19 June 2010

နိုင်ငံရေးဆိုင်ရာ ထုတ်ဝေခွင့်ကို အာမခံကြေးဖြင့် ထိန်းချုပ်မည်

နိုင်ငံရေးပါတီအချို့ကို ခွင့်ပြုလိုက်ပြီ ဖြစ်သည့် နိုင်ငံရေးပါတီ ထုတ်ဝေခွင့်ကို အာမခံကြေးစနစ်ဖြင့် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း စာပေစိစစ်ရေးမှ စာစစ်မှူးတဦးက ပြောသည်။

၎င်းက “အခု မှတ်ပုံတင်ခွင့်ပြုချက် ချပေးပြီးတဲ့ နိုင်ငံရေးပါတီတွေထဲက (၅) ပါတီထက်မနည်းကို နိုင်ငံရေးပါတီ ထုတ်ဝေခွင့် ချပေးပြီးပြီ။ အဲဒီပါတီတွေဟာ စာပေစိစစ်ရေးကို တင်ပြီး ကြိုတင်ခွင့်ပြုချက် ရယူစရာမလိုဘဲ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ အဲဒီပါတီရဲ့မူဝါဒ သဘောထားရပ်တည်ချက် မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်းအရာ အချက်အလက်များ ပါရှိတဲ့ စာရွက်စာတမ်း စာအုပ်နဲ့ လက်ကမ်းစာစောင်တွေကို ထုတ်ဝေခွင့်ရကြမှာဖြစ်တယ်။ ဒါပေမယ့် စာပေစိစစ်ရေးက မကြိုက်တာတွေ ရေးသားဖြန့်ဝေလာရင်တော့ အဲဒီပါတီတွေက ထုတ်ဝေခွင့်အတွက် အာမခံတင်ထားတဲ့ ကျပ်ငွေ (၅) သိန်းကို သိမ်းယူပြီး ထုတ်ဝေခွင့်ကို ရပ်ဆိုင်းမယ်၊ တကယ်လို့ ပြန်လည်ထုတ်ဝေခွင့် ရချင်တယ်ဆိုရင် အာမခံငွေ ပြန်တင်ရမယ်၊ ပြန်လည်လျှောက်ထားရမယ်။ ဒီနည်းနဲ့ ထိန်းချုပ်ဖို့ ပြင်ဆင်ထားတယ်” ဟု ပြောသည်။

ယခုလက်ရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ကရင်ပြည်သူ့ပါတီ အပါအဝင် ပါတီအချို့ နိုင်ငံရေးပါတီ ထုတ်ဝေခွင့် ရရှိပြီးဖြစ်ကြောင်း၊ ပါတီအချို့မှာမူ ငွေရေးကြေးရေး အခက်အခဲကြောင့် ထုတ်ဝေခွင့်လျှောက်ထားခြင်း မရှိသေးကြောင်း သိရသည်။

ထုတ်ဝေခွင့်ရရှိပြီး ပါတီများ၏ အခက်အခဲနှင့်ပတ်သက်၍ ပါတီခေါင်းဆောင်တဦးက ထုတ်ဝေခွင့်သည် လက်ရှိ ပုဂ္ဂလိကဂျာနယ်များကို ခွင့်ပြုထားသကဲ့သို့ အထွေထွေ လိုင်စင် အမျိုးအစားမဟုတ်ဘဲ ပါတီနှင့်ပတ်သက်သည့် ပါတီ၏မူဝါဒ သဘောထားရပ်တည်ချက် မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်းအရာ အချက်အလက်များကိုသာ ရေးသား၊ ထုတ်ဝေခွင့်ရမည်ဖြစ်ကြောင်း ပြောသည်။

၎င်း “ကျယ်ကျယ်ပြန့်ပြန့် ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး။ နောက်ပြီး ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကလည်း အလွန်များတယ်။ ပုဂ္ဂလိက ဂျာနယ်တွေထက်တောင် များတယ်။ ဆိုတော့ ဝါဒဖြန့်ချိမှုကိုတောင် သိပ်ပြီးလုပ်နိုင်မှာ မဟုတ်ဘူး။ နောက်ပြီး ထုတ်လုပ်ဖြန့်ချိရေး ကုန်ကျစရိတ် ငွေရေးကြေးရေး အခက်အခဲကလည်း ရှိသေးတယ်” ဟု ရှင်းပြသည်။

အဆိုပါ ထုတ်ဝေခွင့်နှင့် ထုတ်ဝေမည့် နိုင်ငံရေးပါတီများသည် အချက် (၁၁) ချက်ပါ စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ပြီး လိုက်နာခြင်းမပြုပါက အာမခံငွေကို သိမ်းယူခြင်းသာမက ပါတီကိုလည်း အရေးယူနိုင်သည်ဟု စည်းကမ်းချက်များတွင် ဖော်ပြထားသည်။

စစ်အစိုးရသည် မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ်အတွင်း လွတ်လပ်သည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများ ပြုလုပ်ပေးမည် ဆိုသော်လည်း စာနယ်ဇင်းလွတ်လပ်ခွင့်ကိုမူ လုံးဝ ခွင့်ပြုပေးခြင်း မရှိသေးဘဲ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ တာဝန်ရှိသူများ၏ ပြောဆိုချက်များ အပါအဝင် နိုင်ငံရေးဆိုင်ရာ ရေးသားချက်များကိုလည်း အကြီးအကျယ် စိစစ်ဖြတ်တောက်ပြီးမှ ဖော်ပြခွင့်ပြုနေကြောင်း သိရသည်။

စစ်အစိုးရက ယခုလက်ရှိ မှတ်ပုံတင်ခွင့်ပြုချက် ချထားပေးသည့် ပါတီ (၃၃) ပါတီအနက် ပါတီဟောင်းတခုဖြစ်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကသာ တိုင်းရင်းသား သတင်းလွှာ ဆိုသည့်အမည်ဖြင့် (၈) မျက်နှာပါ တလ တကြိမ်ထုတ် စာစောင် ထုတ်ဝေလျက်ရှိသည်။

ရန်ကုန်မြို့မှ သတင်းဂျာနယ် အယ်ဒီတာများကမူ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် မပေးဘဲ လွတ်လပ်သည့် ရွေးကောက်ပွဲ လုံးဝဖြစ်နိုင်စရာ မရှိကြောင်း ဝေဖန်ပြောဆိုနေကြသည်။
(ခေတ်ပြိုင်မှ)

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.