05 December 2009

လကြတ်မှုနှင့်နေကြတ်မှု ဖြစ်စဉ်ကို နိုင်ငံခြားခရီးသည် များ ကြည့်ရှု နိုင်ရန်မန္တလေးမြို့ရှိဟိုတယ်ကြီးများ၊ ခရီး သွား အေဂျင်စီများ ကြိုတင် စီစဉ် လာ

၂၀၀၉ ခုနှစ် နှစ်ကုန် နှင့် ၂၀၁၀ ပြည့်နှစ်ဆန်း ပိုင်းတွင် မြန်မာပြည် အလယ်ပိုင်းမှ ထင်ရှားစွာ တွေ့ရှိ ရမည့် လကြတ်မှု နှင့် နေကြတ်မှု ဖြစ်စဉ်ကို နိုင်ငံခြား ခရီးသည်များ ကြည့်ရှု ကြရန် အတွက် မန္တလေးမြို့ ရှိ ဟိုတယ်ကြီးများ၊ ခရီးသွားအေဂျင်စီများမှ ကြိုတင်စီစဉ်လာကြကြောင်း သိရသည်။ မန္တလေးမြို့မှ မန္တလေးဟေးလ်ရီဆော့ဟိုတယ်၊ ဆီဒိုးနားဟိုတယ်၊ မန္တလေးဆွမ်းဟိုတယ်စသည့် ဟိုတယ်ကြီးများတွင် အခန်းများကြိုတင်ငှားရမ်းမှု ပိုမိုများပြားသည်ဟု သိရသည်။

''၂၀၀၉ ခုနှစ် နှစ်ကုန်ဒီဇင်ဘာ ၃၁ ရက် သန်းခေါင်ကျော် ၂၀၁၀ အကူး ဇန်န၀ါရီလ ၁ ရက် ၁၂ နာရီ ၅၅ မိနစ်မှာ လရဲ့အစိတ်အပိုင်း စကြတ်မယ်။ ၁ နာရီ ၂၃ မိနစ်ဆိုရင် အပြည့်အ၀ ကြတ်မယ်။ လကြတ်မှုကို အပီအပြင်မြင်ရမယ့်နေရာမှာ မြန်မာပြည်ပါမယ်။ နေကြတ်တာကတော့ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ လောက်က စမြင်ရမယ်။ ၁၂ နာရီ ၃၄ မိနစ်ဆိုရင် နေအပြည့်ကြတ်မယ်။ ညနေ ၄ နာရီ ၃၆ မိနစ်မှာ ပြီးဆုံးမှာပါ။ ၂၁ ရာစုအတွင်း အကြာဆုံး နေကြတ်မှုပါ။ မန္တလေးက ထင်ထင်ရှားရှားမြင်ရမှာပါ''ဟု မန္တလေးမြို့ခံ နက္ခတ္တဗေဒလေ့လာသူတစ်ဦးက ဆိုသည်။

လကြတ်မှုနှင့်နေကြတ်မှုဖြစ်စဉ်များကို မန္တလေးနှင့်အနီးကပ်ဆုံး သဘာဝမျှော်စင်များဖြစ်သည့် မန္တလေးတောင်၊ ရန်ကင်းတောင်နှင့် စစ်ကိုင်းတောင်များမှလည်း ကြည့်ရှုကြရန် စိတ်အားထက်သန်လျှက် ရှိကြကြောင်း သိရှိရသည်။ 
ဟံသာဝတီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.