05 December 2009

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ပြုပြင်ပြီ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ပြန်လည်ပြုပြင်ရန် ဆောက်လုပ်ရေးလုပ်သား ၆ ဦးကို အာဏာပိုင်များက ယမန်နေ့တွင် ဝင်ခွင့်ပြုလိုက်သည်။

ကိုလိုနီခေတ်ကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကြီးရှိ ဝရံတာနှစ်ခုကို ပြုပြင်ရန် လပေါင်းများစွာ စောင့်ဆိုင်းခဲ့ရာမှ အထူးရဲသတင်းတပ်ဖွဲ့က ခွင့်ပြုခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

''အိမ်ပြင်ခွင့်ရတာ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းကပါ။ အလုပ်စတာကတော့ မနေ့ကမှ စတင်တာ ဖြစ်တယ်။ မနေ့က ၆ ယောက်လောက် ရှိတယ်။ လိုတာက ၁၀ ယောက်ကျော်ကျော် လိုပါလိမ့်မယ်။ နောက်ရက်တွေမှာ ရပါလိမ့်မယ်” ဟု ပါတီပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောသည်။

အပေါ်ထပ် အိမ်မကြီးနှင့် ဝရံတာအကြားတွင် မှန်တံခါးတချပ်သာ ကာရံထားသဖြင့် လုံခြုံရေးအရ လိုအပ်ချက်ရှိနေကြောင်း သိရသည်။

“အပေါ်ထပ် လေသာဆောင် (ဝရံတာ) ကို အဓိကထား ပြင်ပါတယ်။ အခန်းသစ် ဖွဲ့ပြင်မယ်။ ကျနော် သိတာက လေသာဆောင် ၂ ခု ရှိတယ်။ နောက် သေးသေးမွှားမွှားလေးတွေလည်း ပြင်ဖို့ ရှိပါတယ်။ လေသာဆောင်က အိမ်မကြီးဝင်တဲ့ အပေါက်က မှန်တံခါးဖြစ်တယ်။ သံပန်း တံတခါး မရှိတော့ လုံခြုံရေး စိတ်မချရဘူး။ လုံခြုံရေးကောင်းအောင် အခန်းလုပ်လိုက်မယ်။ အခန်းလုပ်ပြီး အဲဒီမှာ သံတခါးတပ်မယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

''နေ့ရက်နဲ့ နှစ်ကိုတော့ ကျနော် အတိအကျ မမှတ်မိဘူး။ ဒါပေမဲ့ ၀ရံတာကတဆင့် မှန်တံခါးကို ဖျက်ပြီးတော့ အိမ်မကြီးထဲကို သူခိုးဝင်ဖို့ ကြိုးစားခဲ့တဲ့ အဖြစ်အပျက်လည်း ရှိခဲ့ဖူးတယ်'' ဟု သူက ဆက်ပြောသည်။၏
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.