09 January 2010

ရပ်နားသွားတဲ့ ခရီးစဉ်များ အဲပုဂံက ပြေးဆွဲလို



အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှု စာရင်းတွင် ပါရှိသော စစ်ဗိုလ်ချုပ်ကြီးများ၏ လူရင်း စီးပွားရေး သမားကြီး ဦးတေဇပိုင် အဲပုဂံ လေကြောင်းလိုင်းက လေကြောင်းခရီးစဉ် နှစ်ခုကို ပြန်လည် ပြေးဆွဲလိုကြောင်း ယနေ့ ပြောကြားလိုက်သည်။

"စီးပွားရေး ပိတ်ဆို့မှုကြောင့် လေကြောင်းလိုင်းတွေ မပျံသန်းနိုင်တဲ့ ကိစ္စအတွက် အခုနှစ် ခရီးသွား ရာသီကစပြီး လာမယ့် ၂၀၁၀ - ၂၀၁၁ ခုနှစ် ခရီးသွား ရာသီအတွက် ပျံသန်းခွင့်ရအောင် ကြိုးစားနေပါတယ်။ ကိုယ့်ဘက်က ဘယ်လောက်ပဲ ကြိုးစားကြိုးစား အပိတ်ဆို့ခံနေရဆဲ ဆိုရင်တော့ မအောင်မြင်နိုင်ဘူး’’ ဟု အမည်မဖော်လိုသူ လေကြောင်းလိုင်း အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ပိတ်ဆို့မှုက လေကြောင်းလိုင်း လုပ်ငန်းအပေါ် မည်သို့ ထိခိုက်သည်ကို သူက ပြောပြသွားခြင်း မရှိသော်လည်း လေယာဉ် အရန်ပစ္စည်းများနှင့် ဝန်ထမ်း လစာများ နိုင်ငံခြားဘဏ်များမှ တဆင့် ပေးရာတွင် အခက်အခဲ ရှိစေသည်ဟု လေကြောင်းလိုင်း ဝန်ထမ်းဟောင်းတဦးက ပြောသည်။

“လက်နက်ပွဲစားဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်သော စစ်အစိုးရ၏ ငွေကြေးလူယုံ” ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက အရေးယူစာရင်း ထုတ်ပြန်မှုပြုစဉ်က ဦးတေဇကို ညွှန်းဆိုခဲ့သည်။ ၂၀၀၇ ခုနှစ်အတွင်း သံဃာတော်များ ဦးဆောင်သော ဆန္ဒပြပွဲများ နိုင်ငံအနှံ့ ဖြစ်ပွားခဲ့ရာ စစ်အစိုးရက သွေးမြေကျ ပစ်ခတ် နှိမ်နင်းခဲ့ပြီးနောက် အမေရိကန်နှင့် ဥရောပနိုင်ငံများက ဦးတေဇ အပါအဝင် လူ ၄၀ ဦးနှင့် ၄၄ ခုသော အစုအဖွဲ့လုပ်ငန်းများကို ဘဏ္ဍာရေး ထိန်းချုပ်မှုနှင့် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှုများ တိုးမြှင့်ပြုလုပ်ခဲ့သည်။

နောက်ပိုင်းတွင် အဲပုဂံ၏ ရန်ကုန်-ဘန်ကောက် ခရီးစဉ်ကို ရပ်ဆိုင်းခဲ့ရပြီး ၂၀၀၈ ခုနှစ်တွင် ရန်ကုန်-စင်္ကာပူ ခရီးစဉ်ကို ရပ်ဆိုင်းခဲ့ရသည်။ လေကြောင်းလိုင်းပိုင် အဲယားဘတ်စ် လေယာဉ် နှစ်စင်းမှာ ရန်ကုန် မင်္ဂလာဒုံ လေဆိပ်တွင် ရပ်နားထားရသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ရင်းနှီးသော မြန်မာနိုင်ငံ၏ အကြွယ်ဝ အချမ်းသာဆုံး စာရင်းဝင် ဦးတေဇက “မှားယွင်းသော လုပ်ရပ်’’ ဟု ပြောဆိုလိုက်ပြီး လေကြောင်းလိုင်း ရင်းနှီးမြှုပ်နှံမှုငွေသည် မူးယစ်ဆေးဝါး၊ လက်နက်ရောင်းချခြင်းနှင့် ငွေဖြူလျှော်ဖွတ်မှုတို့နှင့် ပတ်သက်မှုမရှိဟု တုံ့ပြန်ခဲ့သည်။

အဲပုဂံသည် မြန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတခုဖြစ်ပြီး ယနေ့တွင် ရန်ကုန်မှ ချင်းမိုင်သို့လည်း တိုက်ရိုက်ပျံသန်းမှု ခရီးစဉ်တခု စတင်လိုက်သည်။

“ထိုင်းလူမျိုးတွေ အယောက် ၈၀ ကျော် ပါတယ်။ ဒါက ပထမဆုံး ခရီးစဉ်ပဲ။ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာ ဒီနေ့တရက်ထဲနဲ့ မပြောနိုင်ဘူး’’  ဟု အဲပုဂံ လေကြောင်းလိုင်း၏ လေယာဉ်လက်မှတ် အရောင်းတာဝန်ခံ တဦးအား မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

လေကြောင်းလိုင်းတွင် လက်ရှိ ဖော်ကာ လေယာဉ် ၂ စင်း၊ ATR 42 လေယာဉ် ၂ စင်း၊ ATR 72 လေယာဉ် ၂ စင်း စုစုပေါင်း လေယာဉ် ၆ စင်းဖြင့် ပြည်တွင်းတွင် ပြေးဆွဲနေသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.