05 December 2009

မီဒီယာများကြောင့် မခိုင်ရွှန်းလဲ့ရည် သေဆုံးရမှု အရေးယူခြင်းဖြစ်

ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်း SSC ၌ ဆေးကုသရာမှ မခိုင်ရွှန်းလဲ့ရည် သေဆုံးခဲ့ရမှုအတွက် အရေးယူလိုက်ခြင်းသည် ယင်းသတင်းအား မီဒီယာများမှ အကျယ်တဝံ့ ဖော်ပြခြင်းကြောင့် ဖြစ်သည် ဟု ပြည်တွင်း အယ်ဒီတာတဦးက ပြောသည်။

အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်သည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပြီး ဗိုက်နာသဖြင့် ရွှေဂုံတိုင် SSC ဆေးခန်းသို့ သွားရောက်ကုသခဲ့ရာ ဆရာဝန်က အူအတက်ရောင် ရောဂါဟု ဆုံးဖြတ်၍ ခွဲစိတ်ကုသခဲ့သည်။ အောက်တိုဘာ ၂၇ ရက်နေ့ တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

မခိုင်ရွှန်းလဲ့ရည်အား ခွဲစိတ်ကုသခဲ့သည့် အထူးကု ဆရာဝန် ဒေါက်တာ ကြည်စိုးသည် “ဆုံးဖြတ်ချက် မှားခြင်း” “လူနာလုံခြုံမှုအတွက် မခွဲစိတ်ခင်နှင့် ခွဲစိတ်ပြီး လုံလောက်သော ဆောင်ရွက်မှုအားနည်း ခြင်း” “တာဝန်ယူမှုနှင့် တာဝန်ခံမှု အားနည်းခြင်း” တို့ကြောင့် ဆေးကုသခွင့် လိုင်စင် ၅ နှစ် ရပ်ဆဲလိုက်ကြောင်း မဇ္ဈိမက ဖတ်ရှုခွင့်ရခဲ့သည့် မြန်မာနိုင်ငံဆေးကောင်စီ၏ ယခုလ ၂ ရက်စွဲပါ ထုတ်ပြန် ချက်တွင် ဖော်ပြသည်။

“ဒီလိုလုပ်လာတာဟာ ဂျာနယ်တွေမှာ အကျယ်တဝံ့ပါလာလို့သာ ဖြစ်ပါတယ်။ မဟုတ်ရင် သေတာလဲ မသိနိုင်ဘူး။ (ဆေးကုသခွင့်လိုင်စင်) အပိတ်ခံဖို့လဲ မရှိနိုင်ဘူး။ ဒီထက်ကို ပိုပြီး လွတ်လပ်စွာ ဖော်ပြ ခွင့်ရရင် ဘယ်သူမှ မသိလိုက်ဘဲ ခံလိုက်တာမျိုးတွေ နည်းလာမှာပါ” ဟု အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။

မခိုင်ရွှန်းလဲ့ရည် သေဆုံးမှုနှင့်ပတ်သက်၍ ရန်ကုန်အခြေစိုက်သည့် လျှပ်တစ်ပြက်နှင့် Weekly Eleven ဂျာနယ်တို့သာမက ပြည်ပအခြေစိုက် သတင်းဌာနများကလည်း အကျယ်တဝံ့ ရေးသားထုတ်လွှင့်ခဲ့ကြသည်။

အထူးကုဆေးခန်းကိုလည်း နောက်နောင် မဖြစ်ပေါ်စေရန် ပြင်းထန်စွာ သတိပေးရန်၊ လူနာရှင်အား တောင်းပန်စေရန် ဆုံးဖြတ်သည်။ ထို့အပြင် လုံခြုံစိတ်ချရပြီး အရည်အသွေးပြည့်မီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို စီစဉ်ဆောင်ရွက်ရေးအတွက် ဆေးကောင်စီက သတိပေးထားသည်။

သို့သော် ပူးတွဲတာဝန်ရှိသော မေ့ဆေးဆရာဝန်၊ ပထမ လက်ထောက်ခွဲစိတ် ဆရာဝန်၊ သမားတော်ကြီးတို့ကိုမူ ပြင်းထန်စွာ သတိပေးရန်သာ ဆုံးဖြတ်ထားသည်။

အထူးကု ဆရာဝန် ဦးကြည်စိုးသည် အသက် ၆၀ ဝန်းကျင်ရှိပြီဖြစ်ပြီး ကျွမ်းကျင်ထက်မြက်သည့် ဆရာဝန်တဦး ဖြစ်ကြောင်း၊ ယခုကိစ္စသည်လည်း လူနာအား ပထမဆုံး စစ်ဆေးသည့် ဆရာဝန်များတွင်သာ တာဝန်ရှိသည်ဟု သူ၏ တပည့်ဖြစ်ခဲ့ဖူးသူ အမည်မဖော်လိုသည့် ဆရာဝန်တဦးက ပြောသည်။

“ဆရာဝန်တွေ အနေနဲ့ လူနာတယောက်ကို သေစေလိုတဲ့ စိတ်နဲ့လုပ်တာမရှိဘူး။ မတော်တဆတော့ ဖြစ်နိုင်ပါတယ်။ အဲဒါကလဲ MO ပေါ်မှာဘဲ မူတည်တယ်လို့ ကျနော်ထင်တယ်။ MO ဆိုတာက လူနာတယောက်က ဆေးခန်းကိုရောက်ရင် တာဝန်ခံ ဆရာဝန်တွေနဲ့ အရင်ပြရမယ်။ ပြီးတော့မှ ဘယ်ဆရာဝန်နဲ့ ပြသင့်တယ်ဆိုတာ ဆုံးဖြတ်ပြီး ခေါ်ပေးတာလေ” ဟု သူက ဆက်ပြောသည်။

ဥပဒေ အတိုင်ပင်ခံ တဦးကမူ နောက်နောင် ယခုကဲ့သို့ မဖြစ်စေရန် ကျောင်းသူ မခိုင်ရွှန်းလဲ့ရည် သေဆုံးမှုအတွက် အစိုးရကိုယ်တိုင် တရားဥပေဒအရ ထိထိရောက်ရောက် အရေးယူသင့်ကြောင်း မဇ္ဈိမကို ပြောသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.