09 February 2010

ချင်းပြည်နယ်တွင် A (H1N1) ပိုးရှိသူ ၄ ဦး တွေ့ရှိ

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ လဲလက်ကျေးရွာ၌ A (H1N1) ခေါ် ကမ္ဘာ့ လူတုပ်ကွေး ရောဂါပိုးရှိသူ ၄ ဦးရှိကြောင်း နေပြည်တော်က ယခုလ ၅ ရက်နေ့တွင် အတည်ပြုခဲ့သည်။

ဖလမ်းမြို့နယ်အတွင်း ရွာငယ်လေးဖြစ်သည့် လဲလက်၌ လူဦးရေ ၈ဝ ခန့် နာမကျန်းဖြစ်နေသဖြင့် ထိုအထဲမှ A (H1N1) ပိုးရှိသူများအဖြစ် ယူဆရသူ ၅ ဦးကို နေပြည်တော်သို့ ဆေးစစ်မှု ခံယူခဲ့ပြီးနောက် ၄ ဦးကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

“ဖျားနေတဲ့ လူ ၈ဝ ထဲက မသင်္ကာတဲ့ ၅ ယောက်ကို လည်ပင်းကနေ သွေးဖောက်ပြီး နေပြည်တော်မှာ ပို့ပြီး စစ်ဆေးတယ်။  နေပြည်တော်က ပြီးခဲ့တဲ့ သောကြာနေ့ အဖြေထွက်လာတော့  မလားလ်နုန် ဆေးအောင်တယ်။ ကျန် ၄ ယောက်က H1N1 ရောဂါ တွေ့ရှိတယ်” ဟု အမည်မဖော်လိုသူ ဖလမ်း ပြည်သူ့ဆေးရုံမှ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ''ဇန်နဝါရီလ ၂၆ ရက်နေ့က စဖြစ်တယ်။ ကလေး ၆ဝ လောက် ဖျားပြီး၊ ၁၂ ယောက်က အပြင်းအထန် ဖျားတယ်။ သတင်းကြားလို့ ကလေးအထူးကု ဆရာဝန် ဒေါက်တာခင်လှဝင်းနဲ့ အဖွဲ့ လာပြီး ၂၇ ရက်နေ့မှာ လူကြီးနဲ့ ကလေး အားလုံးပေါင်း ၈ဝ ဖျားတာ တွေ့ခဲ့ရတယ်” ဟု ပြောသည်။

မောင်ဗန်ဘွဲ့လျံ၊ မထောင်းနိုင်၊ မလားလ် သင်ပါရ်းနှင့် မောင်ရှမ်းမန်တို့တွင် A (H1N1) ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ကို နေအိမ်တွင် ထားရှိပြီး ကျန်းမာရေးလုပ်သားများက ဆေးဝါးကုသပေးခဲ့ရာ ၃ ဦးမှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပြီဖြစ်ကာ၊ ကျန်တဦးကို ဆက်လက်ကုသနေသည်။

ယနေ့တွင် ချင်းပြည်နယ် ကျန်းမာရေးမှူးတဦးဖြစ်သူ ဒေါက်တာဇော်ဋ္ဌေးသည် A (H1N1) ဆေးဝါးများနှင့် အတူ တီးဘွာလ်တိုက်နယ် ဆေးရုံသို့ ရောက်ရှိလာကာ နေပြည်တော်နှင့် ဆက်သွယ် လုပ်ဆောင် သွားမည်ဟု သိရသည်။ လဲလက်ရွာတွင် ဆေးခန်းတခုသာရှိပြီး တီးဘွာလ်ရွာ တိုက်နယ်ဆေးရုံနှင့် ၁ဝ ကီလိုမီတာခန့် ကွာဝေးသည်။

စတင်ဖြစ်ပွားစဉ်က ဖလမ်းမြို့နယ် ကျန်းမာရေးအရာရှိ၊ ကျန်းမာရေးမှူး၊ ကျန်းမာရေး ဆရာမ၊ ကလေး အထူးကု ဆရာဝန်ကြီး၊ လက်ထောက်ဆရာဝန်တဦးနှင့် ဟားခါးမြို့မှ ဒေါက်တာတိုးအောင်တို့ လဲလက်ရွာသို့ သွားရောက်စစ်ဆေးခဲ့သည်။

သွားရောက်စစ်ဆေးခဲ့သည့် ၎င်းကျန်းမာရေးဝန်ထမ်းများကို လုပ်ငန်းခွင်သို့ ပြန်လည်မဆင်းသေးဘဲ ၁ဝ ရက် အနားယူခိုင်းကာ ဖလမ်းဆေးရုံက စောင့်ကြည့်နေသည်။

ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း အမှတ် ၄၃ ရပ်ကွက်ရှိ ဘော်ဒါဆောင်တွင် ကလေးငယ် ၈ ဦးကို  A (H1N1) ပိုး တွေ့ရှိခဲ့ရပြီး လူနာများကို ဝေဘာဂီ အထူးကု ဆေးရုံတွင် တက်ရောက်ကုသနေကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနကလည်း ချင်းပြည်နယ်တွင်းရှိ ကျေးရွာငယ်တရွာတွင် A (H1N1) ပိုးရှိသူ ၄ ဦး တွေ့ရှိခဲ့ကြောင်း ယခုလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

လူနာများနှင့် အနီးကပ် ထိတွေ့မှုရှိသူ  ၇၃ ဦးကိုလည်း ကျန်းမာရေး ဝန်ထမ်းများက အနီးကပ် စောင့်ကြည့်နေသည်ဟု မြန်မာ့အလင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်အတွင်း A (H1N1) ဖြစ်ပွားသူ ၆၉ ဦး ရှိခဲ့ရာမှ ယခုနှစ်အတွင်း ၁၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။ 
မဇ္ဈိမမှတဆင့်

ဆက်လက်ဖတ်ရှုရန်...

ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ ကားများကို ဖမ်းဆီး

ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ လားရှိုးနှင့် နမ့်ခမ်းမြို့တွင် လိုင်စင်မဲ့ မော်တော်ကားများကို အာဏာပိုင်များက ယခု ရက်ပိုင်းအတွင်း ဖမ်းဆီးနေကြောင်း သိရသည်။

မူဆယ်မြို့တွင် ဒုရဲအုပ် ဦးဇော်လင်းနှင့် အဖွဲ့က မြို့အထွက် နေရာများတွင် စောင့်ဖမ်းနေသည်။

“မူဆယ်မှာ မနေ့က စဖမ်းတယ်။ နမ့်ခမ်းက ဒီနေ့မှ စဖမ်းတယ်။ အိမ်ထဲဝင်ရှာတဲ့ အဆင့်တော့ မဟုတ်ဘူး။ လမ်းပေါ်ထွက်တဲ့ ကားတွေ အကုန်ဖမ်းတယ်။ မူဆယ်မှာမြို့အထွက် အေးရှားဝေါလ်ဂိတ်နဲ့ နမ့်ခမ်းဘက်သွားတဲ့ လမ်းမှာ စောင့်ဖမ်းတယ်” ဟု မူဆယ်မြို့ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ကားများကို အပြီးအပိုင် သိမ်းယူမည်ဟု ဒေသခံများက ဆိုသည်။

မူဆယ်မြို့ခံ ကားပွဲစားတဦးက “လိုင်စင်တွေ ချပေးမယ်ဆိုလို့ ဝစ်သောက်ကားတွေ အရမ်းဝယ်တာလေ၊ ရှမ်းမြောက် တခုလုံးပေါ့။ ဝစ်သောက်ကားဆို အကုန်ဖမ်းတယ်၊ အပြီးသိမ်းတာ။ မနေ့က မူဆယ်မှာ ၁၀ စီး ဖမ်းမိတယ်။ လားရှိုးမှာ အစီး ၃၀ ဖမ်းမိတယ်” ဟု ပြောသည်။

မူဆယ်တွင် နယ်စပ်ကုန်သွယ်ရေး ဦးစီးဋ္ဌာန (နကသ) နှင့် ရဲတပ်ဖွဲ့က လိုင်စင်မဲ့ကားများ အသုံးပြုနေသော်လည်း ၎င်းကားများကို ဖမ်းဆီးခြင်း မရှိပါ။

''ရဲက ရဲတံဆိပ်ကပ်ပြီး စီးတယ်။ နကသ က စီးတယ်။ သူတို့ကိုယ်တိုင် ဖမ်းတာဆိုတော့ ဘယ်အဖမ်းခံရမလဲ။ ဖမ်းတဲ့ အာဏာပိုင်တွေက မနေ့ကတည်းက သူတို့နဲ့ ပတ်သက်တဲ့ လူတွေကို ဖမ်းမယ့်အကြောင်း ဖုန်းနဲ့ ကြိုပြောထားပြီးပြီ'' ဟု မူဆယ် ကားပွဲစားက ဆိုသည်။

၂၀၀၄ ခုနှစ်တွင် နိုင်ငံတစ်ဝှန်းလုံးရှိ နယ်စပ်မှ တင်သွင်းခဲ့သော လိုင်စင်မဲ့ကား အစီးရေ ၁၅၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး၊ ထိုကားများကို ပြီးခဲ့သည့်နှစ်အတွင်း မြို့ကြီးများတွင် လေလံတင် ရောင်းချပစ်ခဲ့သည်။
မဇ္ဈိမမှတဆင့်

ဆက်လက်ဖတ်ရှုရန်...

ဘင်္ဂလား-မြန်မာ နယ်စပ် ကုန်သွယ်ရေး ဆိပ်ကမ်းသစ် ဖွင့်

ဘင်္ဂလား-မြန်မာနယ်စပ် တက္ကနာမြို့၌ မြန်မာနိုင်ငံမှ တင်ပို့သော မှောင်ခိုကုန်ပစ္စည်းများ လက်ခံမည့် ဆိပ်ကမ်းသစ်ကို ယခုလ ၂ ရက်နေ့တွင် ဖွင့်လှစ်ကြောင်း နယ်စပ်သတင်းများက ဆိုသည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့တွင် တက္ကနာမြို့မြောက်ဘက် ၂ ကီလိုမီတာအကွာရှိ နတ်မြစ်ကမ်းဘေး ကုန်သွယ်ရေး ဆိပ်ကမ်းတွင် မြန်မာ သင်္ဘောသားများနှင့် ဘင်္ဂလားဒေ့ခ်ျ ကုန်တင်ကုန်ချ လုပ်သားများ ဘောလုံးကန်ရာ ခိုက်ရန်ဖြစ်ပြီးနောက် ယခု ဆိပ်ကမ်းသစ်ကို တက္ကနာမြို့တွင်းပိုင်းကျသည့် ဈေးအနီးရှိ တက္ကနာချောင်းအတွင်း ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

“ရန်ဖြစ်ပြီးတဲ့နောက် မြန်မာဘက်က တာကာ ၅ သောင်း (ကျပ် ၇ သိန်းခွဲ) ငွေလျော်ရတာ။ အဲဒါ မတရားဘူးဆိုပြီး မြန်မာသင်္ဘောသားတွေက မကျေနပ်တာကြောင့် ဘော်ဒီ ရာမန် Borde Rahman (တက္ကနာလွှတ်တော်အမတ်) က ဆိပ်ကမ်းအသစ်တခုကို တက္ကနာမြို့ထဲမှာ ထပ်ပြီး ဖွင့်ပေးလိုက်တာပါ။ တရားဝင်တော့ မဟုတ်ပါဘူး။ တက္ကနာမှာရှိတဲ့ ရဲတို့၊ BDR (နယ်ခြားစောင့်တပ်) တို့ နားလည်မှုနဲ့ ဖွင့်တာ” ဟု ဆိပ်ကမ်းသစ်တွင် ရောက်နေသော ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ မြန်မာကုန်သင်္ဘော ပိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

ဘောလုံးပွဲ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဘင်္ဂလားလုပ်သား ၅ ဦး ဆေးရုံတင်ကုသခဲ့ရပြီးနောက် ဆိပ်ကမ်းဟောင်းကို မြန်မာစက်လှေများ အဝင်နည်းသွားကြောင်း တက္ကနာမြို့ ဆိုးတြိပါရာကျေးရွာ (မြစ်နားရွာ) မှ ကိုသိန်းအောင်နှင့် ဆိပ်ကမ်းဟောင်းမှ ဘင်္ဂလား အလုပ်သမားတဦးက ပြောသည်။ ယခင်က ဆိပ်ကမ်းဟောင်းတွင် မြန်မာကုန်တင်သင်္ဘောများသည် နေ့စဉ် အစီးရေ ၂ဝ ခန့် ဆိုက်ရောက်လေ့ရှိရာမှ ယခုအခါ ၃-၄ စီးသာ ရှိတော့သည်။

“အခုလာတာက သစ်လောက်ပဲ လာတော့တယ်။ ဆန်ကျတော့ တက္ကနာမြို့ထဲက အသစ်ဆိပ်ကမ်းကိုပဲ သွားကြတော့တယ်” ဟု ဆိပ်ကမ်းဟောင်းမှ အလုပ်သမား တဦးက မဇ္ဈိမကို ပြောသည်။

ယခင် ကုန်သွယ်ရေး ဆိပ်ကမ်းဟောင်းကို ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ Bangladesh National Party (BNP) ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ခါလီဒါဇီယာ၏ သား ဂီယာ တာရက် Gias tarek က ၂၀၀၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ပေးခဲ့သည်။

ဆိပ်ကမ်းသစ်သည် ဆိပ်ကမ်းဟောင်းထက် အကုန်အကျ သက်သာပြီး စည်းကမ်းတင်းကျပ်မှု မရှိလှကြောင်း သိရသည်။

ဧရာဝတီတိုင်း ပုသိမ်မြို့မှ သင်္ဘောသား ကိုကျော်သိန်းအောင်က “အခွန်နည်းတာကျတော့ ကုန်သည်တွေ၊ သင်္ဘောပိုင်ရှင်တွေ အပိုင်းပေါ့နော်။ ကျနော်တို့ကျ ကမ်းကိုရောက်ရင် လွတ်လွတ်လပ်လပ်တော့ နေချင်တာပေါ့။ ဆိပ်ကမ်းဟောင်းမှာကျ မြို့နဲ့လည်း အဝေးကြီးပဲ။ နောက်ပြီး သူတို့ သတ်မှတ်ထားတဲ့ ခြံဝင်းထဲမှာပဲ နေရတယ်။ အပြင်ဆိုရင် ဂိတ်ဝလောက်ပဲ ထွက်ရတယ်။ ဒါတောင် ဂိတ်စောင့်နဲ့ ညှိပြီးမှ ထွက်ရတာ။ အခုဆိပ်ကမ်းသစ်က မြို့ထဲမှာဆိုတော့ အစစအရာရာ အဆင်ပြေတာပေါ့” ပြောသည်။

သူက ဆက်ပြီး ''အရင်ဆိပ်ကမ်းဟောင်းမှာ ဆိပ်ကမ်းခွန်၊ ကုန်တင်ကုန်ချ၊ နယ်မြေခံ လွှတ်တော်အမတ်တွေကို ပေးရတယ်။ အခုဆိပ်ကမ်းကျ ကုန်တင်ကုန်ချနဲ့ လွှတ်တော်အမတ်ကိုပဲ ပေးရတော့တယ်'' ဟု သူက ဆက်ပြောသည်။

၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆန်ဈေး မတည်ငြိမ်မှုကြောင့် မြန်မာဆန်များ ဘင်္ဂလားကို မဝင်သလောက် ရှိနေရာမှ ယခုနှစ်ဆန်းမှ စတင်ပြီး ဘင်္ဂလားဒေ့ခ်ျက ဆန်ဈေးမြင့်ပြီး၊ မြန်မာဘက်တွင် ဈေးနိမ့်သွားသဖြင့် ဘင်္ဂလားခ်ျသို့ ဆန်တင်ပို့မှု ပြန်လည် များပြားလာခဲ့သည်။

ဆိပ်ကမ်းသစ်သို့ မြန်မာဘက်မှ ဝါးနှင့် ဆန်များ တရားမဝင် ဝင်ရောက်လျက်ရှိပြီး ဧည့်မထဆန် တကီလိုဂရမ် ၅၀ ဝင် တအိတ်ကို မြန်မာဘက်တွင် ကျပ် ၁၀၀၀၀ (တသောင်း) ပေါက်ဈေးရှိနေပြီး ဘင်္ဂလားဒေ့ခ်ျဘက်တွင် စရိတ်ငြိမ်း ၁၃၀၀ တာကာ (ကျပ်ငွေ ၁၉၅ဝဝ) ရှိနေသည်။

ဝါးအလုံး ၁၀၀ ကို မြန်မာဘက်တွင် ၁၅၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ဘင်္ဂလားဒေ့ခ်ျ တက္ကနာတွင် ၂၀၀၀ တာကာ (ကျပ်ငွေ ၃၀၀၀၀) ဈေးပေါက်နေသည်။

ဆန်နှင့် ဝါးကို စစ်အစိုးရက တရားဝင် ကုန်သွယ်ခွင့် မပြုသော်လည်း မြန်မာနိုင်ငံအတွင်းမှ သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များကို လာဘ်ငွေပေးကာ သယ်ဆောင်လာခြင်း ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ခ်ျသို့ ရောက်ရှိလာပါက မည်သည့် အာဏာပိုင်များကမှ ဖမ်းဆီးအရေးယူခြင်း မရှိကြောင်း သိရသည်။ ထို့ပြင် မြန်မာဘက်မှ သစ်နှင့် နွားများလည်း ဘင်္ဂလားဒေ့ခ်ျသို့ တရားမဝင် ဝင်ရောက်လျက်ရှိသည်။

နှစ်နိုင်ငံနယ်စပ် ယနေ့ ငွေလဲလှယ်နှုန်းမှာ ဘင်္ဂလားဒေ့ခ်ျ ၁ တာကာကို မြန်မာငွေ ၁၅ ကျပ် ပေါက်ဈေးဖြင့်သာ ဈေးငြိမ်လျက်ရှိသည်။
မဇ္ဈိမမှတဆင့်

ဆက်လက်ဖတ်ရှုရန်...

02 February 2010

မလေးရှားက ဒုက္ခသည်များကို ယာယီ နေခွင့်ပြုရန် စီစဉ်

ကုလသမဂ္ဂက ဒုက္ခသည် အဖြစ် အသိအမှတ် ပြုထားသူများကို မလေးရှား အစိုးရက ယာယီနေထိုင်ခွင့် လက်မှတ်များ ထုတ်ပေးရန်  ပထမဆုံး အကြိမ်အဖြစ် စီစဉ်နေကြောင်း သိရသည်။

မလေးရှား ပြည်ထဲရေး ၀န်ကြီးဌာန အထွေထွေအတွင်းရေးမှူး Mahmood Adamက လက်မှတ် ပြုလုပ်ပေးမည့် အချိန်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိသော်လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ဆွေးနွေးမှုမှာ နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီဟု ပြောဆိုကြောင်း တနင်္ဂနွေနေ့ထုတ် AP သတင်းတပုဒ်တွင် ရေးသားထားသည်။

မလေးရှားအာဏာပိုင်တို့က တရားမ၀င် နေထိုင်သည့် နိုင်ငံခြားသားများကို ဖမ်းဆီးရာတွင် ဒုက္ခသည်များလည်း မကြာခဏ အဖမ်းခံရလေ့ ရှိသည်။ ယခု ထုတ်ပေးရန် စီစဉ်နေသည့် ယာယီနေထိုင်ခွင့် လက်မှတ်များ ကိုင်ဆောင်ထားပါက ဖမ်းဆီးထိန်းသိမ်းမှုမှ ကင်းလွတ်မည် ဖြစ်သည်။

မလေးရှားအစိုးရ၏ ယာယီနေထိုင်ခွင့် လက်မှတ် အစီအစဉ်ကို UNHCR နှင့် မလေးရှားအခြေစိုက် လူမှု ကူညီရေး အဖွဲ့များက ကြိုဆိုလိုက်သည်။

UNHCR ပြောခွင့်ရ ပုဂ္ဂိုလ် Yante Ismailက “ဒုက္ခသည်တွေကို ပိုမိုကောင်းမွန်တဲ့ အကာအကွယ်ပေးရေးနဲ့ ပတ်သက်ပြီး မလေးရှား အစိုးရနဲ့ ကျမတို့ ဆွေးနွေးခဲ့ပါတယ်၊ မလေးရှားအစိုးရက အဲဒီအတိုင်း ဆောင်ရွက်ဖို့ ကြိုးစားလိုက်တာ ဖြစ်တယ်လို့ ကျမ ယုံကြည်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မလေးရှား  အခြေစိုက် ချင်းဒုက္ခသည် ကော်မတီမှ အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်သူ ဦးတင်မောင်ဆွေက “ဒီကတ်ထုတ်ပေး လိုက်လို့ လွတ်လွတ် လပ်လပ် နေထိုင်ခွင့် အလုပ် လုပ်ခွင့် ရှိမယ် ဆိုရင်တော့ တတိယနိုင်ငံသွားတဲ့ ကဏ္ဍကို နည်းနည်း မေ့သွားမလား ဆိုပြီးတော့ မြင်တယ်” ဟု ပြောသည်။

ရခိုင် ဒုက္ခသည် ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ပြောခွင့်ရ ပုဂ္ဂိုလ် တဦးက “ရှင်းရှင်းလင်းလင်း ဖြစ်သွားတာက မြန်မာပြည်က ဒုက္ခသည်တွေကို တနည်းနဲ့ လက်ခံလိုက်တဲ့ သဘောပေါ့” ဟု ပြောသည်။

ကုလသမဂ္ဂ၏ ဒုက္ခသည်များ ခိုလှုံခွင့် ဆိုင်ရာ သဘောတူစာချုပ်ကို မလေးရှားက လက်မှတ် ရေးထိုး ထားခြင်းမရှိသေးပေ။

မလေးရှားတွင် သိန်းနှင့်ချီသော မြန်မာနိုင်ငံသားများ တရားမ၀င် နေထိုင်ပြီး အလုပ် လုပ်ကိုင်နေကြကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြန်လျှင် ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ဒုက္ခသည်အဖြစ် အသိအမှတ် ပြုပေးရန် UNHCR ၏ အကူအညီကို တောင်းခံသူ အများအပြား ရှိကြောင်း သိရသည်။

တချို့သော မြန်မာပြည်သားများက ပြည်တော်ပြန်လျှင် အန္တရာယ် မရှိသော်လည်း မလေးရှားတွင် ဆက်လက်နေထိုင်ရန်၊ တတိယနိုင်ငံတခုသို့ သွားရောက်ခွင့်ရရန် စသည့် ရည်ရွယ်ချက်များဖြင့် UNHCR ကို ချဉ်းကပ်ကြသည်ဟု သိရသည်။

မလေးရှားနိုင်ငံတွင် ဒုက္ခသည် အဖြစ် လျှောက်ထားသူ နိုင်ငံစုံမှ လူပေါင်း ၇၅၆၀၀ ခန့်ရှိကြောင်း UNHCR၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

“ဒုက္ခသည်တွေရဲ့ ၉၁ ရာခိုင်နှုန်းက မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်” ဟု UNHCR အရာရှိ Yante Ismail က ဆိုသည်။
ဧရာဝတီမှတဆင့်


ဆက်လက်ဖတ်ရှုရန်...

ဒုက္ခသည်များ ပြန်မပို့ရန် ထိုင်းကို ကရင်အမျိုးသမီးအဖွဲ့ တိုက်တွန်း


မြန်မာနိုင်ငံသို့ ယခုလဆန်းမှစတင်၍ ပြန်ပို့ခံရမည့် ထောင်ပေါင်းများစွာသော ဒုက္ခသည်များ၏ ဆင်းရဲဒုက္ခကို အရေးတယူ စဉ်းစားပေးရန် ကရင်အမျိုးသမီးအဖွဲ့က ထိုင်းအစိုးရထံ အရေးပေါ် ပန်ကြားလွှာတစောင် ပေးပို့လိုက်သည်။

တာ့ခ်ခရိုင် သာဆောင်ရမ်းတွင် နေထိုင်နေသော ကရင်ဒုက္ခသည် ၃ဝဝဝ ကျော်ကို မြေမြှုပ်မိုင်းများ ရှိနေသဖြင့်  မြန်မာနိုင်ငံ စစ်ဖြစ်ပွားနေသော ဇုန်အတွင်းသို့ အတင်းအကျပ် ပြန်မပို့ရန် ကရင်အမျိုးသမီးအဖွဲ့က ထိုင်းဘုရင့်အစိုးရထံ ယနေ့ အရေးတကြီး ပန်ကြားလိုက်ခြင်း ဖြစ်သည်။

ဤဒုက္ခသည်များသည် မြန်မာနိုင်ငံ ကရင်ပြည်နယ် လားဖားဟားဒေသတွင် မြန်မာစစ်တပ်နှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် လွန်ခဲ့သောနှစ် ဇွန်လကတည်းက ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

''ဒီဒုက္ခသည်တွေ အားလုံးကို ထိုင်းစစ်တပ်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာပြည် ပြန်ကြရမယ်လို့ လာပြောထားတယ်။ သူတို့ကို စပြောင်းရွှေ့ဖို့ ဒီအပတ် ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး လုပ်ဆောင်မယ်လို့ လာပြောထားတာ။ အခုတော့ သူတို့ဟာ မြေမြှုပ်မိုင်းတွေ ရှိနေတဲ့၊ အချိန်မရွေး စစ်ပြန်ဖြစ်နိုင်တဲ့ နေရာကို လောလောလတ်လတ် ပြန်ပို့ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတယ်'' ဟု အဆိုပါ အမျိုးသမီးအဖွဲ့၏ ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြရေးသားထားသည်။

ပြန်ပို့ခံရမည့် ဒုက္ခသည်အများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း ကရင်အမျိုးသမီးများအဖွဲ့ (KWO) ၏ ကြေညာချက်တွင် ဆက်လက်ရေးသားထားသည်။

အဆိုပါ ဒုက္ခသည်များကို ပြန်ပို့ရန် ပြင်ဆင်သည့်အနေဖြင့် ဒေသခံ အာဏာပိုင်ဖြစ်သော ထိုင်းစစ်တပ်သည် လာဖားဟားရွာတွင် နေထိုင်သော ဒုက္ခသည် ၅ဝ ကို သူတို့၏ နေအိမ်များက အတင်းအကျပ် မောင်းထုတ်ကာ နယ်စပ်ကိုဖြတ်ပြီး မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအတွင်း ပြန်ပို့ခဲ့သည်ဟု ဆက်လက်ရေးသားထားသည်။

''မည်သို့ပင်ဖြစ်စေ KWO အနေဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြလိုသည်မှာ ဤဒေသသည် လုံးဝ လုံခြုံမှုမရှိဘဲ ဒုက္ခသည်အုပ်စုများအနေဖြင့်လည်း ယခုအချိန်တွင် ပြန်လိုစိတ်လည်း မရှိကြပါ။ ယခု လတ်တလော လများအတွင်း ဒုက္ခသည် ၅ ဦးမှာ နေအိမ်များတွင် သူတို့ထားရစ်ခဲ့သော အိမ်မွေး တိရိစ္ဆာန်များကို သွားရောက်ပြုစုစောင့်ရှောက်စဉ် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးဒဏ်ရာရရှိခဲ့ကြသည်။ သူတို့အထဲတွင် ၁၃ နှစ်သားလေး တဦး ပါဝင်ပြီး လွန်ခဲ့သောနှစ် သြဂုတ်လအတွင်း ခြေပြတ်ဒဏ်ရာရရှိခဲ့သည်။ ကိုယ်ဝန် ၈ လနှင့် အမျိုးသမီးတဦးလည်း ၂ဝ၁ဝ ခုနှစ်ဇန်နဝါရီ ၁၈ ရက်နေ့တွင် ခြေပြတ်ဒဏ်ရာရခဲ့သည်'' ဟု ကရင်အမျိုးသမီးအဖွဲ့က ဆိုသည်။

ဤဒုက္ခသည်များကို မဲဥဆု၊ မဲဆလစ်၊ နောင်ဘွား ဟူသည့် နေရာ ၃ နေရာတွင် ယာယီခိုလှုံခွင့်ပေးထားပြီး တာ့ခ်ခရိုင်ရှိ မယ်လ ဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့ခွင့် မပြုသေးပါ။

ဤကရင်ခိုလှုံခွင့်တောင်းခံသူများကို ပြန်ပို့မည့် အစီအစဉ်ကို လွန်ခဲ့သော တပတ်မှစတင်၍ အသိပေး ပြောဆိုခဲ့ပြီး၊ ကရင်ဒုက္ခသည်များကို ပြန်ပို့ရန် ပြုလုပ်ခဲ့သော ထိုင်းအရာရှိများနှင့် အခြား သက်ဆိုင်သူများ ပါဝင်သည့် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်ကို လက်ခံလိုက်ကြောင်းဖြင့် ထိုင်း အမှတ် ၃ တပ်မတော် တပ်မှူး ဒုဗိုလ်ချုပ်ကြီး Thanongsak Apirakyothin က ပြောကြားအပြီး ပို၍ ရှင်းလင်းသွားခဲ့သည်။

အဆင့်မြင့် စစ်တပ်အရာရှိများ ယာယီဒုက္ခသည်စခန်းများသို့ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး မြန်မာနိုင်ငံတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိတော့ကြောင်း ပြောကြားခဲ့ကြသည်။

ထိုင်းစစ်တပ်သည် အဆိုပါဒေသအတွင်းသို့ စစ်သားများစေလွှတ်ပြီး ရွာသားများကို ဖိအားပေးခဲ့သည်ဟု ထိုင်းရှေ့နေများ ကောင်စီ လူ့အခွင့်အရေးကော်မတီ အဖွဲ့ဝင် Surapong Kongchanteuk က ယနေ့ မဇ္ဈိမကို ပြောကြားသည်။

''အခုလောလောဆယ် တိုက်ပွဲတွေ မြန်မာပြည်ထဲ မရှိတော့ဘူးလို့ စစ်တပ်ကပြောတာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့က အလွန်အန္တရာယ်ကြီးတဲ့ မြေမြှုပ်မိုင်းတွေအကြောင်းတော့ ထည့်မပြောကြဘူး။ ကျနော်တို့ ဒီကိစ္စကို ထိုင်းအထက်လွှတ်တော် လူ့အခွင့်အရေးကော်မတီနဲ့ ဆက်ပြီးဆွေးနွေးနေတုန်းပါ။ ဒါပေမဲ့ အခုလောလောဆယ်တော့ ထိုင်းစစ်တပ်က အတင်းအကျပ် ပြန်ပို့နေတာတွေကို ဆိုင်းငံ့ထားပေးဖို့ လိုပါတယ်'' ဟု သူက ပြောသည်။

''လူတွေ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရနေကြတာဟာ အန္တရာယ်များတုန်းပဲဆိုတာ သေချာတဲ့ လက္ခဏာပဲ။ သူတို့ဆန္ဒနဲ့ ဆန့်ကျင်ပြီး အန္တရာယ်တွင်းကို တွန်းပို့တာဟာ နိုင်ငံတကာ ဥပဒေတရပ်ဖြစ်တဲ့ အတင်းအကျပ် ပြန်မပို့ရေးမူကို ချိုးဖောက်တာပါ။ ထိုင်းအစိုးရဟာ ဒုက္ခသည်ကွန်ဗင်းရှင်းကို လက်မှတ်ထိုးတဲ့နိုင်ငံ မဟုတ်ပေမယ့် ဒုက္ခသည်တွေအပေါ် ကြင်နာသနားခြင်းကို ပြသခဲ့တဲ့ ရှည်လျားလှတဲ့ သမိုင်းကြောင်း အတွက် ထိုင်းဘုရင်မင်းမြတ်၊ ထိုင်းအစိုးရတို့ကို KWO က အလွန်ကျေးဇူးတင်ရှိပါတယ်။ အခုလည်း ဒုက္ခသည်တွေအပေါ် လူသားချင်းစာနာတဲ့ ကြင်နာသနားမှုကို ဆက်လက်ပြသပါဦးလို့ ထိုင်းအာဏာပိုင်တွေကို ကျွန်ုပ်တို့ ပန်ကြားပါသည်'' ဟု KWO တွဲဘက်အတွင်းရေးမှူး ၁ Blooming Night Zan က KWO ကြေညာချက်ကို ကိုးကားပြောကြားသည်။

 
ဆက်လက်ဖတ်ရှုရန်...

ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု စောညွန့်ဝင်း ရရှိ


၂၀၀၉ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ဒေသခံများ၏ ကျန်းမာရေးကို ကူညီစောင့်ရှောက်နေသည့် ကျန်းမာရေး လုပ်သား စောညွန့်ဝင်းကို ဖန်းဖောင်ဒေးရှင်းက ချီးမြှင့်လိုက်သည်။

ကရင် အမျိုးသား အစည်းအရုံး KNU ၏ အထွေထွေ အတွင်းရေးမှူးဖြစ်ခဲ့သူ ပဒိုမန်းရှာလားဖန်း (ကွယ်လွန်) ကို ဂုဏ်ပြုသည့်အနေဖြင့် ကရင်လူထုအရေး စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် လူငယ်များကို ဒုတိယမြောက် ချီးမြှင့်သော ထိုဆုကို ၃၂ နှစ်အရွယ် စောညွန့်ဝင်း ရရှိခြင်း ဖြစ်သည်။

“ဆုပေးဖို့ရွေးတဲ့အခါ အဆိုတင်သွင်းထားတဲ့လူ ၇ ယောက်လုံးက သူ့နယ်ပယ်တွေမှာ တော်နေကြတော့ တော်တော်လေး ခက်ခက်ခဲခဲ ရွေးခဲ့ရတယ်။ ကိုစောညွန့်ဝင်းက တကယ်ကြိုးစားတယ်၊ လူထုအကျိုးအတွက် လုပ်တယ်။ လူငယ်တွေရဲ့ စံပြဖြစ်တယ်။ လူငယ်တွေ အတုသူသင့်တဲ့သူဖြစ်လို့  ရွေးချယ်ရေး အဖွဲ့ဝင်တွေက ရွေးလိုက်ကြတာ” ဟု ဖန်းဖောင်ဒေးရှင်း ဒါရိုက်တာဖြစ်သော ပဒိုမန်းရှာ၏ သမီးဖြစ်သူ ဇိုယာဖန်းက မဇ္ဈိမကို ပြောသည်။

ယခုဆုကို စောညွန့်ဝင်းကို ချီးမြှင့်ကြောင်း KNU ကျင်းပသည့် ၆၁ နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားတွင် ထုတ်ဖော် ကြေညာခဲ့ခြင်း ဖြစ်သည်။

ပဒိုမန်းရှာသည် လူငယ်များကို အားပေးကူညီလေ့ရှိပြီး အမျိုးသားရေး ဖွံ့ဖြိုးတိုးတက်စေချင်သူ ဖြစ်သောကြောင့် ဖခင်၏ ဆန္ဒများ ဆက်လက် အကောင်အထည် ဖော်လိုသဖြင့် ယခုကဲ့သို့ ဖောင်ဒေးရှင်း တည်ထောင်၍ အမျိုးသားရေးအလုပ် လုပ်ကိုင်သည့် ကရင်လူငယ်များကို ယခုဆုနှင့်အတူ အမေရိကန် ဒေါ်လာ ၂၀၀၀ ချီးမြှင့်ကြောင်း သမီးဖြစ်သူ ဇိုယာဖန်းက ပြောသည်။

စောညွန့်ဝင်းအတွက် ဖန်းဖောင်ဒေးရှင်းသို့ ကရင်သတင်းစဉ်မှ အယ်ဒီတာ မနန်းဖောဂေးက အဆိုပြုလွှာ တင်သွင်းပေးခဲ့ခြင်း ဖြစ်သည်။

နန်းဖောဂေးက “စောညွန့်ဝင်းက အသက် ၁၂ နှစ်အရွယ်လောက်ကတည်းက လူမှုရေး လုပ်ငန်းတွေမှာ လုပ်ကိုင်လာတာ။ ဖာပွန်နဲ့ အရမ်းဝေးတဲ့ နေရာမှာ ဆေးခန်းလေးဆောက်ပြီး ဒေသခံတွေကို စေတနာ့ ဝန်ထမ်းအဖြစ် ကူညီပေးနေတာ။ ပညာရေး နယ်ပယ်တွေမှာ လစာနည်းနည်း ဒါမှမဟုတ် မရဘဲနဲ့ လုပ်နေတဲ့ လူငယ်တွေလည်း ရှိပါတယ်။ သူက ဝေးလံခေါင်သီတဲ့ နေရာတွေမှာ လူထုအကျိုးကို တကယ် လုပ်နေတာကြောင့် အဆိုတင်သွင်းပေးဖြစ်သွားတာ” ဟု ပြောသည်။

စောညွန့်ဝင်းသည် KNU ထိန်းချုပ်နယ်မြေတခုဖြစ်သည့် ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် KNU ၏ ကျန်းမာရေး လုပ်သားအဖြစ် လွန်ခဲ့သည့် ၉ နှစ်ခန့်ကတည်းက လုပ်ကိုင်လာခဲ့သူဖြစ်ကြောင်း ဖာပွန်ခရိုင်မှ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့မှ ဒေသတာဝန်ခံ စောကျော်ဝင်းက ပြောဆိုသည်။

“စောညွန့်ဝင်းရဲ့ ဆေးခန်း (တာအိုဒဲ့) က ဒေသခံ ၂၀၀၀ ကို အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတယ်။ သူက လူနာတွေအပ်ါမှာ တကယ် စေတနာထားပြီး လုပ်ပေးတယ်။ သူက ပြောတယ်၊ အိမ်ထောင်ရေး၊ အချစ်ရေးတွေထက် လူထုတွေအတွက် လုပ်စရာ အများကြီးရှိသေးတယ်တဲ့” ဟု သူက ဆိုသည်။

တာအိုဒဲ့ ဆေးခန်းသည် ဖာပွန်မြို့မှ ကုန်းကြောင်း ရေကြောင်းခရီးဖြင့် သွားရောက်လျှင် ၂ ရက်ခရီး ကြာမြင့်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော နေရာဖြစ်သည်။

ထိုနေရာဒေသတွင် နေထိုင်သူများသည် တောင်ယာ လုပ်ငန်းဖြင့် အသက် မွေးဝမ်းကြောင်း ပြုကြပြီး ၎င်းတို့၏ ဝင်ငွေမှာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူရန် မပြည့်စုံကြောင်း သိရသည်။

“ဒီဒေသမှာ ကျန်းမာရေးမကောင်းဘူးဆိုရင် ဖာပွန်မြို့ပေါ်ကိုပဲ သွားပြရတယ်။ သွားပြရင်လည်း မြို့ပေါ်မှာ နေစရိတ်၊ စားစရိတ်တွေ၊ ဆေးရုံစရိတ်တွေကို မတတ်နိုင်ကြဘူး။ နေမကောင်းလို့ သွားပြရင် တနေ့ကို အနည်းဆုံး ၆၀၀၀ လောက် ကုန်တယ်လို့ ပြောတယ်။ ဒီတော့ ဒေသခံတွေက ကျနော်တို့လို ဒေသခံ ကျန်းမာရေး လုပ်သားတွေကိုပဲ အားကိုးရတယ်” ဟု စောကျော်ဝင်းက ပြောသည်။

သူက ဆက်ပြီး ''တရွာနဲ့တရွာ သွားမယ်ဆိုရင် တတောင်တက်၊ တတောင်ဆင်း သွားရတာ ရှိသလို၊ ဗမာစစ်တပ်တွေနားကလည်း သွားရတာမျိုး ရှိတယ်။ အဲဒီအခါ အန္တရာယ် အရမ်းများတဲ့အတွက် မလိုအပ်ဘဲ အချိန်တွေ ကုန်သွားတယ်။ ကျနော်တို့က အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုပဲ ပေးနိုင်တယ်။ အဆင့်မီတဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်မပေးနိုင်ဘူးလေ။ ကလေးမမွေးနိုင်တဲ့ မိခင်တွေဆိုရင် ကျန်းမာရေး စောင့်ရှောက်မှု မရလို့ သေသွားတာတွေ အများကြီး ရှိတယ်” ပြောသည်။

၂၀၀၈ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ၂၀၀၉ ခုနှစ်တွင်  ပထမဆုံးအကြိမ်အဖြစ် ကရင်ပြည်နယ် ညောင်လေးပင်ခရိုင်မှ လူမှုရေးလုပ်ငန်းများ ကူညီဆောင်ရွက်သူ နော်ဖောကဘလာထူးကို ချီးမြှင့်ခဲ့သည်။

လွန်ခဲ့သည့် ၃ နှစ်ခန့်က ထိုင်းနိုင်ငံ မဲဆောက်မြို့ နေအိမ်တွင် လုပ်ကြံ သတ်ဖြတ်ခံရသည့် ပဒိုမန်းရှာလားဖန်းကို ဂုဏ်ပြုသောအားဖြင့် ကျန်ရစ်သူ သားသမီး ၄ ဦးက ဖန်းဖောင်းဒေးရှင်းကို တည်ထောင်၍ ထူးချွန်ထက်မြက်ပြီး အမျိုးသားရေးအတွက် အစဉ်တစိုက် လုပ်ကိုင်သော ကရင် လူငယ်များကို ဆုအဖြစ် ပေးအပ်ချီးမြှင့်လာခြင်း ဖြစ်သည်။

“အဖေက သဘောကောင်းတယ်။ ခေါင်းဆောင်ဖြစ်တဲ့အတွက်လည်း အလုပ်လုပ်တဲ့နေရာမှာ ပြတ်သားတယ်။ ဆုံးဖြတ်ချက်လည်း ခိုင်မာတယ်။ လူငယ်တွေကို အားပေးတယ်။ မိသားစုအပေါ်မှာလည်း ကောင်းတယ်။ တိုင်းပြည်နဲ့ လူမျိုးကိုလည်း အရမ်းချစ်တဲ့သူ ဖြစ်တယ်။ အဖေပြောတဲ့အထဲမှာ ကျမ မမေ့နိုင်တာက လွတ်လပ်ရေးကို ကိုယ်ကိုယ်တိုင် ကြိုးစားတိုက်ယူမှ ရမှာ၊ ထိုင်နေလို့ လွတ်လပ်ရေးက ရှေ့ကို ရောက်လာမှာ မဟုတ်ဘူးဆိုတာ လုံးဝ အမှတ်ရနေတယ်” ဟု နမ့်ဇိုယာဖန်းက ပြောသည်။

မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

မြန်မာရုပ်အလောင်း ၇ လောင်း ထိုင်းနိုင်ငံ တောထဲမှာ တွေ့ရှိ

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ Phop Phra မြို့နယ်အနီး တောတွင်းတနေရာ၌ မြန်မာနိုင်ငံသား ရုပ်အလောင်း ၇ လောင်းကို ပြီးခဲ့သည့်လ နှောင်းပိုင်းတွင် ထိုင်းရဲက ရှာဖွေတွေ့ရှိကြောင်း မျက်မြင်သက်သေများ ပြောသည်။

အလုပ်ရှာလာသူ ၁၂ ဦးနှင့် ခေါ်ဆောင်လာသူ တဦးသည် ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မှ ဘန်ကောက် အသွား တောတွင်းတနေရာ၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော ရုပ်အလောင်းများကို တွေ့ရှိရခြင်း  ဖြစ်သည်။

“၇ ယောက်ရဲ့ အလောင်းတော့ရပြီ။ ကယ်ရီသမား (ခေါ်ဆောင်လာသူ) အပါအဝင် ၄ ယောက် လွတ်သွားတယ်။ ၂၇ ရက်နေ့မှာ အလောင်း ၂ လောင်း၊ ၂၈ ရက်နေ့မှာ အလောင်း ၂ လောင်း၊ မနေ့က ၃ လောင်း တွေ့တယ်။ ၂ ယောက်ကလည်း အပစ်ခံရတာ ဖြစ်နိုင်တယ်။ အခုထိ အလောင်းကတော့ ရှာမတွေ့သေးဘူး။ အားလုံးက ကရင် လူမျိုးတွေချည်းပဲ” ဟု မြန်မာလုပ်သားများကို အကူညီပေးနေသော အဖွဲ့စည်းမှ အမည်မဖော်လိုသူ စေတနာ့ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

၎င်းတို့သည် ပြီးခဲ့သည့်လ ၁၉ ရက်နေ့တွင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့မှ ထွက်လာကာ ၂၁ ရက်နေ့တွင် မြဝတီမှ မဲဆောက်သို့ကူးလာပြီး ဘန်ကောက်သို့ တောလမ်းမှအသွား ၂၆ ရက်နေ့တွင် ပစ်သတ်ခံရခြင်း ဖြစ်နိုင်ကြောင်း သူက ပြောဆိုသည်။

အလုပ်လာရှာသူများသည် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ရွာမှ ၉ ဦးနှင့် ဇာသပြင်ရွာမှ ၃ ဦး ဖြစ်ကာ၊ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၈ ဦး ဖြစ်သည်။

တာ့ခ်ခရိုင် ရဲမင်းကြီးက တရားခံကို အမြန်ဆုံးဖမ်းမိစေရန် ရဲကို အမိန့် ပေးထားကြောင်းနှင့် မည့်သည့် အတွက် ၎င်းတို့ အသတ်ခံရကြောင်း အတိအကျ ပြောဆိုရန် ခက်ခဲကြောင်း စေတနာ့ဝန်ထမ်းက ဆိုသည်။

သူက “ဒီလူတွေကို  ဒေသခံအနိုင်ကျင့်တတ်တဲ့ လူတွေက ပိုက်ဆံတောင်းရာမှာ မပေးလို့ သတ်လိုက်တာ ဖြစ်နိုင်သလို၊ ထိုင်းအာဏာပိုင်တွေ လက်သတ်မွေးထားတဲ့ ဗိုလ်ကျအုပ်စုတွေ သတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘာလို့သတ်လဲဆိုတာ စုံးစမ်းနေတုန်းပါ” ဟု ပြောသည်။

လွတ်မြောက်သွားသူ ၃ ဦးနှင့် ကယ်ရီသမားမှာ ဘန်ကောက်သို့ ရောက်ရှိသွားပြီး ကယ်ရီသမားမှာမူ ယခုဖြစ်ရပ်ကြောင့် တိမ်းရှောင်နေသည်ဟု ရဲဘက်က ယူဆထားသည်။ ၂ ဦးမှာမူ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

“လွတ်သွားတဲ့ ၃ ယောက်ကို ကယ်ရီသမားက ဘန်ကောက်ကို ပို့လိုက်တယ်။ အဲဒီထဲက ၂ ယောက်က အခု ကျနော်တို့ဆီ ရောက်နေတယ်။ တယောက်ကတော့ ကြောက်ပြီး ရှောင်နေတယ်။ ဒီရောက်နေတဲ့ ၂ ယောက်မှာ တယောက်က ရဲစခန်းမှာ စစ်မေးခံနေရတယ်။ စကားမပြောတတ်တဲ့ တယောက်က အခု ကျနော်နဲ့အတူ ရှိတယ်” ဟု စေတနာ့ဝန်ထမ်းက ပြောသည်။ သေဆုံးသူထဲတွင် စကားမတတ်သူ အမျိုးသား၏ အမလည်း ပါဝင်သည်။

သေဆုံးသူ နောက်တဦးဖြစ်သူ မတင်ချိုထွေး၏ ခင်ပွန်းသည် ကိုအောင်ကြည်က “ကျနော့်အမျိုးသမီး သေသွားတယ်ကြားလို့ လိုက်လာတာ။ အခုထိ မတွေ့ရသေးဘူး။ ကျနော် ဒီကိစ္စကိုကြားပြီး နေလို့လည်း မကောင်းဘူး။ အရမ်းလည်း ခံစားနေရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဇနီး၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ရန် မဲဆောက်တွင် ရောက်ရှိနေကြောင်းနှင့် သေဆုံးသူများထဲတွင် သူ၏ ဆွေမျိုးများ ပါဝင်နေကြောင်း ဘန်ကောက်တွင် အလုပ်လုပ်နေသည့် ကိုအောင်ကြည်က ပြောသည်။

ပြီးခဲ့သည့်လ ၂၇ နှင့် ၂၈ ရက်နေ့များတွင် ရှာဖွေတွေ့ရှိသည့် ရုပ်အလောင်း ၄ လောင်းကို မဲဆောက်မြို့ ဆေးရုံတွင် ထားရှိပြီး၊ ၃၁ ရက်နေ့တွင် တွေ့ရှိသော ၃ လောင်းကိုမူ Phop Phra ဆေးရုံတွင် ထားရှိသည်။

ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်လုပ်ကိုင်ရာ၌ အချို့က တောလမ်းခရီးမှပင် ယခုလို သွားရောက်လေ့ရှိသည်။ တခါတရံ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှုမျိုး ကြုံတွေ့တတ်သည်။

စေတနာ့ဝန်ထမ်းက “ကျနော် ထိုင်းမှာနေတာ ၁၈ နှစ်ရှိပြီ။ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတော့ ဒီဒေသမှာပဲ ၁၇ ယောက်တခါ၊ ၈ ယောက်တခါ၊ အခု ၉ ယောက်တခါ အသတ်ခံရတာ ကြားဖူးတယ်'' ဟု ပြောသည်။

  မဇ္ဈိမမှတဆင့်

ဆက်လက်ဖတ်ရှုရန်...

28 January 2010

ဇာဂနာမွေးနေ့ ချင်းမိုင်တွင် ကျင်းပ

ယခုလက်ရှိတွင် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသော မြန်မာ့စွယ်စုံ အနုပညာရှင် ကိုသူရ (ခ) ကိုဇာဂနာ၏ ၄၉ နှစ်မြောက် မွေးနေ့ပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည်။

ဇန်န၀ါရီလ ၂၇ရက်နေ့တွင် ကျရောက်သော ကိုဇာဂနာ၏ ၄၉နှစ်မြောက်မွေးနှစ်ပွဲအထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်း တကျောင်း၌ လူရွှင်တော် ဂေါ်ဇီလာ ဦးဆောင်သော သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့မှ နံနက် ၁၀ နာရီအချိန်တွင် ဆွမ်းကပ်ဆုတောင်းပွဲ တရပ် ကျင်းပခဲ့သည်။

ကိုဇာဂနာသည် တိုင်းပြည်နှင့် လူမျိုး အပေါ် အစဉ်အမြဲ အာရုံစိုက်ပြီး လူအများ၏ အကျပ်အတည်း များကို လေ့လာသည့် အနုပညာရှင် တဦး ဖြစ်သည်ဟု  သီလေးသီး ဆေးရောင်စုံ အငြိမ့် အဖွဲ့မှ ကိုဂေါ်ဇီလာက ဧရာဝတီသို့ ပြောသည်။

၎င်းသည် နိုင်ငံရေး အသိအမြင်ရှိသော လူရွှင်တော် တယောက် ဖြစ်သည့် အလျောက် သူ၏ နိုင်ငံရေး ပြက်လုံးများ သည်လည်း  ပြည်သူများ အကြား အထူးရေးပန်းစား ခဲ့သည်။

“ကိုဇာဂနာဟာ တိုင်းပြည်နှင့် လူမျိုးအတွက် အနစ်နာခံတဲ့ အနုပညာရှင် တယောက် ဖြစ်တယ်။ တိုင်းပြည် အကျိုး သယ်ပိုးနေတဲ့ လူတွေကို အသက် ရှည်စေချင် ပါတယ်။ ကိုဇာဂနာလို လူမျိုးတွေ အသက်ရှည်ပြီ အန္တရာယ် အပေါင်းမှ ကင်းဝေးစေရန် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဆွမ်းကပ်ပြီး ဆုတောင်းခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။

၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းသင့် ဒေသများသို့ သွားရောက် အကူအညီပေးနေသော ကိုဇာဂနာအား အာဏာပိုင်များက ဖမ်းဆီးပြီး အင်းစိန်ထောင် တရားရုံးတွင် အီလက်ထရွန်နစ် အက်ဥပဒေ ပုဒ်မ ၃မှု  အပါအ၀င် စုစုပေါင်း အနည်းဆုံး ပုဒ်မ ၅ခုဖြင့် တရားစွဲဆိုခြင်း ခံရကာ ထောင်ဒဏ် ၅၉နှစ် ချမှတ်ခံခဲ့ရသည်။ သို့သော် ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလတွင် အီလက်ထရွန်နစ် အမှု တခုကို ထောင်ဒဏ် ၈နှစ်စီဖြင့် စုစုပေါင်း ၂၄နှစ်လျှော့ပေါ့ပေးခဲ့ရာ ၎င်းမှာ ထောင်ဒဏ်  ၃၅နှစ် ကျခံရန်ရှိနေသေးသည်။

“သူ့ကို အာဏာပိုင်တွေက ဒီ ၂၀၁၀မှာ ပြန်လွှတ်ပေးမယ်လို့ ကျနော် မထင်ဘူး။ တကယ်လို့ သူလွတ်လာခဲ့ရင်တော့ အများအကျိုးတွေကို ဒီထက်ပိုပြီး ဆောင်ရွက်လိမ့်မယ့် ဆိုတာကိုတော့ ကျနော် ယုံကြည်တယ်” ဟု ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးကျော်သူက ဆိုသည်။

၂၀၀၇ခုနှစ် စက်တင်ဘာလတွင် ပေါ်ပေါက်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးအတွင်း သပိတ်မှောက်သံဃာများအား ဆွမ်းကပ်လှူသည့်အတွက်လည်း ယာယီထိန်းသိမ်းခြင်း ခံခဲ့ရသေးသည်။

ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်း က “ ကိုသူရ မွေးနေ့အတွက် ဘုန်းကြီးကျောင်းကို ဆွမ်းပို့ပါတယ်။ ဒီနှစ် ၂၀၁၀ပြည့်နှစ်အတွင်းမှာ ကိုသူရ အပါအ၀င် အနိုင်ငံရေး အကျဉ်းသားများ ပြန်လွတ်လာမှာကို နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက မျှော်လင့်နေတာပေါ့” ဟု ပြောသည်။

ကိုဇာဂနာသည် ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှု အရေးတော်ပုံမှစ၍ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သောကြောင့် စစ်အစိုးရက ၎င်းအား အကြိမ်ကြိမ် ဖမ်းဆီးအကျဉ်းချခဲ့သည်။

၎င်းသည် ၁၉၉၁ခုနှစ်အတွင်း လူ့အခွင့် အရေးဆိုင်ရာ နိုင်ငံတကာဆုတဆု ရရှိခဲ့သည်။   ထို့ပြင် ၂၀၀၈ခုနှစ်တွင်လည်း ကနေဒါနိုင်ငံ ကလောင်ရှင်များအဖွဲ့ (PEN Canada) က One Humanity Award ဆုကို ထပ်မံ ချီးမြှင့်ခြင်း ခံခဲ့ရသည်။
ဧရာဝတီမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

အပစ်ရပ် မိုင်းလားအဖွဲ့ အတွင်းရေးမှူး လုပ်ကြံခံရ

ရှမ်းပြည် (အရှေ့ပိုင်း) အထူးဒေသ ၄ ရှိ စစ်အစိုးရနှင့် အပစ်ရပ်ထားသည့် မိုင်းလားအဖွဲ့ ခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NDAA အတွင်းရေးမှူးသည် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ယနေ့နံနက်ပိုင်းတွင် မိုင်းလားမြို့တွင် သေဆုံးသွားသည်။

NDAA – National Democratic Alliance Army အတွင်းရေးမှူး ဦးမင်းအိမ် (ခေါ်) Lin Hongshen သည် ယနေ့နံနက် ၆ နာရီခွဲခန့်က အဖော်တဦးနှင့်အတူ မိုင်းလားမြို့တွင်း လမ်းလျှောက်စဉ် သေနတ်သမားများက ပစ်ခတ်သဖြင့် သေနတ်ဒဏ်ရာ ၇ ချက်ခန့် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။

အဖော်ဖြစ်သူလည်း ဒဏ်ရာပြင်းထန်စွာ ရရှိသဖြင့် တရုတ်နယ်စပ် ဆေးရုံတွင် ယခုအခါ ဆေးကုသမှု ခံယူနေရသည်။

ယခုလုပ်ကြံမှုကြောင့် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် အဆိုပြုချက်ကို ငြင်းဆန်နေသည့် NDAA အဖွဲ့တွင်း အခြေအနေများ ရှုပ်ထွေးနေပြီး၊ အောက်ခြေတပ်သားထု အသိုင်းအဝိုင်းက နအဖ စစ်တပ်နှင့် နီးစပ်သူများကို မလိုလား၍ လုပ်ကြံခြင်းလည်း ဖြစ်နိုင်ကြောင်း NDAA နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

“ခေါင်းဆောင်တွေထဲမှာ နအဖ စစ်တပ်နဲ့ ဆက်စပ်ရတဲ့ လုပ်ငန်းတွေထဲမှာ အဓိက တာဝန်ယူပြီး လုပ်ရတဲ့သူဖြစ်တော့ အောက်ခြေပိုင်းက မကျေနပ်လို့လုပ်တာလို့ ယူဆနေကြတယ်။ နအဖနဲ့ ဆက်ဆံတဲ့နေရာမှာ သဘောထား ထက်သန်တဲ့သူလို့ (သူ့ကို) ယူဆကြတာပေါ့။ အဲဒါကြောင့် စနစ်တကျ လုပ်လိုက်တဲ့ သဘောပေါ့” ဟု သူက ဆိုသည်။

ဦးမင်းအိမ် (၅၇ နှစ်) သည် ဗန်းမော်မြို့သားဖြစ်ကာ ၁၉၇၈ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရကို လက်နက်ကိုင် တော်လှန်ရန် ဗမာပြည် ကွန်မြူနစ်ပါတီ - ဗကပ ဌာနချုပ် တည်ရှိရာ ရှမ်းပြည် အရှေ့မြောက်ဒေသသို့ စတင်ရောက်ရှိလာခဲ့သည်။

ထို့နောက် မုံးကိုးမြို့ရှိ ဗကပ ပါတီ မြောက်ပိုင်းဗျူရို စစ်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် စစ်အကြံပေးနှင့် နိုင်ငံရေး တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၁၉၈၉ ခုနှစ် ဗကပ ပြိုကွဲချိန်တွင် ၈၁၅ စစ်ဒေသ မိုင်းလားမြို့သို့ လိုက်ပါလာခဲ့ပြီး ၁၉၈၉ ခုနှစ် ဇွန်လပိုင်းတွင် နအဖ စစ်တပ်နှင့် ငြိမ်းချမ်းရေး ရယူခဲ့ရာ ရှမ်းအရှေ့ အထူးဒေသ ၄ မိုင်းလားအဖွဲ့အဖြစ် သတ်မှတ်ခဲ့သည်။

ထိုအချိန်မှစ၍ NDAA အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ရာ သူသည် အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်လာခဲ့သည်။

  မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

26 January 2010

မဲဆောက် ဟန်ထိုင်းအထည်ချုပ်စက်ရုံ (၃) လပိတ်မှု အလုပ်သမားများ စုံစမ်း



မဲဆောက်ရှိ ဟန်ထိုင်း အထည်ချုပ်စက်ရုံတွင် မြန်မာအလုပ်သမား (၁,၅၀၀) ခန့်ကို အလုပ်ရှင်က ကြိုတင်အကြောင်းမကြားဘဲ စက်ရုံကို ယာယီ (၃) လ ပိတ်လိုက်သဖြင့် အခြေအနေအမှန် သိရှိနိုင်ရန်အတွက် အလုပ်သမားများက စုံစမ်းမှုများ ပြုလုပ်နေသည်။ ဟန်ထိုင်းစက်ရုံမှ အလုပ်သမား မောင်နိုင်က “ပြီးခဲ့တဲ့ (၂၀) ရက်နေ့ကပြီး စက်ရုံကို သူဌေးက (၃) လ ယာယီပိတ်တယ်ဆိုပြီး ပိတ်လိုက်တယ်။ အလုပ်သမားတွေကိုတော့ ဘာနစ်နာကြေးမှ မပေးဘူး။ ပိတ်တဲ့ကာလ အတွင်း တယောက်ကို ဟင်းဖိုး ဘတ် (၂၀) ပဲ ပေးတယ်။ ကျနော်တို့ စုံစမ်းနေတာက သူဌေးက နစ်နာကြေးမပေးဘဲ စက်ရုံပိတ်ချင်လို့ တဖက်လှည့်နဲ့ အလုပ်သမား တွေကို ထုတ်တာ ဟုတ်မဟုတ် သိချင်လို့ပါ။ ဘုမသိဘမသိ ဆန္ဒပြတာတွေတော့ လုပ်လို့မဖြစ် သေးဘူး” ဟု ပြောသည်။
အကယ်၍ အလုပ်ရှင်မှ သဘောရိုးဖြင့်မဟုတ်ဘဲ စက်ရုံပိတ်ခြင်းဖြစ်ပါက (၃) လ ပြည့်ချိန်ထိ စောင့်မည်မဟုတ်ဘဲ မိမိတို့၏ နစ်နာကြေးများ ရရှိနိုင်ရန် ထိုင်းအလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံးမှတဆင့် အရေးဆိုသွားမည်ဟုလည်း ပြောသည်။
အလုပ်သမား (၁,၅၀၀) အနက် အများစုမှာ မြန်မာပြည်ပြန်သွားကြသဖြင့် လက်ရှိစက်ရုံတွင် အလုပ်သမား (၁၀၀) ကျော်သာ ကျန်ရှိပြီး အဆိုပါအလုပ်သမား (၁,၅၀၀) တွင် ထိုင်း အလုပ်သမားမှတ်ပုံတင်ထားသူ အရေအတွက်မှာ (၁,၀၀၀) ခန့်ရှိသည်ဟု သိရသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ပြဋ္ဌာန်းချက်အရ မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်း သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်အားခမှာ တနေ့ (၁၅၃) ဘတ်ဖြစ်ပြီး မည်သည့်လုပ်ငန်းရှင်မဆို လုပ်ငန်းယာယီ ရပ်ဆိုင်းထားသည့် ကာလအတွင်း အလုပ်သမားတဦးအား တနေ့တာလုပ်အားခ၏ တ၀က် ပေးရမည်ဖြစ်သည်။
မဲဆောက်ဒေသတွင်းရှိ စက်ရုံအချို့တွင် စက်ရုံပိတ်လို၍ဖြစ်စေ၊ လုပ်ငန်းပြောင်းလဲလို၍ဖြစ်စေ ၎င်းတို့၏ အလုပ်သမားများကို မည်သည့်နစ်နာကြေးမှမပေးဘဲ တဖက်လှည့်ဖြင့် လုပ်ငန်းခွင်များမှ ထွက်ခွာစေခြင်းနည်းများကို အသုံးပြုမှုများ ရှိသည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသည့် (JACBA) အဖွဲ့မှ ဦးမိုးကြိုးက ပြောသည်။
၎င်းက “စက်ရုံပိုင်ရှင်တွေက အလုပ်သမားတွေကို အလိုမရှိတော့ဘူးဆိုရင် နည်းမျိုးစုံနဲ့လုပ်တာတွေရှိတယ်။ အလုပ်သမားတွေ အနေနဲ့ သိရမှာက ဘယ်လိုနည်းနဲ့ပဲပိတ်ပိတ် အလုပ်သမားဥပဒေအရ အလုပ်သမားတွေဘက်က အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံး(ဆ၀ဒီကန်) မှာ (၁၅) ရက်အတွင်း အကြောင်းကြားဖို့ လိုတယ်။ ဒါမှ တကယ်ပြဿနာဖြစ်လို့ ဖြေရှင်းတဲ့ အချိန်ကျရင် ကိုယ့်ဘက်က အလားအလာတွေ ကောင်းမယ်” ဟု ပြောသည်။
ထိုင်းအလုပ်သမားဥပဒေအရ အလုပ်ရှင်သည် ယာယီအလုပ်ရပ်ဆိုင်းလိုပါက သက်ဆိုင်ရာ အလုပ်သမား စစ်ဆေးရေးအရာရှိနှင့် အလုပ်သမားများကို တလကြိုတင်အကြောင်းကြားရမည်ဖြစ်ပြီး ကြိုတင်အကြောင်းမကြားဘဲ ယာယီ လုပ်ငန်းရပ်ဆိုင်းပါက အလုပ်သမားများကို နောက်ဆုံးတလစာ ပေးရမည်ဟုလည်း ပြောသည်။
အလုပ်သမ နန်းအေးက “လုပ်အားခအပြည့်မရပေမယ့် ဟန်ထိုင်းမှာ နှစ်ရှည်လူဟောင်းတွေက တလကို (၇) ထောင် (၈) ထောင် အထိ ရတာတွေရှိတော့ အခြေအနေကို စောင့်ကြည့်ချင်သေးတယ်၊ ကိုယ်ဘက်က အမှားမဖြစ်ရအောင်ပါ။ သူဌေး လိမ်တယ် ဆိုရင်တော့ နစ်နာကြေးတွေ တောင်းဖို့ကိစ္စ ကျမတို့အားလုံး သဘောတူထားတာ ရှိတယ်” ဟု ပြောသည်။
ထိုင်းနယ်စပ် မဲဆောက်ဒေသအတွင်း စက်ရုံအလုပ်ရုံပေါင်း (၂၀၀) ကျော်ရှိပြီး အလုပ်သမားဝန်ကြီးဌာန၏ တနေ့တာလုပ်အားခ (၁၅၃) ဘတ် ပေးသည့်အထည်ချုပ်စက်ရုံမှာ (၂) ရုံသာရှိကာ TK FASHION နှင့် TOP FORM စက်ရုံတို့ဖြစ်သည်။

ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

မယ်ဆိုင်မှ မြန်မာအလုပ်သမားများ တန်းတူအခွင့်အရေး တောင်းဆို

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ အိုဆာကာ ဖိနပ်ချုပ်စက်ရုံမှ မြန်မာလုပ်သားများ ဒေသခံ ထိုင်းအလုပ်သမားများနှင့် အလုပ်သမား အခွင့်အရေး တန်းတူရရှိရန် တောင်းဆိုမှုများ ပြုလုပ်နေကြောင်း သိရသည်။
စက်ရုံတွင်း လုပ်ငန်းတူ၊ အလုပ်ချိန်တူ လုပ်ကိုင်နေကြသည့် အလုပ်သမားများကို လစာတိုးမြှင့်ပေးရာတွင် မြန်မာအလုပ်သမား များကို ချန်လှပ်ထားခြင်းကြောင့် တန်းတူတိုးမြှင့်ပေးရန် စနေနေ့က စက်ရုံတာဝန်ခံထံ မြန်မာအလုပ်သမား (၇၂) ယောက် စုပေါင်းတောင်းဆိုကြခြင်းဖြစ်သည်။
“ယိုးဒယားတွေကိုကျတော့ ၀င်ဝင်ချင်း တရက် ဘတ် (၁၀၀) ပေးတယ်။ အခုနှစ်ကုန်မှာ ဘတ် (၃၀) တိုးပေးတယ်။ ဗမာ လုပ်သားတွေကျတော့ ၀င်ဝင်ချင်း ဘတ် (၈၀) ပေးတယ်။ ကျမတို့ တိုးပြီးတောင်းထားတာကို သူတို့က တိုးမပေးဘူး။ ထွက်ချင်ထွက်ဆို ပြောတယ်” ဟု မြန်မာအလုပ်သမားတဦးက ပြောကြားသည်။
မြန်မာအလုပ်သမားများက ထိုင်းများနည်းတူ တဦးလျှင် ဘတ် (၃၀) မဟုတ်ဘဲ (၁၀) ဘတ်သာ တိုးပေးရန် တောင်းဆိုခဲ့ခြင်း ကိုပင် စက်ရုံတာဝန်ရှိသူများက မလိုက်လျောနိုင်ကြောင်း တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။
ဖိနပ်စက်ရုံ အုပ်ချုပ်သူများက မြန်မာအလုပ်သမားများ၏ အလုပ်သမား မှတ်ပုံတင်များကို သိမ်းဆည်းထားကြောင်း၊ ယနေ့ လစာထုတ်ရက်တွင် လစာတိုးပေးမပေး၊ အလုပ်ထုတ်မထုတ် စောင့်ကြည့်ပြီး အလုပ်သမားအဖွဲ့များနှင့် ချိတ်ဆက်ကာ တရားဥပဒေအရ တောင်းဆိုမှုများ ဆက်လက်ပြုလုပ်မည်ဟု အလုပ်သမားများက ပြောသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ (၂၂ ) ရက် စနေနေ့က စတင်သည့် အခွင့်အရေး တန်းတူရရေး တောင်းဆိုမှုကြောင့် ခေါင်းဆောင်များ အလုပ်ထုတ်ခံရနိုင်ကြာင်း၊ ယင်းသို့ အလုပ်ထုတ်ပါက မြန်မာအလုပ်သမား (၇၂) ယောက်လုံး အလုပ်ထွက်ရန်ရှိကြောင်း သိရသည်။
အလုပ်သမား (၁၀၀) ကျော်နှင့် လည်ပတ်နေသည့် အဆိုပါစက်ရုံတွင် ထိုင်းအလုပ်သမား (၃၀) ကျော်နှင့် မြန်မာအလုပ်သမား (၇၂) ဦးတို့ဖြင့် လုပ်ငန်းလည်ပတ်နေခြင်းဖြစ်သည်။
အလုပ်သမားအဖွဲ့များ အကူအညီဖြင့် မယ်ဆိုင်အလုပ်သမားကြီးကြပ်ရေးရုံးသို့ တိုင်ကြားထားပြီး အခြားအလုပ်သမားအဖွဲ့များ ကိုလည်း အကြောင်းကြားထားကြောင်း သိရသည်။
“ကျနော် မယ်ဆိုင် အလုပ်သမားရုံးကို တိုင်ထားဖို့ အကြောင်းကြားထားပေးပါတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမား တာဝန်ခံ ဦးသက်ခိုင်က ပြောသည်။
အဆိုပါ ဖိနပ်ချုပ်စက်ရုံ အုပ်ချုပ်သူများက မြန်မာအလုပ်သမားများကို နေ့စားခ တိုးမပေးသော်လည်း နေ့စဉ်လုပ်အားခကို ဘတ် (၃၀) တိုးမြှင့်ရရှိကြောင်း လက်မှတ်ထိုးခိုင်းသည်ဟု သိရသည်။
“ကျမက လုပ်သက် (၉) နှစ်၊ တရက်ကို ဘတ် (၁၂၀) ရတယ်။ ဒါက လုပ်သက်ကြောင့်တိုးပေးတာ။ လက်မှတ်ထိုးရတာက (၁၅၇) ဘတ် ရတယ်လို့ လက်မှတ်ထိုးရတယ်” ဟု ယင်းဖိနပ်ချုပ်စက်ရုံမှ မြန်မာအလုပ်သမားတဦးက ပြောသည်။


 ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ကရင်ဒုက္ခသည်များ အဓမ္မပြန်ပို့မည့်အရေး စိုးရိမ်နေကြ

ထိုင်း - မြန်မာ နယ်စပ်၊ နို့ဖိုး ဒုက္ခသည် စခန်းတွင် ယာယီ ခိုလှုံခွင့် ပေးထားသော ကရင် ဒုက္ခသည် ၃၀၀၀ ခန့်အား ထိုင်း အာဏာပိုင်များက ဖိအားပေး ပြန်ပို့မည်ကို ကရင် လူ့အခွင့်အရေး ဆောင်ရွက်နေသူများက စိုးရိမ်နေကြသည်။


ပိုင်ဆိုင်မှုများကို စွန့်ခွာ၍ ထိုင်းနိုင်ငံအတွင်းရှိ ယာယီဒုက္ခသည် စခန်းသို့ ထွက်ပြေးလာရသည့် မိသားတစု (ဓာတ်ပုံ - ရဲနည်/ဧရာဝတီ)
ယာယီ ခိုလှုံခွင့် ပေးထားသော ဒုက္ခသည်များက မပြန်ချင် သော်လည်း ထိုင်း အာဏာပိုင်များက အတင်းအကျပ် ပြန်ပို့မည်ကို  စိုးရိမ်ရသည်ဟု မယ်လ ဒုက္ခသည် စခန်းကော်မတီ ဒု ဥက္ကဌ ကိုထွန်းထွန်းက ဧရာဝတီသို့ ပြောသည်။

“ထိုင်းက စခန်း အသစ်ဖွင့်ဖို့လည်း ပေါ်လစီ မရှိဘူး၊ စခန်းထဲဝင်ဖို့ အစီအစဉ်လည်း မလုပ်ပေးဘူး။ နောက်တခု၊ ထိုင်းအစိုးရရဲ့ သဘောထား ကလည်း သူတို့ကို ပြန်စေချင်တယ်။ ဒုက္ခသည်တွေက မပြန်ချင်ဘဲနဲ့ နောက်ဆုံး ပြန်ရမယ့် အခြေအနေဆိုရင် သူတို့ အတွက် အခက်အခဲတွေ အများကြီး ကြုံရမှာကို စိုးရိမ်ရတယ်” ဟု သူက ပြောသည်။

ယခုအခါ မြန်မာ စစ်တပ်များနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) တပ်များက ဤဒေသများကို ထိန်းချုပ်ထားပြီ ဖြစ်သောကြောင့် DKBA တပ်သားအဖြစ် စုဆောင်းခြင်း၊ အဓမ္မ လုပ်အားခိုင်းစေခြင်း စသည့် အန္တရာယ်များ ကြုံတွေ့နိုင်သေးကြောင်း လူ့အခွင့်အရေး ဆောင်ရွက်နေသူများက ဆိုသည်။

ထိုင်း အစိုးရ အနေဖြင့် မြန်မာနိုင်ငံ ဘက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ကရင် ဒုက္ခသည်များကို   နယ်စပ် ဖြတ်ကျော်ခွင့်ပေးထားသော်လည်း ၎င်းတိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် ဒုက္ခသည်များကို မြန်မာနိုင်ငံဘက်သို့ ပြန်ခိုင်းလေ့ရှိသည်။

ထိုင်း - မြန်မာ နယ်စပ်တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) ၏ ဒုတိယ တာဝန်ခံ ဆယ်လီ သွန်မဆင်က ကရင်ဒုက္ခသည်များကို မြန်မာဘက်ကမ်းသို့ ပြန်ရန် ထိုင်း အာဏာပိုင်များက နေ့စဉ် ဖိအားပေးနေကြောင်း ပြောသည်။   

“တကယ်လို့ ဒီဒုက္ခသည်တွေ မြန်မာပြည်ထဲကို ပြန်ရရင် သူတို့ အခြေချမယ့် နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ရှိနေတယ်၊ အဲဒီတော့ သူတို့ အတွက် လုံခြုံမှု မရှိဘူး။ တကယ်လို့ ပြန်ရရင်လည်း သူတို့ ဘာသာ သူတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိရမယ်”ဟု ၎င်းက ဆိုသည်။      

TBBC အဖွဲ့သည် ဒုက္ခသည်များကို ကူညီရန်အတွက် လူသားချင်း စာနာမှု အကူအညီများပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့ များ စုစည်းထားသည့် အဖွဲ့တဖွဲ့ဖြစ်သည်။ ထို့အပြင် ဒုက္ခသည်များကို အခြေခံ ရိက္ခာများဖြစ်သည့် ဆန်၊ ပဲ၊ ငါးပိ၊ ဆား အစရှိသည်တို့ကို ထောက်ပံ့ပေးနေပြီး ပြင်သစ် NGO လူမှုအဖွဲ့အစည်းများက ရေနှင့် သန့်ရှင်းရေး ပစ္စည်းများ ထောက်ပံ့ ပေးလျက်ရှိသည်။

၂၀၀၉ ခုနှစ် ဇွန်လဆန်းပိုင်းက စ၍ ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်းတပ်များက ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၇) မှ တပ်စခန်းများကို ထိုးစစ်ဆင်မှုကြောင့် ကရင်ဒုက္ခသည်များ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြခြင်းဖြစ်သည်။ 

ဒုက္ခသည် အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒုက္ခသည်များအား ပြန်ပို့ရန် စီစဉ်နေချိန်၌ ပဲခူးတိုင်း ညောင်လေးပင် ခရိုင်အတွင်းရှိ ကျေးရွာများတွင် နေထိုင်သော ရွာသား ၁၀၀၀ ကျော်သည် လတ်တလော မြန်မာစစ်အစိုးရ၏ ထိုးစစ်များကြောင့် တောထဲတွင် ထွက်ပြေးပုန်း အောင်းနေကြရ သည်ဟု ကယ်ဆယ်ရေး အဖွဲ့များ ကပြောဆိုသည်။

တချို့သော အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူများတွင် လသားအရွယ် ကလေးငယ်များ ပါဝင်ပြီး တောထဲတွင် အအေးဒဏ်ကိုလည်း ခံနေရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း ကရင်ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့ တဖွဲ့ဖြစ်သည့် Committee for Internally Displaced Karen People (CIDKP)မှ စောစတိဗ်က ဧရာဝတီသို့ ပြောသည်။

“တောထဲမှာ ပုန်းအောင်းနေကြရတဲ့ ရွာသူ ရွာသားတွေဟာ အခု အအေးဒဏ်ကို အရမ်းခံနေတယ်၊ အအေးဒဏ်ကို ကာကွယ်ဖို့ အတွက် မီးတောင် မဖိုရဲကြဘူး” ဟု ၎င်းက ဆိုသည်။

ရွာသားများသည် တောထဲ၌ ဆက်လက်၍ ထွက်ပြေး ပုန်းအောင်းနေရပါက စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့်  ရင်ဆိုင်ရဖွယ်ရှိ ကြောင်းလည်း သိရသည်။

စစ်အစိုးရတပ်ဖြစ်သော စစ်ဒေသ ကွပ်ကဲရေး ဌာနချုပ် (စကခ) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၃၆၇ တပ်ဖွဲ့ဝင်များက ယင်းကျေးရွာများကို မီးရှို့ခြင်းနှင့် ဒေသခံများကို သတ်ဖြတ်မှုတို့ကြောင့် တောထဲသို့ ထွက်ပြေးပုန်းအောင်း နေကြရခြင်း ဖြစ်သည်။    

စစ်အစိုးရက ကျေးရွာများကို ၀င်ရောက်တိုက်ခိုက်မှုကြောင့် အသက် ၄၇ နှစ်အရွယ် စောမြကော်ထူး အမည်ရှိ ရွာသား တဦး ပစ်သတ်ခံရပြီး စာသင်ကျောင်း တကျောင်းနှင့် နေအိမ် ၁၁ လုံးခန့်ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ကရင်ကယ်ဆယ်ရေးနှင့် လူ့အခွင့်အရေး အဖွဲ့များက ဆိုသည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

23 January 2010

နယ်ခြားစောင့်တပ်ရင်းမှ ထွက်ပြေးသူ များပြား အနားယူသူများလည်း ပင်စင်လစာ မရရှိသေး



မကြာသေးခင်က အသွင်ပြောင်းခဲ့သည့် နယ်ခြားစောင့်တပ်ရင်းများတွင် ထွက်ပြေးမှု များ ရှိနေသကဲ့သို့ တပ်မှထွက်ခွင့်ရထားသူများကိုလည်း ယခုအချိန်ထိ ပင်စင်လစာ ထုတ်မပေးနိုင်ဘဲ ဖြစ်နေသည်။
ရှမ်းမြောက်အထူးဒေသ (၁)၊ မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့အား နအဖတပ်က ဝင်ရောက်တိုက်ခိုက်ပြီးနောက် လက်ကျန် ပိုင်စုံချိန် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့အား ဒီဇင်ဘာလဆန်းပိုင်းက အသွင်ပြောင်း လိုက်သည့် အမှတ် (၁ဝဝ၆)၊ နယ်ခြားစောင့်တပ်ရင်းမှ စစ်သည်များသည် ယခုအခါ စစ်သင်တန်း တက်ရောက်နေကြရာမှ ထွက်ပြေးမှု အများအပြားရှိနေသည်ဟု ကိုးကန့်ဒေသခံများနှင့် နီးစပ်သူ တရုတ်နယ်စပ် ဒေသခံတဦးက ပြောသည်။
၎င်းက “သင်တန်းတက်ရမယ်ဆိုတော့ အဲဒီထဲကစပြီး ထွက်ပြေးနေတာ။ သင်တန်းသွားတော့ လူ (၂ဝဝ) တောင် မပြည့်တော့ဘူး။ သင်တန်းက နှစ်နေရာမှာ။ အရာခံဗိုလ်နဲ့အထက်တွေက ဗထူးမှာ ပေးတယ်။ အကြပ်တပ်သားတွေက မန်ကပ်မှာ ပေးနေတယ်၊ အဲဒီ သင်တန်းကလည်း ပြန်ပြေးနေတယ်။ သူတို့ အိမ်တွေလည်း ပြန်မရောက်လာသေးဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၈) ရက်တွင် နယ်ခြားစောင့်တပ်ရင်း၊ အမှတ် (၁ဝဝ၁)၊ (၁ဝဝ၂) နှင့် (၁ဝဝ၃) ဟုဆိုကာ အသွင်ပြောင်းလိုက်သည့် ကချင်အထူးဒေသ (၁) တွင်လည်း တပ်ပြေးမှုများရှိနေပြီး ယခင်ရဲဘော်များ မဟုတ်သည့် အပြင်လူများကို တပ်အင်အားအဖြစ် ပြန်ဖြည့်ခဲ့ရသဖြင့် နားလည်သဘောပေါက်မှုလွဲနေ၍ ယခုကဲ့သို့ တပ်ပြေးမှု ဖြစ်နေရကြောင်း ကချင်အထူး ဒေသ (၁) ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးကြီးဟောင်း မုရင်ဒေါင်ဟောင်းက ပြောသည်။
၎င်းက “သဘောမပေါက်လို့ဖြစ်တယ်။ အသွင်ကူးပြောင်းတဲ့ထဲမှာ တချို့က တပ်ထဲက လူတွေ၊ လူအင်အားကို ပြန်ဖြည့်တယ် ဆိုတော့ တပ်ဖွဲ့ဝင် မဟုတ်တဲ့သူတွေ ပါသွားတာပေါ့လေ။ သဘောမပေါက်တဲ့သူတွေကို ဆွဲထည့် လိုက်တာရှိတယ်။ အခု နောက်ပိုင်း ပြေးတာ လျော့တော့ လျော့သွားပြီ” ဟု ပြောသည်။
နယ်ခြားစောင့်တပ်ဖွဲ့တွင် ပါဝင်ခွင့်မရတော့သည့် အသက် (၅ဝ) ကျော် တပ်ဖွဲ့ဝင်များအနေဖြင့် တပ်ကအနားယူခဲ့ရပြီး ယခုအချိန်အထိ ပင်စင်လစာ မရရှိသေးသဖြင့် ယခုလ (၁၃) ရက်မှ (၁၆) ရက်အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကချင်အထူးဒေသ (၁) ၏ အထူးအစည်းဝေးတရပ် ကျင်းပခဲ့ပြီး အနားယူထားသည့် တပ်ဖွဲ့ဝင်များအတွက် ကူညီထောက်ပံ့ရေး ဆွေးနွေးခဲ့ကြသော်လည်း ဆုံးဖြတ်ချက်မချနိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးဟောင်း မုရင်ဒေါင်ဟောင်းက ပြောသည်။
၎င်းက “အဲဒီကိစ္စကို နိုင်ငံတော်အစိုးရနဲ့ ဆက်ဆွေးနွေးရမယ်။ သူတို့ကို တင်ပြပြီး သူတို့ပေးလာတဲ့ အဖြေပေါ်မှာပဲ ဆက်လက် လုပ်ဆောင်သွားရမှာ ဖြစ်တယ်။ သူတို့နဲ့ ဆွေးနွေးဖို့ လိုသေးတယ်” ဟု ပြောသည်။
အပစ်ခတ်ရပ်အဖွဲ့များမှ အသွင်ပြောင်းလိုက်သည့် နယ်ခြားစောင့်တပ်ရင်းများ ယခုကဲ့သို့ အဆင်မပြေမှုများ ရှိနေချိန်တွင် ပြည်သူ့စစ်အသွင်ပြောင်းခဲ့ရသည့် ကချင်ငြိမ်းချမ်းရေးအဖွဲ့ ခေါ် ဦးလဆန်အောင်ဝါ ဦးဆောင်သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ခွဲထွက်) ၏ စီးပွားရေးလုပ်ငန်းအဖြစ် တရုတ်ပြည်သို့ ကုန်ပစ္စည်းများ တင်ပို့နေမှုကို မကြာသေးခင်ရက်ပိုင်းက ဖမ်းဆီးခဲ့ သည့်အပြင် မြစ်ကြီးနားမြို့နေ၊ အဖွဲ့နာယက တဦးကိုလည်း မူးယစ်တပ်ဖွဲ့က မူးယစ်ဆေးဝါး ရှာဖွေရင်း ရိုက်နှက်ခဲ့၍ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

တရုတ်သို့ သစ်မှောင်ခိုလမ်း ပြန်ပွင့်လာ

ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး သာအေး ယခုလ ၂၀ ရက်နေ့က လာရောက်သဖြင့် ဗန်းမော်မှတဆင့် တရုတ်နိုင်ငံသို့ တပိုင်တနိုင် သစ်တင်ပို့နေသည့် မှောင်ခိုလမ်းကြောင်းကို တရက်ကြာ ပိတ်ပင်ခဲ့ရာမှ ယမန်နေ့က ပြန်ဖွင့်လိုက်သည်။

တရုတ်နယ်စပ်မြို့ နောင်တောင်းအထိ ဆိုင်ကယ်များဖြင့် သစ်သယ်ထုတ်နိုင်သည့် ကချင်ပြည်နယ် ဗန်းမော်နှင့် ရှမ်းပြည်နယ် နမ့်ခမ်း ဆက်စပ်ရာ သစ်ကယ်ရီ တောလမ်းကြောင်း ပြန်ဖွင့်ခြင်း ဖြစ်သည်။

“တနေ့က ဦးသာအေး လာတယ်ဆိုပြီးမှ ပိတ်ထားလိုက်တယ်။ တရက်ပဲနေပြီး ပြန်သွားပြီ။ အခု လမ်းကြောင်း ပြန်ကောင်းပြီဆိုတော့ ကျွန်းတိုက်နေတယ်လေ” ဟု ဗန်းမော်ရှိ သစ်ကယ်ရီသမားတဦးက မဇ္ဈိမကို ပြောသည်။

ဗန်းမော်နှင့် မံစီမြို့နယ်အတွင်းရှိ သစ်တောများမှ ကျွန်းသစ်တုံးများကို ဆိုင်ကယ်ပေါ်တင်ကာ တောလမ်းအတိုင်း ရှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ တဖက်ကမ်းရှိ တရုတ်နယ်စပ် နောင်တောင်း အရောက် သယ်ယူကြသည်။

သစ်သယ်ယူရာတွင် အခကြေးငွေယူ၍ သယ်သူများ ရှိသလို၊ ကိုယ်ပိုင်  သယ်သူများလည်းရှိရာ ကယ်ရီ သယ်ခအဖြစ်မူ သစ်တတုံးလျှင် ကျပ် ၅၀၀၀ ရရှိကြသည်။

“တချို့ကျတော့လည်း ကိုယ့်ဟာကိုယ် ဝယ်ရောင်း လုပ်ကြတာပေါ့။ ကယ်ရီတင်ရင်တော့ ကျွန်းတုံးတတုံးကို ၅၀၀၀ (ကျပ်) ရတယ်။ လမ်းရှင်းခ အပြီးအစီး ရဲဘော်တွေတောင်းတဲ့ နေရာမှာ ကိုယ့်ဟာကိုယ်ရှင်း။ ထုံးစံကတော့ တစီးကို ၁၀၀၀ တောင်းတာပဲလေ။ အဖွဲ့လိုက်၊ အုပ်စုလိုက် လှည့်ရင် ကြိုးတားသလို တောင်းတာ။ စည်းကမ်း မရှိဘူး။ မတရားကို ပိတ်တောင်းတာ” ဟု ကယ်ရီသမားက ဆိုသည်။

“ဝမ်းတူးဖိုက် (၁၂၅) ဆိုင်ကယ်တွေပေါ့။ ၄ ပတ်လည်ပေါ့။ အရှည်က ၃ ပေ ။ နောင်တောင်းအထိ  ဆိုင်ကယ် တစီးကို အတုံး ၂၀ လောက်အထိ တင်နိုင်တယ်။ ဖမ်းတာတွေလည်း ရှိတယ်  ထောင်ထဲ ရောက်နေတာတွေလည်း အများကြီးပဲ” ဟု သူက ဆက်ပြောသည်။

ဗန်းမော် - မံစီဘက်မှ ဆိုင်ကယ်ဖြင့် တောလမ်းအတိုင်း  တရုတ်နယ်စပ်အထိ ၅ နာရီ ကျော် မောင်းနှင်ရပြီး အာဏာပိုင်များက သစ်တင်ကားကြီးများကို ဖမ်းဆီးမှု များပြားသဖြင့် ဆိုင်ကယ်များဖြင့် ယခုလို သယ်ယူလာကြသည်။

“ကားကြီးတွေနဲ့ အရင်လို သယ်တာ မရှိသလောက် ဖြစ်သွားပြီ။ သေးသေးလေးတွေပဲ ပီကင်းဂျစ်တွေ၊ တုန်ဖုန်းအသေးလေးတွေလောက်ပဲ သယ်တော့တယ်။ သိပ်လည်း မလုပ်ရဲတော့ဘူးလေ။ တကယ်လည်း ဖမ်းတာကိုး” ဟု ကယ်ရီသမားက ဆိုသည်။

ယခုအခါ လူငယ်တော်တော်များများက ဆိုင်ကယ်ဖြင့် သစ်ကယ်ရီတင်ရန် ဗန်းမော်မြို့မှ ထွက်ခွာသွားသဖြင့် လက်ဖက်ရည်ဆိုင်များပင် လူပါးနေကြောင်း မြို့ခံ လက်ဖက်ရည်ဆိုင်ရှင်တဦးက ဆိုသည်။

“ မြို့ထဲမှာလည်း ရှင်းနေတာပဲ။ ဆိုင်ကယ်တွေ၊ ကားတွေ တောဘက် တက်သွားကြပြီ။ လူသိပ်မရှိဘူး” ဟု ဆိုင်ပိုင်ရှင်က ပြောသည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ကိုးကန့်နယ်မြေတာဝန်ကျ မြန်မာစစ်တပ်အတွင်း ပစ်ခတ်မှုဖြစ်

ရှမ်းပြည်၊ အရှေမြောက်ပိုင်း၊ ကိုးကန့်နယ်မြေအတွင်းရှိ လောက်ကိုင်နှင့် ကုန်ကြမ်း မြိုအကြား တာရွှေထန်ကျေး ရွာရှိ ဂိတ်စောင့်တာဝန်ကျနေသည့် မြန်မာစစ်အစိုးရ စစ်တပ်အတွင်း အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားရာ (၁)ဦး သေ ဆုံးပြီး (၂)ဦး ဒဏ်ရာ ရရှိသွားသည်။
တပ်မ(၃၃)လက်အောက်ခံတပ်များ ရှေတန်းလှုပ်ရှားနေသည့် အဆိုပါကိုးကန့်နယ်မြေရှိ တာရွှေထန် ကျေးရွာ တွင် ဂိတ်တာဝန်ကျ စစ်သားအချင်းချင်း ယခုလ(၁၆)ရက်နေ့က ပစ်ခတ်မှု ဖြစ်ခဲ့ခြင်းဖြစ်ပြီး ဖြစ်ပွားရသည့် အ ကြောင်းရင်းကို မသိရကြောင်း လောက်ကိုင် ဒေသခံကုန်သည်များနှင့် နီးစပ်သူ တဦးက ပြောသည်။
ဖြစ်တာက တပ်ကကောင်တွေဖြစ်တာ၊ တယောက်သေ၊ နှစ်ယောက် ဒဏ်ရာရတယ်၊ လုပ်တဲ့ကောင် ကို ပြန်ဖမ်းမိတယ် ပြောတယ်။ ထောက်ပို့တပ်(၉၃၆) တာရွှေထန်မှာ ရှိတယ်။ အဲဒီနားမှာက တပ်မ (၃၃)ဌာန ချုပ်လည်းရှိတယ်။ ဖြစ်တာက တာရွှေထန်မှာ။ တာရွှေထန် ဂိတ်မှာ။ ဟိုတုန်းက ကိုးကန့် ကုန်သွယ်ရေး ဂိတ်ပေါ့ဗျာ။
ပြီးခဲ့သည့်နှစ် သြဂုတ်လကုန်ပိုင်းက ကိုးကန့်နယ်မြေအတွင်း ဖုန်ကျားရှင် ဦးဆောင်သည့် မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)အဖွဲအား စစ်အစိုးရက ချေမှုန်းတိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ကိုးကန့် ဒေသအား နအစစ်တပ်များဖြစ်သည့် လောက်ကိုင် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ)နှင့် တပ်မ(၃၃) လက်အာက်ခံတပ်များ စုစုပေါင်း တပ်ရင်း(၂ဝ)ခန့် ထိန်းချုပ်ထားသည်။ ပိုင်စုံချိန် ဦးဆောင်သည့် လက်ကျန် တပ်ဖွဲ တို့ကို စုစည်းပြီး နယ်ခြားစောင့်တပ်ရင်း၊ အမှတ်(၁ဝဝ၆)အဖြစ် အသွင်းပြောင်း ခဲ့သည်။
ယခင် ကိုးကန်တပ်ဖွဲ အခွန်ကောက်ခံနေခဲ့သည့် နှစ်နိုင်ငံနယ်စပ်ဂိတ်များနှင့် ဒေသ အတွင်းရှိ ဂိတ်များတွင် မြန် မာစစ်တပ်များက တာဝန်ယူနေချိန်တွင် ယခုလို အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

သတင်းနှင့်မီဒီယာ ကွန်ယက်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ကြားခံ ကုမ္ပဏီစနစ် အလုပ်သမား မှတ်ပုံတင်ရေး အဆင်မပြေ



ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခွင့် သက်တမ်းကို နောက်ထပ် ၂ နှစ် တိုးပေးလိုက်သော်လည်း ကြားခံကုမ္ပဏီထားသည့်စနစ်က ငွေကုန်ကြေးကျများစေပြီး အလုပ်သမားများအတွက် အဆင်မပြေဟု ထိုင်းနိုင်ငံရှိ အလုပ်သမား အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများက ပြောသည်။

ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ကိုမိုးဆွေက “အခုဟာက ပုံမှန် process (လုပ်ငန်းစဉ်) မဟုတ်ဘဲနဲ့  အေးဂျင့်တွေကနေ ဖောင်ဖြည့်၊ ဖောင်လက်ခံပြီးတော့ သူတို့ မြန်မာအစိုးရဆီကို တိုက်ရိုက်ပို့ပြီးတော့ လုပ်နေတာ။ အဲဒီ အေးဂျင့်တွေခံပြီး လုပ်နေရတော့ ငွေကုန်ကြေးကျများလို့ မလုပ်ကြတာလည်းပါတယ်” ဟု မဇ္ဈိမ ကို ပြောသည်။

ယာယီပတ်စ်ပို့ လုပ်ပေးသော ကာလကို မြန်မာနှင့် ထိုင်းအစိုးရ သဘောတူညီချက်အရ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ သတ်မှတ်ထားရာမှ၊ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြုလုပ်သော ထိုင်းအစိုးရ ဝန်ကြီးများ အစည်းအဝေးက ယင်းကာလကို နောက်ထပ် ၂ နှစ် သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့သည်။ 

မြန်မာ့ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှုကော်မတီ  (TACDB) မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်ဝေက “မြန်မာအစိုးရက ကုမ္ပဏီတွေကို ကြားထဲကဝင်လုပ်ခွင့်ရအောင် လုပ်တဲ့အတွက် အလုပ်သမားတွေ ပိုက်ဆံထပ်ကုန်တာ။ ဒီထိုင်းနိုင်ငံအတွင်းမှာ verification process ကို နှစ်နှစ်အတွင်းမှာ ပြီးအောင် လုပ်နိုင်ဖို့ကတော့ မြန်မာအစိုးရပေါ်မှာပဲ မူတည်တယ်။ မြန်မာစစ်တပ်ကသာ ပြည်သူအပေါ်မှာ ဆက်ဆံမှုတွေ၊ ပေါ်လစီတွေ ပြောင်းလဲခဲ့မယ်ဆိုရင် အဲဒီ process က ၂ နှစ်တောင် မကြာနိုင်ပါဘူး”  ဟု မဇ္ဈိမကို ပြောသည်။

အလုပ်သမားများအနေနှင့် ပတ်စ်ပို့ လျှောက်ထားရာတွင် ပုံမှန်လမ်းကြောင်းအတိုင်း လျှောက်ထားပါက ဘတ်ငွေ ၃၈ဝဝ သာကုန်ကျပြီး၊ ယခုအခါ မြန်မာအစိုးရဘက်မှ အေးဂျင့်များကို အသုံးပြုနေသောကြောင့် အလုပ်သမားများအနေနှင့် ဘတ်ငွေ ၆ဝဝဝ မှ ၇ဝဝဝ အထိ ပေးရ၍ ထိုင်းအစိုးရက သက်တမ်း ၂ နှစ် တိုးသော်လည်း မလုပ်နိုင်ကြကြောင်း သိရသည်။

ရွှေ့ပြောင်းအလုပ်သမားများ ကူညီပေးရေးအဖွဲ့ (MAP Foundation) မှ အလုပ်သမား အခွင့်အရေး ကာကွယ်ရေး တာဝန်ခံ ကိုနစ်က “အေးဂျင့် တွေပေါ်လာတော့ နစ်နာတာက အလုပ်သမားတွေ။ ပိုက်ဆံတွေအများကြီး ပေးရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံအတွင်း၌ လာရောက်အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမားများမှာ လာအို၊ မြန်မာနှင့် ကမ္ဘာဒီးယား နိုင်ငံတို့မှဖြစ်ပြီး လာအိုနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများအတွက် သက်ဆိုင်ရာ အစိုးရများက ထိုင်းနိုင်ငံအတွင်းရှိ ၎င်းနိုင်ငံသားများ အလုပ်သမားအများစုရှိရာ နေရာများတွင် သွားရောက်၍ အလုပ်သမား မှတ်ပုံတင်ခြင်းကို ပြုလုပ်ပေးနေပြီး၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အတွက်မူ နိုင်ငံသားဖြစ်ကြောင်း မှတ်ပုံတင်ရန် မြန်မာနိုင်ငံသို့ ပြန်လုပ်ကြရကြောင်း သိရသည်။ 

ကိုမိုးဆွေက “ မြန်မာအစိုးရကသာ ဒီဘက် (ထိုင်းဘက်) မှာ လာလုပ်ပေးမယ်ဆိုရင် အလုပ်သမားတွေ အတွက် ပိုပြီး လွယ်ကူတယ်။ ခုနကပြောတဲ့ စိုးရိမ်ကြောင့်ကြစရာတွေလည်း မရှိတော့ဘူး။ အခု ဖြစ်တာက အလုပ်သမားတွေအနေနဲ့ ပြန်သွားရင်၊ ဟို (မြန်မာပြည်) ဘက်ခြမ်းကို ရောက်သွားရင် ဖမ်းမလား၊ ဆီးမလား ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်နေတာကိုး။ မြန်မာအစိုးရဘက်က ဘာဖြစ်လို့ ဒီဘက်ကို လာပြီး မလုပ်ပေးနိုင်လဲ ဆိုတာတော့ ကျနော်တို့လည်း မစဉ်းစားတတ်တော့ဘူး” ဟု ပြောသည်။

ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် မြန်မာအစိုးရအနေနှင့် မိမိနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများအတွက် နိုင်ငံသားဖြစ်မှု သက်သေအထောက်အထား (national verification) ကို ထိုင်းနိုင်ငံအတွင်းတွင် လာရောက်လုပ်ပေးရန် ငြင်းဆန်နေဆဲဖြစ်လျှင်၊ နိုင်ငံသားဖြစ်မှု သက်သေ အထောက်အထားအတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ မိမိတို့နိုင်ငံသို့ ပြန်ရန် လိုအပ်သည်ဆိုလျှင် ထိုင်းအစိုးရ၏ နောက် ထပ်သက်တမ်း ၂ နှစ်တိုးခြင်းသည် ထိရောက်မှု ရှိမည်မဟုတ်ဟု ဖော်ပြထားသည်။

၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်း အလုပ်သမားဝန်ကြီးတို့ တွေ့ဆုံပြီးနောက် ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှစတင်၍ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ တရားဝင်မှတ်ပုံတင်ရေးအတွက် နှစ်နိုင်ငံသဘော တူညီမှုရရှိခဲ့သည်။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းကျော် ၂၀၁၀ ခုနှစ် ဇန်နဝါရီလအထိ တရားဝင် မှတ်ပုံတင်ထားသော မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေမှာ ၁ သောင်းသာ ရှိသေးကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား အဖွဲ့အစည်းများက ပြောသည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

20 January 2010

ထိုင်းက အလုပ်သမားလက်မှတ် သက်တမ်းတိုး၊ မလေးရှားက ဖမ်းဆီး

ထိုင်းအစိုးရက နိုင်ငံတွင်းရှိ တရားဝင် အလုပ်သမား လက်မှတ် ကိုင်ဆောင်ထားသူ ရွှေ့ပြောင်း အလုပ်သမားများကို သက်တမ်း ၂ နှစ် ထပ်မံတိုး၍ အလုပ်လုပ်ခွင့် ပြုလိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။

ယင်းခွင့်ပြုချက်တွင် အလုပ်လုပ်ခွင့်သက်တမ်း ယနေ့ကုန်ဆုံးမည့် အလုပ်သမားများအပါအ၀င် ယမန်နှစ်က မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယား နိုင်ငံများမှ အလုပ်သမားမှတ်ပုံတင် ပြုလုပ်ခဲ့သော ရွှေ့ပြောင်း အလုပ် သမား (၁) သန်း (၃) သိန်းကျော်တို့ ဖြစ်သည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ အဖွဲ့ မှ အလုပ်သမားရေးရာ တာဝန်ခံ ဦးသက်ခိုင်က ပြောသည်။

“မနေ့က ထိုင်းအစိုးရက ထုတ်ပြန်တာ၊ လက်ရှိ အလုပ်သမား လက်မှတ်လုပ်ထားတဲ့ သူတွေ အားလုံးကို ယာယီပတ်စ်ပို့ လုပ်ဖို့ သက်တမ်း၂နှစ်တိုးပေး လိုက်တယ်၊ အဲဒီအလုပ်သမား အားလုံးဟာ လက်မှတ်တွေကို သက်တမ်းတိုးရမယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

သက်တမ်းတိုးရမည့် အလုပ်သမားများတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁) သန်းကျော် ပါဝင်ကြောင်း သိရသည်။

ယာယီနိုင်ငံကူးလက်မှတ်ရှိသူများက သက်တမ်းတိုးရန်မလိုကြောင်း၊ သို့သော် ယခု အလုပ်သမား လက်မှတ် သက်တမ်းတိုးမည့် သူများအနေဖြင့် ယာယီနိုင်ငံကူး လက်မှတ်လုပ်ဆောင်ရန် လျှောက်လွှာပုံစံ ဖြည့်စွက် တင်ထားရန် လိုအပ်ကြောင်း၊ ထိုသို့ လျှောက်လွှာ မတင်သည့် သူများကို တရားမ၀င်အလုပ်သမားဟု သတ်မှတ်၍ အရေးယူမည်ဟု သိရကြောင်းလည်း ကိုသက်ခိုင်က ဆိုသည်။

အဆိုပါ ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ရန် ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အရ ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့ကို နောက်ဆုံးထား သတ်မှတ်ခဲ့ကြောင်း သိရသည်။

၂၀၀၉ခုနှစ် ဇူလိုင်လမှ စ တင်၍ ထိုင်းမြန်မာ-နယ်စပ် မြို့ ၃မြို့ တွင် ယာယီနိုင်ငံကူး လက်မှတ်ရုံးများ ဖွင့်လှစ် ကာ ပြုလုပ်ခဲ့သော်လည်း ယခုထက်တိုင် လူဦးရေ ၁၀၀၀၀ ကျော်သာ ပြုလုပ်ပြီးစီးသေးသည်ဟု လည်း ကိုသက်ခိုင်က ပြောဆိုသည်။

ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ရန် ငွေကြေးအခက်အခဲများ၊ နိုင်ငံသား စိစစ်ရေး အစီအစဉ်များ အပါအ၀င်  အလုပ်သမားများ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားအဖွဲ့ အစည်းများ၊ လုပ်ငန်းရှင်းများ NGOs များပူးပေါင်း၍ ထိုင်းအလုပ်သမားဝန်ကြီးဌာနသို့ ပြီးခဲ့သည့် တနင်္လာ နေ့ က စာတင်ခဲ့ကြကြောင်း သိရသည်။

ယင်းစာတင်ပြီးနောက် ထိုင်းအစိုးရ၏ ယခု သက်တမ်းတိုးသည့် ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း၌ မြန်မာနိုင်ငံသား စုစုပေါင်း ၂ သန်း မှ ၄ သန်းအထိ ရှိကြောင်း အလုပ်သမား အဖွဲ့များက ပြောဆိုကြသည်

တချိန်တည်းတွင်ပင် ယင်းသို့ ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်အလုပ်လုပ်ခွင့် သက်တမ်း တိုးရန် စီစဉ်နေသော်လည်း မလေးရှားအစိုးရက တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားကို ပြင်းထန်စွာ အရေး ယူရန် စီစဉ်နေကြောင်းနှင့် လတ်တလော ဖမ်းဆီးမှုများပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၄ ရက်နေ့က မလေးရှားနိုင်ငံထုတ် The Star သတင်းစာတွင် “မလေးရှား လူဝင်မှု ကြီးကြပ်ရေးကလာမည့် ဖေဖ၀ါရီလ ၁၅ ရက်မှ စတင်ကာ နိုင်ငံတ၀န်း တရားမ၀င်အလုပ်လုပ်နေသော နိုင်ငံခြားသား ထောင်ပေါင်းများစွာကို ဖမ်းဆီးနှိမ်နင်း တော့မည်။ ယင်းသို့ ဖမ်းဆီးရာတွင် လ၀ကများ ၊ ရဲများ၊ရလာ (Rala) များက ပူးပေါင်း ကူညီကြမည်ဖြစ်သည်။ ယခုအခါ မလေးရှားတွင် နိုင်ငံခြားသား အလုပ်သမား ၁ သန်း ၈သိန်းခန့်ရှိသည်”ဟု ဖော်ပြခဲ့သည်။

မလေးရှား အာဏာပိုင်များက ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် စတင်ဖမ်းဆီးမည်ဟု ကြေညာခဲ့သော်လည်း ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၈ ရက်နေ့ကပင် စတင်ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေပြီဖြစ်သောကြောင့် မြန်မာ အလုပ်သမားများ စိုးရိမ်ထိတ်လန့်နေကြကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ထဲတွင် အလုပ်လုပ်နေ သည့် ကိုမောင်မောင်က ပြောပြသည်။

“တနင်္လာနေ့က ဖမ်းတဲ့အထဲမှာ ကွာလာလမ်ပူထဲက ကိုတရာယ ဆိုတဲ့နေရာမှာရှိတဲ့ စားသောက်ဆိုင်တွေ မှာ အများကြီးဝင်ဖမ်းတယ်။ နောက် မန်ဂန် လန်ပူဈေးနဲ့ ကန်မ ရာဟိုင်းလတ် ဆိုတဲ့နေရာမှာ ၀င်ဖမ်းတာ မြန်မာနိုင်သား ၄၀ လောက် ပါသွားတယ်၊ ဗမာ၊ ရခိုင်၊ ချင်း၊ အစုံပဲ၊ နောက်လမှ ဖမ်းမယ် ကြေညာပြီး အခု ကတည်းက ၀င်ဆွဲနေတော့ လူတွေလည်း လန့် နေကြတာပေါ့ဗျာ”ဟု ၎င်းကဆိုသည်။

ထို့အပြင် အီပို့ မြို့တွင်လည်း အဖမ်းအဆီးများရှိကြောင်း သူက ဆက် ပြောပြသည်။

မလေးရှားတွင် မြန်မာအလုပ်သမား သိန်းနှင့်ချီ၍ လာရောက် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။
ဧရာဝတီမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

မြစ်ဆုံရေလှောင်တမံ မဖြစ်မြောက်ရေး ဆုတောင်းပွဲကျင်းပ



ဧရာဝတီ မြစ်ပေါ်ရှိ မြစ်ဆုံ ရေလှောင်တမံ တည်ဆောက်ရေး စီမံကိန်း မဖြစ်မြောက်ရန် ခရစ်ယာန် အသင်းတော် ၅၉ နေရာတွင်၂၄ နာရီ ဆုတောင်းပွဲ ပြုလုပ်ကြကြောင်း သိရသည်။

ဇန်န၀ါရီ ၁၈ ရက်နေ့ နံနက် ၆ နာရီမှ နောက်တနေ့ နံနက် ၆ နာရီအထိ အသင်းသူအသင်းသား ရာနှင့်ချီကာ ၂၄ နာရီ အဆက်မပြတ် ဆုတောင်းကြခြင်း ဖြစ်သည်။

စိတ်နှလုံးတူညီစွာ မြစ်ဆုံရေလှောင်တမံ မဖြစ်မြောက်ရေးအတွက် အဓိကထား ဆုတောင်းကြပြီး ကချင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးဟုဆိုကာ နယ်မြေရောင်းခြင်း၊ ရေကာတာအများအပြား ဆောက်လုပ်ခြင်းကြောင့် ကချင် တိုင်းရင်းသားများ၏ လူနေမှုဘ၀ အဘက်ဘက်မှ ဖိနှိပ်ခံနေရခြင်းများအတွက်လည်း ဆုတောင်းကြသည်ဟု သိရသည်။

မြစ်ဆုံရေလှောင်တမံ စီမံကိန်းကို တရုတ် စွမ်းအင် ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီ (CPI) အဖွဲ့ နှင့် Asia World ကုမ္ပဏီတို့ ပူးပေါင်း တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်း ပြီးစီးပါက ထွက်ပေါ်လာသော လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၁၃၃၆၀ ကို တရုတ်နိုင်ငံသို့ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့က မြစ်ဆုံ ရေလှောင်တမံကြောင့် ဒုက္ခ ခံစားရတဲ့ ပြည်သူတွေအတွက်ရယ်၊ နောင်းမီ အရပ်ကို ကုမ္ပဏီတွေက အကြောင်း အမျိုးမျိုးပြ သိမ်းပိုက်လာတာကြောင့် ပြည်သူတွေ ခံစားရတဲ့ဒုက္ခ တွေအတွက်နဲ့ အသင်းသူ အသင်းသားတွေ အနေနဲ့ ခွန်အားတွေရဖို့ ဆုတောင်းကြပါတယ်” ဟု  မြစ်ကြီးနား ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ်မှ သင်းအုပ်ဆရာက ပြောသည်။

မြစ်ဆုံရေလှောင်တမံ ဆောက်လုပ်ပါက ဒေသခံများအပေါ် လူမှုရေးပြဿနာများ ကျရောက်နိုင်ပြီး ဘိုးဘွားပိုင် မြေယာနှင့် သီးနှံပင်များ ဆုံးရှုံးရမည် ဖြစ်ကြောင်း၊ ထို့ပြင် ကချင်တိုင်းရင်းသားများ၏ ယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ကွယ်ကာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ဇီဝ မျိုးသုဉ်းမှုများလည်း ရေလွှမ်းမိုးမှုနှင့်အတူ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ဒေသခံများက နေပြည်တော် သို့ ရေလှောင်တမံ မဆောက်လုပ်ရန် ကန့်ကွက်စာများ အကြိမ်ကြိမ်တင်ပြသော်လည်း စစ်အစိုးရက ဒီဇင်ဘာ ၂၁ ရက်နေ့က ရေလှောင်တမံ ဆောက်လုပ်မည်ဟု အတိအလင်း ကြေညာလိုက်ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြစ်ဆုံ ရေလှောင်တမံ မဆောက်လုပ်ရေးအတွက် ကန့်ကွက်စာကို ကချင်တိုင်းရင်းသားများ လက်မှတ်ရေးထိုးကာ တရုတ် အစိုးရသို့ ဇန်န၀ါရီ ၂၆ ရက်နေ့တွင် တင်ပြခဲ့ပြီး ရေလှောင်တမံ မဖြစ်မြောက်ရေးအတွက် ကမ္ဘာအရပ်ရပ်က ကူညီဆုတောင်းရန် ကြေညာခြင်းများ ပြုလုပ်ကြောင်းလည်း သိရသည်။

“လူသားတွေ မတတ်နိုင်တာ ဘုရားတတ်နိုင်တယ်လေ၊ ကျမတို့က ဖြစ်လာတဲ့ အရာတွေကိုဘယ်လိုမှ မပြောတတ်၊ မလုပ်တတ်တဲ့ အခြေအနေပါ၊ ဆုတောင်းတာကလွဲလို့ပေါ့” ဟု ကချင်တိုင်းရင်းသူ တဦးက ဆိုသည်။

မြစ်ဆုံ ရေလှောင်တမံကြောင့် ကချင်ပြည်သူပြည်သား များသာမက တနိုင်ငံလုံး မည်သည့် အကျိုး တစုံတရာ ခံစားရမည် မဟုတ်သောကြောင့် ၎င်းစီမံကိန်း မဖြစ်မြောက်စေရေးအတွက် နိုင်ငံတဝန်းရှိ ပြည်သူပြည်သား အားလုံး ကူညီဆုတောင်း ကြရန် တိုက်တွန်းကြောင်း ၎င်းက ပြောသည်။
ဧရာဝတီမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

18 January 2010

ပေါက်ယူချန်း၏ စစ်ရေးသတိရှိရန် မိန့်ခွန်း ဝတပ်ဖွဲ့တီဗွီမှ ထုတ်လွှင့်



ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်း၏ မိန့်ခွန်းတိုအား ဝတပ်ဖွဲ့၏ ရုပ်မြင်သံကြားဌာနမှတဆင့် ဒေသအတွင်း ထုတ်လွှင့်ပြသနေသည်။
တရုတ်နှင့် ဝဘာသာဖြင့် ပြောကြားချက်တွင် ဝတပ်ဖွဲ့အနေဖြင့် ပါတီ၏ ဦးဆောင်မှုဖြင့် ဝဒေသအား စွမ်းစွမ်းတမံ ကာကွယ်သွားရန်အတွက် စစ်ရေးသတိရှိရန် ပြောဆိုခြင်းဖြစ်ပြီး ဝရုပ်မြင်သံကြားဌာန (WSTV) က နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် ရက်ခြားဆိုသလို ထုတ်လွှင့်ပြသနေသည်ဟု ပန်ဆန်းမြို့မှ ဝတပ်ဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “အဲလိုလွှင့်နေတာ (၁) ပတ်ကျော်လောက်တောင် ရှိပြီလားမသိဘူး။ အရင် လူထုအစည်းဝေးတွေမှာလည်း အဲလို ကိုယ့်ဒေသကိုယ် ကာကွယ်သွားမယ် ဆိုတာကတော့ ပြောနေကျပါ။ ပြီးခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေးကလည်း အဲလို ကိုယ့်ဒေသကိုယ် ကာကွယ်ဖို့ စစ်ရေးအသင့်ပြင်ထားဖို့ မူချမှတ်ထားတယ်” ဟု ပြောသည်။
အဆိုပါ ရုပ်သံဌာန၏ ထုတ်လွှင့်ချက်များကို ဝတပ်ဖွဲ့ဌာနချုပ်ရှိရာ ပန်ဆန်းမြို့မှ ထုတ်လွှင့်နေပြီး ဝတပ်ဖွဲ့ထိန်းချုပ်ရာ ဒေသအတွင်းရှိ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အလိုက် ထပ်ဆင့် ထုတ်လွှင့်ပြသနေသည်။
ဝဒေသကာကွယ်ရေးအား ရည်ရွယ်ပြီး ဝတပ်ဖွဲ့၏ တပ်မဟာအလိုက် သက်ဆိုင်ရာမြို့နယ်တို့တွင် ဒေသခံလူထုအား အခြေခံစစ်ပညာသင်တန်းများ ပို့ချနေပြီး မကြာမီသင်တန်းများအားလုံး ပြီးဆုံးတော့မည်ဟု ဝတပ်ဖွဲ့နှင့်နီးစပ်သူ တရုတ်နယ်စပ် ဒေသခံတဦးက ပြောသည်။
၎င်းက “သင်တန်းတွေက မနှစ် ဒီဇင်ဘာ လဆန်းပိုင်းလောက်ကတည်းက စနေတာ။ တန့်ယန်းသွားတဲ့လမ်းက ဝိန်းကောင်ဘက်က သင်တန်းတွေဆို ပြီးသွားပြီ။ ဝတောင်ပိုင်းက မြို့နယ်တွေမှာ။ အချို့မြို့နယ်တွေမှာ အမျိုးသမီးတွေလည်း တက်တယ်။ အရန် ပြည်သူ့စစ်သင်တန်းပေါ့။ လက်နက်ငယ် ပစ်ခတ်တာတွေကော သင်ပေးနေတာ။ ရည်ရွယ်ချက်က ဝဒေသကာကွယ်ရေး၊ လိုအပ်လာရင် စစ်တိုက်နိုင်ဖို့ပေါ့” ဟု ပြောသည်။
ဝတပ်ဖွဲ့တွင် လက်နက်ကိုင် ပြည်သူ့စစ်တပ်ဖွဲ့အပါအဝင် အင်အား (၃ဝ,ဝဝဝ) ခန့် ရှိနေချိန်တွင် ဒေသခံအရပ်သူ၊ အရပ်သား များအား အရန်ပြည်သူ့စစ်ဆိုပြီး သင်တန်းများပေးကာ ဒေသကာကွယ်ရေးအတွက် စစ်ရေးပြင်နေခြင်းဖြစ်သည်။
အပစ်ခတ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ယမန်နှစ်၊ ဧပြီ (၂၈) ရက်၌ နအဖဘက်မှ စတင်ကမ်းလှမ်းလာပြီး နောက်ပိုင်း ဝတပ်ဖွဲ့က နအဖ ကမ်းလှမ်းထားသည့်အတိုင်း လက်မခံနိုင်သည့်အတွက် နှစ်ဘက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း မပြေလည်ဘဲဖြစ်နေချိန်တွင် ဝတပ်ဖွဲ့က ယခုကဲ့သို့ ဒေသကာကွယ်ရေးအတွက် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။


ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

လွယ်ဂျယ်နကသစခန်းမှ ဆန်ခိုးထုတ်သည့်ကိစ္စ စသုံးလုံးစစ်ဆေးမည်

တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်း (နကသ) မှတဆင့် မသမာသည့်နည်းလမ်းဖြင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့သည့်ကိစ္စ မကြာသေးမီရက်ပိုင်းက ပေါ်ပေါက်ခဲ့ပြီး အထူးစုံးစမ်းစစ်ဆေးရေးအဖွဲ့ (စစစ) က စစ်ဆေးတော့မည် ဖြစ်သည်။
ကချင်ပြည်နယ် ဗန်းမော်မြို့နှင့်လွယ်ဂျယ်အကြား စိန်လုံကျေးရွာတွင် ဆန်များသယ်ဆောင်လာသည့် ကား (၃) စီးကို မိုးမိတ်စစ်ဗျူဟာ လက်အောက်ခံတပ်က ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဖမ်းဆီးခဲ့ရာမှ နကသစခန်းမှတဆင့် တရားမဝင် ဆန်ခိုးသယ်သည့်ကိစ္စ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ဗန်းမော်ကုန်သည်တဦးက “အခု ဗျူဟာမှူးအသစ်က ရောက်တာမကြာသေးဘူး။ သူ့အမိန့်နဲ့ ဆန်ကားတွေအားလုံး ဖမ်းလိုက်တာ။ ဆယ်ဘီးကားတွေနဲ့ တစီးကို အိတ် (၆ဝဝ)၊ အားလုံး အိတ် (၁,၈ဝဝ)။ အဲဒီကိစ္စမှာ လွယ်ဂျယ် နကသတွေလည်း ပါတယ်။ အခု မြစ်ကြီးနားက စစစ အဖွဲ့လည်း တနေ့က ဗန်းမော်ကို ရောက်လာခဲ့တယ်။ စစ်ဆေးအရေးယူဖို့ လုပ်နေတယ်” ဟု ပြောသည်။
ဗန်းမော်ခရိုင်ကိုပါ ကွပ်ကဲရသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ၊ မိုးမိတ်စစ်ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဝင်းမင်းထွန်းသည် နေပြည်တော်၊ ကကကြည်းစစ်ရုံးချုပ်မှ မကြာသေးခင်က ပြောင်းရွှေ့လာသူဖြစ်ပြီး ဆန်တင်ပို့ခွင့် ပိတ်ပင် ထားသည့်ကြားက ဆန်သယ်ယူနေမှုကို နှိမ်နင်းခဲ့ခြင်းဖြစ်သည်ဟု အဆိုပါဗန်းမော်ကုန်သည်က ပြောသည်။
၎င်းက “ကုန်သွယ်လယ်ယာဌာနက ဆန်တင်ပို့ခွင့်ကို ပြန်ပိတ်ထားပြီ။ အဲဒါကို နကသကို ငွေပေးပြီး သယ်နေကြတာ။ ဂျူတီဆောင်ရမယ့် ကျသင့်ငွေ တချို့တဝက်ကို နကသ ဝန်ထမ်းအိတ်ထဲ ထည့်ပေးလိုက်တယ်။ နိုင်ငံတော်ကလည်း ဘာအခွန်မှ မရဘူး။ နကသနဲ့ ကုန်သည်တွေ ပေါင်းပြီး အဲလိုလုပ်နေတာ။ အခုလိုဖမ်းတော့ နကသတွေ ဘာကြောင့် ဆန်တွေ သယ်ခွင့်ပေး နေသလဲဆိုတာ ရှင်းရတော့မယ်” ဟု ပြောသည်။
မြန်မာပြည်မှ ဆန်နှင့်ဆန်ကွဲများကို ခေါက်ဆွဲပြုလုပ်ရန်၊ အရက်ချက်ရန်နှင့် တိရစ္ဆာန်အစားအစာပြုလုပ်ရန် တရုတ်ပြည်ဘက်က ဝယ်ယူနေကြပြီး ယမန်နှစ်အတွင်းက မူဆယ်-မန္တလေး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် တရားဝင်တင်ပို့မှုများ ရှိခဲ့သည်။
ဗန်းမော်ဒေသဘက်မှ ဆန်နှင့်ဆန်ကွဲများကို မန်ဝိန်း-နမ်းခမ်းလမ်းမှ တဆင့်လည်းကောင်း၊ လွယ်ဂျယ်လမ်းမှ တဆင့် လည်းကောင်း တင်ပို့နေခဲ့ရာ ယခုလ (၉) ရက်နေ့ကလည်း ပြည်သူ့စစ်တပ်ဖွဲ့ အသွင်ပြောင်းခဲ့သည့် ဦးလဆန်အောင်ဝါ ဦးဆောင်သည့် လဝါးယန်ပြည်သူ့စစ်တပ်ဖွဲ့၏ ကားတန်းအား ဗန်းမော်နှင့် မန်ဝိန်းကျေးရွာအကြား ဂိုက်ထိပ်စစ်ဆေးရေး ဂိတ်တွင် မှောင်ခိုသယ်လာသည့် တတင်းခွဲပါ ဆန်အိတ် (၁,၂ဝဝ) ကို မိုးမိတ်စစ်ဗျူဟာ လက်အောက်ခံ စစ်တပ်က ဖမ်းဆီးခဲ့သည်။
ခေတ်ပြိုင်မှ
ဆက်လက်ဖတ်ရှုရန်...
 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.