05 January 2010

နယ်ကျွံသွားသော စစ်သားကို ဘင်္ဂလားက ပြန်လည်လွှဲပြောင်း

ဘင်္ဂလားဒေ့ခ်ျ ပိုင်နက်ထဲသို့ နယ်ကျွံရောက်ရှိသွားသော မြန်မာ စစ်သားတဦးကို ဘင်္ဂလားဒေ့ခ်ျက ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့သည်။

အမှတ် ၅၅၀ စစ်မြေပြင် ဆောက်လုပ်ရေးတပ်ခွဲမှ ၂၇ နှစ်အရွယ် တပ်ကြပ်ကြီး ထွန်းထွန်းကို ဇန်နဝါရီလ ၄ ရက်နေ့က ဘင်္ဂလားဒေ့ခ်ျ ရိုင်ဖယ် (ဘီဒီအာ) က မြန်မာ နယ်ခြားစောင့် နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး (နစက) တပ်သို့ ပြန်လည်လွှဲခဲ့သည်။

အမှတ် ၄၂ ရိုင်ဖယ်မှ ဗိုလ်ကြီး နူဒူဂျာဟန်း (Nurul Jahel) ဦးဆောင်သော အဖွဲ့နှင့် နစက နယ်မြေ ၅ မှ ဗိုလ်မှူး သူရိန်ဇော် ဦးဆောင်သော အဖွဲ့တို့ ဦးကီယာမြို့နယ် ခေါင်းတုန်းဒေသတွင် တွေ့ဆုံပြီးနောက် ပို့ဆောင်ခြင်း ဖြစ်သည်။

ယခုလ ၃ ရက်နေ့က ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇာမြို့တောင်ဘက် ၄၀ ကီလိုမီတာ အကွာတွင်ရှိသော ဦးကီယာမြို့နယ် နီလ ကျေးရွာအနီးတွင် အမှတ် ၄၂ ရိုင်ဖယ်တပ်ရင်းမှ စစ်သားများ ကင်းလှည့်နေစဉ် အတွင်း ဆိပ်ကမ်းသို့ ကပ်လာသော စက်လှေတစီးပေါ်မှ တပ်ကြပ်ကြီး ထွန်းထွန်းကို တွေ့ရှိခဲ့သည်။

စစ်ဝတ်စုံဝတ် သေနတ်ပါရှိသော တပ်ကြပ်ကြီးက စက်လှေပျက်သဖြင့် ရောက်ရှိလာခဲ့သည်ဟု ဘင်္ဂလားဒေ့ခ်ျ အာဏာပိုင်များကို ထွက်ဆိုခဲ့သည်။

“မြန်မာစစ်သားမှာ ပါလာတဲ့ သေနတ်တလက်နဲ့ ကျည်ဆံ ၁၀၆ တောင့်နဲ့ ပြန်လည်လွှဲအပ်လိုက်တာ ဖြစ်ပါတယ်” ဟု ဘီဒီအာရ် တပ်သားတဦးက ပြောသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.