18 January 2010

လွယ်ဂျယ်နကသစခန်းမှ ဆန်ခိုးထုတ်သည့်ကိစ္စ စသုံးလုံးစစ်ဆေးမည်

တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်း (နကသ) မှတဆင့် မသမာသည့်နည်းလမ်းဖြင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့သည့်ကိစ္စ မကြာသေးမီရက်ပိုင်းက ပေါ်ပေါက်ခဲ့ပြီး အထူးစုံးစမ်းစစ်ဆေးရေးအဖွဲ့ (စစစ) က စစ်ဆေးတော့မည် ဖြစ်သည်။
ကချင်ပြည်နယ် ဗန်းမော်မြို့နှင့်လွယ်ဂျယ်အကြား စိန်လုံကျေးရွာတွင် ဆန်များသယ်ဆောင်လာသည့် ကား (၃) စီးကို မိုးမိတ်စစ်ဗျူဟာ လက်အောက်ခံတပ်က ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဖမ်းဆီးခဲ့ရာမှ နကသစခန်းမှတဆင့် တရားမဝင် ဆန်ခိုးသယ်သည့်ကိစ္စ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ဗန်းမော်ကုန်သည်တဦးက “အခု ဗျူဟာမှူးအသစ်က ရောက်တာမကြာသေးဘူး။ သူ့အမိန့်နဲ့ ဆန်ကားတွေအားလုံး ဖမ်းလိုက်တာ။ ဆယ်ဘီးကားတွေနဲ့ တစီးကို အိတ် (၆ဝဝ)၊ အားလုံး အိတ် (၁,၈ဝဝ)။ အဲဒီကိစ္စမှာ လွယ်ဂျယ် နကသတွေလည်း ပါတယ်။ အခု မြစ်ကြီးနားက စစစ အဖွဲ့လည်း တနေ့က ဗန်းမော်ကို ရောက်လာခဲ့တယ်။ စစ်ဆေးအရေးယူဖို့ လုပ်နေတယ်” ဟု ပြောသည်။
ဗန်းမော်ခရိုင်ကိုပါ ကွပ်ကဲရသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ၊ မိုးမိတ်စစ်ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဝင်းမင်းထွန်းသည် နေပြည်တော်၊ ကကကြည်းစစ်ရုံးချုပ်မှ မကြာသေးခင်က ပြောင်းရွှေ့လာသူဖြစ်ပြီး ဆန်တင်ပို့ခွင့် ပိတ်ပင် ထားသည့်ကြားက ဆန်သယ်ယူနေမှုကို နှိမ်နင်းခဲ့ခြင်းဖြစ်သည်ဟု အဆိုပါဗန်းမော်ကုန်သည်က ပြောသည်။
၎င်းက “ကုန်သွယ်လယ်ယာဌာနက ဆန်တင်ပို့ခွင့်ကို ပြန်ပိတ်ထားပြီ။ အဲဒါကို နကသကို ငွေပေးပြီး သယ်နေကြတာ။ ဂျူတီဆောင်ရမယ့် ကျသင့်ငွေ တချို့တဝက်ကို နကသ ဝန်ထမ်းအိတ်ထဲ ထည့်ပေးလိုက်တယ်။ နိုင်ငံတော်ကလည်း ဘာအခွန်မှ မရဘူး။ နကသနဲ့ ကုန်သည်တွေ ပေါင်းပြီး အဲလိုလုပ်နေတာ။ အခုလိုဖမ်းတော့ နကသတွေ ဘာကြောင့် ဆန်တွေ သယ်ခွင့်ပေး နေသလဲဆိုတာ ရှင်းရတော့မယ်” ဟု ပြောသည်။
မြန်မာပြည်မှ ဆန်နှင့်ဆန်ကွဲများကို ခေါက်ဆွဲပြုလုပ်ရန်၊ အရက်ချက်ရန်နှင့် တိရစ္ဆာန်အစားအစာပြုလုပ်ရန် တရုတ်ပြည်ဘက်က ဝယ်ယူနေကြပြီး ယမန်နှစ်အတွင်းက မူဆယ်-မန္တလေး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် တရားဝင်တင်ပို့မှုများ ရှိခဲ့သည်။
ဗန်းမော်ဒေသဘက်မှ ဆန်နှင့်ဆန်ကွဲများကို မန်ဝိန်း-နမ်းခမ်းလမ်းမှ တဆင့်လည်းကောင်း၊ လွယ်ဂျယ်လမ်းမှ တဆင့် လည်းကောင်း တင်ပို့နေခဲ့ရာ ယခုလ (၉) ရက်နေ့ကလည်း ပြည်သူ့စစ်တပ်ဖွဲ့ အသွင်ပြောင်းခဲ့သည့် ဦးလဆန်အောင်ဝါ ဦးဆောင်သည့် လဝါးယန်ပြည်သူ့စစ်တပ်ဖွဲ့၏ ကားတန်းအား ဗန်းမော်နှင့် မန်ဝိန်းကျေးရွာအကြား ဂိုက်ထိပ်စစ်ဆေးရေး ဂိတ်တွင် မှောင်ခိုသယ်လာသည့် တတင်းခွဲပါ ဆန်အိတ် (၁,၂ဝဝ) ကို မိုးမိတ်စစ်ဗျူဟာ လက်အောက်ခံ စစ်တပ်က ဖမ်းဆီးခဲ့သည်။
ခေတ်ပြိုင်မှ

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.