08 December 2009

ဝတပ်ဖွဲ့ဗဟို၏ အရေးပေါ် အစည်းအဝေးဆုံးဖြတ်ချက် အောက်ခြေအထိ ချပြဆွေးနွေးနေပြီ

နိုဝင်ဘာ (၂၆) ရက်မှ (၂၈) ရက်အထိ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) ဝတပ်ဖွဲ့ဌာနချုပ် ပန်ဆန်းမြို့တွင်ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များကို ခရိုင်၊ မြို့နယ်နှင့် တိုက်နယ်အဆင့်အထိ ချပြဆွေးနွေးနေသည်။

ဝတပ်ဖွဲ့၏ လက်နက်တလက်၊ နယ်မြေတလက်မကိုမျှ အဆုံးရှုံးမခံရေး အတွက် မိမိဒေသကို မိမိကာကွယ်သွားမည်၊ ဝတောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများကို ခွဲထုတ်သည့် အစီစဉ်ကိုလည်း လက်မခံကြောင်းနှင့် ဝတပ်ဖွဲ့၏ စည်းလုံးညီညွတ်မှုကို ပြိုကွဲစေမည့် သွေးထိုးလှုံ့ဆော် သပ်လျှိုမှုများကို ကာကွယ်သွားမည်၊ ဝပြည်နယ်လူထု၏ အကျိုးစီးပွား အတွက် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၏ ဦးဆောင်လမ်းညွှန်မှု အောက်တွင် ဝတပ်မတော်က လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ပြီး စစ်ရေးအသင့် ပြင်ဆင်ထားရမည်ဟု ၀တပ်ဖွဲ့ဗဟိုက ဆုံးဖြတ်ထားသည်ဟု ဝတပ်ဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

ထို့အပြင် နိုဝင်ဘာ (၁) ရက်နေ့က ထုတ်ပြန်ထားသည့် ဒေသအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို အကောင်ထည်ဖော် လုပ်ဆောင်သွားမည်၊ အိမ်နီးချင်း တရုတ်နှင့်ထိုင်းနိုင်ငံ နယ်စပ်ဒေသအာဏာပိုင်များနှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါးကို တိုက်ဖျက်သွားမည်ဟုလည်း ဆုံးဖြတ်ချက်တွင်ပါရှိသည်ဟု အဆိုပါနီးစပ်သူက ပြောသည်။

၎င်းက “ဗိုလ်ရဲမြင့်နဲ့တွေ့ပြီးမှ ဗဟိုကော်မတီအရေးပေါ်အစည်းဝေးကနေ ဆုံးဖြတ်လိုက်တာဆိုတော့ ထူးခြားတာပေါ့။ အခု အဲဒီဆုံးဖြတ်ချက်တွေကို ခရိုင်၊ မြို့နယ်အလိုက် အောက်ခြေအထိ ချပြဆွေးနွေးနေတယ်” ဟု ပြောသည်။

ဝပြည်နယ်ကို မြန်မာနိုင်ငံထဲမှ ခွဲထွက်မည်မဟုတ်သလို မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာသည် တိုင်းရင်းသားအရေး ကိစ္စရပ်ဖြစ်ပြီး မှန်မှန်ကန်ကန်ဖြေရှင်းနိုင်မှသာ အမျိုးသားအချင်းချင်းယုံကြည်မှု တည်ဆောက်ရေး၊ ဒီမိုကရေစီရေး၊ တန်းတူညီမျှရေး ရှိလာမည်ဟု ဝဗဟိုကော်မတီက ယုံကြည်ဆုံးဖြတ်ထားသည်ဟု အဆိုပါ ဝတပ်ဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူက ပြောသည်။

နိုဝင်ဘာ (၁၄) ရက်က ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် စစ်ဘက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ပါဝင်သောအဖွဲ့နှင့် ဝတပ်ဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျံ ဦးဆောင်သောအဖွဲ့အကြား တွေ့ဆုံခဲ့မှုအတွင်း မိမိတပ်ဖွဲ့ကို မိမိဘာသာအုပ်ချုပ်မည် ဆိုသည့် အချက်အပါအဝင် ဝတပ်ဖွဲ့၏ တောင်းဆိုချက်များကို နအဖဘက်က ငြင်းဆိုခဲ့ပြီး ဒီဇင်ဘာလကုန်ရက်မတိုင်မီ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် အကြောင်းပြန်ရန် နအဖ၏ဖိအားပေးခြင်း ခံခဲ့ရပြီးနောက် ဝတပ်ဖွဲ့က ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဝတပ်ဖွဲ့သည် ကိုးကန့်တပ်ဖွဲ့ကဲ့သို့ လွယ်လွယ်ကူကူတိုက်၍ ရမည်မဟုတ်ကြောင်းနှင့် မိမိတို့သည် မိမိဒေသကို အစွမ်းကုန်ခုခံကာကွယ်သွားမည်ဟု ဝတပ်မှူးတဦးက မကြာသေးမီက ပြောခဲ့သည်။

၎င်းက “ကိုးကန့်တပ်ဖွဲ့ကျတော့ သူတို့အချင်းချင်းထဲမှာကို စီးပွားရေးနဲ့ပတ်သက်လို့ ပြဿနာတွေရှိနေတယ်။ ကျနော်တို့ကျတော့ အဲလို မဟုတ်ဘူး။ သမိုင်းကြောင်းအရလည်း မတူဘူး။ ကျနော်တို့ လက်နက်ကိုင်ထားတာဟာ ငြိမ်းချမ်းရေးကို လိုလားလို့၊ မိမိဒေသကို မိမိကာကွယ်ဖို့ ကိုင်ထားတာ။ ကိုယ်ကတော့ သွားပြီး တိုက်မှာ မဟုတ်ဘူး။ သူတို့ ရန်စလာပြီ၊ ကျူးကျော်လာပြီဆိုရင်တော့ အစွမ်းကုန် ခုခံကာကွယ်သွားမယ်” ဟု ပြောသည်။

ယခု ဝဗဟိုကော်မတီ အရေးပေါ်အစည်းဝေးဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဝတပ်ဖွဲ့၏ တာဝန်ရှိသူများကို ဖုန်းဆက်သွယ်၍ မရပေ။
ခေတ်ပြိုင်မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.