08 December 2009

ဗိုလ်ချုပ်ကြီးရွှေမန်းသား ဝိုင်ဖိုင်အင်တာနက်လုပ်ငန်း လုပ်ကိုင်ခွင့်ရ


ဗိုလ်ချုပ်ကြီးရွှေမန်း၏သား ဦးတိုးနိုင်မန်းနှင့်၎င်း၏ဇနီး ဇေဇင်လတ် (ဇေကမ္ဘာဦးခင်ရွှေ၏ သမီး) တို့ပိုင်ဆိုင်သည့် Red Link Communications Ltd ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ပထမဦးဆုံး ဝိုင်ဖိုင်စနစ်ဖြင့် အခပေး အင်တာနက်လုပ်ငန်း လုပ်ကိုင်ခွင့်ရသွားကြောင်း အိုင်တီကုမ္ပဏီအသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

မြန်မာအင်ဖိုတက် အဆောက်အဦတွင် ရုံးစိုက်သည့် အိုင်တီကုမ္ပဏီမှ အင်ဂျင်နီယာတဦးက “ခု Red Link ကုမ္ပဏီဟာ နေရာတချို့မှာ ဝိုင်ဖိုင်စနစ် တပ်ဆင်ထားမယ်။ နောက် အဲဒီ ဝိုင်ဖိုင်ရတဲ့ နေရာတွေမှာ အင်တာနက် အသုံးပြုလို့ရနိုင်တဲ့ ကြိုတင်ငွေပေး Prepaid ကတ်တွေ ရောင်းနေပြီ။ အဲဒီ ကတ်တွေဝယ်ပြီး ကိုယ်ပိုင် လက်ဖ်တော့တွေနဲ့ အင်တာနက် သုံးနိုင်တယ်။ ဒါဟာ မြန်မာပြည်မှာ သူတို့ ဒီလုပ်ငန်းလုပ်ခွင့်ရတာ ပထမဦးဆုံးပဲ” ဟု ပြောသည်။

အဆိုပါကိစ္စ ဇေကမ္ဘာကုမ္ပဏီပိုင် မြရိပ်ညိုဟိုတယ်ကို ဖုန်းဆက်မေးမြန်းရာ တာဝန်ရှိသူတဦးက အဆိုပါ Net now ခေါ် ပရီပေးကတ်များကို ဒီဇင်ဘာ (၁) ရက်နေ့မှ စတင်ရောင်းချနေပြီဖြစ်ကြောင်း၊ လောလောဆယ် ဝိုင်ဖိုင်စနစ် တပ်ဆင်ထားသည့် မြရိပ်ညိုဟိုတယ်၊ ကရဝိတ်ဥယျာဉ်နှင့် စိမ်းလန်းစိုပြေ အပန်းဖြေဥယျာဉ်တို့တွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ အင်တာနက်
(၁၅) နာရီ အသုံးပြုနိုင်သည့် ကတ်တခုကို ကျပ် (၅,ဝဝဝ) ဖြင့် ရောင်းချနေပြီး ကုန်တိုက်အချို့နှင့် အရောင်းကိုယ်စားလှယ် ဆိုင်အချို့တွင် ဝယ်ယူနိုင်ကြောင်း ရှင်းပြသည်။

Red Link Communications Ltd ကုမ္ပဏီသည် ပြီးခဲ့သည့် နှစ်ကတည်းက Broadband Wimax ခေါ် အင်တာနက် အခပေးစနစ် လုပ်ငန်းစတင် လုပ်ကိုင်ခွင့်ရခဲ့ပြီး အဆိုပါစနစ်မှာ တယ်လီဖုန်း လိုင်းကြိုးရှိစရာမလိုဘဲ နေအိမ်များမှနေ၍ ဘရော့ဘင်းအင်တာနက်စနစ်ဖြင့် အသုံးပြုနိုင်သည် စနစ်မျိုးဖြစ်သည်။

သို့သော် ကနဦးတပ်ဆင်ခ၊ စက်ဖိုး၊ နှစ်စဉ်ကြေး အပါအဝင် စုစုပေါင်း ကုန်ကျစရိတ် အက်ဖ်အီးစီ (၁,၈၆ဝ)၊ မြန်မာငွေဖြင့်ဆိုပါက ကျပ်သိန်း (၂ဝ) နီးပါး ကုန်ကျခြင်း၊ လစဉ်ကြေး အနည်းဆုံး အက်ဖ်အီးစီ (၄၅) ကောက်ခံခြင်းတို့ကြောင့် ဈေးကြီး၍ ဝယ်ယူသူ နည်းပါးပြီး အောင်မြင်မှု မရခဲ့ပေ။

ပြီးခဲ့သည့် ၂ဝဝ၈ နှစ်ကုန်ပိုင်းတွင်မူ Exotic Wing ကုမ္ပဏီတွင် မြို့တွင်း (၁၆) မြို့နယ်၌ မည်သည့်နေရာတွင်မဆို ဝိုင်ဖိုင် အခပေးကတ်စနစ်ဖြင့် အင်တာနက်သုံးနိုင်သည့် လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိခဲ့ကာ အဆိုပါလုပ်ငန်းကို ၂ဝဝ၉ ဇန်နဝါရီလ၌ စတင်လုပ်ကိုင်နိုင်မည်ဟု ကြေညာခဲ့သည်။

သို့သော် ယခုကဲ့သို့ မြို့တွင်း ဧရိယာတို့တွင် တယ်လီဖုန်း လိုင်းကြိုးမလို၊ ကနဦး တပ်ဆင်ခ ပေးစရာ မလိုဘဲ ဈေးပေါပေါဖြင့် အများပြည်သူ အင်တာနက်သုံးနိုင်သည့်စနစ် ပေါ်ပေါက်လာပါက ၎င်းတို့ လုပ်ကိုင်နေသည့် Broadband Wimax လုပ်ငန်း ထိခိုက်မည်ကို စိုးရိမ်ပြီး ဗိုလ်ချုပ်ကြီး ရွှေမန်း၏သားပိုင် Red Link ကုမ္ပဏီက အာဏာပိုင်များမှတဆင့် အဆိုပါ ဝိုင်ဖိုင်လုပ်ငန်း လုပ်ကိုင်ခွင့်ကို ပိတ်ပင်ခဲ့ပြီး နောက်ပိုင်း Exotic Wing ကုမ္ပဏီက အဆိုပြုခဲ့သည့် ဝိုင်ဖိုင်လုပ်ငန်းကို လက်ဝါးကြီးအုပ် ရယူခဲ့ခြင်းဖြစ်သည်။

သို့သော် ၎င်းတို့မူလ Broadband Wimax စနစ်ရောင်းချမှုထိခိုက်မည်ကိုစိုး၍ ၂ဝဝ၉ တနှစ်လုံး ဝိုင်ဖိုင်လုပ်ငန်း အကောင်အထည်ဖော်ခြင်းမရှိသေးဘဲ နှစ်ကုန်ပိုင်းမှ ယခုအစီအစဉ် စတင်ခြင်းဖြစ်သည်။

ရန်ကုန်မြို့ခံတဦးက“ဝိုင်ဖိုင်စနစ်နဲ့ အင်တာနက်သုံးနိုင်တာတော့ ဟုတ်ပါပြီ။ အဲဒီ မြရိပ်ညိုတို့၊ စိမ်းလန်းစိုပြေဥယျာဉ်တို့ကို လက်ဖ်တော့ယူသွားပြီး တကူးတက သွားရဦးမယ်။ သူ့ကတ်နဲ့ တနာရီ ကျပ် (၃ဝဝ) ကျော်ပေးရဦးမယ်။ အခု ရန်ကုန်မြို့အနှံ့မှာ အင်တာနက်ကဖေးတွေ ဘယ်နေရာသွားသွား တနာရီ ကျပ် (၂ဝဝ-၃ဝဝ) ကြိုက်သလောက်သုံး ဆိုတော့ သူတို့ဝိုင်ဖိုင်က အသုံးမတည့်ဘူး။ ရန်ကုန် ဘယ်နေရာကမဆို ဝိုင်ဖိုင်စနစ်နဲ့ အင်တာနက် သုံးနိုင်ရင်တော့ အသုံးတည့်လိမ့်မယ်” ဟု ပြောသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုနိုင်သည့် စနစ် (၄)မျိုး ရှိပြီး ၎င်းတို့မှာ တယ်လီဖုန်းလိုင်းကြိုးဖြင့်သုံးနိုင်သည့် အေဒီအက်စ်အယ်လ်စနစ်၊ ပရီပေးကတ်စနစ်နှင့် ဘရော့ဘင်းဝိုင်မက်စ်စနစ်တို့ ဖြစ်ကာ ယခု ဝိုင်ဖိုင်စနစ်မှာ နောက်ဆုံး အသုံးပြုခွင့်ပေးသည့် စနစ်ဖြစ်သည်။
ခေတ်ပြိုင်မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.