19 June 2010

နအဖဝန်ကြီးများ ကေအိုင်အိုနှင့် လာတွေ့

အမှတ်(၁) စက်မှုဝန်ကြီး ဦးအောင်သောင်း၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဦးသိန်းဇော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ ယမန်နေ့က တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့သို့ ရောက်ရှိလာခဲ့ပြီး ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

နအဖနှင့် ကေအိုင်အိုအကြား နှစ်ဖက်တွေ့ဆုံမှုများကို မြစ်ကြီးနားတွင် ပြုလုပ်နေရာမှ လိုင်ဇာ၌ လာရောက် တွေ့ဆုံခြင်းဖြစ်ပြီး ကေအိုင်အိုအဖွဲ့၏ ဖိတ်ကြားမှုအရ ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု ကေအိုင်အိုခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ဧပြီ (၂၂) ရက်နေ့က နယ်ခြားစောင့်တပ် မလုပ်ဘူးလို့ တုံ့ပြန်ပြီးနောက်ပိုင်း ကေအိုင်အိုနဲ့ နအဖအကြား နှစ်ဖက် ဆက်ဆံမှု မပျက်သွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တွေ့နေကြတာရှိတယ်။ မြစ်ကြီးနားမှာပဲ တွေ့နေကြတာ။ အခု လိုင်ဇာကို လာဖို့ ကေအိုင်အိုက ပြီးခဲ့တဲ့တပတ် တွေ့ဆုံတုန်းက ဖိတ်ထားတော့ ရောက်လာတာ။ နယ်ခြားစောင့်တပ်ကိစ္စ ဆွေးနွေးတာမျိုး မဟုတ်တော့ဘူး။ ဘာဆွေးနွေးနေတယ်၊ ဘယ်ခေါင်းစဉ်နဲ့ သွားနေသလဲဆိုတာတော့ မသိရဘူး” ဟု ပြောသည်။

အသွင်ပြောင်းလိုကြောင်း ပြောဆိုပြီးနောက်ပိုင်း ကေအိုင်အိုနှင့် နအဖအကြား တွေ့ဆုံမှုများရှိခဲ့ရာ ကေအိုင်အိုအဖွဲ့ကမူ ပုံမှန် ဆက်ဆံရေး မပျက်ရေးအတွက် တွေ့ဆုံခြင်းသာဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုသော်လည်း ကေအိုင်အိုအဖွဲ့က နယ်ခြားစောင့်တပ်အစား ကချင်လက်နက်ကိုင်တပ်ရင်းများဖြင့်သာ ဖွဲ့စည်းလိုကြောင်း ဧပြီလအတွင်းက ကေအိုင်အို၏ နောက်ဆုံးကမ်းလှမ်းမှုအပေါ် ဆွေးနွေးခြင်းလည်း ဖြစ်နိုင်သည်ဟု အဆိုပါ ကေအိုင်အို ခေါင်းဆောင်များနှင့် နီးစပ်သူလိုင်ဇာဒေသခံက ပြောသည်။

၎င်းက “သူတို့က မိတ်မပျက်အောင် ချစ်ကြည်ရေးအရ တွေ့ဆုံမှုဆိုပေမယ့် ဒီထက်ပိုနိုင်တယ်လေ။ ကေအိုင်အို ပြောထားတဲ့ ကချင်လက်နက်ကိုင် တပ်ရင်းအနေနဲ့ အသွင်ပြောင်းမယ့်အပေါ်ကို နအဖဘက်က သဘောတူတာ ဒါမှမဟုတ် အသေးစိတ် သိချင်လို့ ဆွေးနွေးနေတာလည်း ဖြစ်နိုင်ပါတယ်။ နှစ်ဖက်အကြား ဟိုအစောပိုင်းကလို စစ်ရေးတင်းမာမှုမရှိတော့ဘူးဆိုတော့ တစုံတရာ နားလည်မှု ရနေပုံရတယ်” ဟု ပြောသည်။

ယမန်နေ့က မပခလက်အောက်ခံ ခလရ (၁၄၂) မှ စစ်သားအင်အား (၁ဝဝ) ဝန်းကျင်က လုံခြုံရေးအဖြစ် လိုက်ပါလာသည့် အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်းနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဦးသိန်းဇော်တို့အဖွဲ့သည် ယမန်နေ့ နေ့လယ် (၁၁) နာရီခန့်တွင် လိုင်ဇာသို့ ရောက်ရှိလာပြီး လိုင်ဇာဟိုတယ်တွင် ကေအိုင်အို ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားသည်ဟု လိုင်ဇာဒေသခံများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ကေအိုင်အိုအဖွဲ့မှ တာဝန်ရှိသူများကို ဖုန်းဆက်သွယ်၍ မရပေ။
(ခေတ်ပြိုင်မှတဆင့်)
ဆက်လက်ဖတ်ရှုရန်...

14 June 2010

ကလေးစစ်သားတဦး မိဘများထံ ပြန်လည်ရောက်ရှိ

ဖြိုးကြီး။ ။ ၁၃၊ ၆၊ ၂၀၁၀

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ကန်းကျွန်းကြီးကျေးရွာမှ အဖ ဦးသောင်းအေး အမိ ဒေါ်ခင်စန်းရွှေတို့၏သား အသက် (၁၇)နှစ်အရွယ် မောင်ဝေယံ ကလေးစစ်သားအဖြစ် တာဝန်ထမ်းဆောင်နေရာမှ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) အကူညီဖြင့် မိဘထံ ပြန်လည်ရောက်ရှိလာသည်။

ယခုလ (၁၀) ရက်နေ့က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး ခလရ (၃၂) တွင် တာဝန်ကျနေသည့် မောင်ဝေယံကျော် (ခ) သန့်ဇင်နောင်ကို မိဘများကိုယ်တိုင် သွားရောက်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ခင်စန်းရွှေက ပြောသည်။

“ဦးအေးမြင့်တို့နဲ့ တိုင်ပင်ပြီးတော့ ILO အဖွဲ့အစည်းများကနေ ကျမသားလေး ပျောက်သွားလို့ ကူညီပေးပါဆိုပြီး ဝိုင်းဝန်းရှာပေးလို့ သူရှိတဲ့နေရာကို သိရတာပါ၊ ဒီလ (၈) ရက်နေ့က မင်္ဂလာဒုံ ခလရ (၈၂) နံ့သာကုန်း ထောက်ကြံ့ကနေ လာအကြောင်းကြားတာပါ၊ ကလေးကိုတွေ့ပြီ သူနေတဲ့ တပ်ကို မိဘတွေကိုယ်တိုင်သွားခေါ်ပါဆိုလို ကျမတို့ (၁၀) ရက်နေ့က သွားခေါ်တာပါ” ဟု ပြောသည်။

မိဘများသွားရောက်ခေါ်လာစဉ် တာဝန်ရှိသူများက ကလေးကိုကောင်းမွန်စွာပြန်လည် ထည့်ပေးလိုက်သော်လည်း နောက်နောင် အစိုးရ၏ ဝန်ထမ်းဖြစ်ခွင့်မရှိတော့ကြောင်း ပြောလိုက်သည်ဟု မိခင်ဖြစ်သူက ဆက်ပြောသည်။

မောင်ဝေယံကျော် စတင်ပျောက်ဆုံးသွားခြင်းနှင့် ပတ်သက်၍ မိခင်ဖြစ်သူက “ကျမသားကို ၂၀၀၉ ခုနှစ်၊ ၈ လပိုင်း၊ ၂၁ ရက်နေ့က ကျမက ဆူလိုက်တော့ သူက အပြင်ထွက်သွားရင်း လမ်းမှာ စစ်သားတယောက်က စစ်ထဲဝင်မလားလို့ မေးရင်းနဲ့ ပါသွားတာ” ဟု မိခင်ဖြစ်သူက ပြောသည်။

ထို့အပြင် မောင်ဝေယံကျော်သည် ပုသိမ်စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံခဲ့ရပြီး သင်တန်းကာလအတွင် ညှဉ်းပန်းနှိပ်စက်မှုများ ရှိခဲ့ကြောင်း ပြန်လည်ပြောသည်။

၎င်းကြုံတွေ့ခဲ့ရသည်များနှင့် ပတ်သက်၍ “သင်တန်းမှာ ရိုက်တာနှက်တာတွေ ရှိတယ်၊ သင်တန်းချိန်ပြီးသွားရင် အုတ်တွေဘာတွေ ထမ်းရတယ်၊ ကောက်စိုက်၊ ကောက်ရိတ်၊ တပ်ရင်းမှူးအိမ်မှာ သန့်ရှင်းရေးတွေ လုပ်ရတယ်” ဟု ပြောသည်။

သင်တန်းကျောင်းတွင် ၎င်းနှင့်ရွယ်တူ ကလေးငယ် အယောက် (၃၀) ခန့်ရှိကြောင်းနှင့် သင်တန်းဆင်းပြီး ကိုယ်ပိုင်အမှတ် တ/ ၄၂၁၇၂၀ဖြစ် ကြာအင်းဆိပ်ကြီးသို့ တပ်သားတာဝန်ထမ်းဆောင်ရင်း ရှေ့တန်းစစ်မြေပြင်သို့ နှစ်ကြိမ်ထွက်ခဲ့ကြောင်း မောင်ဝေယံကျော်က ဆက်လက်ပြောသည်။

ယခုကဲ့သို့ မောင်ဝေယံကျော် မိဘများထံ ပြန်လည်ရောက်ရှိလာသည့်အတွက် ဝမ်းသာကြောင်းနှင့် ကလေးပြန်လည်ရောက်ရှိအောင် ကူညီပေးသူများ အားလုံးကို ကျေးဇူးတင်ကြောင်း မိခင်ဖြစ်သူက ပြောသည်။

ထို့အပြင် “နောက်နောင် ကလေးမိဘတွေအနေနဲ့လည်း အခုလို ကလေးငယ်တွေ ပျောက်ဆုံးပြီး စစ်တပ်ထဲရောက်နေရင် အကူညီပေးနေတဲ့သူတွေနဲ့ တိုင်ပင်ပြီး ကိုယ့်သားသမီးကို ပြန်ရဖို့အတွက် လုပ်ဆောင်ရန် လိုအပ်ပါတယ်” ဟု ဒေါ်ခင်သန်းရွှေ တိုက်တွန်းပြောဆိုသည်။

အသက်မပြည့်သေးဘဲ စစ်သားအဖြစ်စုဆောင်းခံရသည့် ကလေးများနှင့် ပျောက်နေသည့်ကလေးငယ်များအတွက် မိဘကိုယ်တိုင် ရပ်ကွက်၊ ကျောင်း စသည့် ထောက်ခံစာများအပါအ၀င် ကိုယ်ရေးအချက်အလက် အပြည့်အစုံဖြင့် ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်ရှိ အိုင်အယ်အိုရုံးသို့ တိုက်ရိုက် တိုင်ကြားနိုင်သည်။
(ရိုးမမှတဆင့်)
ဆက်လက်ဖတ်ရှုရန်...

12 June 2010

ဗိုလ်ကြီးစိုင်းသိမ်းဝင်းနှင့် ဗိုလ်မှူးအောင်လင်းထွဋ် တို့အပေါ်စွပ်စွဲချက်များ

စစ်အစိုးရ၏ လျှို့ဝှက် နျူကလီးယား စီမံကိန်းအကြောင်း DVB နှင့် အယ်လ်ဂျာဇီးယားတို့ ပူးပေါင်း ထုတ်လွှင့်မှုများ အတွက် DVB၊ ဗိုလ်ကြီးစိုင်းသိမ်းဝင်း နှင့် ဗိုလ်မှူးအောင်လင်းထွဋ် တို့အပေါ် မြန်မာ့ရုပ်မြင်သံကြားသတင်းမှ စွပ်စွဲခြေပချက်ဗီဒီယိုဖြစ်ပါသည်။
 စစ်အစိုးရနှင့်မြောက်ကိုရီးယားတို့၏ ပူးပေါင်းဆောင်ရွက်မှုအကျဉ်း

စစ်အစိုးရသည် အရှေ့တောင်အာရှ ဒေသတွင်း အဏုမြူလက်နက် ကင်းစင်သောဇုန်နယ်အဖြစ်

သတ်မှတ်ရေး သဘောတူညီချက် (ဘန်ကောက်သဘောတူညီချက်) ကို ၁၉၉၅ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။ နောက်တနှစ် အကြာတွင် ဘက်စုံ အဏုမြူစမ်းသပ်မှုများ တားမြစ်ရေး သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုး ခဲ့သေးသည်။
အဏုမြူစွမ်းအင် ဦးစီးဌာနကို ၁၉၉၇ အောက်တိုဘာလတွင် အသစ် ဖွဲ့စည်းခဲ့ပြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ အောက်တွင် ထားရှိသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၀၂ ခုနှစ်၊ ဇန်န၀ါရီလတွင် မြန်မာစစ်အစိုးရက "ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးချရေး အတွက်" အဏုမြူ သုတေသနဓာတ်ပေါင်းဖို တခုတည် ဆောက်ရန် အစီအစဉ်ကို အတည်ပြုပြောဆိုလာခဲ့သည်။ ထိုအချိန် က နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးခင်မောင်ဝင်းက "မြန်မာနိုင်ငံ၏ အဏုမြူစွမ်းအင်အပေါ် ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် စိတ်ဝင်စားမှုမှာ ကာလကြာရှည်ကတည်းက ရှိနေခဲ့သည်" ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

၂၀၀၃ ဇူလိုင်လတွင် မြောက်ကိုရီးယား ပညာရှင် ၁၅ ဦးမှ ၂၀ အထိ ရန်ကုန်ရှိ ရေတပ်စခန်းတခုနှင့် ကာကွယ်ရေး ဝန်ကြီးဌာန၏ ဧည့်ရိပ်သာ တခုတွင် တွေ့ရကြောင်း ဟောင်ကောင် အခြေစိုက် အရှေ့ဖျားဒေသ စီးပွားရေးရာ စာစောင် က ရေးသားဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် မြန်မာပြည်ကို ဒုံးကျည်များ ရောင်းချနေသည်ဟု အမေရိကန် အစိုးရ အရာရှိတို့က ၂ဝဝ၄ ခုနှစ်ကလည်း ထုတ်ဖော် ပြောကြားခဲ့သည်။


မြန်မာနှင့် မြောက်ကိုရီးယားတို့သည် ၂ နိုင်ငံ သံတမန် ပုံမှန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ရာမှ မကြာသေး သော နှစ်များ အတွင်း တိတ်တဆိတ် ဆက်ဆံရေးများ ပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီလတွင် တရားဝင် ဆက်ဆံရေး ပြန်လည် စတင်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက်ကိုရီးယားသို့ လျှို့ဝှက် သွားရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်း ပေါက်ကြားခဲ့သည်။ ထိုခရီးစဉ်တွင် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် နှင့် စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

၂၀၀၉ ခုနှစ် ဇွန်လတွင်လည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်းသွားသည့် သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

၂၀၀၉ ခုနှစ်တွင် မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နှင့် ပတ်သက် ဆက်နွယ်မှုရှိသည်ဟု ယူဆရသော သံလိုက်ဓာတ်အား တိုင်းတာသည့် ကိရိယာ တမျိုးကို မလေးရှားမှ တဆင့် မြန်မာနိုင်ငံသို့ တင်သွင်းရန် ကြိုးပမ်းခဲ့သူ ၃ ဦးကို ဂျပန်နိုင်ငံ၌ ဖမ်းဆီးခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က မြောက်ကိုရီးယားသည် မြန်မာနိုင်ငံသို့ နျူကလီးယား နည်းပညာ လွှဲပြောင်းပေးအပ်ပါက အာဆီယံ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်ကြောင်း ၂၀၀၉ ခုနှစ် ဇူလိုင်လတွင်းက ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်တွင် ကျင်းပသော အာဆီယံအစည်းအဝေး လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် သတိပေး ပြောကြားဖူးသည်။

စစ်အစိုးရသည် သန့်စင်ပြီးသား ယူရေနီယံများကို မြောက်ကိုရီးယားနိုင်ငံ၏ နည်းပညာ အကူအညီဖြင့် လာမည့် ၅ နှစ် အတွင်း အဏုမြူဗုံး ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ၂၀၀၉ ခုနှစ် သြဂုတ်လထုတ် Sydney Morning Herald သတင်းစာ၏ ဆောင်း ပါးတပုဒ်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံ နျူကလီးယား နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုများ အတွက် စိုးရိမ် ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ P. J Crowleyက ယခုနှစ် ၂၀၁၀ မတ်လ ပထမပတ်တွင် ပြောကြားခဲ့သေးသည်။

စစ်အစိုးရ၏ လျှို့ဝှက်သတင်းများ ပေါက်ကြားမှုကြောင့် ထိန်းသိမ်းထားသည့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူး ၀င်းနိုင်ကျော်ကို အင်းစိန်ထောင်တွင် ယခုနှစ် ၂၀၁၀ ဇန်နဝါရီလ ၇ ရက်က သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ချမှတ်ခဲ့သည်။


ဗိုလ်မှူး ဝင်းနိုင်ကျော်သည် စစ်အစိုးရ၏ လျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်း၊ မြေအောက် လိုဏ်ခေါင်းများ ဖောက်လုပ်ရေး စီမံကိန်း၊ လျှို့ဝှက်သွားရောက်ပြီး လက်နက်ဝယ်ယူခဲ့သည့် မြောက်ကိုရီးယားခရီးစဉ်၊ ရုရှား၊ အိန္ဒိယခေါင်းဆောင်များနှင့် လျှို့ဝှက် ဆွေးနွေးခဲ့သည့်မှတ်တမ်းများနှင့်ပတ်သက်ပြီး မီဒီယာများထံပေါက်ကြားခဲ့သည့်အတွက် ဖမ်းဆီး အပြစ်ပေး ခံခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့တွင် ကုလသမဂ္ဂ ကျွမ်းကျင် သူများထံမှ ပေါက်ကြား လာသည့် ၄၇ မျက်နှာရှိ အစီရင်ခံစာ တစောင်ကို အေပီသတင်း ဌာနက ကိုးကား ဖော်ပြရာ၌ မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက် ရှိပြီး ကုလ သမဂ္ဂ၏ အရေး ယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက် ရှိသည်ဟု ဆိုထားသည်။

(ဗီဒီယိုအား ဟံသာဝတီ မှ ရယူပါသည်)
ဆက်လက်ဖတ်ရှုရန်...

လမ်းပြကြယ်ဦးအေးမြင့်က ကလေးစစ်သား မောင်အောင်လှိုင်ဖြိုး(မော်လမြိုင်) အကြောင်း ထုတ်ဖော်ပြောဆို

မိုးမခအထောက်တော် ၀၀၃
ဇွန် ၁၁၊ ၂၀၁၀
ရုပ်မြင်ကင်မရာဖြင့် ကိုယ်တိုင်ထုတ်ဖော်ပြောဆိုချက်တွင် ကလေးစစ်သားအရေး၊ အဓမ္မလုပ်အားပေးများအရေး ဆောင်ရွက်နေသော လမ်းပြကြယ်အဖွဲ့၏ ခေါင်းဆောင် ဦးအေးမြင့်က ၎င်း၏ စာရင်းအရ ၂၀၁၀ ခုနှစ်အတွင်း ၂၂ ဦးမြောက်ကလေးစစ်သား မောင်အောင်လှိုင်ဖြိုး အကြောင်း အသေးစိတ် တင်ပြပြောဆိုထားသည်ကို တွေ့ရသည်။
အသက် ၁၄နှစ် အရွယ် မောင်အောင်လှိုင်ဖြိုးသည် ထိုင်းနယ်စပ်တွင် အလုပ်လုပ်ကိုင်ရန် သူငယ်ချင်းများနဲ့ အိမ်မှ ထွက်လာရာတွင်၊ သာမညနယ်အရောက် သာမညထမင်းဆိုင်သို့ ရောက်ရှိစဉ် ထမင်းဆိုင်ပိုင်ရှင်က ကြာအင်းဆိပ်ကြီးရှိ ခမရ ၂၈၄  စစ်တပ်သို့ အကြောင်းကြားပြီး စစ်တပ်တွင်း သွင်းရန် သတင်းပေးလိုက်သည်ဟု ဆိုသည်။ ခမရ ၂၈၄ က ရဲဘော်တဦးက ထိုကလေးငယ်ကို စစ်တပ်သို့ စာရင်းသွင်းပြီး တပ်အတွင်းရှိ ကင်းစောင့်ခြင်းနှင့် အခြားအလုပ်ကြမ်းများ ခိုင်းစေထားသည်ဟု သိရသည်။ ကလေးငယ်က မိဘရပ်ထံပြန်ပြေးသော်လည်း တပ်ထိန်းက ပြန်ဖမ်းပြီး ပြစ်ဒဏ်ချလိုက်ကြောင်း၊ မိဘက အသက်မပြည့်ကြောင်း သက်သေပြသော်လည်း ပြစ်ဒဏ်ချပြီး စစ်တပ်ကို ပြန်ပို့မည်ဟု ဆိုကြောင်း သိရသည်။
ဦးအေးမြင့်က ပြည်သူလူထုအတွင်းမှာပင် ကိုယ်ချင်းစာစိတ်၊ မိဘချင်း သားသမီးချင်း စာနာစိတ် မရှိကြပုံ၊ အောက်ခြေတပ်မတော်သားများကလည်း ပြည်သူလူထုအပေါ် သစ္စာစောင့်သိ စောင့်ရှောက်ရန် စိတ်ဓာတ်သိက္ခာ ခေါင်းပါးပုံတို့ကို ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ထားသည်ကို တွေ့ရသည်။
ပြည်တွင်းမီဒီယာများကတဆင့် ကလေးစစ်သားတွေ မရှိဘူးဟု လိမ်ညာသတင်း မပေးသင့်ကြောင်း၊ မတရားမှုကျူးလွန်သူ စစ်သားများကလည်း တပ်မတော်၏ သိက္ခာကို စောင့်ထိန်းရန် မကြိုးစားဘဲ ပြည်သူလူထုကို ခြိန်းခြောက်အနိုင်ကျင့်ပြီး သတင်းမှန်များကို ဖုံးကွယ်ရန် မလုပ်သင့်ကြောင်း၊ ပြည်တွင်းပြဿနာများကို အချင်းချင်း မဖြေရှင်းနိုင်ဘဲ ပြည်ပက  ၀င်ရောက် ဖြေရှင်းခြင်းကို ခံနေရတာ၊ ဝေဖန်ပြစ်တင်ခြင်း ခံနေရတာသည် တိုင်းပြည်နှင့် ပြည်သူလူထု၏ သိက္ခာ အလွန်ကျဆင်းကြောင်း၊ သို့သော်လည်း အိုင်အယ်လ်အိုကို တိုင်ကြားသင့်က တိုင်ကြားရတာ ဖြစ်ကြောင်း၊ ထိုထက်လိုအပ်လာပါက ကုလသမဂ္ဂသို့ ဆက်လက် သတင်းပို့တင်ပြရမည် ဖြစ်ကြောင်း ပြောကြားထားသည်ကို တွေ့ရသည်။


(မိုးမခမှကူးယူ၍ ဗီဒီယိုအား လမ်းပြကြယ်မှရယူပါသည်)
ဆက်လက်ဖတ်ရှုရန်...

10 June 2010

ကရင်အပစ်ရပ်အဖွဲ့များအား နအဖ ခေါ်ယူသတိပေး

ကရင်အပစ်ရပ်အဖွဲ့အချို့၏ လိုင်စင်မဲ့ကားများနှင့် တရားမ၀င် လက်နက်သယ်ဆောင်မှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်အာဏာပိုင်များက ကရင်ငြိမ်းအဖွဲ့တာဝန်ရှိသူများကို ဆင့်ခေါ်၍ စည်းကမ်းတင်းကျပ်မှုများ ပြုလုပ်ခဲ့သည်။

ယမန်နေ့က ဘားအံတွင် ပြည်နယ်ဥက္ကဋ္ဌနှင့် ထောက်လှမ်းရေး (စရဖ) က ကရင်အပစ်ရပ်အဖွဲ့များကို အစည်းအဝေးခေါ်ယူကာ လက်နက်အရောင်းအ၀ယ်ကိစ္စနှင့် အသယ်အပို့ကိစ္စတို့ကို သတိပေးပြောကြားခဲ့ကြောင်း ကရင်အပစ်ရပ် ခေါင်းဆောင်တဦးက ပြောသည်။

၎င်းက “ကရင်ငြိမ်းအဖွဲ့အချို့ထိုင်းဘက်က လက်နက်တွေဝယ်ပြီး လက်နက်အရောင်းအ၀ယ်တွေ လုပ်နေတယ်။ လက်နက်သယ်ကြတာလည်း အဖွဲ့အစည်းအမည်ခံထားတဲ့ ကားတွေဖြစ်တယ်။ နိုင်ငံတော်က အသုံးပြုခွင့်ပေးထားတဲ့ ကားတွေဟာ တရားမ၀င် အလုပ်တွေလုပ်ဖို့ မဟုတ်ဘူးဆိုပြီး လက်ရှိအသုံးပြုနေတဲ့ ကားစာရင်းတွေကို ဒီလထဲမှာပဲ စာရင်းအပြီးအပ်ရမယ်လို့ပြောတယ်” ဟု ဆိုသည်။

ကရင်ငြိမ်းအဖွဲ့များအသုံးပြုနေသည့် ကားများကို စာရင်းကောက်ယူရခြင်းမှာ မြ၀တီမြို့မှတဆင့် လက်နက်ခဲယမ်းမီး ကျောက်ပါသည့် ငြိမ်းအဖွဲ့တခုမှ ကားတစီးကို ယခင်လက ပဲခူးတိုင်း ရွှေကျင်မြို့တွင် ဖမ်းဆီးရရှိမှုနှင့်ဆက်စပ်ကြောင်း အဆိုပါအရာရှိက ပြောသည်။

နအဖက ကရင်ငြိမ်းအဖွဲ့များ အသုံးပြုရန် ခွင့်ပြုထားသည့် ကားအရေအတွက်မှာ တဖွဲ့လျှင် (၅) စီးမှ (၁၀) စီးအများဆုံး ဖြစ်သော်လည်း အဆိုပါအခွင့်အရေးကို အသုံးချ၍ မြ၀တီမှတဆင့် တရားမ၀င်ကားများကို မြန်မာပြည်အတွင်းပိုင်းအထိ ပို့ဆောင်ပေးခြင်းအပြင် တရားမ၀င်လက်နက် သယ်ဆောင်မှုများ ပြုလုပ်နေခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ကရင်ငြိမ်းအဖွဲ့များက လိုင်စင်မဲ့ကားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ခွင့်ပြုကားများ၏ စာရွက်စာတမ်းများကို မိတ္တူကူး၍ အသုံးပြုကြသည်ဟု ငြိမ်းအဖွဲ့တခု၏ ယာဉ်မောင်းတဦးက ပြောသည်။

ငြိမ်းအဖွဲ့တခု၏ တပ်မှူးတဦးက “သူတို့ ဘယ်လိုပဲ အမိန့်ထုတ်ထုတ် သူ့နည်းသူ့ဟန်နဲ့တော့ ဆက်ပြီးလှုပ်ရှားနေရဦးမှာပဲ။ ဗိုလ်ဌေးမောင်ရဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဆိုရင် အရင်လကစပြီး အစိုးရက သူတို့ကို ရိက္ခာဖြတ်လိုက်ပြီ။ ဘာအထောက်အပံ့မှ မပေးတော့ဘူး။ အခု ကားလိုင်းပါ ပိတ်ဖို့ ကန့်သတ်လာပြီဆိုတော့ အခြေအနေက မကောင်းတော့ဘူး။ မကြာဘူး သေနတ် ပေါက်တော့မယ်လို့ပဲ ပြောချင်တယ်” ဟု ဆိုသည်။

အစည်းအဝေး ဆုံးဖြတ်ချက်များအရ ကရင်ငြိမ်းအဖွဲ့များကို နားလည်မှုဖြင့် အသုံးပြုခွင့်ပေးထားသည့် လိုင်စဉ်မဲ့ ကားစာရင်းများကို မြ၀တီနှင့်ဘားအံမြို့အကြားရှိ စစ်ဆေးရေးဂိတ် အားလုံးတွင် မော်တော်ယာဉ် အထောက်အထား စာရွက်စာတမ်းများ ပေးထားရမည်ဖြစ်ပြီး လိုင်စဉ်မဲ့ကားသယ်ဆောင်ပါက ယာဉ်သိမ်းပြီး လူကို အရေးယူမည်ဟု ပါရှိသည်။

မြ၀တီမှတဆင့် မြန်မာပြည်အတွင်းပိုင်းသို့ တရားမ၀င် တင်ပို့နေသည် လိုင်စဉ်မဲ့ကားများမှာ ဂျပန်ကားဟောင်းများ အပါအ၀င် တလလျှင် အစီးရေ (၂၀၀) အထက်တွင် ရှိသည်ဟု ကားပွဲစားတဦးက ပြောသည်။

ယမန်နေ့ အစည်းအဝေးသို့ ဒီကေဘီအေ၊ ဟောင်သရောအဖွဲ့၊ ဘုရားကုန်းအဖွဲ့၊ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သံတောင်အထူးဒေသမှ အဖွဲ့ (၂) ဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။
(ခေတ်ပြိုင်မှကူးယူသည်)
ဆက်လက်ဖတ်ရှုရန်...

09 June 2010

နယ်ခြားစောင့်တပ်ကိစ္စ DKBA ကို ပြင်းထန်စွာ သတိပေး

စစ်အစိုးရက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ ကို လာမည့် သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံး ထား၍ နယ်ခြားစောင့် တပ်ဖွဲ့ရန် ပြီးခဲ့သော စနေနေ့တွင် ပြင်းပြင်းထန်ထန် သတိပေးလိုက်ကြောင်း သတင်းရရှိသည်။
စစ်ရေးပြပွဲတခုတွင် တွေ့ရသည့် DKBA တပ်ဖွဲ့ဝင်များ
(ဓာတ်ပုံ - ဧရာဝတီ)
ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့ နယ် အခြေစိုက် စစ်အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ)(၈)မှဗိုလ်မှူးချုပ် သန်းစိုးက DKBA တပ်မဟာ ၅ မှ တပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကို သတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု တပ်မဟာ ၅ မှ အရာရှိတဦး က ဧရာဝတီသို့ ပြောသည်။

သတိပေး ပြောကြားရာတွင် စစ်အစိုးရ တောင်းဆိုသည့် နယ်ခြားစောင့် တပ်မဖွဲ့ ပါက လက်နက် ဖြုတ်သိမ်းမည်၊ လက်နက် ဖြုတ်သိမ်း သည်ကို လက်မခံပါက အင်အားသုံး၍ အပြီးပြတ် တိုက်မည်ဟု ပါရှိကြောင်း သိရသည်။

ယင်းသို့ နအဖ က သတိပေးသည်ကို တပ်မဟာ ၅ မှ အရာရှိအများစုက လိုက်နာရန် ဆန္ဒမရှိကြောင်း အထက်ပါ အရာရှိက ဆက် လက်ပြောဆိုသည်။

“နအဖ အနေနဲ့ နယ်ခြားစောင့်တပ်ကို အတင်းဖွဲ့ စည်းခိုင်းတယ်၊ ကျနော်တို့က မဖွဲ့ စည်းချင်ဘူး၊ နအဖ ဘက်က စတင်ပြီး ငြိမ်းချမ်း စွာ မဖြေရှင်းဘဲ အကြမ်းဖက်ဖြေရှင်းမယ်ဆိုရင် ကျနော်တို့ဘက်ကလည်း ခုခံရင်ဆိုင်ဖို့ အဆင်သင့် ပြင်ဆင်ထားပါတယ်”ဟု ၎င်း က ဆိုသည်။

နအဖ တောင်းဆိုသော နယ်ခြားစောင့် တပ်ဖွဲ့ ရန်ကိစ္စကို DKBA တပ်မှူးများထဲမှ လက်ခံချင်သူများရှိသကဲ့သို့ ငြင်းဆန် လိုသူများ လည်းရှိကြောင်း သိရသည်။ DKBA ၏ အရေးအကြီးဆုံး ခေါင်းဆောင်ဖြစ်သော ဆရာတော် ဦးသုဇန သည်လည်း နယ်ခြားစောင့် တပ်ကို လက်မခံဟု DKBA အဖွဲ့ဝင်တချို့က ဆိုသည်။

သို့သော် DKBA ဥက္ကဌ နှင့် စစ်ဦးစီးချုပ်ကြားတွင် သဘောထား အနည်းငယ် ကွဲလွဲလျှက်ရှိကြောင်း၊ ဥက္ကဌ ဦးသာလူးကျော်က နယ်ခြားစောင့်တပ် ဖွဲ့ စည်းခြင်းကို လက်ခံနိုင်သော်လည်း နအဖ အရာရှိများ နှင့် ရောယှက် ဖွဲ့ စည်းရမည်ကို လက်မခံနိုင်ကြောင်း၊စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကျော်သန်းကမူ နအဖ အလိုကျ ဖွဲ့ စည်းခြင်းကို လက်ခံကြောင်း ထိုင်း-မြန်မာ နယ်စပ် သတင်းရပ်ကွက်များ က ပြောဆိုကြသည်။

ယင်းသို့ DKBA အဖွဲ့ အစည်းအတွင်း ထိပ်ပိုင်းခေါင်းဆောင်များ ကြားတွင်လည်းကောင်း၊ အထက်နှင့် အောက် အဆင့်များကြား တွင် လည်းကောင်း နယ်ခြားစောင့်တပ်ဖွဲ့ ခြင်းကို အကြောင်းပြု၍ သဘောထားကွဲလွဲနေစဉ် နအဖက အခွင့်ကောင်းယူကာ ယခု ကဲ့သို့ တပ်မဟာ ၅ ကို သတိပေးဟန်တူကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူက သုံးသပ်သည်။

“DKBA က နယ်ခြားစောင့်တပ်ဖွဲ့ ဖို့ ဖိအားပေးနေတာကို အရင်လတွေကလည်း ကြားနေရတယ်၊ ဒါပေမယ့် အခုလောက်ထိတော့ ပြင်းပြင်းထန်ထန် မဟုတ်ခဲ့ဘူး၊ အခုလို DKBA အတွင်းမှာ သဘောထားကွဲလွဲမှုတွေ အထက်တမျိုး အောက်တမျိုး ဖြစ်နေတဲ့ အနေ အထားတွေ၊ နအဖ အရာရှိတွေ အောက်မှာ မလုပ်ချင်တဲ့ အနေအထားတွေ၊ ဒါတွေကတော့ နအဖ အတွက် အကွက်ပဲ၊ ပွဲလန့်တုန်း ဖျာခင်းဆိုသလို ထိုးခွဲလိုက်ရုံပဲလေ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လိုလားသူတွေ အတွက်ကတော့ ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ဖို့ကလွဲပြီး ရွေးစရာလမ်း ဘယ်ရှိတော့မလဲ”ဟု KNU ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေက ပြောသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမား လာ သည့် လက်နက် ကိုင်အဖွဲ့ဖြစ်သည်။
(ဧရာဝတီမှကူးယူသည်)
ဆက်လက်ဖတ်ရှုရန်...

26 January 2010

ရှေ့တန်းစခန်းမှ ထွက်ပြေးသူ တပ်ပြေးများအား ပစ်သတ်မှုရှိ




ရှမ်းပြည်မြောက်ပိုင်း၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ထိန်းချုပ်ရာ နယ်မြေအနီး တပ်စွဲထားသည့် နအဖစစ်တပ်ရှေ့တန်းစခန်းများမှ စစ်သည်များ ထွက်ပြေးမှု များပြားလာနေပြီး တပ်ပြေးများအား ပစ်သတ်သည်အထိ ရှိလာနေသည်။
ယမန်နှစ် သြဂုတ်လကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ အရေးအခင်းကာလကတည်းက ဝမြောက်ဒေသအနီး ဟိုပန်မြို့နယ်အတွင်း လာရောက်တပ်စွဲနေသည့် မိတ္တီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံတပ်များမှ စစ်သည်များ ထွက်ပြေးနေကြသည်ဟု စစ်တပ်နှင့်နီးစပ်သူ တရုတ်-မြန်မာနယ်စပ်ဒေသခံတဦးက ပြောသည်။
၎င်းက “ချူးရွှေ၊ ပန်ကောက်၊ ပန်လုံ အဲဒီဘက်မှာ (၉၉) က ထိုင်နေတာ အခုထိ ပြန်မဆုတ်သေးဘူး။ (၄) လကျော် (၅) လ ပြည့်တော့မယ်။ ကိုးကန့်ထဲက တပ်မ (၃၃) လည်း အဲလောက်ရှိနေပြီ။ အမှန်ဆို စစ်ဆင်ရေး (၃) လ၊ (၄) လဆို နောက်တန်း ပြန်ရပြီ။ အခု လဲဖို့အစီစဉ် မရှိသေးဘူး။ အဲဒီကနေ အရာရှိတွေရောပါ ပြေးနေတာ။ တပ်သားတွေက (၂) ရက်ခြား၊ (၃) ရက်ခြား အဲလို ခွင့်မဲ့တပ်ပြေးဖြစ်စဉ် ဖြစ်နေတာ” ဟု ပြောသည်။
ယခုလ (၁၅) ရက်နေ့က တပ်မ (၉၉) လက်အောက်ခံ၊ ခမရ (၃၁၅) မှ တပ်သား အောင်မြင့်ထွန်းနှင့် ထွန်းထွန်းနိုင်တို့ (၂) ဦး လက်နက်နှင့်အတူ ထွက်ပြေးခဲ့ရာတွင် ၎င်းတို့ (၂) ဦးအား နမ့်ကျွမ်းပြည်သူ့စစ်အဖွဲ့မှ ပြန်လည်ဖမ်းဆီးရမိပြီး ခမရ (၃၁၅) ထံ ပြန်လည်အပ်နှံခဲ့ပြီးနောက် ပစ်သတ်ခဲ့သည်ဟု အဆိုပါစစ်တပ်နှင့် နီးစပ်သူက ပြောသည်။
စစ်တပ်အတွင်း တပ်ပြေးမှု များပြားလာနေ၍ စစ်ကြောင်းရှိ ကျန်စစ်သည်များ အလားတူ ထွက်မပြေးရဲအောင် ရှေ့တန်း စစ်မျက်နှာများတွင် ပစ်သတ်ပြနေခြင်းဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။
၎င်းက “တပ်ပြေးများလာရင် အထက်ကလည်း တပ်ရင်းမှူးတွေကို ဆူတာဆဲတာတွေ ဖြစ်မယ်။ ကျန်တဲ့ကောင်တွေ မပြေးရဲအောင် ပစ်သတ်ပြလိုက်တာဖြစ်တယ်။ တပ်ထဲမှာ ဆက်မနေချင်တော့လို့၊ တိုင်ချင်ခိုက်ချင်စိတ်မရှိတော့လို့ ကိုယ့်အိမ်ကိုယ် ပြန်ကြတာပဲ၊ ရာဇဝတ်မှု ကျူးလွန်ပြီး ထွက်ပြေးရင်တော့ တမျိုးပေါ့ဗျာ။ အခုလို ကိုယ့်ရဲ့ရဲဘော်ကို ပစ်သတ်တာကျတော့ ကြေးစားစစ်တပ်တွေ ရဲ့ မကောင်းတဲ့ အလေ့အကျင့် ဖြစ်တယ်” ဟု ပြောသည်။
၂ဝဝ၈ ခုနှစ် ဒုတိယ လေးလပတ်အတွင်း မြန်မာတနိုင်ငံလုံးရှိ ခြေလျင်တပ်ရင်း၊ ခြေမြန်တပ်ရင်းများမှ စစ်သည်အင်အား (၃,ဝဝဝ) ကျော် ထွက်ပြေးသကဲ့သို့ ဆက်သွယ်ရေးတပ်ရင်း၊ အမြောက်တပ်ရင်းစသည့် အကူလက်ရုံး တပ်ရင်းများမှ (၂,ဝဝဝ) ကျော် ထွက်ပြေးခဲ့သည်ဟု နအဖ၏ (၄) လပတ်အစည်းဝေး လျှို့ဝှက်မှတ်တမ်းများအရ သိရသည်။
တပ်ပြေး များပြားရခြင်းမှာ အထက်နှင့်အောက် ကွာခြားမှုကြီးမားခြင်း၊ အောက်ခြေရဲဘော်များမှာ ဆင်းရဲကျပ်တည်းခြင်းနှင့် တိုက်ချင်ခိုက်ချင်စိတ် နည်းပါးလာမှုကြောင့် အဓိကဖြစ်သည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။
၎င်းက “စစ်တိုက်ချင်လို့ စစ်ထဲဝင်လာတာမှ မဟုတ်ဘဲ။ ဆင်းရဲကျပ်တည်းလို့၊ ရောင်းစားလို့ ရောက်လာတဲ့သူလည်း ရှိတယ်။ လမ်းဘေးကနေ ဆွဲလို့ ပါလာတဲ့သူလည်း ရှိတယ်။ တိုက်ချင်ခိုက်ချင်စိတ်က ဘယ်ခေတ်ကနဲ့ မတူအောင် အရမ်းနည်းလာတယ်။ ကိုးကန့်အရေးခင်း ကာလတုန်းကပဲကြည့်၊ ရဲတွေ သေနေတဲ့ပုံတွေ အစိုးရက ထုတ်ပြတော့ အတော်ရှောခ့်ဖြစ်သွားတယ်။ ကိုးကန့်ရှေ့တန်းမှာပဲ လူ (၃ဝ) လောက် သေနတ်တွေထားပြီး ထွက်ပြေးခဲ့တယ်။ ကေအိုင်အေ စခန်းနဲ့ ရင်ဆိုင်ထားတဲ့ ခလရ (၃၇) ရှေ့တန်းစခန်းက တပ်စိတ် (၂) စိတ်လည်း သေနတ်တွေထားပြီး ထွက်ပြေးခဲ့တယ်။ တိုက်ချင်ခိုက်ချင်စိတ် မရှိရတဲ့အထဲ အဲလို သေတာကျေတာတွေ့ရတော့ ကြောက်လန့် ထွက်ပြေးကုန်တယ်” ဟု ပြောသည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

23 January 2010

အန်ဒီအေ (ကချင်) အဖွဲ့ ဗဟိုကော်မတီဝင်များကို လက်နက်နှင့် ကားပါမစ်လဲရန် စီစဉ်ပေး




စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို လက်ခံလိုက်သည့် အန်ဒီအေ (ကချင်) အဖွဲ့ ဗဟိုကော်မတီဝင်များကို ကားပါမစ်တစောင်စီ ထုတ်ပေးလိုက်ခြင်းသည် ဒေသတွင်း လက်နက်အပ်ရန် ကျန်နေသည့်ကိစ္စ အဆင်ပြေစေရေး ရည်ရွယ်ပုံရကြောင်း မြစ်ကြီးနားမြို့မှ အန်ဒီအေ တပ်ဖွဲ့ဝင်ဟောင်းတဦးက ပြောသည်။ ၎င်းက “အန်ဒီအေ တပ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေးကောင်စီက ကောင်စီဝင်တွေကို ပေးတာပါ။ ကိုယ့်မှာရှိတဲ့ လိုင်စင်မဲ့ကား တစီးစီးကို အရင် စာရင်းတင်ပြ ရတယ်။ အဲဒါကို အစိုးရက ယာဉ်လိုင်စင် ထုတ်ပေးတယ်။ ကားပါမစ် ပေးတဲ့သဘောပေါ့” ဟု ပြောသည်။
သက်ဆိုင်ရာက အန်ဒီအေ (ကချင်) တပ်ဖွဲ့ဝင် ခေါင်းဆောင်များအတွက် ကားလိုင်စင်လုပ်ပေးရန် ညွှန်ကြားချက် ရရှိထား ကြောင်း၊ ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းအတွက် ပရာဒို (၁) စီးနှင့် လင်ခရူဆာ (၁) စီး၊ ကျန်ခေါင်းဆောင်များအတွက် ပရာဒို၊ လင်ခရူဆာ၊ ပါဂျဲရိုး၊ ဆာ့ဖ်၊ မာ့ခ်တူး၊ ကယ်တီးနာနှင့် ဖိုးဝှီး စသည့်ကားအမျိုးအစားများဖြစ်ပြီး တဦးလျှင် (၁) စီးစီ စုစုပေါင်း (၁၇) ဦးအတွက် ကား (၁၈) စီးဖြစ်ကြောင်း မြစ်ကြီးနားမြို့ ကညနရုံးမှ တာဝန်ရှိ ဝန်ထမ်းတဦးက အတည်ပြုပြောကြားသည်။
၎င်းက “အန်ဒီအေ ခေါင်းဆောင်တွေ သူတို့တင်ပြထားတဲ့ လိုင်စင်မဲ့ကားတွေကို ကျနော်တို့ရုံးကို ယူလာဖို့လိုတယ်။ ကျနော်တို့က ခဲခြစ်တာအပါအဝင် ယာဉ်လိုင်စင်အတွက် အားလုံး ပြုလုပ်ပေးဖို့ ညွှန်ကြားချက် ရထားတယ်။ အချို့ ခေါင်းဆောင်တွေ ယာဉ်လိုင်စင် လာလုပ်သွားပြီ” ဟု ပြောသည်။
အန်ဒီအေ ခေါင်းဆောင်များအနေဖြင့် လိုင်စင်မဲ့ကားများ လိုင်စင်ရရှိသွားခြင်းသည် ကျပ် သိန်း (၁၀၀) ကျော်တန် လိုင်စင်မဲ့ ကားများကို ကျပ် သိန်း (၁,၀၀၀) ကျော်မှ (၃,၀၀၀) ထောင်အထိ တန်ဖိုးရှိသွားစေကြောင်း၊ စစ်အစိုးရက အဆိုပါ ငွေပမာဏကို လာဘ်ထိုးလိုက်သည့်သဘောဖြစ်ကြောင်း အဆိုပါ အန်ဒီအေ တပ်ဖွဲ့ဝင်ဟောင်းဖြစ်သူက ပြောသည်။
၎င်းက “ဒီလို ခေါင်းဆောင်တွေကို ကျပ် သိန်းထောင်နဲ့ချီ လာဘ်ထိုးလိုက်တဲ့အတွက် ဒေသထဲမှာ နယ်ခြားစောင့်တပ်ထဲ ပြန်လည် ပါဝင်ခြင်း မရှိတော့တဲ့ ခေါင်းဆောင်တွေ၊ ဝါရင့်တော်လှန်ရေးသမားတွေထံက လက်နက်သိမ်းယူရေး ပိုမို အဆင်ပြေသွား လိမ့်မယ်လို့ စစ်အစိုးရက ယူဆနေပုံရတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ (၁၃ မှ ၁၆) ရက်နေ့အထိ မြစ်ကြီးနားတွင် ကျင်းပခဲ့သည့် ကချင်အထူးဒေသ (၁) အထူးအစည်းအဝေးပွဲ၌ တပ်သားဟောင်းများ၊ တော်လှန်ရေး ရဲဘော်ဟောင်းများကို ထောက်ပံ့ကြည့်ရှုရေးကိစ္စ ကိုယ်စားလှယ်များက တင်ပြဆွေးနွေး ခဲ့သော်လည်း ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းက မည်သို့မှ အဖြေမပေးခဲ့ပေ။
ယခု ကားပါမစ်ရရှိသူများမှာ ကချင်ခေါင်းဆောင် (၁၃) ဦး၊ မြန်မာ (၂) ဦး၊ တရုတ် (၂) ဦး စုစုပေါင်း ဗဟိုကော်မတီဝင် (၁၇) ဦးသာ ရရှိကြခြင်းဖြစ်သည်။
ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းသည် ၎င်းတို့ မိသားစုစီးနေသည့် KSR (ကချင်အထူးဒေသ) နံပါတ်တပ် လိုင်စင်မဲ့ကားများကိုလည်း လိုင်စင်ထုတ်ပေးရန် စစ်အစိုးရထံ တင်ပြထားကြောင်း စုံစမ်းသိရသည်။


ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ဒီကေဘီအေမှ တပ်သားသစ်အဓမ္မကောက်ယူနေ


 
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ)၏ ထိန်းချုပ် နယ်မြေအတွင်း၌ တပ်သားသစ်များ အဓမ္မ ကောက်ယူ နေသည်။
ဒီကေဘီအေ တပ်ရင်း(၁)၊ ရင်းမှူး ဗိုလ်မောင်ချစ်၊ ဒုရင်းမှူး ဗိုလ်တကီး တို့က ၎င်းတို့၏ ထိန်းချုပ်နယ်မြေ၊ ထီးပ ဒေါထာ့ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် တပ်သားသစ်များ အဓမ္မကောက်ခံ နေသည်ဟု ဒေသခံတစ်ဦး က ယခုလိုပြောသည်။
ထီးပဒေါထာ့ရွာအပိုင်ပေါ့နော့။ ထီးပဒေါထာ့ရွာအုပ်စု၊ အဲ့ဒီမှာ သူတို့အကုန်လုံးပဲပေါ့။ ဒီဖာပွန်ဂွင် မှာ ဆိုလို့ရှိရင် သူတို့ အဲဒီအတိုင်းပဲ အဓမ္မတောင်းခံ နေတယ်။
အဆိုပါ ကျေးရွာအုပ်စုအတွင်းရှိ  တကေခိုး၊ ၀ဲကြီး၊ သိမ်ကုန်း၊ အူးနိုးထာ့၊ အထက် ဆန်ကောလူ၊ အောက်ဆန် ကောလူ၊ မယ်သလီဖိုး၊ မယ်သလီကူ့၊ ကျောက်ဖား၊ ဟတ်ကြီး စသည့်ကျေးရွာများတွင် ကောက်ခံခြင်းဖြစ်သည်။
ကျေးရွာအတွင်း အသက်(၁၅)နှစ်မှ(၅၀)အတွင်းရှိ ယောကျာ်းလေးများကို ခေါ်ယူနေခြင်း ဖြစ်ပြီး တပ်သားသစ် မလုပ်လိုသူများမှာ ငွေပေးရသည်ဟု အဆိုပါဒေသခံက ဆက်ပြော သည်။
ဒီယောကျာ်းလေး ရှိတဲ့အိမ် မှန်လို့ရှိလို့ရှိရင်၊ အကုန်သူခေါ်ထည့်တယ်။ မ၀င်လို့ရှိရင်သူက (၁၀)သိန်း တောင်းတယ်။
တပ်ဖွဲ့အတွင်း မ၀င်လိုသူများနှင့် တောင်းသည့်ငွေမထည့်နိုင်သူများအား ဒီကေဘီအေမှ လိုက်လံဖမ်းဆီးနေ သည့်အတွက် ရွာသားများ ထွက်ပြေးပုန်းရှောင်နေကြသည်။
ယင်းကိစ္စအပေါ်  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ)မှ နယ်မြေခံတပ်မှူးတစ်ဦး က ယခုလို သုံးသပ်ပြောဆိုသည်။
အခုသူတို့ လူဦးရေက သိပ်မရှိတော့ဘူးလေ။ ပြေးတဲ့သူက ပြေးတယ်။ သေတဲ့သူကသေ၊ ဒဏ်ရာရတဲ့ သူကရပေါ့နော်။ အဲတော့ သူတို့ စစ်သားသစ်ကောက်တယ်ဆိုတာ သေချာ ပြီးသားပဲ။
ဒီကေဘီအေက စစ်အစိုးရနှင့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို သဘောတူခဲ့ပြီးနောက် ကယားပြည် နယ်စပ်တ လျှောက်မှ ဘုရားသုံးဆူအထိ တာဝန်ယူရမည်ဟု သတင်းရရှိ ကြောင်း ၎င်းကဆက်ပြောသည်။
ဒီကေဘီအေ အနေနှင့်လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်မှစတင်၍ ကရင်ပြည်နယ်ဒေသအတော် များများတွင် တပ်သား သစ်စုဆောင်းမှုများ ပြုလုပ်လျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။
တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော်(ဒီကေဘီအေ)သည် ၁၉၉၄ ခုနှစ်တွင် ကရင် အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)မှ ခွဲထွက်၍ မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရန် သ ဘောတူထားသည့် အဖွဲ့တဖွဲ့လည်း ဖြစ်သည်။
သတင်းနှင့်မီဒီယာ ကွန်ယက်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

20 January 2010

စစ်အစိုးရနှင့် ငြိမ်းအဖွဲ့များကြား ရင်မအေးဖွယ် ကြုံနေ

ငြိမ်းအဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို အဆိုပါအဖွဲ့များက ငြင်းဆန်ခဲ့အပြီး နှစ်ဖက်ကြား တင်းမာနေကြသော်လည်း အေးဆေး ငြိမ်သက်လျက် ရှိသည်ဟု အကဲခတ်များ၏ အပြောအရ သိရသည်။

စစ်အစိုးရနှင့် လက်နက်ကိုင် အပစ်ရပ်အဖွဲ့များအကြား မြင်သာထင်သာရှိသော တင်းမာမှုများ ရှိမနေသော်လည်း စစ်အစိုးရက နောက်တလှမ်း လှမ်းရန်အတွက် ဆက်လက်ပြီး လျှို့ဝှက် ပြင်ဆင်နေသည်ဟု တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ယမန်နေ့က မဇ္ဈိမကို ပြောသည်။

''သူတို့ (စစ်အစိုးရ) က အခုတော့ ငြိမ်နေတာပဲ။ အပစ်ရပ်အဖွဲ့တွေကို ဘယ်လိုဖြိုခွဲရမယ်ဆိုတာ သူတို့ စဉ်းစားနေကြတာ၊ အခြေအနေက သူတို့ ကနဦး ထင်ထားသလောက် မလွယ်ဘူးဖြစ်နေတယ်'' ဟု ဦးအောင်ကျော်ဇောက တွက်ချက်ပြောဆိုသည်။

khin-nyunt-pao-yu-chang
ဖြုတ်ထုတ်ခံရသော ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့်နှင့် UWSA ခေါင်းဆောင် ပေါက်ယူချန်း
စစ်အစိုးရသည် အပစ်ရပ်အဖွဲ့ ၁၇ ဖွဲ့ကို စစ်အစိုးရ အုပ်ချုပ်မှုအောက်တွင် ထားရှိမည့် နယ်ခြားစောင့် တပ်များအဖြစ် ပြင်ဆင်ဖွဲ့စည်းရေး အတွက် ၂ဝဝ၉ ခုနှစ် ဧပြီလက စတင် ကမ်းလှမ်းခဲ့သည်။

ဒီမိုကရေစီသစ်တပ်မတော် - ကချင် (NDA-K) အပါအဝင် ငြိမ်းအဖွဲ့အနည်းငယ်က အဆိုပါ ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြသော်လည်း ပိုမိုအင်အားကြီးမားသော ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ကဲ့သို့သော အဖွဲ့ကြီးများက လက်မခံ ငြင်းဆန်ခဲ့ကြသဖြင့် စစ်အစိုးရ၏ အစီအစဉ် ရပ်တန့်သွားခဲ့ရသည်။

အပစ်ရပ်အဖွဲ့အားလုံး လိုအပ်သော အပြောင်းအလဲများ ပြုလုပ်ထားကြရန် နောက်ဆုံးရက်အဖြစ် ၂ဝဝ၉ ခုနှစ် အောက်တိုဘာလကို စစ်အစိုးရက အစောပိုင်းတွင် သတ်မှတ်ထားခဲ့သော်လည်း အဖွဲ့ အများအပြားက အဆိုပါ အစီအစဉ်ကို ငြင်းဆန်ခဲ့ကြပြီးနောက်ပိုင်းတွင် နောက်ဆုံးရက်ကို ၂ဝဝ၉ ခုနှစ်ကုန်အထိ ရွှေ့ဆိုင်းပေးခဲ့ရသည်။

''ဒီအဖွဲ့တွေကို အကြမ်းကိုင်လို့ မရဘူးဆိုတာ သူတို့သိသွားတော့ အခု သူတို့ (စစ်အစိုးရ) မဟာဗျူဟာကို အချိန်ယူပြန်စဉ်းစားနေရပြီ'' ဟု ဦးအောင်ကျော်ဇောက ပြောသည်။

အဖြေပေးရန် သတ်မှတ်ထားသည့် နောက်ဆုံးရက် ကျော်လွန်လာခဲ့ပြီဖြစ်သော်လည်း စစ်အစိုးရနှင့် လက်နက်ကိုင် အပစ်ရပ်အဖွဲ့တို့အကြား အခြေအနေမှာ အေးချမ်းလျက်ပင်ရှိသေးကြောင်းနှင့် နှစ်ဖက်စလုံးက လုံခြုံရေးများ တိုးမြှင့်လုပ်ဆောင်သည့် အနေအထားများ မတွေ့ရသေးကြောင်း ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့်သတင်းစဉ် (SHAN) ၏ အယ်ဒီတာ ဦးစိန်ကြည်၏ အပြောအရ သိရသည်။

''စစ်အစိုးရဘက်က လက်လျှော့သွားတယ်လို့တော့ ကျနော်မထင်ဘူး။ ဒါပေမဲ့ကျနော်ထင်တာ သူတို့က နောက်တလှမ်းလှမ်းဖို့ အခု အသာနောက်ဆုတ်ထားလိုက်တယ်လို့ ထင်တယ်'' ဟု ဦးစိန်ကြည်က ပြောသည်။

စစ်အစိုးရအနေဖြင့် အပစ်ရပ်အဖွဲ့များအပေါ် အဓိက စစ်ရေးထိုးစစ်ကြီးများ လုပ်လိမ့်မည် မဟုတ်သော်လည်း စစ်အစိုးရ အသုံးပြုမည့် အမြင်သာဆုံး မဟာဗျူဟာမှာ အဆိုပါအဖွဲ့များကို ခွဲထုတ်ပစ်လိုက်ရန် ကြိုးစားကာ အလွယ်တကူ အနိုင်ရအောင် ကြိုးပမ်းမည့် အလားအလာရှိနေသည်ဟု သူက ပြောသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက စစ်အစိုးရက ကိုးကန့်တပ်မတော်ဟုလည်း သိကြသော ဖုန်ကျားရှင် ဦးဆောင်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အဆိုပါအဖွဲ့အတွင်း ဖုန်ကျားရှင် ဦးဆောင်သော အဖွဲ့နှင့် ပိုင်စိုချိန် ဦးဆောင်သော အဖွဲ့ဟူ၍ အောင်မြင်စွာ ခွဲထုတ်နိုင်ခဲ့သည်။

ထို့နောက် စစ်အစိုးရက ပိုင်စိုချိန်ကို ကိုးကန့်အဖွဲ့၏ ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ခဲ့ပြီး ဖုန်နှင့် အဖွဲ့ကိုမူ တရားခံပြေးများအဖြစ် ကြေညာခဲ့သည်။ ဤအဖြစ်အပျက်ကို အကဲခတ်များက လက်နက်ကိုင် တိုင်းရင်းသားများကို အနိုင်ယူရာတွင် စစ်အစိုးရ အသုံးပြုလေ့ရှိသည့် စံကျသော နည်းပရိယာယ်တရပ်အဖြစ် ပြောဆိုကြသည်။

ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက် စစ်အစိုးရက သူတို့တပ်ဖွဲ့ အမြောက်အမြားကို UWSA အဖွဲ့ ထိန်းချုပ်ရာ နယ်မြေအနီး ရှမ်းပြည်မြောက်ပိုင်းတွင် ပြောင်းရွှေ့တပ်စွဲစေခဲ့သည်။ ထို့ကြောင့် အကြီးဆုံး လက်နက်ကိုင် အပစ်ရပ်အဖွဲ့နှင့် စစ်အစိုးရတပ်ဖွဲ့များအကြား ကြီးမားသော စစ်ပွဲကြီးတရပ် မကြာမီ ပေါ်ပေါက်တော့မည်ဟု ခန့်မှန်းတွေးဆမှုများ ပေါ်ပေါက်လာစေခဲ့သည်။

သို့သော် ထိုသို့ နှစ်ဖက်လုံးမှ စစ်ရေးပြင်ဆင်မှုများရှိနေပြီး နယ်ခြားစောင့်တပ်အရေး မပြီးပြတ်သေးသော်လည်း ဝ'တပ်ဖွဲ့ကိုသော်၎င်း၊ အခြားအပစ်ရပ်အဖွဲ့များကိုသော်၎င်း၊ စစ်အစိုးရက ထိုးစစ်ဆင် တိုက်ခိုက်မည့် အရိမ်အယောင်များ ပြသခဲ့ခြင်း မရှိဟု ဦးစိန်ကြည်က ပြောသည်။

''လက်နက်ကိုင် အပစ်ရပ်အဖွဲ့တွေအပေါ် ကြီးကြီးမားမား ထိုးစစ်ဆင်တိုက်ခိုက်မယ့် အလားအလာ မရှိဘူးလို့ ကျနော် ထင်တယ်။ သူတို့မှာလည်း ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေရတာနဲ့ အလုပ်ရှုပ်နေကြတာ။ ဖြစ်နိုင်တာ အပစ်ရပ်အဖွဲ့တွေနဲ့ ကိစ္စကို နောက်မှကိုင်မယ်။ ပထမတော့ အစိုးရသစ်ဖွဲ့ရေး ကိစ္စကိုပဲ အရင်လုပ်လိမ့်မယ်လို့ ထင်တယ်'' ဟု သူက ဆက်လက်ပြောဆိုသည်။

အလားတူပင် KIO က စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့ရေး အဆိုပြုချက်ကို ငြင်းဆန်လိုက်သော်လည်း နှစ်ဖက်အကြား စစ်ပွဲဖြစ်ပွားမည့် အရိပ်အယောင် မတွေ့ရသေးကြောင်းဖြင့် ထိုင်းအခြေစိုက် ကချင်သတင်းဌာန အယ်ဒီတာ နော်ဒင်းက ပြောသည်။

''အခုလောလောဆယ် ရွေးကောက်ပွဲကိစ္စနဲ့ အလုပ်ရှုပ်နေတာကြောင့် စစ်ရေးအရ ထိုးစစ်ဆင်တာက စစ်အစိုးရအတွက် နောက်ဆုံးလမ်း ဖြစ်လိမ့်မယ်။ ကျနော်ထင်တယ်၊ ဒီကိစ္စကို နောက်မှဖြေရှင်းဖို့ စစ်အစိုးရက ခဏခေါက်ထားလိမ့်မယ်'' ဟု နော်ဒင်းက ပြောသည်။

သို့သော် အပစ်ရပ်အဖွဲ့များကိစ္စ စစ်အစိုးရက အလျှော့မပေးမှာကတော့ သေချာကြောင်းနှင့် ဤအဖွဲ့များ အပေါ် သူတို့သြဇာတည်အောင် အနှေးနှင့် အမြန်ဆိုသလို နည်းပရိယာယ်များ ချမှတ် လုပ်ဆောင် လာလိမ့်ဦးမည်ဟု သူက ဆက်လက်ပြောဆိုသည်။

သို့သော် အခြားတဖက်တွင် အပစ်ရပ်အဖွဲ့များဘက်က ကြည့်လျှင် သူတို့ ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင် လာခဲ့သော အရေးကိစ္စကို အလျှော့ပေးလိုက်သလိုဖြစ်မည့် အဆိုပါ ကမ်းလှမ်းချက်ကို လက်ခံရန်မှာ လွန်စွာ ခဲယဉ်းလှကြောင်း သူက ဆိုသည်။

စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေး အဆိုပြုချက်အရ တပ်ရင်းတရင်းစီတွင် အင်အား ၃၂၆ ဦး ရှိမည်ဖြစ်ကာ မြန်မာ့တပ်မတော်ဘက်မှ စစ်သား ၃ဝ ဦး ပါဝင်မည်ဖြစ်သည်။

တပ်ဖွဲ့ဝင်အားလုံး၏ လစာကို ဗဟိုအစိုးရက ထုတ်ပေးမည်ဖြစ်ကာ အုပ်ချုပ်မှုအရလည်း မြန်မာ့ တပ်မတော်၏ လက်အောက်တွင်ပင် ရှိမည်ဖြစ်သည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

17 January 2010

နအဖ ကကကြည်းရုံးချုပ်မှ တပ်မှူးများကို နည်းဗျူဟာမှူးအဖြစ် ပြောင်းရွှေ့

မကြာသေးမီက နေပြည်တော်၊ ကာကွယ်ရေးဝန်ကြီးဌာန ရုံးချုပ်ရှိ အလယ်အလတ်အဆင့်ရှိ တပ်မှူးများကို နည်းဗျူဟာမှူး ရာထူးဖြင့် နယ်ဘက်သို့ ပြောင်းရွှေ့ခဲ့သည်။
ပထမတန်း စစ်ဦးစီးမှူးများဖြစ်ကြသည့် ဒု-ဗိုလ်မှူးကြီး အောင်ဇော်အေးအား ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်အခြေစိုက် အမှတ် (၁၄) စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် (စကခ) ၏ ယာယီနည်းဗျူဟာမှူးအဖြစ်လည်းကောင်း၊ ဒု-ဗိုလ်မှူး သိုက်စိုးအား မိတ္ထီလာအခြေစိုက် တပ်မ (၉၉) ၏ အမှတ် (၃) နည်းဗျူဟာ၏ ယာယီနည်းဗျူဟာမှူးအဖြစ်လည်းကောင်း၊ ဒု-ဗိုလ်မှူးကြီး သန်းထွန်းဦးအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကွမ်းလုံ စစ်ဗျူဟာမှူးအဖြစ်လည်းကောင်း၊ ဒု-ဗိုလ်မှူးကြီး အောင်ဇော်ဦးအား ရခိုင်ပြည်နယ်၊ အမ်းအခြေစိုက် အမှတ် (၅)၊ စကခ၏ ယာယီနည်းဗျူဟာမှူးအဖြစ်လည်းကောင်း၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်းရေးမှူးရုံး စစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းသိန်းအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှူးအဖြစ်လည်းကောင်း ပြောင်းရွှေ့နေရာချထားခဲ့သည်ဟု စစ်ရုံးချုပ်နှင့်နီးစပ်သည့် သတင်းရပ်ကွက်အရ သိရသည်။
မိုးမိတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်မော်အား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီးဗိုလ်မှူးကြီးအဖြစ် နေရာပြောင်းရွှေ့ခဲ့ပြီး အလားတူ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီးများကို နေရာပြောင်းရွှေ့မှု ပြုလုပ်ခဲ့သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။
ယခုပြောင်းရွှေ့မှုတွင် ယခင်ရှိနေပြီးသည့် ဗျူဟာမှူးများကို မည်သည့်နေရာတွင် အစားထိုးခန့်အပ်ခဲ့သည်ကို မသိရဘဲဖြစ်နေသကဲ့သို့ မကြာသေးမီက နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်က ဆင်းသည့် ဒု-ဗိုလ်မှူးကြီးများနှင့် ဗိုလ်မှူးကြီးများထဲမှ အချို့ကို မူလတာဝန် ပြန်ပေးနေသည့်အတွက် တပ်မတော်အတွင်း ရာထူးတာဝန်ပေးမှုနှင့်ပတ်သက်၍ လုပ်ရိုးလုပ်စဉ် ပုံမှန်မျိုးမဟုတ်ဘဲ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် စစ်တပ်၏ အမတ်နေရာများအတွက် ပြင်ဆင်နေသည်ဟု ယူဆရကြောင်း စစ်ရေးအကဲခတ်များက ပြောသည်။
ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

15 January 2010

တပ်မ ၆၆ ပြဿနာ မဟုတ်မှန်ဟု ငြင်းဆန်

တပ်မ ၆၆ လက်အောက်ခံ တပ်များနှင့် ထောက်လှမ်းရေးတပ်များ အကြား တင်းမာမှု ဖြစ်ပွားနေသည်ဆိုခြင်းကို နေပြည်တော်ရှိ စစ်ဘက် သတင်းရပ်ကွက်တခုက မဟုတ်မှန်ကြောင်း ငြင်းဆို လိုက်သည်။

စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) သည် သီးခြား ဖွဲ့စည်းထားခြင်းဖြစ်ပြီး ခြေမြန်တပ်ရင်း ၅ သို့လည်း ပို့ဆောင်ထားခြင်း မရှိကြောင်းနှင့် ရှေ့တန်း စစ်မျက်နှာပြင် မဟုတ်သည့် အခြေစိုက် တပ်ရင်းစခန်းများတွင် ဗဟိုကင်းအဖွဲ့များနှင့် ကိုယ်ရံတော် တပ်ဖွဲ့ဝင်များမှအပ လက်နက်တပ်ဆင် ပေးထားခြင်း မရှိသဖြင့် ပစ်ခတ်မှု ဖြစ်ပွားဖွယ်မရှိဟု သတင်းရပ်ကွက်က ပြောသည်။
mar28018
ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် အင်းမကျေးရွာ အခြေစိုက်သည့် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း တရင်းနှင့် ထောက်လှမ်းရေးတပ်တို့အကြား တင်းမာမှု ဖြစ်ပွားနေကြောင်း ကောလာလဟများ လွန်ခဲ့သည့် ရက်အနည်းငယ် ကတည်းက ထွက်ပေါ်နေခဲ့သည်။

ဘီဘီစီ မြန်မာပိုင်းအစီအစဉ်၏ ယခုလ ၁၂ ရက်နေ့တွင် လွှင့်ထုတ်သော သတင်းတရပ်၌ တပ်မ ၆၆ လက်အောက်ခံ  အာဏာဖီဆန်သည့် ခမရ ၈ဝ က ပြီးခဲ့သည့် တနင်္ဂနွေညတွင် ပစ်ခတ်မှုများရှိခဲ့ရာ ဒဏ်ရာ ပြင်းထန်သည့် ခမရ ၅ ကိုလာရောက်တွဲသည့် ထောက်လှမ်းရေး တပ်ကြပ်ကြီးတဦး သေဆုံးသွားကြောင်း ထုတ်လွှင့်ခဲ့သည်။

သီးခြားရရှိသော စစ်ဘက်သတင်းတရပ်အရမူ ယမန်နေ့က ခြေမြန်တပ်မ ၆၆ က တပ်ရင်းမှူးများကို ဆင့်ခေါ်ကာ ဘီဘီစီသတင်းအပေါ် အစည်းအဝေးထိုင်သည်ဟု ပြောကြားသည်။ သို့သော် သီးခြား အတည်ပြုချက် မရနိုင်ဘဲရှိသည်။

လျှို့ဝှက်လွန်းသော စစ်ဘက်သတင်းနှင့် ပတ်သက်၍ ကောလာဟလများသည် တပ်ဝင်းအနီး နေသူများမှ ထွက်လာသည်ဟု တပ်မ ၆၆ တာဝန်ရှိသူများက ယူဆနေကြသည်ဟု ရန်ကုန်ရှိ မဇ္ဈိမ သတင်းထောက်တဦးက ပြောသည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

13 January 2010

ဥက္ကဋ္ဌ ပေါက်ယူချန်းနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း နအဖကမ်းလှမ်းမှုကို ဝတပ်ဖွဲ့ပယ်ချ



ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ပေါက်ယူချန်းအား တွေ့ဆုံ ဆွေးနွေးလိုကြောင်း စစ်ဘက်ရေးရာလုံခြုံရေးဌာန (စရဖ) အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၏ မကြာသေးမီရက်ပိုင်းက ကမ်းလှမ်းလာမှုကို ဝတပ်ဖွဲ့က ပယ်ချထားသည်။ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ သို့မဟုတ် တန့်ယန်းမြို့သို့ ဝတပ်ဖွဲ့ဥက္ကဋ္ဌ ပေါက်ယူချန်း လာရောက်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စရပ်များအား ဆွေးနွေးရန် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ကမ်းလှမ်းထားသည်ကို မဖြစ်နိုင်သည့်အကြောင်း ပြန်လည်ပြောဆိုထားသည်ဟု အမည်မဖော်လိုသည့် ဝအရာရှိတဦးက ပြောသည်။
၎င်းက “နောက်ဆုံး တန့်ယန်းမှာ တွေ့ပြီးကတည်းက ပြန်မတွေ့ရသေးဘူး။ အဲဒါကို ဘယ်အချိန်ထပ်တွေ့မယ်ဆိုတာလည်း မပြောထားဘူး။ အခုလ (၅) ရက်နေ့က သူတို့ဘက်က အကြောင်းကြားလာတာက ဦးပေါက်ယူချန်းနဲ့ တိုက်ရိုက်ဆွေးနွေး ချင်တယ်ဆိုပြီး ပြောလာတယ်။ သူ့ကျန်းမာရေးအရ မတွေ့နိုင်ဘူးလို့ဘဲ ပြန်ပြောထားတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၁၄) ရက်တွင် တန့်ယန်းမြို့၌ စရဖအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ဦးဆောင်သည့် နအဖကိုယ်စားလှယ်အဖွဲ့နှင့် ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံ ဦးဆောင်သည့် ဝကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရာတွင် ပြေလည်မှုမရရှိဘဲ ဒီဇင်ဘာနောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး အကြောင်းပြန်ရန် နအဖဘက်က ရာဇသံပေးခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဝမ်ဟုန်ဒေသအား ဝတပ်ဖွဲ့၏ စစ်ဒေသအဖြစ် သတ်မှတ်ရေး၊ မိုင်းပေါက်နှင့် မိုင်းဖျန်အား မိုင်းပေါက်မြို့နယ် အဖြစ် သတ်မှတ်ကာ ဝတိုင်းဒေသကြီးထဲထည့်သွင်းရေး၊ အောက်ခြေ တပ်ရင်းအဆင့်တွင် နအဖစစ်တပ်ဘက်မှ ပါဝင်စရာမလိုဘဲ ဝစစ်သားများဖြင့်သာ ဖွဲ့စည်းရေး စသည့်ကိစ္စရပ်များကို နအဖဘက်က လက်မခံသည့်အတွက် ဝတပ်ဖွဲ့နှင့် နအဖတို့ ဆွေးနွေးမှုမှာ ယခုအချိန်အထိ ပြေလည်မှုမရဘဲ ရှိနေသည်။
အပစ်ခတ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ရင်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် နအဖဘက်က ယမန်နှစ်၊ ဧပြီ (၂၈) ရက်က စတင်ကမ်းလှမ်းလာခဲ့ရာ ကချင်အထူးဒေသ (၁) ကချင်ဒီမိုကရေစီသစ်တပ်မတော်၊ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့နှင့် ကယားပြည်နယ် အထူးဒေသ (၂) ကလလတတို့က မကြာသေးမီ လပိုင်းအတွင်း၌ နယ်ခြားစောင့်တပ်အသွင် ပြောင်းခဲ့သည်။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ခွဲထွက်ခဲ့သည့် ဦးလဆန်အောင်ဝါ ဦးဆောင်သည့် ကချင်ငြိမ်းချမ်းရေး အဖွဲ့မှာလည်း ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းပြီးဖြစ်သည်။
ဝတပ်ဖွဲ့၊ ကေအိုင်အို၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှင့် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလား တပ်ဖွဲ့တို့ကမူ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ခြွင်းချက်မရှိ လက်ခံနိုင်ခြင်းမရှိသေးသဖြင့် နအဖနှင့် အပစ်ခတ်ရပ်အဖွဲ့များအကြား ဆွေးနွေးနေသော်လည်း ပြေလည်မှုမရရှိဘဲ ဖြစ်နေသည်။
 ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

တပ်မ ၆၆ တပ်နှင့် ထောက်လှမ်းရေးတပ် တင်းမာမှုဖြစ်ပွား

ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် အင်းမကျေးရွာ အခြေစိုက်သည့် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတရင်းနှင့် ထောက်လှမ်းရေးတပ်တို့အကြား ပြီးခဲ့သည့်ရက်သတ္တပတ်မှစ၍ တင်းမာမှု ဖြစ်ပွားနေသည်။

သဲကုန်းမြို့နယ် အင်းမကျေးရွာရှိ ခမရ ၈၀ နှင့် ခမရ ၅ သို့ ရန်ကုန်မှရောက်လာသည့် ထောက်လှမ်းရေး တပ်ဖွဲ့အကြား တင်းမာမှုများ ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသလို ဒေသခံများကလည်း ပြောကြားကြသည်။
mar28018
“ဦးတို့သိတာကတော့ ခလရ ၈၀ နဲ့ မကြာခင်ကဘဲ ရန်ကုန်ကနေ ရောက်လာတဲ့ ထောက်လှမ်းရေး၊ စရဖ ပေါ့။ ခမရ ၅ ထဲမှာ လာပို့ထားတယ်လို့ ပြောတယ်။ အဲဒီတပ်တွေက အငြင်းပွားမှုတွေ ဖြစ်ခဲ့တယ်လို့ သိတယ်။ တပတ်လောက် ရှိပြီ။ အာဏာဖီဆန်မှုတော့ ဖြစ်တယ်လို့ကြားတယ်” ဟု ပေါင်းတည်မြို့ခံက မဇ္ဈိမကို ပြောသည်။

သို့သော် ဘီဘီစီ မြန်မာပိုင်း ယမန်နေ့ ညပိုင်း အစီအစဉ်ကမူ တပ်မ ၆၆ လက်အောက်ခံ  အာဏာဖီဆန်သည့် ခမရ ၈၀ တပ်က ပြီးခဲ့သည့် တနင်္ဂနွေညက ပစ်ခတ်မှုများရှိခဲ့ရာ ဒဏ်ရာပြင်းထန်သည့် ခမရ ၅ မှ ထောက်လှမ်းရေး တပ်ကြပ်ကြီးတဦး အင်းမရွာနှင့် ရွာတောင်ကြားရှိ စစ်ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း ထုတ်လွှင့်ခဲ့သည်။

ဒေသခံ တပ်မိသားစုဝင်တဦးက “၆၆က လုံးဝ ဝင်လို့မရဘူး။ ပိုပြီးတော့ အခြေအနေ တင်းကျပ် သွားတယ်။ နောက် တပ်သားတွေကို အနားပေးထားတယ်။ မနေ့ကကိစ္စဆိုရင် ထောက်လှမ်းရေးက အတင်းအဓမ္မ ဝင်ရောက်လို့ အခုလိုဖြစ်တာတဲ့။ အဲဒါ ရွာသားတွေက ကျနော်တို့ကို ပြောပြတယ်” ဟု ဘီဘီစီ အား ဖြေကြားသွားခဲ့သည်။

ထို့အပြင် “တပ်မ ၆၆ ရဲ့ ခမရ ၈၀၊ ၆၈၊ ၇၅ တပ်ရင်းတွေဟာ စားဝတ်နေရေး အဆင်မပြေမှုကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ တတိယအပတ်ကတည်းက အာဏာဖီဆန်လာခဲ့တာပါ” ဟုလည်း ဘီဘီစီက ပြောသည်။

လျို့ဝှက်လွန်းသည့် မြန်မာ့တပ်မတော်တွင် တိုက်ခိုက်ရေးနှင့် ထောက်လှမ်းရေးတပ်များအကြား မသင့်မြတ်မှုမှာ အစဉ်အလာတရပ်ဖြစ်သော်လည်း ယခုအကြိမ်တွင် တိုက်ပွဲဖြစ်ပွားသည်အထိ ဖြစ်သည်ဆိုခြင်းကို သံသယ ရှိနေသူများလည်းရှိနေကြောင်း ရန်ကုန်ရှိ မဇ္ဈိမသတင်းထောက်က ပြောသည်။

ပြည်ပရောက် စစ်တပ်အရာရှိဟောင်းတဦးကမူ ခမရ ၈ဝ အပါအဝင် အမည်မသိ အခြား ယင်းဒေသ အခြေစိုက် တပ်ရင်း ၂ ရင်းတို့၌ ယခင်လ ၂ဝ ရက် ဝန်းကျင်တွင် တပ်တွင်းလစာနှင့်ပတ်သက်၍ အာဏာဖီဆန်မှုများရှိခဲ့သဖြင့် အရာရှိများနှင့် တပ်သား များ အနည်းဆုံး ၅ဝ ဦးခန့် ဖမ်းဆီးခံထားရကြောင်း မဇ္ဈိမကို ပြောသည်။

၆၆ တပ်မမှူး ဗိုလ်မှူးကြီး စန်းမြင့်အား စစ်ခုံရုံးတင် စစ်ဆေးနေကြောင်းလည်း သူက ဆက်ပြောသည်။
myanmarnew_3
“တိုက်ပွဲဖြစ်တာ လုံးဝမဟုတ်ဘူး။ တင်းမာမှုဖြစ်ပွားတာပါ၊ အဓိကတော့ စားဝတ်နေရေး ကြပ်တည်းလို့ ဖြစ်လာတဲ့အပိုင်းမှာ သူတို့က အပစ်ခတ်ရပ် အဖွဲ့တွေနဲ့ လစာမတူတော့ ပြန်ပြီးတော့ ဖီဆန်တဲ့ သဘောပါဘဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

စစ်ဘက်သတင်းများရေးသားနေသော ဆောင်းပါးရှင် ဂါမဏိကမူ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာမှန်ကြောင်း သို့သော် “ပစ်တာခတ်တာက ခနလေးဘဲ။ တဘက်ကတပ်က ဆုတ်သွားလို့ ဆိုပြီး  လောလောဆယ်တော့ ငြိမ်နေတယ်” ဟု သူက မဇ္ဈိမကိုပြောသည်။

တပ်မ ၆၆ သည် နာဂစ်ကာလတွင် ဧရာဝတီတိုင်း ကဒုံကနိကျေးရွာ ဝန်းကျင်၌ တပ်စွဲကာ လူ့အခွင့်အရေးချိုးဖောက်မှု အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုများ ကျူးလွန်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

အိန္ဒိယ-မြန်မာ ပြည်ထဲရေး အတွင်းဝန်များ ဆွေးနွေးမည်

နှစ်နိုင်ငံ နယ်စပ်တွင် လှုပ်ရှားနေသည့် သူပုန်များ အရေးနှင့် လုံခြုံရေးကိစ္စ ပူးပေါင်း ဆောင်ရွက်ရေးအတွက် အိန္ဒိယ-မြန်မာ ပြည်ထဲရေး အတွင်းဝန်များအဆင့် ၃ ရက်ကြာ ဆွေးနွေးပွဲတရပ်ကို ယခုလ ၁၉ ရက်နေ့မှ စတင်၍ နေပြည်တော်တွင် ကျင်းပသွားမည်ဟု သိရသည်။

အိန္ဒိယ ပြည်ထဲရေးအတွင်းဝန် G K Pillai ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် မြန်မာ ဒုပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးချုပ်ဖုန်းဆွေ ဦးဆောင်သည့် အဖွဲ့တို့သည် အိန္ဒိယ အရှေ့မြောက် ဒေသတွင် လှုပ်ရှားနေသည့် သူပုန်များ အရေး၊ မြန်မာ့ပိုင်နက်အတွင်း ၎င်းတို့စခန်းများ ထားရှိခြင်းတို့နှင့် ပတ်သက်၍ ဆွေးနွေးသွားကြမည်။

လုံခြုံရေးကိစ္စ နောက်ဆုံးအခြေအနေများ၊ လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းများ၊ ထိရောက်သော နယ်စပ်ဒေသ ကြီးကြပ်ရေးကိစ္စ၊ နယ်စပ်ကုန်သွယ်ရေးနှင့် နယ်စပ်တလျှောက် စီမံကိန်းဝင် လုပ်ငန်းများအရေး ဆွေးနွေးသွားမည်ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန သတင်းရပ်ကွက်များက ဆိုသည်။

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ - NSCN, အာသံ လွတ်မြောက်ရေးတပ်ဦး - ULFA ကဲ့သို့ ခွဲထွက်ရေး သူပုန်အဖွဲ့များအနေဖြင့် နှစ်နိုင်ငံ နယ်စပ်တွင် အခြေပြု လှုပ်ရှားနေရာ ထိုကိစ္စများအတွက် အိန္ဒိယအနေဖြင့် ဖိအားပေးဖွယ်ရှိသည်။

မဇ္ခ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

01 January 2010

ကက်ဘိနက် အစည်းအဝေး နေပြည်တော်တွင် ပြုလုပ်

စစ်အစိုးရ၏ ကက်ဘိနက်အဖွဲ့ဝင် ဝန်ကြီးများ အားလုံးကို နေပြည်တော်က ယနေ့တွင် ဆင့်ခေါ်ထားရာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကြီးမှူး ကျင်းပမည့် အစည်းအဝေးသည် မဟာဗျူဟာမြောက်ဖြစ်ဖွယ် ရှိသည်။

စစ်ဘက် သတင်းရပ်ကွက်တခု အဆိုအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယနေ့ အစည်းအဝေးတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သူ၏ အကြံအစည်များကို ရှင်းလင်း ပြောကြားသွားလိမ့်မည်ဟု သိရသည်။

”မနက်ဖြန်တော့ သတင်းထွက်လာလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု နေပြည်တော်ရှိ သတင်းရပ်ကွက်က ပြောသည်။

ထိုအတောအတွင်း ပဲခူးမြို့တွင် ဒေသခံ အာဏာပိုင်များက နိုင်ငံရေးသမားများစာရင်း ပြုစုလျက် ရှိသည်။

ထို့ပြင် စစ်အစိုးရက သတင်းရဲတပ်ဖွဲ့ဝင် အားလုံးနှင့် ရဲဝန်ထမ်းများကို အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပတ်သက်သော ထင်မြင်ချက်များ ပေးပို့ရန် ညွှန်ကြားထားသည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

30 December 2009

ဝ အရေး နောက်ဆုံးရက်နီးကပ်လာ၊ ဆွေးနွေးမှုမရှိသေး


စစ်အစိုးရက အပစ်ရပ် ဝ အဖွဲ့ UWSA အား နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို ယခုလကုန် နောက်ဆုံးထား ဆုံးဖြတ်ရန် ပြောထားသော်လည်း ယနေ့ထိ နှစ်ဖက် ဆွေးနွေးပွဲများ ထပ်မံပြုလုပ်ခြင်း မရှိသေးကြောင်း နီးစပ်သူများထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီး ခိုင်ဇော်နှင့် စရဖ ဒု ဗိုလ်မှူးကြီး ထွန်းထွန်းရီတို့က ဝ နယ်မြေကို ဖြတ်၍ တရုတ်နယ်စပ် လန်ချန်းမြို့တွင် နှစ်နိုင်ငံ နယ်စပ်ကိစ္စများ ဆွေးနွေးရန် ထွက်ခွာမှုသာရှိသည်ဟု တရုတ်နယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော်က မဇ္ဈိမကို ပြောသည်။

ယခင်လ ၁၄ ရက်နေ့တွင် နအဖ စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ကစထမှူး မင်းအောင်လှိုင်တို့ ပါဝင်သောအဖွဲ့နှင့် ဝ တပ် နိုင်ငံရေး ဦးဆောင်မှု ပါတီဖြစ်သော ဝ ပြည် သွေးစည်း ညီညွတ်ရေးပါတီ UWSP မှ ဒု- ဥက္ကဌ ပေါဝ်းယျိုလျှန်၊ ဒု-စစ်ဦးချုပ် တာ့အိုက်လွန်း ပါဝင်သောအဖွဲ့တို့ ဆွေးနွေးခဲ့ရာမှ သဘောတူညီချက်မရသဖြင့် တပ်တွင်း ထပ်မံ ဆွေးနွေးနိုင်ရန် ယခုလကုန်အထိ အချိန်ပေးခဲ့ခြင်း ဖြစ်သည်။

နအဖ ဖက်က လိုလားသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံတွင် တပ်ရင်းတရင်းအတွက် တပ်သားဦးရေ ၃၂၆ သာ ထားရှိစေလိုပြီး ထိုအထဲတွင် မြန်မာစစ်တပ်မှ စစ်သား ၃၀ ဦးကို ထည့်သွင်းမည် ဖြစ်သည်။

သို့သော် ဝ တပ်ဖွဲ့ကမူ အချက် ၉ ချက်တင်ပြထားပြီး နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံပါ “ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း” အတွင်း ရှမ်းပြည်တောင်ပိုင်း မိုင်းပေါက်၊ မိုင်းဖျင်၊ ဝမ်ဟုန် ဒေသများကို ထည့်သွင်းပေးရန်လည်း ပါဝင်သည်။

တပ်အသွင် ကူးပြောင်းရေးနှင့် ပတ်သက်၍ တပ်ရင်းကို အခြေခံသည့် ဝမ်ဟုန်နှင့် ပန်ခမ်း စစ်ဒေသခွဲ ၂ ခုဖွဲ့ရန် တင်ပြထားသည်။ ယင်းစစ်ဒေသခွဲများတွင် စစ်ဒေသတပ်မှူး အပါအဝင် ထိပ်ပိုင်းတပ်မှူးနေရာ ၁၄ နေရာအနက် ဝ တပ်ဖွဲ့က ၁၀ နေရာ တောင်းထားပြီး နအဖ အတွက် ၄ နေရာသာ သတ်မှတ်ထားသည်။

စစ်ဒေသခွဲများ၏ “ထောက်ပံ့ရေး၊ ကျန်းမာရေး အာမခံခြင်းနှင့် လေ့ကျင့်ရေး နည်းပြများကို အဓိကအားဖြင့် တပ်မတော်မှ တာဝန်ယူရန်နှင့် ဝ တပ်ဖွဲ့မှ ပေါင်းစပ်သွားရန်” တင်ပြထားသည်။ ထို့အပြင် တပ်ရင်းအဆင့်နှင့် လက်အောက် ကေဒါအရာရှိများ၊ တပ်သားများအား ဝ တပ်ဖွဲ့မှသာ တာဝန်ယူသွားမည် ဖြစ်ပြီး “တပ်မတော်မှ စေလွှတ် ခန့်အပ်ခြင်း မလိုတော့ကြောင်း” လည်းပါရှိသည်။

အသွင်ပြောင်း ဖွဲ့စည်းပြီးနောက်တွင်လည်း တပ်ဖွဲ့ဝင်အင်အား ၃၀၀၀ ခန့် ကျန်ရှိဦးမည် ဖြစ်ကြောင်း၊ ဌာန အသီးသီးမှ ကျန်မည့် အင်အား ၅၀၀၀ ကျော်လည်း ရှိမည်ဖြစ်သောကြောင့် ၎င်းတို့အား ၅ နှစ်စာ ပင်စင် စားရိတ်များကို တကြိမ်တည်းဖြင့် ပံ့ပိုးပေးရန် အချက် ၉ ချက်အတွင်း ထည့်သွင်းထားသည်။

ဝ တပ်ဖွဲ့တွင် လက်နက်ကိုင်ပြည်သူ့စစ် အင်အား ၂ဝဝဝဝ ကျော်ရှိသဖြင့် ၎င်းတို့အား စိစစ်ပြီး “ပြည်သူ့စစ်တပ်ဖွဲ့” တဖွဲ့ဆက်လက်ထားရှိရန် ဖော်ပြသည်။ အသွင်ကူးပြောင်းပြီးနောက် ဝ နယ်ဒေသ အတွင်းရှိ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို ဥပဒေကျူးလွန်မှု နောက်ထပ်မရှိလျင် ၎င်းတို့၏ လုံခြုံမှုကို စစ်အစိုးရက အပြည့်အဝ အာမခံပေးရမည်ဖြစ်ကြောင်း တင်ပြထားသည်။

နအဖ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းမှုအဆင်မပြေသည့်နောက်ပိုင်း ဝ တပ်ဖွဲ့များ စစ်ရေးတိုးချဲ့ပြင် ဆင်သည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

နအဖ ဘက်ကမူ မကြာသေးမီက လာလည်သော တရုတ် ဒုသမ္မတ ရှီကျင်းဖျင် (Xi Jinping) အား နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် မြန်မာနိုင်ငံအတွင်း ဖြတ်သွားမည့် အရှည် ၇၇၁ ကီလိုမီတာရှိ ရေနံ ပိုက်လိုင်းတလျှောက် လုံခြုံရေး ယူပေးမည်ဟု မြန်မာအာဏာပိုင်များက အာမခံခဲ့သည်။

UWSA သည် ဗမာပြည် ကွန်မြူနစ်ပါတီ - ဗကပ မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်၍ ထိုနှစ်အတွင်း စစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သည်။

စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ယခုနှစ် ဧပြီလ ၂၈ ရက်နေ့မှ စတင်၍ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

28 December 2009

အထူးဒေသ (၁) ပိုင် ကုမ္ပဏီအားလုံး ရပ်ဆိုင်းခံရ

 
ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်း ဒါရိုက်တာအဖြစ် ပါဝင်သည့် စီးပွားရေးကုမ္ပဏီအားလုံး နာမည်ပျက်စာရင်း အသွင်းခံရကာ လုပ်ငန်း အားလုံး ရပ်ဆိုင်းထားရကြောင်း ကုမ္ပဏီအရာရှိတဦးက ပြောသည်။
၎င်းက “ကျနော်တို့ဒေသပိုင် ဗန်းမော်က သစ်ထုတ်လုပ်ရေး ကုမ္ပဏီတခု အခွန်မသွင်းလို့ နာမည်ပျက်စာရင်းအသွင်းခံရတယ်။ အဲဒီကုမ္ပဏီမှာ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌက ဦးဆခုံတိန့်ယိန်း ဖြစ်တယ်။ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး ခေါင်းဆောင်ပြီး ဝန်ကြီးတွေ ပါဝင်တဲ့ ကုန်သွယ်ရေးမူဝါဒ ကောင်စီက ဦးဆခုံတိန့်ယိန်း နာမည်ပေါက်တဲ့ ကုမ္ပဏီအားလုံးကိုပါ နာမည်ပျက်စာရင်းထဲ ထည့်လိုက်တယ်။ စုစုပေါင်း မြန်မာတပြည်လုံး ကုမ္ပဏီ (၃၆) ခုနာမည်ပျက်စာရင်းသွင်းတာမှာ ဦးဆခုံတိန့်ယိန်းပိုင် ကုမ္ပဏီ (၈) ခု ပါဝင်ပြီး လုပ်ငန်းတွေ အားလုံးရပ်ဆိုင်းကုန်တယ်” ဟု ပြောသည်။
အဆိုပါ ကုမ္ပဏီ (၈) ခုထဲတွင် ဗန်းမော်သစ်ထုတ်လုပ်ရေး ကုမ္ပဏီအပြင် ဖားကန့်ကျောက်စိမ်း တူးဖော်ရေး၊ မိုးကုတ် ကျောက်မျက် တူးဖော်ရေး၊ မြစ်ကြီးနား ရွှေတူးဖော်ရေးနှင့် အထူးဒေသ (၁) အတွင်း ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။
၎င်းတို့၏ လုပ်ငန်းအားလုံး ရပ်ဆိုင်းထားရသော်လည်း သက်ဆိုင်ရာ ဌာနအသီးသီးနှင့် ဆက်သွယ်လုပ်ကိုင်ခြင်း၊ နေပြည်တော် အထိ သွားရောက် ဖြေရှင်းခြင်းများ လုပ်ကိုင်နေပြီး မကြာမီ ကုမ္ပဏီလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့်ရနိုင်မည်ဟု မျှော်လင့်ကြောင်း အဆိုပါ ကုမ္ပဏီအရာရှိက ပြောသည်။
ယခုကုမ္ပဏီများကို ပိတ်ပင်သည့်ကိစ္စမှာ နိုင်ငံရေးကိစ္စ ပါဝင်နိုင်ကြောင်း၊ ယခင် အန်ဒီအေ တပ်ဖွဲ့တွင် အဆင့်မြင့်တာဝန် ယူခဲ့ဖူးပြီး ၂ဝဝ၅ ခုနှစ်အကုန် အဖွဲ့အစည်းမှ ထွက်ခဲ့သူတဦးက ပြောသည်။
၎င်းက “ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ဝန်ကြီးတွေဟာ ဦးဆခုံတိန့်ယိန်းဆိုတာကို မသိဘဲ ကုမ္ပဏီတွေကို နာမည်ပျက် စာရင်းသွင်းပြီး ဖျက်သိမ်းခိုင်းတာ မဖြစ်နိုင်ဘူး။ လောလောဆယ် ဦးဆခုံတိန့်ယိန်း ဆောင်ရွက်နေတဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စ စစ်တပ်အလိုကျ အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်အောင် ဖိအားပေးတာမျိုးလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။
အန်ဒီအေ (ကချင်) အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းသည် ၁၉၈၉ ဒီဇင်ဘာ ငြိမ်းချမ်းရေး ရယူပြီးစဉ်မှစ၍ ဒေသတွင်း သစ်ထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။
နောက်ပိုင်း စစ်အစိုးရက အထူးအခွင့်အရေးများ ပေးလာသည့်အတွက် ဖားကန့်ကျောက်စိမ်းတူးဖော်ရေး၊ ခန္တီးကျောက်စိမ်း တူးဖော်ရေး၊ မိုးကုတ်ကျောက်မျက် တူးဖော်ရေး၊ ဗန်းမော်သစ်ထုတ်လုပ်ရေး၊ မြစ်ကြီးနား ရွှေတူးဖော်ရေး၊ အထူးဒေသ (၁) အတွင်း ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း စသည့်လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး ကုမ္ပဏီအားလုံးကိုလည်း ၎င်း၏ နာမည်နှင့် ဒါရိုက်တာ အဖွဲ့ဝင်နေရာတို့တွင် ဇနီးနှင့် သားများ၏နာမည်ဖြင့် မှတ်ပုံတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ်အတွင်း အန်ဒီအေ (ကချင်) တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် စစ်အစိုးရက ညွှန်ကြားရာတွင် ဦးဆခုံတိန့်ယိန်းအနေဖြင့် ဒေသတွင်းနှင့် မြို့ပေါ်ရှိ ၎င်းပိုင် ကိုယ်ကျိုးစီးပွားများ ဆုံးရှုံးမည်ကို စိုးရိမ်ပူပန်ပြီး လိုက်လျောရခြင်း ဖြစ်ကြောင်း အန်ဒီအေ တပ်မှူး၊ တပ်သားဟောင်းများက ဝေဖန်ပြောဆိုနေကြသည်။
ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

နယ်ခြားစောင့်တပ်ရင်းအနီး နအဖစစ်တပ် လာရောက်တပ်စွဲ

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်သည့် ကချင်အထူးဒေသ (၁)၊ ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) နယ်မြေအတွင်းရှိ နယ်ခြားစောင့်တပ်ရင်းအနီးတွင် မကြာသေးမီ ရက်ပိုင်းကစ၍ နအဖက တပ်စခန်းအသစ်တခု ဆောက်လုပ်ကာ တပ်စွဲနေသည်။
အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ အိမ်မဲမြို့ အခြေစိုက် ခလရ (၆၃) က တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီးကုန်သွယ်ရေးစခန်းအနီး စင်ကျိုင်တွင် ဖွင့်လှစ်ထားသည့် အမှတ် (၁ဝဝ၃) တပ်ရင်းအနီးတွင် အဆောက်အဦ တန်းလျားအသစ်များ ဆောက်ကာ တပ်ချထားသည်ဟု ကန်ပိုက်တီးမှ ပြန်လာသူ မြစ်ကြီးနားဒေသခံတဦးက ပြောသည်။
၎င်းက “ဆဒုံးနဲ့ ကန်ပိုက်တီးအကြားမှာ၊ နယ်ခြားစောင့်တပ်လုပ်ထားတဲ့ အမှတ် (၁ဝဝ၃) နဲ့ မလှမ်းမကမ်းမှာ တပ်တည်နေတယ်။ အဆောက်အဦတွေ ဆောက်ပြီးတဲ့ဟာလည်း ပြီးနေပြီ။ အချို့လည်း ဆောက်နေတုန်းပဲ။ မိသားစုတွေတော့ ပါလာတာ မတွေ့ သေးဘူး။ ဧရာဝတီတိုင်းက တပ်ပေါ့။ မပခ တပ်ကတော့ လုပိနားမှာ ရှိတယ်။ အမှတ် (၁ဝဝ၂) ရှိတဲ့ဘက်မှာ။ အဲဒါကတော့ အရင်ကတည်းက တပ်စခန်းထိုင်နေတာ” ဟု ပြောသည်။
ကချင်ပြည်နယ်အတွင်း အခြေစိုက်ထားသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံတပ်များ၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) နှင့် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံတပ်များကို မထားဘဲ အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ကို လာရောက်အခြေစိုက် တပ်စွဲစေခြင်းမှာ ထူးခြားကြောင်းနှင့် အဆိုပါဒေသတွင်းမှ တပ်ပြန်ဆုတ်ရန်မရှိဘဲ တိုးပြီးချထားရန်သာ ရှိနိုင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။
၎င်းက “နယ်ခြားစောင့်တပ်ဆိုတာ တချိန်ချိန်မှာ ဖျက်မှာပဲ။ ယုံကြည်ရတဲ့သူတွေကို သူ့တပ်ထဲကို ဆွဲသွင်းမယ်။ ဒါကြောင့်မို့ ယုံကြည်ရတဲ့ သူတို့တပ်ကို လာထားတာပဲ။ ကိုးကန့်ကျတော့ ဗမာတပ်ရင်း (၇ ၊ ၈) ရင်း ရှိတယ်။ နယ်ခြားစောင့်တပ်တွေနဲ့ ဒေသကို ခြေနိုင်လက်နိုင်ဖြစ်အောင် သူ့ရဲ့ အဓိကတပ်တွေကို လာပို့ထားတာပဲ။ အိမ်မဲဆိုတာ အဝေးကြီးလေ။ မပခမှာလည်း တပ်အများကြီးပဲ၊ စကခ (၃) တို့၊ စကခ (၂၁) တို့ရှိတယ်။ တနိုင်းက ဒကစ တပ်ရှိတယ်။ အဲဒီရင်းတွေက လာထားလို့ ရရက်သားနဲ့ နတခအောက်က တပ်ကို ဆွဲထုတ်လာထားတာက ရေရှည်အနေနဲ့ ဒီဒေသကို ချုပ်ကိုင်နိုင်အောင် လာထားတာပဲ။ နောက်ထပ်လည်း လာနိုင်သေးတယ်” ဟု ပြောသည်။
ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) တပ်ဖွဲ့ ခေါင်းဆောင်များဖြစ်ခဲ့သည့် ဦးဆခုံတိန့်ယိန်းနှင့် ဦးလယောက်ဇယ်လွန်း တို့သည် ၁၉၇ဝ ခုနှစ်ဝန်းကျင်က ကချင်ပြည်လွတ်လပ်ရေးအဖွဲ့မှ လူအင်အား (၂ဝဝ) ခန့်ဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) သို့ ကူးပြောင်းလာခဲ့သည်။
ဗကပ၏ (၁ဝ၁) စစ်ဒေသအဖြစ် သတ်မှတ်ဖွဲ့စည်းပေးခဲ့ရာမှ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗကပမှ ခွဲထွက်ကာ (NDA-K) တပ်ဖွဲ့ထူထောင်ပြီး နအဖနှင့် အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့ကာ နိုဝင်ဘာ (၈) ရက်တွင် နယ်ခြားစောင့်တပ်ရင်း (၃) ရင်းဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

နအဖတပ်ရင်းမှ တပ်ရိက္ခာကိုတင်ပို့ရန် မော်တော်ကားများကိုအတင်းချောဆွဲနေ

အမှတ်(၄၀၇)ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးတင်မောင်မောင် ဒုတပ်ရင်းမှူးအောင်ကျော်မိုး ဦးစီးသောနအဖစစ်ကြောင်းသည် ဒီဇင်ဘာ(၂၆)ရက်နေ့ နံက်ပိုင်းတွင် ဘုရားသုံးဆူမြို့ နယ်အတွင်းသို့ ရောက်လာသည်ဟု ဒေသခံရွာသားတစ်ဦးမှ ပြောပါသည်။

၎င်းခမရ(၄၀၇) ရည်ရွယ်ချက်မှာ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာတွင်အခြေချသော စစ်ဗျူဟာရုံးနှင့် ဘုရားသုံးဆူမြို့ အခြေချတပ်ရင်းအတွက် ရိက္ခာပို့ဆောင်ရန်နှင့် ဘုရားသုံးဆူ၊ သံဖြူဇရပ်မော်တော်ကားလမ်း လုံခြုံရေးယူရန် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တပ်ရိက္ခာများကို သယ်ယူပို့ဆောင်ရန်အတွက် ဘုရားသုံးဆူလမ်းတလျှောက်တွင် ပြေးလွှားနေသော မော်တော်ကားများကို အတင်းအဓမ္မချောဆွဲနေသည်ဟု ကျေးရွာရယကတစ်ဦးမှ ကောင်းဝါသတင်းဌာနသို့ ပြောဆို ခဲ့ပါသည်။ တချို့ကားသမားများမှာ မိမိတို့ကားချောဆွဲခြင်းမှ လွတ်ကင်းအောင်ကားငယ်များကို ၂၅၀၀ ကျပ်၊ ကားကြီးများမှာ ကျပ် ၂ သိန်းခွဲခန့် သံဖြူဇရပ်မြို့နယ် ဝါဂလီတပ်နယ်မှူးကို ပေးဆောင်ပြီးသော်လည်း ထပ်မံ ချောဆွဲခံနေရသည်ဟု ကားသမားတစ်ဦးမှ ပြောပါသည်။

အမည်မဖေါ်လိုသူ ကားသမားတစ်ဦးအဆိုအရ ဆန်အိတ်ပေါင်း(၃၀၀၀)ကျော်ကို အနန်းကွင်းဗျူဟာရုံးနှင့် ဘုရား သုံးဆူမြို့ အခြေချတပ်ရင်းသို့ သယ်ဆောင်ပေးရသည်ဟု ဆိုသည်။ လမ်းကြောတလျှောက်တွင် KNU တပ်ဖွဲ့များမှ ဆန်အိတ်များကို သိမ်းဆည်းခဲ့သဖြင့် ထိုကျသင့်သော ဆန်တန်ဘိုးများကို ကားသမားများမှ အစားထိုးပေးလျှော်ရ သောကြောင့် ၄င်းတို့အတွက်ထပ်ဆင့် နစ်နာနေကြောင်း ပြောဆိုခဲ့ပါသည်။

စစ်တပ်နှင့်နီးစပ်သူတစ်ဦး၏အဆိုအရ တပ်ရိက္ခာစုဆောင်းပြီးလျှင် ကေအာန်ယူတပ်မဟာ(၆)ဒေသကို ထိုးစစ် ဆင်လာနိုင်သည်ဟု ဆိုသည်။ ယခုအခါ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ဒုဗိုလ်မှူးကြီးမျိုးမြင့်အောင် ဦးဆောင် သောခမရ(၂၈၄)တပ်ရင်းသည် ဘုရားသုံးဆူမြို့သို့ တပ်ချိန်းရန်တက်လာပြီးဟု ကြာအင်းဆိပ်ကြီးမြို့ နယ် ကျေးရွာ ရယကတစ်ဦးမှ ပြောပါသည်။
ကောင်းဝါမှတဆင့်
ဆက်လက်ဖတ်ရှုရန်...
 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.