ရခိုင်ပြည်နယ်  ဘူးသီးတောင် အထက် မေယု မြစ်ထဲတွင် ဒုတိယ ကမ္ဘာ့စစ်အတွင်းက နစ်မြုပ်ခဲ့သော  ဗြိတိသျှ စစ်ရေယာဉ် တစီးကို ရေကြောင်း ရှင်းလင်းရေး အဖွဲ့က ဖေါ်ယူ နေကြောင်း  သတင်း ရရှိသည်။ 
မျက်မြင် ကျေးရွာသား တဦးက “ အခု ဖေါ်ယူနေတာက ဗြိတိသျှ စစ်သင်္ဘောလို့  သိရပါတယ်။ မင်းကြီးတောင်နားမှာ ဖြစ်ပါတယ်။ သူတို့က ဒီရေကျတဲ့ အခါ ဆီပေပါ  တိုင်ကီဗုံး အလွတ်ခွံ ၁၀၀ ခန့်ကို သင်္ဘော ကိုယ်ပေါ်မှာ ကြိုးနဲ့  ချည်နှောင်ထားပြီးတော့ ဖေါ်ယူတဲ့ နည်းနဲ့ တူးဖေါ်နေတာ ဖြစ်ပါတယ်။ ရေတက်လာတဲ့  အခါ တဖြည်းဖြည်းနဲ့ သင်္ဘောက ကြွတက်လာတယ်လို့ သိရပါတယ်။ ဒီလ ကုန်လောက်မှာ  ပေါ်မယ်လို့ သိရပါတယ်” ဟု ပြောသည်။ 
မင်းကြီးတောင်မှာ ဘူးသီးတောင်မြို့ အထက်ပိုင်းတွင် တည်ရှိပြီး  စက်လှေဖြင့်သွားရသည်ဟု သိရသည်။ 
၎င်းပြင် တခြား ဘူးသီးတောင်မြို့ခံ တဦးကလည်း “ ဘူးသီးတောင် မှာ  နစ်မြုပ်ခဲ့တဲ့ သင်္ဘောနှစ်စီး ရှိပါတယ်။ အခု ဖေါ်ယူနေတဲ့ သင်္ဘောကတော့ ဗြိတိသျှ  စစ်ရေယာဉ်ဆိုပီးတော့ လူတွေက ပြောပါတယ်။ ဂျပန်က ဗုံးကြဲတဲ့ အချိန်မှာ  နစ်မြုပ်ခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။ အခုတော့ အစိုးရလက်အောက်ခံ ရေကြောင်း  ရှင်းလင်းရေး အဖွဲ့က ဖေါ်ယူ နေပါတယ်။ နောက်တစီး ကတော့ အင်္ဂလိပ်အထွက်  ဂျပန်အ၀င်မှာ ရခိုင်-ကုလား အဓိဂရုဏ်းမှာ နစ်မြုပ်ခဲ့တဲ့ သင်္ဘော ဖြစ်ပါတယ်။  သိမ်တောင်အနီး ရေအောက်မှာ ရောက်နေတယ်လို့ သိရပါတယ်။ များမကြာမှီ ဒီ  သင်္ဘောကိုလည်း ဖေါ်မယ်လို့ ကြားရပါတယ်” ဟု ပြောသည်။
အဆိုပါ ရခိုင်-ကုလား အဓိဂရုဏ်းဖြစ်စဉ် ဘူးသီးတောင်မြို့သူ မြို့သား  အများအပြား အဓိဂရုဏ်းကို ကြောက်၍ သင်္ဘောပေါ်သို့ ပြေးတက်စဉ် ရခိုင်အမျိုးသား  အမျိုးသမီး ၃၀၀ ကျော်ခန့်ဖြင့် ဘူးသီးတောင် ဆိပ်ကမ်းတွင်  နစ်မြုပ်သွားခဲ့သော သင်္ဘော ဖြစ်သည်။
နောက်မှီ ရှေ့မှီ လူကြီးများ အပြောအရ အဆိုပါ သင်္ဘော နစ်မြုပ်ရာတွင်  ရွှေပိသာချိန် ရာချီ၍ ပါဝင်သွားသည်ဟု သိရသည်။ 
  ( နိရဉ္စရာ မှတဆင့်)
                      -
                    

No comments:
Post a Comment
မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။