05 December 2009

တစညကို မထောက်ခံကြောင်း အော်ဟစ်သဖြင့် ရွာသားတဦး ထိန်းသိမ်းခံရ

နိုင်ငံရေးပါတီတခုဖြစ်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ၏ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း မဲဆွယ်စည်းရုံးပွဲ၌ ရွာသားတဦးက မထောက်ခံကြောင်း အော်ဟစ်ပြောဆိုသဖြင့် ဒေသအာဏာပိုင်များက ခေတ္တမျှ ခေါ်ယူထိန်းသိမ်းခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့်လ ၂၆ ရက်နေ့က မောင်တောမြို့နယ် ကျောက်ပန်းတူ ရွာသားများကို စစ်ခေါင်းဆောင်များနှင့် နီးစပ်သည့် တစညပါတီမှ မဲဆွယ်စည်းရုံးရေး ဟောပြောနေစဉ် ၂၅ နှစ်အရွယ် ရွာသား ကိုသန်းဝင်းက မထောက်ခံကြောင်း အော်ဟစ်ရာမှ နောက်တရက်တွင် နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေးဌာန (နစက) က ခေါ်ယူထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

“တစညက ရွာသားတွေကို ခေါ်တော့ မောင်သန်းဝင်းလည်း တက်တယ်။ အစည်းအဝေးထဲမှာ ဦးဘသိန်း (စည်းရုံးရေးမှူး၊ မောင်တောမြို့နယ်) က ပြောနေတဲ့ အချိန်မှာ သူက လူကြားထဲကနေ 'မထောက်ခံနိုင်ဘူး' လို့ ထအော်တာ။ သူ့ကို ၂၇ ရက်နေ့ မနက် ၉ နာရီလောက်ကတည်းက ခေါ်သွားတာ။ ညနေ ၆ နာရီလောက်မှ ပြန်လွှတ်ပေးလိုက်တယ်” ဟု ကျောက်ပန်းတူရွာသား ကိုဝင်းမောင်က မဇ္ဈိမကို ပြောပြသည်။

နစက နယ်မြေ အမှတ် ၈ မှ တပ်ကြပ်ကြီး တင်စိုးနိုင်နှင့် တပ်သား ၃ ဦးက ကိုသန်းဝင်းကို နေအိမ်မှ မြင်းလွတ်ရွာ အခြေစိုက် နယ်မြေ ၈ ဌာနချုပ်ရှိ ဗိုလ်မှူး စိန်ဝင်းထံ ခေါ်ဆောင်သွားခဲ့ကြောင်း သူက ပြောသည်။

“လာမယ့် ၂၀၁၀ မှာ လုပ်မယ့် ရွေးကောက်ပွဲမှာ စတညပါတီကို ထောက်ခံမဲပေးဖို့၊ သူတို့ပါတီက အာဏာရရင် ပြည်သူတွေအတွက် ဒီ့ထက်ပိုပြီး တိုးတက်အောင် လုပ်ဆောင်ပေးမယ်လို့ ပြောသွားတယ်” ဟု အခြား ကျောက်ပန်းတူ ရွာသားတဦးက မဲဆွယ်စည်းရုံးပွဲအတွင်း ဟောပြောခဲ့သည်များကို ပြန်ပြောပြသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ မြို့နယ်စည်းရုံးရေးမှူး ဦးဘသိန်းက ဦးဆောင်ပြီး မဲဆွယ်စည်းရုံးမှုများ ပြုလုပ်လျက်ရှိရာ မောင်တောမြို့နယ်ရှိ ကျောက်ပန်တူ၊ အလယ်သံကျော်၊ အင်ဒင်း၊ မြင်းလွတ်၊ ကူတောင်ရွာများတွင် ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ကျန်ရှိသည့် ကျေးရွာများသို့လည်း ဆက်လက်၍ ပြုလုပ်လျက်ရှိကြောင်း မောင်တောမြို့သား ကိုမောင်ငွေက ပြောသည်။

ထို့အပြင် တစညသည် ရခိုင်ပြည်နယ်အတွင်း ရသေ့တောင်နှင့် ဘူးသီးတောင်တွင်လည်း ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်၍ မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့ကြောင်း ရသေ့တောင်မြို့ခံ ဦးတင်မောင်ခိုင် အဆိုအရ သိရသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.