28 January 2010

အပစ်ရပ် မိုင်းလားအဖွဲ့ အတွင်းရေးမှူး လုပ်ကြံခံရ

ရှမ်းပြည် (အရှေ့ပိုင်း) အထူးဒေသ ၄ ရှိ စစ်အစိုးရနှင့် အပစ်ရပ်ထားသည့် မိုင်းလားအဖွဲ့ ခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NDAA အတွင်းရေးမှူးသည် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ယနေ့နံနက်ပိုင်းတွင် မိုင်းလားမြို့တွင် သေဆုံးသွားသည်။

NDAA – National Democratic Alliance Army အတွင်းရေးမှူး ဦးမင်းအိမ် (ခေါ်) Lin Hongshen သည် ယနေ့နံနက် ၆ နာရီခွဲခန့်က အဖော်တဦးနှင့်အတူ မိုင်းလားမြို့တွင်း လမ်းလျှောက်စဉ် သေနတ်သမားများက ပစ်ခတ်သဖြင့် သေနတ်ဒဏ်ရာ ၇ ချက်ခန့် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။

အဖော်ဖြစ်သူလည်း ဒဏ်ရာပြင်းထန်စွာ ရရှိသဖြင့် တရုတ်နယ်စပ် ဆေးရုံတွင် ယခုအခါ ဆေးကုသမှု ခံယူနေရသည်။

ယခုလုပ်ကြံမှုကြောင့် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် အဆိုပြုချက်ကို ငြင်းဆန်နေသည့် NDAA အဖွဲ့တွင်း အခြေအနေများ ရှုပ်ထွေးနေပြီး၊ အောက်ခြေတပ်သားထု အသိုင်းအဝိုင်းက နအဖ စစ်တပ်နှင့် နီးစပ်သူများကို မလိုလား၍ လုပ်ကြံခြင်းလည်း ဖြစ်နိုင်ကြောင်း NDAA နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

“ခေါင်းဆောင်တွေထဲမှာ နအဖ စစ်တပ်နဲ့ ဆက်စပ်ရတဲ့ လုပ်ငန်းတွေထဲမှာ အဓိက တာဝန်ယူပြီး လုပ်ရတဲ့သူဖြစ်တော့ အောက်ခြေပိုင်းက မကျေနပ်လို့လုပ်တာလို့ ယူဆနေကြတယ်။ နအဖနဲ့ ဆက်ဆံတဲ့နေရာမှာ သဘောထား ထက်သန်တဲ့သူလို့ (သူ့ကို) ယူဆကြတာပေါ့။ အဲဒါကြောင့် စနစ်တကျ လုပ်လိုက်တဲ့ သဘောပေါ့” ဟု သူက ဆိုသည်။

ဦးမင်းအိမ် (၅၇ နှစ်) သည် ဗန်းမော်မြို့သားဖြစ်ကာ ၁၉၇၈ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရကို လက်နက်ကိုင် တော်လှန်ရန် ဗမာပြည် ကွန်မြူနစ်ပါတီ - ဗကပ ဌာနချုပ် တည်ရှိရာ ရှမ်းပြည် အရှေ့မြောက်ဒေသသို့ စတင်ရောက်ရှိလာခဲ့သည်။

ထို့နောက် မုံးကိုးမြို့ရှိ ဗကပ ပါတီ မြောက်ပိုင်းဗျူရို စစ်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် စစ်အကြံပေးနှင့် နိုင်ငံရေး တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၁၉၈၉ ခုနှစ် ဗကပ ပြိုကွဲချိန်တွင် ၈၁၅ စစ်ဒေသ မိုင်းလားမြို့သို့ လိုက်ပါလာခဲ့ပြီး ၁၉၈၉ ခုနှစ် ဇွန်လပိုင်းတွင် နအဖ စစ်တပ်နှင့် ငြိမ်းချမ်းရေး ရယူခဲ့ရာ ရှမ်းအရှေ့ အထူးဒေသ ၄ မိုင်းလားအဖွဲ့အဖြစ် သတ်မှတ်ခဲ့သည်။

ထိုအချိန်မှစ၍ NDAA အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ရာ သူသည် အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်လာခဲ့သည်။

  မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.