18 January 2010

ပေါက်ယူချန်း၏ စစ်ရေးသတိရှိရန် မိန့်ခွန်း ဝတပ်ဖွဲ့တီဗွီမှ ထုတ်လွှင့်



ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်း၏ မိန့်ခွန်းတိုအား ဝတပ်ဖွဲ့၏ ရုပ်မြင်သံကြားဌာနမှတဆင့် ဒေသအတွင်း ထုတ်လွှင့်ပြသနေသည်။
တရုတ်နှင့် ဝဘာသာဖြင့် ပြောကြားချက်တွင် ဝတပ်ဖွဲ့အနေဖြင့် ပါတီ၏ ဦးဆောင်မှုဖြင့် ဝဒေသအား စွမ်းစွမ်းတမံ ကာကွယ်သွားရန်အတွက် စစ်ရေးသတိရှိရန် ပြောဆိုခြင်းဖြစ်ပြီး ဝရုပ်မြင်သံကြားဌာန (WSTV) က နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် ရက်ခြားဆိုသလို ထုတ်လွှင့်ပြသနေသည်ဟု ပန်ဆန်းမြို့မှ ဝတပ်ဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “အဲလိုလွှင့်နေတာ (၁) ပတ်ကျော်လောက်တောင် ရှိပြီလားမသိဘူး။ အရင် လူထုအစည်းဝေးတွေမှာလည်း အဲလို ကိုယ့်ဒေသကိုယ် ကာကွယ်သွားမယ် ဆိုတာကတော့ ပြောနေကျပါ။ ပြီးခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေးကလည်း အဲလို ကိုယ့်ဒေသကိုယ် ကာကွယ်ဖို့ စစ်ရေးအသင့်ပြင်ထားဖို့ မူချမှတ်ထားတယ်” ဟု ပြောသည်။
အဆိုပါ ရုပ်သံဌာန၏ ထုတ်လွှင့်ချက်များကို ဝတပ်ဖွဲ့ဌာနချုပ်ရှိရာ ပန်ဆန်းမြို့မှ ထုတ်လွှင့်နေပြီး ဝတပ်ဖွဲ့ထိန်းချုပ်ရာ ဒေသအတွင်းရှိ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အလိုက် ထပ်ဆင့် ထုတ်လွှင့်ပြသနေသည်။
ဝဒေသကာကွယ်ရေးအား ရည်ရွယ်ပြီး ဝတပ်ဖွဲ့၏ တပ်မဟာအလိုက် သက်ဆိုင်ရာမြို့နယ်တို့တွင် ဒေသခံလူထုအား အခြေခံစစ်ပညာသင်တန်းများ ပို့ချနေပြီး မကြာမီသင်တန်းများအားလုံး ပြီးဆုံးတော့မည်ဟု ဝတပ်ဖွဲ့နှင့်နီးစပ်သူ တရုတ်နယ်စပ် ဒေသခံတဦးက ပြောသည်။
၎င်းက “သင်တန်းတွေက မနှစ် ဒီဇင်ဘာ လဆန်းပိုင်းလောက်ကတည်းက စနေတာ။ တန့်ယန်းသွားတဲ့လမ်းက ဝိန်းကောင်ဘက်က သင်တန်းတွေဆို ပြီးသွားပြီ။ ဝတောင်ပိုင်းက မြို့နယ်တွေမှာ။ အချို့မြို့နယ်တွေမှာ အမျိုးသမီးတွေလည်း တက်တယ်။ အရန် ပြည်သူ့စစ်သင်တန်းပေါ့။ လက်နက်ငယ် ပစ်ခတ်တာတွေကော သင်ပေးနေတာ။ ရည်ရွယ်ချက်က ဝဒေသကာကွယ်ရေး၊ လိုအပ်လာရင် စစ်တိုက်နိုင်ဖို့ပေါ့” ဟု ပြောသည်။
ဝတပ်ဖွဲ့တွင် လက်နက်ကိုင် ပြည်သူ့စစ်တပ်ဖွဲ့အပါအဝင် အင်အား (၃ဝ,ဝဝဝ) ခန့် ရှိနေချိန်တွင် ဒေသခံအရပ်သူ၊ အရပ်သား များအား အရန်ပြည်သူ့စစ်ဆိုပြီး သင်တန်းများပေးကာ ဒေသကာကွယ်ရေးအတွက် စစ်ရေးပြင်နေခြင်းဖြစ်သည်။
အပစ်ခတ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ယမန်နှစ်၊ ဧပြီ (၂၈) ရက်၌ နအဖဘက်မှ စတင်ကမ်းလှမ်းလာပြီး နောက်ပိုင်း ဝတပ်ဖွဲ့က နအဖ ကမ်းလှမ်းထားသည့်အတိုင်း လက်မခံနိုင်သည့်အတွက် နှစ်ဘက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း မပြေလည်ဘဲဖြစ်နေချိန်တွင် ဝတပ်ဖွဲ့က ယခုကဲ့သို့ ဒေသကာကွယ်ရေးအတွက် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။


ခေတ်ပြိုင်မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.