12 June 2010

မြောက်ကိုရီးယား နှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးအပေါ် သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံ၏ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်ဆံရေးနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်းကို ဇွန်လ ၁၁ ရက်နေ့ ညပိုင်း ည ၈ နာရီအချိန် ထုတ်လွှင့်ခဲ့သည့် သတင်း အစီအစဉ်တွင် ဖော်ပြခဲ့ပါသည်။
        သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတို့သည် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ သံတမန် အဆက်အသွယ် ပြတ်တောက်နေခဲ့ပြီးနောက် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာနိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးမူဝါဒအရ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်သွယ်ရေး ပြန်လည်ထူထောင်ရန် ဆုံးဖြတ်ခဲ့ပြီး ၂၆-၄-၂၀၀၇ ရက်နေ့တွင် နှစ်နိုင်ငံ သံတမန်အဆက်အသွယ် ပြန်လည် ထူထောင်ခဲ့ခြင်း ဖြစ်ပါသည်။ 
        နှစ်နိုင်ငံအကြား  သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ပြီးနောက် မြန်မာနှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတို့သည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံများဖြစ်သည့်နှင့်အညီ အခြားကမ္ဘာနိုင်ငံများနှင့် နည်းတူ နှစ်နိုင်ငံ အကြားကုန်သွယ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေခြင်းဖြစ်ပါသည်။ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်အနေဖြင့် ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နှစ်ဖက်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး အပြန်အလှန် ကူညီမှုများလည်း ရှိခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် ၁၇-၅-၂၀၀၈ ရက်နေ့တွင် ဆန်တန်ချိန် ၁၅၀၀ အား ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသို့ ကူညီပေးပို့ခဲ့ပြီး၊ ဆန်တန်ချိန်တစ်သောင်းကိုလည်း ရောင်းချခဲ့ရာ အကြိမ်များခွဲ၍ ရေကြောင်း ခရီးဖြင့် ပေးပို့စေခဲ့ပါသည်။ ထိုကဲ့သို့ နှစ်နိုင်ငံအကျိုးတူ ကုန်သွယ်ရေး ဖြစ်ထွန်းလျက်ရှိရာတွင် မြောက်ကိုရီးယားသင်္ဘောများ မြန်မာနိုင်ငံဆိပ်ကမ်းသို့ လာရောက်ခဲ့ခြင်းအပေါ် အခြေခံ၍ ၂၀၀၉ ခုနှစ် ဇွန်လဆန်းတွင် ကန်နန် (၁) အမည်ရှိ မြောက် ကိုရီးယားသင်္ဘောသည် လက်နက်များတင်ဆောင်၍ မြန်မာနိုင်ငံသို့ ဦးတည်သွားနေသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပါသည်။ 
        ထိုသတင်းများမှာ အခြေအမြစ်မရှိဘဲ ထင်မြင်ယူဆချက်များအပေါ် အခြေခံ၍လည်းကောင်း၊ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးလို၍လည်းကောင်း ပေါ်ပေါက်လာသည့် သတင်းများသာ ဖြစ်ခဲ့ပါသည်။ ယခုနှစ် ဧပြီလတွင် မြောက်ကိုရီးယားသင်္ဘော ချုံကမ်မြန်မာနိုင်ငံ ဆိပ်ကမ်းသို့ ဆိုက်ကပ်၍ ပုံမှန်ကုန်ပစ္စည်းများ အတင်အချ ပြုလုပ်ခဲ့ခြင်းအပေါ် ကုလသမဂ္ဂလုံ ခြုံရေးကောင်စီ၏  ဆုံးဖြတ်ချက် အမှတ် (၁၈၇၄) ကို ချိုးဖောက်ခဲ့ကြောင်း သတ်မှတ် ပိတ်ပင်ထားသည့် ပစ္စည်းများ တင်ဆောင်လာခဲ့ကြောင်းဖြင့် စွပ်စွဲပြောဆိုမှုများ ပေါ်ထွက်ခဲ့ပါသည်။ ဖြစ်ရပ်မှန်မှာ ကန့်သတ်မှု မရှိသည့် ဘိလပ်မြေများ တင်သွင်းပြီး ဆန်တန်ချိန်  တစ်သောင်း တင်ပို့ရောင်းဝယ်ခဲ့ခြင်းသာ ဖြစ်ပါသည်။ 
        အမှန်စင်စစ် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံမှ ကုန်တင်သင်္ဘောများ မြောက်ကိုရီးယား ဆိပ်ကမ်းမှ ထွက်ခွာလာသည့်အခါ လမ်းတစ်လျှောက် စစ်ဆေးရန်အခွင့်အရေးများ ရှိသော်လည်း စစ်ဆေးခဲ့ခြင်းများ မရှိဘဲ မည်သည့် နိုင်ငံသို့ ဦးတည်သွားရောက်သည်ကိုပင် မသိရှိရသေးမီ ထိုသင်္ဘောမှာ လက်နက်များတင်ဆောင်၍ မြန်မာနိုင်ငံသို့ ဦးတည်နေကြောင်းဖြင့် ကြိုတင်၍ တာဝန်မဲ့ စွပ်စွဲပြောဆိုမှုများ မပြုလုပ်သင့်ဟု ယူဆပါသည်။
        မြန်မာနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံနှင့်မဆို မိတ်ဆွေနိုင်ငံကဲ့သို့ ခင်မင်ရင်းနှီးစွာ ဆက်ဆံလျက်ရှိသည့်နည်းတူ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံနှင့်လည်း ကူးသန်းဆက်သွယ်မှုများ ပြုလုပ်လျက် ရှိပါသည်။ အချို့နိုင်ငံ များက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် (၁၈၇၄) အရ လိုက်နာဆောင်ရွက်ရေးနှင့် ပတ်သက်၍ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် ကုန်စည်ရောင်းဝယ်မှုအပေါ် မြန်မာနိုင်ငံအား စွပ်စွဲမှုများ ပြုလုပ်လေ့ရှိသော်လည်း အခြေအမြစ်မရှိပါ။ မြန်မာဆိပ်ကမ်းသို့ မြောက်ကိုရီးယားသင်္ဘော ဆိုက်ကပ်ခဲ့ရာတွင်လည်း သက်ဆိုင်ရာ ဆိပ်ကမ်းအာဏာပိုင်များမှ လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေး၍ ဆိုက်ကပ်ထွက်ခွာခွင့် ပြုခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အလျောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါသည်ဟု ဖော်ပြပါရှိပါသည်။


(Eleven Media Group မှစာသားများကူးယူ၍ ဟံသာဝတီမှ ဗီဒီယိုအားကူးယူဖော်ပြသည်)

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.