
ကိုးကန့်အရေးအခင်းကာလက ဖုန်ကြားရှင်းအုပ်စုအားထောက်ခံသူ အများအပြားကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ ထောင်ဒဏ် ဖြင့် တရားစီရင်ခြင်း၊ မြန်မာပြည်တလွှားရှိ ဖုန်ကြားရှင်းနှင့်ဆက်နွယ်ပါတ်သက်သည်ဟု ထင်မှတ်ခံရသော ကုမ္ပဏီ ၅ - ၆ ခု အား နိုဝင်ဘာလ ကချိတ်ပိတ်လိုက်ခြင်းများပြုလုပ်ခဲ့သည်။
“ယန်ကျီးမင်ကို ဖမ်းသွားပြီးနောက် ၁၀ ရက်လောက်နေတော့ လားရှိုးမြို့က ကိုးကန့်အိမ်တွေကိုလိုက်လံစစ်ဆေး တယ်။ ဖမ်းဆီးတယ်။ အဲဒီ့အချိန် ယန်ကျီးမင်အမျိုးသမီးကိုလဲ သူတို့ထပ်ဖမ်းတယ်။ နိုင်ငံခြားသွားမယ့်ဖုန်ကြားရှင်း သမီးကိုလဲ ရန်ကုန်လေဆိပ်မှာ ဖမ်းလိုက်တယ်လေ” - ဟု လားရှိုးမြို့ခံ ကိုးကန့်အမျိုးသမီး တဦးက ပြောပါသည်။
ဖုန်ကြားရှင်းထောက်ခံသည့်အဖွဲ့အား ဖမ်းဆီးအပစ်ပေးနေချိန် စစ်အစိုးရကိုထောက်ခံသည့် ပိုင်ဆုံချိန်အဖွဲ့ကမူ ပြီးခဲ့သည့် သောကြာနေ့က နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေးပွဲ ကျင်းပခဲ့သည်။
“အင်အား ၃၀၀ ခန့် အုပ်စု တခုကိုဗမာတပ်အရာရှိ ၃၀ နဲ့ပေါင်းပြီး နယ်ခြားစောင့်တပ်ရင်းအမှတ် ၁၀၀၆ လို့ ဖွဲ့စည်း ပေးတယ်။ သူတို့သတ်မှတ်ထားတဲ့အရည်အချင်း မပြည့်မှီတဲ့သူတွေကိုတော့ ပြည်သူစစ်တပ်ဖွဲ့ပေါ့” - ဟု လောက်ကိုင် ဒေသခံ တဦးက ပြောပါသည်။
ယခုဖွဲ့စည်းလိုက်သည့် ကိုးကန့်နယ်ခြားစောင့်တပ်ရင်းတွင် တပ်ရင်းမှူး ဗိုလ်မှူးယန်ရှောက်ချင်ဆိုသူဖြစ်၏။ တပ်အင်အား နှစ်ထောင်ကျော်ရှိ ကိုးကန့်အဖွဲ့အား သြဂုတ်လက နအဖစစ်တပ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် ရာနှင့်ချီသော ၄င်းတို့ တပ်ဖွဲ့ဝင်များ တရုတ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်။
နှစ်ဘက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ယခင်ကိုးကန့်အဖွဲ့ ဥက္ကဌဖြစ်သူ ဖုန်ကျားရှင်းနှင့် ဆွေမျိုးများ ထွက်ပြေး တိမ်းရှောင်ခဲ့ရ၏။ ထို့နောက် ပိုင်ဆုံချိန်ဦးဆောင်သော ကိုးကန့်ဒေသ ယာယီအုပ်ချုပ်ရေးကော်မတီကို စစ်အစိုးရက ဖွဲ့စည်းပေးထားသည်။
သျှမ်းသံတော်ဆင့်မှတဆင့်
No comments:
Post a Comment
မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။