20 June 2010

မြစ်ဆုံအနီးရှိ ရွာသား ၆၀၀ ကျော် ပြောင်းရွှေ့ခံရ

ကချင်ပြည်နယ် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအနီးရှိ ကျေးရွာ ၂ ရွာမှ လူဦးရေ ၆၅၀ ခန့်အား ဒေသအာဏာပိုင်များက လွန်ခဲ့သည့် ၁၀ ရက်အတွင်း အတင်းအကျပ် ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများအဆိုအရ သိရသည်။    

ယခုလ ၁၀ ရက်နေ့တွင် မြစ်ဆုံတောင်ဘက် ၁ မိုင်အကွာရှိ တောင်ပန်းရွာမှ အိမ်ခြေ ၆၀ ခန့် (လူဦးရေ ၂၅၀ ခန့်) နှင့် ၁၂ ရက်နေ့တွင် အရှေ့တောင်ဘက် ၁ မိုင်ခွဲအကွာရှိ မဇွပ်ရွာဟောင်းမှ အိမ်ခြေ ၁၀၀ ခန့် (လူဦးရေ ၄၀၀ ခန့်) ရှိ ရွာသားများအား အတင်းအကျပ် ပြောင်းရွှေ့စေခဲ့သည်။

တောင်ပန်းရွာအား မြစ်ဆုံတောင်ဘက် ၉ မိုင်ခန့်ရှိ မြောင်းခင်းရွာနှင့် မဇွတ်ရွာဟောင်းရွာအား အနောက်တောင်ဘက် ၉ မိုင်ခန့်ရှိ လုံကာဇွပ်ရွာရှိ အေးရှားဝေါလ်ကုမ္ပဏီ တည်ဆောက်ခဲ့သည့် ပျဉ်ကာသွပ်မိုး ခြေတံရှည် အိမ်တန်းလျားများဆီသို့ မြစ်ကြီးနားမြို့ မယက အဖွဲ့ဝင်များ၊ စစ်ဗျူဟာမှူး၊ စစ်သားများ၊ ရဲများ၊ ဌာနဆိုင်ရာ အရာရှိများနှင့် လုပ်အားပေးများ စုစုပေါင်း ဦးရေ ၁၀၀ ကျော်ဖြင့် နံနက်ပိုင်းမှစတင်ကာ နေ့ချင်းပြီး ပြောင်းရွှေ့ရခြင်း ဖြစ်သည်။

ဧရာဝတီမြစ်စတင်ရာ မေခ-မလိခပေါင်းဆုံသည့် နေရာတွင် ရေအားလျှပ်စစ်စီမံကိန်းနှင့် ရေကာတာများ တည်ဆောက်မည့် မြစ်ဆုံစီမံကိန်းသည် မြစ်ကြီးနားမြောက်ဘက် ၂၇ အကွာတွင် တည်ရှိသည်။

“၁၀ တန်ကား ၄ စီးလောက် ပစ္စည်းသယ်ပေးဖို့ ရောက်လာတယ်။ ပစ္စည်းကို လွတ်တဲ့ကားပေါ်မှ တင်ပါ၊ ဒီနေ့ မပြောင်းရင် အရေးယူခံရမယ်လို့ တယောက်က အော်နေတယ်။ ပစ္စည်းတွေကို အမြန်ထုပ်၊ ကားပေါ်တင်တယ်။ ကားပေါ်မှာ ၄-၅ ယောက် လိုက်လာတယ်။ သူတို့က သယ်ကူတယ်။ အရင်ရောက်သူတွေ ပစ္စည်းတွေ ပုံချတယ်။ အခန်းတွေပေးမှ ပစ္စည်းတွေ စီရတယ်။ အခန်းက သိပ်သေးတော့ ပစ္စည်းထားရင် အနေအထိုင် အရမ်းကျပ်တယ်” ဟု တောင်ပန်းရွာသား တဦးက မဇ္ဈိမကို ပြောသည်။

အိမ်ထောင်စုတစုအား တခန်းလျှင် ၈ ပေပတ်လည် ၂ ခန်းစီပါရှိသည့် အခန်းများတွင် နေရာချထားပေးကြောင်း သိရသည်။

မဇွပ်ကျေးရွာဟောင်း ရွာသားတဦးက “ကျနော်တို့ မချမ်းသာပေမယ့် ကိုယ့်အိမ်ကို စိတ်တိုင်းကျ ဆောက်တယ်၊ လွတ်လွတ်လပ်လပ် နေခဲ့တယ်။ အခုက ၈ ပေပတ်လည် ၂ ခန်းကိုပဲ ရတယ်။ ကုတင်တောင် သိပ်မဆန့်ဘူး။ သစ်သားအစိမ်းနဲ့ ဆောက်ထားတော့ ခြောက်လာတော့ တံခါးတောင် ဖွင့်လို့ သိပ်မရဘူး” ဟု မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်လ ၂၈ ရက်နေ့ကလည်း မဇွပ်ရွာသစ်မှ အိမ်ခြေ ၆၀ (လူဦးရေ ၂၀၀ ကျော်) အား မြစ်ဆုံအနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာရှိ လုံဂါဇွတ်ကျေးရွာသို့ ရွှေ့ပြောင်းစေကာ ရွာနှင့် တမိုင်ခန့်အကွာရှိ မြေလွတ်မြေရိုင်းများအား ခုတ်ထွင်ရှင်းလင်းကာ တောင်ယာလုပ်ကိုင်ရန် ပေးခဲ့သည်။ ယခု နောက်ဆုံး ရွှေ့ရသည့် ရွာသားများကိုမူ ယနေ့ထိတိုင် မြေပေးခြင်း မရှိသေးကြောင်း သိရသည်။

‘’ကျနော်တို့ မပြောင်းချင်လည်း ပြောင်းရတယ်။ ကျနော်တို့ ဆန္ဒက ဘာမှ အရေးမပါဘူး။ သူတို့လုပ်ချင်တာ လုပ်နေတာကို ခေါင်းညိတ်ရတာကလွဲပြီး ဘယ်တတ်နိုင်မလဲ’’ ဟု မဇွပ်ကျေးရွာဟောင်း ရွာသားတဦးက ပြောသည်။

ယင်းရွာသားများသည် လယ်ယာ၊ တောင်ယာနှင့် ဥယျာဉ်ခြံမြေ လုပ်ကိုင်သူများဖြစ်ကာ စပါး၊ ကောက်ပဲသီးနှံနှင့် ဂရိတ်ဖူး၊ လိမ္မော်၊ ကဗ္ဗာလာ၊ ကြက်မောက်၊ သရက်ခြံ အစရှိသဖြင့် အသီးအနှံများလည်း စိုက်ပျိုးခဲ့ကြသည်။

၎င်းတို့၏ လယ်ယာနှင့် တောင်ယာ ဧကပေါင်း ၄၀၀ ကျော်နှင့် ဥယျာဉ်ခံမြေ ဧကပေါင်း ၃၀၀ ကျော်အား စွန့်ခွာခဲ့ရသည်ဟု ရွာသားအချို့က ခန့်မှန်းပြောဆိုသည်။

ယခုလ ၁၆ ရက်နေ့တွင်မူ မြစ်ကြီးနားမြို့နယ် အာဏာပိုင်များ၊ တရုတ်ကုမ္ပဏီ CPI အရာရှိများနှင့် အေးရှားဝေါလ်ကုမ္ပဏီ တာဝန်ရှိသူများက အိမ်ပြောင်းခဲ့သူများအတွက် တအိမ်ထောင်လျှင် ကျပ်တသိန်းနှင့် ၂၄ ပြည်ဝင်ဆံ့သည့် ဆန် ၂ အိတ်စီ ပေးဝေခဲ့ပြီးဖြစ်သည်။ သို့သော် လယ်ယာခြံမြေများအတွက် ပေးလျော်ခြင်း မရှိကြောင်း အပြောင်းရွှေ့ခံ ရွာသားများက မဇ္ဈိမကို ပြောဆိုကြသည်။

ပြီးခဲ့သည့်နှစ်ကတည်းက မြစ်ဆုံအနီး ကျေးရွာ ၆၀ ခန့်အား ပြောင်းရွှေ့ရန် ဒေသအာဏာပိုင်များက ပြောခဲ့ဖူးသော်လည်း ရက်အတိအကျ မသတ်မှတ်ဘဲ ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့တွင် ရေကာတာတည်ဆောက်ရာ မြစ်ဆုံဒေသ၌ ဗုံး ၁၄ လုံး ထက်မနည်း ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း ယခုလို အရွှေ့အပြောင်းများ ပြုလုပ်လာခြင်း ဖြစ်သည်။

ကျေးရွာရွှေ့ရပါက မြေနေရာ ရွေးချယ်ခွင့်၊ လျော်ကြေးနှင့် နစ်နာကြေးများ ရရှိခံစားခွင့် အပါအဝင် တောင်းဆိုချက် ၁ဝ ချက်အား တန်ဖရဲကျေးရွာ ရပ်မိရပ်ဖ ၂၂ ဦးက ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၈ ရက်နေ့ကတည်းက အာဏာပိုင်များထံ တောင်းဆိုခဲ့ဖူးသော်လည်း ထိုအခွင့်အရေးများ မရရှိခဲ့ပါ။

ပြောင်းရွှေ့ရမည့် ကျေးရွာ ၆ဝ ခန့်တွင် တန်ဖရဲ၊ မဇွပ်၊ တောင်ပန်း၊ ခမ်းဘူး၊ ဂွေဒူ စသည့် ကျေးရွာများ အပါအဝင် ဧရာဝတီမြစ် အရှေ့ဘက်နှင့် အနောက်ဘက်မှ ရွာများဖြစ်သည်။ စုစုပေါင်း လူဦးရေမှာ အိမ်ခြေ ၁၅ဝဝ ခန့်ရှိနိုင်ကြောင်း အဆိုပါ ဒေသအရေး လေ့လာစောင့်ကြည့်နေသည့် တရုတ်နယ်စပ်အခြေစိုက် ကချင်ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG က ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းဖြစ်သော ရေအားလျှပ်စစ် မီဂါဝပ် ၃,၆ဝဝ ထုတ်လွှတ်ပေးနိုင်မည့် မြစ်ဆုံရေကာတာစီမံကိန်းအား မေခမြစ်အပိုင်းတွင် ရေကာတာ ၅ ခု၊ မလိခမြစ်မှာ ၂ ခု တည်ဆောက်မည်ဟု မြန်မာ့အလင်းသတင်းစာက ၂၀၀၇ ခုနှစ် မေလပိုင်းတွင် ဖော်ပြခဲ့သည်။ ကချင်ပြည်နယ်အတွင်း၌ မြစ်ဆုံရေကာတာ စီမံကိန်းအပြင် ချီဖွေရေကာတာ စီမံကိန်းနှင့် တာပိန်မြစ် ရေကာတာ စီမံကိန်းများလည်း တည်ဆောက်နေသည်။

မြစ်ဆုံရေကာတာ စီမံကိန်းအား တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း China Power Investment ကော်ပိုရေးရှင်း၊ တရုတ်တောင်ပိုင်း China Southern Power Grid ကော်ပိုရေးရှင်းနှင့် အေးရှားဝေါလ်ကုမ္ပဏီတို့က ၂ဝဝ၇ ခုနှစ်ဆန်းပိုင်းကတည်းက တာဝန်ယူ ဆောက်လုပ်လာခဲ့သည်။ 

အေးရှားဝေါလ်က ဧရာဝတီမြစ်အထက်ပိုင်း မြစ်ဆုံနေရာဖြစ်သည့် မေခနှင့် မေလိခ မြစ်အောက်ဘက်တွင် ရေအားလျှပ်စစ်စက်ရုံနှင့် ရေကာတာ ဆောက်လုပ်ရေးအတွက် လမ်းဖောက်၊ တောင်ဖြိုလုပ်ငန်းများလည်း လုပ်ဆောင်ခဲ့သည်။

စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို အတိအကျ မသိသော်လည်း အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံခန့် ရှိနိုင်ကြောင်းနှင့် လျှပ်စစ်ဓာတ်အားကို တရုတ်သို့ ရောင်းချဖွယ်ရှိပြီး တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ခန့် ရရှိနိုင်ကြောင်း ၂ဝဝ၇ ခုနှစ်က ထုတ်ပြန်ခဲ့သည့် KNDG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း ဧရာဝတီမြစ်အောက်ပိုင်းရှိ မြစ်ကြောင်းများ သိသာစွာ  သဲသောင်များ  ဖြစ်ထွန်းခဲ့ပြီး ရေကြောင်းသွားလာမှု ခက်ခဲခဲ့ရကြောင်းနှင့် ရေကာတာ တည်ဆောက်မှု ပြုလုပ်ပါက ယခုထက်ပင် ပိုမိုဆိုးရွားလာနိုင်ကြောင်း ပြည်တွင်းရှိ မြစ်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုထားကြသည်။
(မဇ္ဈိမမှတဆင့်)

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.