုက်သလောက်ထည့်တဲ့၊ ဆီစာအုပ်ကို ဘာလုပ်ရမှာလဲလို့ ဆိုတော့ အမှတ်တရ သိမ်းထားလိုက်ပါလို့ ဆိုင်ကပြောလိုက်တယ်၊ နောက် ကားလိုင်စင် သက်တမ်းတိုးတော့ လိုဦးမှာလား မသိဘူး´´
ဟု ပြောသည်။
အခြားတက္ကစီ မောင်းသူတဦးကလည်း
``ဒီနေ့ ပုဂ္ဂလိကဆိုင်မှာ ဆီသွားဖြည့်တော့ ပန့်ကိုင်တဲ့သူတွေက မိန်းကလေးငယ်တွေ ဖြစ်နေတယ်။ တခါမှ မိန်းကလေးတွေ ပန့်မကိုင်ဘူးသေးတော့ ထူးဆန်းနေတာ၊ ဆိုင်ဆိုင်းဘုတ်တွေလည်း ပုဂ္ဂလိက ကုမ္ပဏီနာမည်တွေတပ်ထားတယ်။ ဆေးရောင်တွေလည်း ပြောင်းသုတ်ထားပြီ။ အပြင်မှာ ရောင်းနေတဲ့ ဓါတ်ဆီဈေးက တစ်ဂါလံ ၂၈၀၀ ကျပ်၊ အခု ပန့်မှာက ၂၅၀၀ ကျပ်၊ အပြင်ထက်သက်သာတယ်။ ဂါလံ အချင်အတွယ် ပြည့်မပြည့်တော့ မသိသေးဘူး။ အရင်အစိုးရဆိုင်လို အချင်အတွယ် ခိုးမယ်ဆိုရင်တော့ ဈေးနှုန်းသက်သာတာ အလကားဖြစ်မှာပဲ´´
ဟုပြောသည်။
ဓါတ်ဆီဆိုင် ၀န်ထမ်းဟောင်း တဦးက
``စွမ်းအင်ဝန်ကြီးဌါနက နကိုဝန်ထမ်းတွေက လာမယ့် ၃လ ကြာပုဂ္ဂလိကပိုင်ဖြစ်သွားတဲ့ ဆိုင်တွေမှာ ဆက်လုပ်လို့ရသေးတယ်။ နကိုလစာအတိုင်း လုပ်သွားပြီး အဲဒီနောက်မှာတော့ စွမ်းအင်ဝန်ကြီး ဌါနက အခြားဌါနခွဲတွေမှာ ၀င်လုပ်ချင်ရင် ပြောင်းရွှေ့ပေးမယ့်သဘောလို့ သိရတယ်´´
ဟု ဆိုသည်။
အာဏာသိမ်း တော်လှန်ရေး ကောင်စီ အစိုးရက ၁၉၆၃ ခုနှစ်တွင် ပုဂ္ဂလိက လုပ်ငန်းများအား ပြည်သူပိုင်သိမ်းပြီး နောက်ပိုင်း လောင်စာဆီ တင်သွင်း ဖြန့်ဖြူးခြင်းကို အစိုးရသာလုပ်ပိုင်ခွင့်ရှိသည့် လုပ်ငန်းအဖြစ်သတ်မှတ် လုပ်ကိုင်ခဲ့ရာ ၄၇ နှစ်အကြာ မှ ပုဂ္ဂလိကပိုင် အဖြစ်တရားဝင် ပြန်လည်လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။
ယခုလို တရားဝင်လုပ်ပိုင်ခွင့်မပြုမီ  ဆယ်စုနှစ်များစွာ မှောင်ခို ဈေးကွက်ဟုခေါ်ဆိုသည့် ပြင်ပဈေးကွက် တွင်ကျယ်စွာ တည်ရှိနေခဲ့ပြီး အချို့သောကာလများတွင် ယာဉ်ပိုင်ရှင်များက အစိုးရထံမှ ရရှိသည့် ခွဲတမ်းအား ပြန်လည်ရောင်းချခြင်းဖြင့် အကျိုးအမြတ် ရရှိခဲ့ကြသည်။
ယမန်နေ့ကထိ ဒီဇယ်ဆီတစ်ဂါလံလျင် အစိုးရဈေး ၃၀၀၀ ကျပ်ရှိပြီး ပုဂ္ဂလိကပိုင် ဖြစ်ပြီးနောက်တွင် ဈေးကွက်ပေါက်ဈေး အတိုင်း နှုန်းရှင်ဖြင့် ရောင်းချသွားမည့် သဘောဟုလည်း သိရှိရသည်။ ၂၀၀၇ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် ဓါတ်ဆီနှင့် ဒီဇယ်ဆီဈေးနှုန်းများကို ၂၅၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်သို့ အသီးသီး တိုးမြှင့် သတ်မှတ်ခဲ့ပြီးနောက် မင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများ အုပ်စုက လောင်စာဆီ ဈေးနှုန်းကျဆင်းရေး ကြွေးကြော်ကာ လမ်းလျှောက်သည် လှုပ်ရှားမှုကို စတင်လှုပ်ရှားခဲ့သည်။ ထိုသို့လှုပ်ရှားပြီး မကြာမီပင် နအဖ အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့ကာ ဆက်တိုက်ဆိုသလို ရွှေဝါရောင် သံဃာ့အရေး အခင်းဖြစ်ပွားခဲ့သည်။
(ဓာတ်ပုံများ၊ အင်တာနက် - မြန်မာဓာတ်ဆီဆိုင်၏ ပန့်များ၊ ရန်ကုန်လမ်းမများပေါ်က လမ်းဘေးဓာတ်ဆီရောင်းသူများ၏ ဆိုင်)
(မိုးမခမှတဆင့်)
ဆက်လက်ဖတ်ရှုရန်...

11 June 2010

ဘူးသီးတောင်တွင် ဒုတိယ ကမ္ဘာစစ်အတွင်းက နစ်မြုပ်ခဲ့သော စစ်ရေယာဉ် တစီးကို ရေကြောင်းရှင်းလင်းရေး အဖွဲ့မှ ဖေါ်ယူနေ

ရခိုင်ပြည်နယ် ဘူးသီးတောင် အထက် မေယု မြစ်ထဲတွင် ဒုတိယ ကမ္ဘာ့စစ်အတွင်းက နစ်မြုပ်ခဲ့သော ဗြိတိသျှ စစ်ရေယာဉ် တစီးကို ရေကြောင်း ရှင်းလင်းရေး အဖွဲ့က ဖေါ်ယူ နေကြောင်း သတင်း ရရှိသည်။

မျက်မြင် ကျေးရွာသား တဦးက “ အခု ဖေါ်ယူနေတာက ဗြိတိသျှ စစ်သင်္ဘောလို့ သိရပါတယ်။ မင်းကြီးတောင်နားမှာ ဖြစ်ပါတယ်။ သူတို့က ဒီရေကျတဲ့ အခါ ဆီပေပါ တိုင်ကီဗုံး အလွတ်ခွံ ၁၀၀ ခန့်ကို သင်္ဘော ကိုယ်ပေါ်မှာ ကြိုးနဲ့ ချည်နှောင်ထားပြီးတော့ ဖေါ်ယူတဲ့ နည်းနဲ့ တူးဖေါ်နေတာ ဖြစ်ပါတယ်။ ရေတက်လာတဲ့ အခါ တဖြည်းဖြည်းနဲ့ သင်္ဘောက ကြွတက်လာတယ်လို့ သိရပါတယ်။ ဒီလ ကုန်လောက်မှာ ပေါ်မယ်လို့ သိရပါတယ်” ဟု ပြောသည်။

မင်းကြီးတောင်မှာ ဘူးသီးတောင်မြို့ အထက်ပိုင်းတွင် တည်ရှိပြီး စက်လှေဖြင့်သွားရသည်ဟု သိရသည်။

၎င်းပြင် တခြား ဘူးသီးတောင်မြို့ခံ တဦးကလည်း “ ဘူးသီးတောင် မှာ နစ်မြုပ်ခဲ့တဲ့ သင်္ဘောနှစ်စီး ရှိပါတယ်။ အခု ဖေါ်ယူနေတဲ့ သင်္ဘောကတော့ ဗြိတိသျှ စစ်ရေယာဉ်ဆိုပီးတော့ လူတွေက ပြောပါတယ်။ ဂျပန်က ဗုံးကြဲတဲ့ အချိန်မှာ နစ်မြုပ်ခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။ အခုတော့ အစိုးရလက်အောက်ခံ ရေကြောင်း ရှင်းလင်းရေး အဖွဲ့က ဖေါ်ယူ နေပါတယ်။ နောက်တစီး ကတော့ အင်္ဂလိပ်အထွက် ဂျပန်အ၀င်မှာ ရခိုင်-ကုလား အဓိဂရုဏ်းမှာ နစ်မြုပ်ခဲ့တဲ့ သင်္ဘော ဖြစ်ပါတယ်။ သိမ်တောင်အနီး ရေအောက်မှာ ရောက်နေတယ်လို့ သိရပါတယ်။ များမကြာမှီ ဒီ သင်္ဘောကိုလည်း ဖေါ်မယ်လို့ ကြားရပါတယ်” ဟု ပြောသည်။

အဆိုပါ ရခိုင်-ကုလား အဓိဂရုဏ်းဖြစ်စဉ် ဘူးသီးတောင်မြို့သူ မြို့သား အများအပြား အဓိဂရုဏ်းကို ကြောက်၍ သင်္ဘောပေါ်သို့ ပြေးတက်စဉ် ရခိုင်အမျိုးသား အမျိုးသမီး ၃၀၀ ကျော်ခန့်ဖြင့် ဘူးသီးတောင် ဆိပ်ကမ်းတွင် နစ်မြုပ်သွားခဲ့သော သင်္ဘော ဖြစ်သည်။

နောက်မှီ ရှေ့မှီ လူကြီးများ အပြောအရ အဆိုပါ သင်္ဘော နစ်မြုပ်ရာတွင် ရွှေပိသာချိန် ရာချီ၍ ပါဝင်သွားသည်ဟု သိရသည်။
( နိရဉ္စရာ မှတဆင့်)
ဆက်လက်ဖတ်ရှုရန်...
မီးသတ် ပညာရပ်များကို သင်ကြား ပို့ချမည့် မီးသတ် နည်းပညာ ကောလိပ် ကို ရန်ကုန်မြို့၊ စမ်းချောင်း မြို့နယ်တွင် မကြာမီ ဖွင့်လှစ်ရန် မီးသတ်ဦးစီးဌာန ရုံးချုပ်က စီစဉ်လျက် ရှိသည်ဟု ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသင်းဌေးရွှေက ပြောသည်။ “မီးသတ် နည်းပညာ တွေကို ကျယ်ကျယ် ပြန့်ပြန့် သိရှိ လာအောင် ဆောင်ရွက်တဲ့ အနေနဲ့ မီးသတ် နည်းပညာ ကောလိပ်ကို ဖွင့်လှစ်ဖို့ စီစဉ်နေ ပါတယ်။ ၁၀ တန်းအောင် ကျောင်းသား တွေကို လက်ခံ မှာပါ ”ဟု ၄င်းက ပြောသည်။ စမ်းချောင်း မြို့နယ်၊ မြေနီကုန်းရှိ မစိုးရိမ် ကျောင်းတိုက် အနီးတွင် ကောလိပ် အဆောက် အအုံကို တည်ဆောက်လျက်ရှိပြီး ဖွင့်လှစ်မည့် ရက်ကို မသတ်မှတ် ရသေးကြောင်း ဦးသင်းဌေးရွှေက ပြောသည်။ “လာမယ့် ၁၀ တန်းအောင်တွေ ကနေ စပြီး လက်ခံ နိုင်မယ်လို့ ခန့်မှန်း ပါတယ်။ ဒီပလိုမာ ပေးမှာပါ။ ပညာရေး ဝန်ကြီးဌာန စတဲ့ သက်ဆိုင်ရာ ဝန်ကြီး ဌာန တွေနဲ့ ညှိနှိုင်းဆဲ ဖြစ်တဲ့ အတွက် ဖွင့်လှစ်မယ့် အချိန် အတိ အကျကို မပြောနိုင် သေးပါဘူး ”ဟု ဦးသင်းဌေးရွှေ က ပြောသည်။

ကျောင်းသား လက်ခံမည့် ပုံစံ၊ သင်ရိုးညွှန်းတမ်း စသည့် ကိစ္စ ရပ်များကို စီစဉ် နေဆဲ ဖြစ်ကြောင်း ၄င်းက ပြောသည်။ “မီးသတ် ပညာတွေကို လူတွေက အထင် သေးတယ်။ မီးသတ် ပညာဟာ အင်ဂျင်နီယာ ပညာရပ်တွေ ကိုလည်း သိရတယ်။ လက်သမား ပညာရပ်တွေကိုလည်း သိရတယ်။ ဓာတု ပစ္စည်းတွေ အကြောင်း၊ စက် ယန္တရားတွေ အကြောင်း၊ မီးငြှိမ်းသတ်နည်း မှာလည်း လျှပ်စစ်ကြောင့် လောင်တဲ့မီး၊ သစ်သား၊ ဝါး စတဲ့ ကာဗွန်ဒြပ်ပေါင်း တွေကို လောင်တဲ့ မီး၊ သတ္တုကို လောင်တဲ့မီး စတဲ့ လောင်စာ အလိုက ငြှိမ်းသတ် နည်းလမ်းတွေ ရှိပြီး ဖြစ်တယ် ”ဟု ၄င်းကေ ပြာသည်။ မီးသတ် နည်းပညာ ကောလိပ်မှ ဒီပလိုမာ ရရှိသူများ သည် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန အောက်ရှိ မီးသတ် စခန်းများတွင် ရာထူး အဆင့်ဆင့် မီးသတ် သမားများ အဖြစ် လည်းကောင်း၊ မီးသတ် ပညာ ဖြန့်ဖြူးရေး ဝန်ထမ်းများ အဖြစ် လည်းကောင်း၊ ဟိုတယ်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်း များတွင် မီးသတ် အကြံပေးများ အဖြစ် လည်းကောင်း အလုပ် အကိုင် ရရှိနိုင်မည် ဖြစ်ကြောင်း ဦးသင်းဌေးရွှေက ပြောကြားကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထား ပါသည်။


၁၁ . ၆ . ၂၀၁၀ 
(ဟံသာဝတီမှတဆင့်)
ဆက်လက်ဖတ်ရှုရန်...
 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.