09 January 2010

မီးရထားက ဆင်ဆာ သီးသန့် ထပ်ဆောင်း

မီးရထားနှင့် ပတ်သက်သော နေရာများတွင် ရိုက်ကူးသော ရုပ်ရှင်၊ ဗီဒိယိုများကို မြန်မာ့မီးရထား ရုပ်ရှင်နှင့် ဗီဒီယို ရိုက်ကူးမှု စိစစ်ရေး ကော်မတီသို့ ယခုလမှ စတင်၍ ဆင်ဆာ တင်ပြရမည် ဖြစ်သည်ဟု အကြီးတန်း အရာရှိတဦးက ပြောသည်။

ရုပ်ရှင်၊ ဗီဒီယို၊ ဗီစီဒီ သီချင်းများ ရိုက်ကူးရာတွင် မရိုက်ကူးခင်နှင့် ရိုက်ကူးပြီးချိန်များတွင် မီးရထား ဆင်ဆာအဖွဲ့ထံ တင်ပြ၍ ခွင့်ပြုချက်များ ယူရမည်ဖြစ်ရာ ဆင်ဆာအဖွဲ့ နှစ်ခုကို ကျော်ဖြတ်ရတော့မှာ ဖြစ်သည်။

“မီးရထားနဲ့ ပက်သက်တဲ့ နေရာတွေမှာ ဗီဒီယို၊ ရုပ်ရှင်ရိုက်မယ်ဆိုရင် ဝန်ကြီးဌာနဆီကို အရင် ခွင့်တောင်းရမယ်။ ရိုက်ချင်တိုင်း ရိုက်လို့မရဘူး။ ရိုက်ပြီးရင် မီးရထား ဆင်ဆာအဖွဲ့ဆီကိုပြ၊ ဆင်ဆာက ခွင့်ပြုပြီဆိုမှ ထုတ်ဝေဖြန့်ချိလို့ ရမယ်” ဟု အမည်မဖော်လိုသူ အဆိုပါ အကြီးတန်းအရာရှိက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် ရုပ်ရှင်၊ ဗီဒီယိုများ ဆင်ဆာဖြတ်တောက်ခြင်းကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး လက်အောက်ရှိ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဗီဒီယိုဆင်ဆာအဖွဲ့က ပြုလုပ်လေ့ရှိသည်။

ယခု စည်းမျဉ်းသစ်က ရထားဆင်ဆာကို ဖြတ်သန်းပြီးသော ရုပ်ရှင် ဗီဒီယိုများ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဆင်ဆာအဖွဲ့ထံ ထပ်မံတင်ပြရမှာ ဖြစ်သည်။

ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနက မြန်မာ့မီးရထား ရုပ်ရှင်နှင့် ဗီဒီယို ရိုက်ကူးမှု စိစစ်ရေး ကော်မတီကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ဖွဲ့စည်းခဲ့သည်။

ဆင်ဆာတင်ပြရန် ကန့်သတ်လိုက်သည့် နေရာများမှာ ဘူတာရုံကြီးများ၊ ဘူတာရုံငယ်များ၊ ရထားတွဲများနှင့် ရထားလမ်းများ ဖြစ်သည်။ ထို့အပြင်  ကော်မတီက ခွင့်ပြုသည့် အချိန်တွင် ရိုက်ကူးခ အခွန် ဆောင်ပေးရဦးမှာ ဖြစ်သည်။ 

ယခုလို ကန့်သတ်လိုက်သည့်အပေါ် ရုပ်ရှင်နှင့် ကြော်ငြာ ဒါရိုက်တာ အောင်ကိုလတ်က “မြန်မာပြည်မှာ ဘုရားပုထိုး၊ တချို့တွေဆိုရင်လည်း ခွင့်ပြုချက်တောင်းပြီးမှ ရိုက်ရတာတွေ ရှိတယ်။ အခု မီးရထားက ဆင်ဆာကိစ္စ လုပ်လာတယ် ဆိုတာကတော့ သူတို့ဖြစ်စေချင်တဲ့ အတိုင်းအတာတခုကို ကန့်သတ်လိုက်တဲ့ သဘောပေါ့။ ဒီမှာကတော့ ဘာပဲဖြစ်ဖြစ် သူ့ကန့်သတ်ချက်နဲ့သူ ရှိတယ်လေ။ ဒီကြားထဲက လုပ်နေရတာပါပဲ” ဟု ပြောသည်။

ဝန်ကြီးဌာနထံ ခွင့်ပြုချက် မတောင်းခံဘဲ ရိုက်ကူးပါက တည်ဆဲ မီးရထား ဥပဒေအရ အရေးယူခံရမည်။

မြန်မာနိုင်ငံတွင် လူစီးနှင့် ကုန်တင်ရထား အပါအဝင် မီးရထား အစင်းပေါင်း ၄၃၃ စင်းနှင့် ဘူတာရုံပေါင်း ၈၄၀ ရုံရှိကြောင်း ယခုလဆန်းပိုင်းက ထုတ်ဝေခဲ့သည့် စစ်အစိုးရ၏ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.