08 December 2009

တရုတ်ဆိုင်ကယ်တင်သွင်းမှု ဈေးနှုန်းလျော့ကျလာ

  မြန်မာကျပ်ငွေ တန်ဖိုးတက်လာပြီးနောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တဖက်ကမ်း ကျယ်ဂေါင်မြို့မှတဆင့် တရုတ်ဆိုင်ကယ် မှောင်ခိုတင်သွင်းမှု များပြားလာနေပြီး မြန်မာပြည်အတွင်း တရုတ်ဆိုင်ကယ်ဈေးနှုန်း ကျဆင်းသွားသည်။

ယခင်အစောပိုင်းက တရုတ်ငွေ တယွမ်ကို မြန်မာငွေ (၁၅၈) ကျပ်ဝန်းကျင် ဈေးပေါက်နေသော်လည်း ပြီးခဲ့သည့် လလယ်ပိုင်းမှစ၍ မြန်မာငွေ
(၁၄ဝ) ကျပ်ဝန်းကျင်အထိ တန်ဖိုးတက်လာသဖြင့် ဆိုင်ကယ်ဝယ်ပြီး မြန်မာပြည်အတွင်း ပြန်ရောင်းသည့်လုပ်ငန်းမှာ လုပ်ကိုင်၍ ကောင်းလာသည်ဟု ဗန်းမော်ဒေသခံ ဆိုင်ကယ်သယ်သူတဦးက ပြောသည်။

၎င်းက “ဒီကနေ ကင်ဘို၊ လော်ကျား၊ ဂျာလင်းတို့ပဲ အဓိကသွင်းလို့ ကောင်းတယ်။ ဝမ်းတူးဖိုက် ကင်ဘိုကတော့ ဈေးအမြင့်ဆုံးပဲ။
(၄) သိန်းနီးပါးလောက်ရှိတယ်။ ဗန်းမော်ရောက်ရင် (၄) သိန်းခွဲ ချက်ချင်းတန်းပေးတယ်။ အရင် (၅) သိန်းကျော်ရတယ်။ အခုဆိုင်ကယ်ဈေး ပြန်ကျနေတယ်၊ အဝင်များလာတဲ့နောက်ပိုင်း ဈေးနည်းနည်း ပြန်ကျနေတာ။ ကျနော်တို့ လမ်းကြောတခုတည်းကို တနေ့ အစီး သုံးလေးရာလောက်သွားမယ်။ တချို့ကျွမ်းကျင်တဲ့သူက ဆိုင်ကယ်တစီး၊ နှစ်စီးကို ဖြုတ်ပြီး ဆိုင်ကယ်နဲ့ သယ်တာ။ လူတယောက်ကို သုံးစီးသယ်သလို ဖြစ်တာပေါ့” ဟု ပြောသည်။

KENBO ၊ Luojia နှင့် Jialing တံဆိပ် တရုတ်ဆိုင်ကယ်များတွင် (၁၂၅) စီစီ၊ (၁၁ဝ) စီစီ၊ (၉ဝ) စီစီ တို့ရှိသည့်အနက်
(၁၂၅) စီစီကိုသာ အများဆုံးသယ်ယူနေကြပြီး မုံရွာ၊ စစ်ကိုင်း၊ မန္တလေး၊ ဗန်းမော်ဘက်မှဒေသခံများ ပိုများသည်ဟု မုံရွာမှ ဆိုင်ကယ်သမားက ပြောသည်။

၎င်းက “ကျနော်တို့ကျတော့ မူဆယ် (၁ဝ၅) မိုင်ကို တောလမ်းကွင်းပြီး လမ်းအတိုင်းဆင်းနေတာ။ ဂိတ်တွေမှာ ကွင်းလမ်းတွေရှိတယ်။ ကွင်းလမ်းတွေမှာလည်း တွေ့ရင် ပေးရတာပေါ့။ (၁) ထောင်၊ (၅) ထောင် အဲလို ပေးရတာတွေရှိတယ်။ ကျနော်တို့လမ်းဘက်ကျတော့ ယောက်ျားလေးတွေချည်းပဲ။ ဗန်းမော်လမ်းဘက်ကျတော့ မံစီ၊ ဗန်းမော်ဘက်က ကချင်မလေးတွေ၊ ဗမာမလေးတွေလည်း ပါလာတယ်” ဟု ပြောသည်။

ယခုလ (၁) ရက်နေ့မှစ၍ ဆိုင်ကယ်လိုင်စင်များ ချပေးနေရာ တရုတ်ဆိုင်ကယ်များမှာ မော်ဒန်အလိုက် ကျပ် (၁) သိန်း
(၄) ထောင်မှ ကျပ် (၁) သိန်း (၉) သောင်းအထိ ရှိနေပြီး ယခုကဲ့သို့ ဆိုင်ကယ်လိုင်စင်ချပေးနေခြင်းကြောင့်လည်း ဆိုင်ကယ် ဝယ်ရောင်းလုပ်ငန်းမှာ ပိုမိုသွက်လာသည်ဟု ဗန်းမော်ဆိုင်ကယ်သမားက ပြောသည်။

၎င်းက “ဆိုင်ကယ်လိုင်စင် ချပေးနေတော့ စီးမယ့်လူတွေ ရှိလာတာလည်း ပါတယ်။ အရင်ကတော့ ဆိုင်တွေကို သွင်းနေရတာ။ အခုက အရပ်ထဲမှာကို ဝယ်မယ့်လူတွေရှိနေတယ်။ တချို့က ဘယ်လိုမျိုးအရောင်လေး ယူပေးပါလားဆိုပြီး လာမှာတယ်။ အရောင်ပေါ်မှာ ဈေးလည်းကွာတယ်။ အနက်ရောင်က (၁) သောင်းကျော် (၂) သောင်းလောက် ဈေးပိုရတယ်။ ဒီမှာလည်း အနက်ရောင်က လူတိုင်းဝယ်လို့မရဘူး” ဟု ပြောသည်။

တရုတ်ပြည်၊ ကျယ်ဂေါင်မြို့မှ နေ့စဉ် ဆိုင်ကယ်အစီး (၁) ထောင်ဝန်းကျင်အထိ မှောင်ခိုသယ်ယူနေကြပြီး ဆိုင်ကယ်သမားများမှာ ယခင်က ဟင်းချိုမှုန့်၊ အဝတ်အထည်၊ လျှပ်စစ်ပစ္စည်း စသည့် လူသုံးကုန်ပစ္စည်းများကို ဆိုင်ကယ်ပေါ်တင်ပြီး တပါတည်း သယ်ယူနေကြရာမှ ယခုအခါ ဆိုင်ကယ်အပိုပစ္စည်းနှင့် ဆိုင်ကယ်များကို အဓိက သယ်ယူ လာကြသည်ဟု ဒေသခံများက ပြောသည်။
ခေတ်ပြိုင်မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.