05 December 2009

ရှင်ပင်ရွှေဆပ်သွားအားအနော်ရထာမင်းတည်ကြောင်း သက်သေပြနိုင်


ကျောက်ဆည်မြို့နယ် ညောင်ရွေကျေးရွာ အနီးရှိ ရသေ့ကြီး ဦးခန္တီ ပြုပြင် တည်ထား ခဲ့သော ရှင်ပင် ရွှေဆပ်သွား စေတီ တော်ကြီးကို ယခုအခါ အနော်ရထာ မင်းက အစပြု၍ ခေတ်အဆက်ဆက် မင်းများ ထပ်ဆင့် တည်ထား ခဲ့ကြောင်း အထောက် အထား ပြသနိုင်ပြီ ဖြစ်သည်။

"၂၀ ရာစုခေတ် ဘုရားဆင်းတု လက်ရာနဲ့ ၂၀ ရာစုခေတ် စေတီကို မြင်ရင် ဘယ်သူကမှ အနော်ရထာ မင်းကြီး ကောင်းမှုလို့ ယုံကြမှာ မဟုတ်ဘူး။ အခု ဦးခန္တီတည်ထားခဲ့တဲ့ဘုရား ပလ္လင်အောက်မှာ လိုဏ်တစ်ခုရှိနေပြီး အဲဒီထဲမှာ ၁၁ ရာစုလက်ရာကနေ ၁၈ ရာစုလက်ရာ ဘုရားတွေကို တစ်ဆူပေါ်မှာ တစ်ဆူ ငုံပြီးတည်ထား တာကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ နောက်ပြီး အဲဒီထဲကပဲ ပုဂံခေတ်က အုတ်ခွက်ကို တူးဖော် တွေ့ရှိခဲ့တဲ့ အတွက် အနော်ရထာမင်းတည်ထားခဲ့ကြောင်း ပိုမိုသေချာသွားစေပါတယ်"ဟု မြန်မာမှု ဗိသုကာပညာရှင် ဦးဝင်းမောင်က ပြောသည်။

ရှေးခေတ်လူများမှာ ဘုရားစေတီများ ပျက်စီး၍ ပြုပြင်လို သည့်အခါတွင် အစားထိုးပြုပြင်ခြင်းမပြုလုပ်ဘဲ အဆိုပါ ဆင်းတုစေတီများအပေါ်မှ ငုံ၍ အသစ်ထပ်မံ တည်ထား ခြင်းမျိုးကိုသာ ပြုလုပ်လေ့ရှိကြောင်း၊ ယင်းသို့ပြုလုပ်ရခြင်းမှာ ဘုရားဆင်းတုတစ်ဆူကို အနေကဇာတင်ပြီးပါက သက်ရှိ ထင်ရှားဘုရားရှင်ကဲ့သို့ သတ်မှတ်ပြီး အစားထိုး ထုဆစ် ပြုပြင်မှုများ မလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

"တူးပြီးပြီးချင်း ပထမဆုံးဖူးရတာက အလောင်းမင်းတရားကြီး လက်ထက် ၁၈ ရာစုက ဆင်းတုတော်ပါ။ ဒါပေမယ့် လင်းနို့ တွေနားထားလို့ မျက်နှာတော်က ပျက်စီးနေပါတယ်။ အဲဒီ အောက်မှာတော့ သာလွန်မင်းတရားကြီး လက်ထက် ၁၆ ရာစုခေတ်ဆင်းတု၊ အဲဒီ အောက်မှာ ၁၃ ရာစု/၁၄ ရာစု ခေတ် ဆင်းတုနဲ့ ၁၁ ရာစု အနော်ရထာမင်း ကြီးတည်ထားခဲ့တဲ့ ဆင်းတုဆိုပြီး လေးဆင့်ရှိပါတယ်။ ဦးခန္တီကောင်းမှုနဲ့ဆို ငါးဆင့်ပေါ့။ ၁၈ ရာစုနဲ့ ၁၆ ရာစု ဆင်း တုတော်ကို အသေအချာဖူးတွေ့နိုင်မှာ ဖြစ်ပေမယ့် ကျန်ခေတ် နှစ်ခေတ်က ဆင်းတုတွေကိုတော့ အတွင်းမှာ ရှိမှန်း သိရုံ ဒူးတော်တွေ၊ လက်တော်တွေကိုပဲ ဖော်ထားပါ တယ်"ဟု ဦးဝင်းမောင်က ဆက်လက်ရှင်းပြသည်။

အဆိုပါ ပြန်လည်တူးဖော်မှုကို ယခု နှစ် မေလလောက်က စတင်ခဲ့ခြင်းဖြစ် ပြီး လက်ရှိ ဦးခန္တီဘုရား၏ ကျောဘက် ရှိ ငါးလက်မအပေါက်မှ လင်းနို့များ ၀င်ထွက်နေခြင်းနှင့် အဆိုပါအပေါက်မှ ပြဒါးရောင်များ ထွက်လာခြင်းတို့ကြောင့် အတွင်း၌ စေတီရှိမည်ဟု ယူဆကာ စတင်တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"စပြီးတူးတုန်းက ပလ္လင်ရဲ့အောက်ခြေကို တူးတာမဟုတ်ဘဲ ဆင်းတုတော်ရဲ့ကျောဘက်ကအပေါက်ကိုပဲ ချဲ့သွား ရတာပါ။ အခုမှ အဲဒီအပေါက်ကို ပြန် ပိတ်လိုက်ပြီး ဘုရားဖူးတွေ ဖူးမြော်နိုင်အောင် ပလ္လင်အောက် ခြေမှာ ဂူပေါက် ဖောက်ထားလိုက်ပါတယ်။ နောက်ပိုင်းမှာ ခေတ်အဆက်ဆက်ရဲ့ ဆင်းတုလက်ရာတွေကို လူအများကြည်ညို နိုင်ဖို့ တူးဖော်တွေ့ရှိတဲ့ ဆင်းတုတော် လေးဆူထဲက သုံးဆူရဲ့ ပုံစံတူဘုရား သုံးဆူကို နောက်ထပ် ဂန္ဓကုဋိတိုက် သုံးခုလုပ်ပြီး ပြန်တည်မယ်လို့ စီစဉ်ထားပါတယ်။ အဲဒီ လုပ်ငန်းကတော့ နောက် ထပ် တစ်နှစ်လောက် ဆက်လုပ်ဖို့ကျန်ပါသေးတယ်"ဟု ရှင်ပင် ရွှေဆပ်သွားဘုရားမှ ဂေါပကတစ်ဦးက ရှင်းပြသည်။

အနော်ရထာမင်းကြီးသည် ကျောက် ဆည်လွင်ပြင်မြေတွင် ဆပ်သွားကိုးဆူ တည်ထားခဲ့ခြင်းဖြစ်ရာ ယခု ညောင်ရွေ ကျေးရွာမှတစ်ဆူမှာ အကြီးဆုံးဖြစ်ပြီး ယခင်က အုတ်စေတီဖြစ်ကာ ဦးခန္တီက ပတ္တာရွာမှ ကျောက် များဖြင့် အတွင်း စေတီကို ငုံပြီးတည်ထားခဲ့သည်ဟု သိရသည်။

"သမိုင်းကြောင်းနဲ့ ပတ်သက်လို့ လူနှစ်မျိုးရှိတယ်။ မှန်နန်းရာဇ၀င်တို့ ဦးကုလားရာဇ၀င်တို့ကို ယုံတဲ့လူနဲ့ လက်တွေ့မှ ယုံတဲ့လူဆိုပြီး။ ရာဇ၀င်ကို ယုံတဲ့လူက ဒီဘုရားက အနော်ရထာ တည်တယ်လို့ ရာဇ၀င်မှာပါရင် ယုံတယ်။ လက်တွေ့သမားကတော့ အဲလိုမဟုတ်ဘူး။

"လက်တွေ့ပြမှ ယုံတာ။ အခုလို ခေတ်အဆက်ဆက် ဘုရားတွေရှိကြောင်း သက်သေပြလိုက်နိုင်တာဟာ ဒီရှင်ပင်ရွှေဆပ်သွား စေတီကို အနော်ရထာမင်းကြီး တည်ထားခဲ့တာပါဆိုတဲ့ ပါးစပ်ရာဇ၀င်၊ အရပ်စကားဟာ အတည်ဖြစ်ကြောင်း သက်သေပြလိုက်နိုင်တာပါပဲ"ဟု တမ္ပ၀တီဦးဝင်းမောင် က ဆိုသည်။
ဟံသာဝတီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.