28 December 2009

နယ်ခြားစောင့်တပ်ရင်းအနီး နအဖစစ်တပ် လာရောက်တပ်စွဲ

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်သည့် ကချင်အထူးဒေသ (၁)၊ ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) နယ်မြေအတွင်းရှိ နယ်ခြားစောင့်တပ်ရင်းအနီးတွင် မကြာသေးမီ ရက်ပိုင်းကစ၍ နအဖက တပ်စခန်းအသစ်တခု ဆောက်လုပ်ကာ တပ်စွဲနေသည်။
အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ အိမ်မဲမြို့ အခြေစိုက် ခလရ (၆၃) က တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီးကုန်သွယ်ရေးစခန်းအနီး စင်ကျိုင်တွင် ဖွင့်လှစ်ထားသည့် အမှတ် (၁ဝဝ၃) တပ်ရင်းအနီးတွင် အဆောက်အဦ တန်းလျားအသစ်များ ဆောက်ကာ တပ်ချထားသည်ဟု ကန်ပိုက်တီးမှ ပြန်လာသူ မြစ်ကြီးနားဒေသခံတဦးက ပြောသည်။
၎င်းက “ဆဒုံးနဲ့ ကန်ပိုက်တီးအကြားမှာ၊ နယ်ခြားစောင့်တပ်လုပ်ထားတဲ့ အမှတ် (၁ဝဝ၃) နဲ့ မလှမ်းမကမ်းမှာ တပ်တည်နေတယ်။ အဆောက်အဦတွေ ဆောက်ပြီးတဲ့ဟာလည်း ပြီးနေပြီ။ အချို့လည်း ဆောက်နေတုန်းပဲ။ မိသားစုတွေတော့ ပါလာတာ မတွေ့ သေးဘူး။ ဧရာဝတီတိုင်းက တပ်ပေါ့။ မပခ တပ်ကတော့ လုပိနားမှာ ရှိတယ်။ အမှတ် (၁ဝဝ၂) ရှိတဲ့ဘက်မှာ။ အဲဒါကတော့ အရင်ကတည်းက တပ်စခန်းထိုင်နေတာ” ဟု ပြောသည်။
ကချင်ပြည်နယ်အတွင်း အခြေစိုက်ထားသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံတပ်များ၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) နှင့် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံတပ်များကို မထားဘဲ အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ကို လာရောက်အခြေစိုက် တပ်စွဲစေခြင်းမှာ ထူးခြားကြောင်းနှင့် အဆိုပါဒေသတွင်းမှ တပ်ပြန်ဆုတ်ရန်မရှိဘဲ တိုးပြီးချထားရန်သာ ရှိနိုင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။
၎င်းက “နယ်ခြားစောင့်တပ်ဆိုတာ တချိန်ချိန်မှာ ဖျက်မှာပဲ။ ယုံကြည်ရတဲ့သူတွေကို သူ့တပ်ထဲကို ဆွဲသွင်းမယ်။ ဒါကြောင့်မို့ ယုံကြည်ရတဲ့ သူတို့တပ်ကို လာထားတာပဲ။ ကိုးကန့်ကျတော့ ဗမာတပ်ရင်း (၇ ၊ ၈) ရင်း ရှိတယ်။ နယ်ခြားစောင့်တပ်တွေနဲ့ ဒေသကို ခြေနိုင်လက်နိုင်ဖြစ်အောင် သူ့ရဲ့ အဓိကတပ်တွေကို လာပို့ထားတာပဲ။ အိမ်မဲဆိုတာ အဝေးကြီးလေ။ မပခမှာလည်း တပ်အများကြီးပဲ၊ စကခ (၃) တို့၊ စကခ (၂၁) တို့ရှိတယ်။ တနိုင်းက ဒကစ တပ်ရှိတယ်။ အဲဒီရင်းတွေက လာထားလို့ ရရက်သားနဲ့ နတခအောက်က တပ်ကို ဆွဲထုတ်လာထားတာက ရေရှည်အနေနဲ့ ဒီဒေသကို ချုပ်ကိုင်နိုင်အောင် လာထားတာပဲ။ နောက်ထပ်လည်း လာနိုင်သေးတယ်” ဟု ပြောသည်။
ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) တပ်ဖွဲ့ ခေါင်းဆောင်များဖြစ်ခဲ့သည့် ဦးဆခုံတိန့်ယိန်းနှင့် ဦးလယောက်ဇယ်လွန်း တို့သည် ၁၉၇ဝ ခုနှစ်ဝန်းကျင်က ကချင်ပြည်လွတ်လပ်ရေးအဖွဲ့မှ လူအင်အား (၂ဝဝ) ခန့်ဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) သို့ ကူးပြောင်းလာခဲ့သည်။
ဗကပ၏ (၁ဝ၁) စစ်ဒေသအဖြစ် သတ်မှတ်ဖွဲ့စည်းပေးခဲ့ရာမှ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗကပမှ ခွဲထွက်ကာ (NDA-K) တပ်ဖွဲ့ထူထောင်ပြီး နအဖနှင့် အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့ကာ နိုဝင်ဘာ (၈) ရက်တွင် နယ်ခြားစောင့်တပ်ရင်း (၃) ရင်းဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
ခေတ်ပြိုင်မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.