09 December 2009

ဆီးဂိမ်းရောက် မြန်မာဘောလုံးအသင်းများ ဗိုလ်စွဲရန် အခွင့်အလမ်းနည်း

လာအိုနိုင်ငံတွင် ကျင်းပနေသည့် Sea Game ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေသော မြန်မာအမျိုးသမီးနှင့် အမျိုးသား ဘောလုံး ၂ သင်းလုံး ဗိုလ်စွဲနိုင်ရန် အခွင့်အလမ်း နည်းနေကြောင်း သိရသည်။

မြို့တော် ဗီယန်ကျင်းတွင် ကျင်းပနေသော ၂၅ ကြိမ်မြောက် ဆီးဂိမ်း ခေါ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ ဘောလုံးပြိုင်ပွဲများတွင် မြန်မာ့အမျိုးသမီး လက်ရွေးစင်အသင်းနှင့် အသက် ၂၃ နှစ်အောက် အမျိုးသားအသင်းတို့ သွားရောက်၍ ယှဉ်ပြိုင်လျက်ရှိသည်။

အိမ်ရှင် လာအို၊ စင်္ကာပူ၊ အင်ဒိုနီးရှား အသင်းတို့နှင့်အတူ အုပ်စု (ခ) တွင် ပါဝင်သည့် မြန်မာအမျိုးသား အသင်းသည် လာအိုနှင့် ၅ ရက်နေ့၊ စင်ကာပူနှင့် ယမန်နေ့တွင် ကစားခဲ့ပြီးဖြစ်သည်။

လာအိုအသင်းနဲ့ကစားခဲ့ရာ တဖက် ၁ ဂိုးစီဖြင့် သရေကျခဲ့သည်။ နာမည်ကြီး စင်္ကာပူအသင်းနှင့် ကစားရာတွင် ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် ကစားပွဲ ၂ ပွဲပေါင်း ရမှတ် ၁ မှတ်သာရှိပြီး လက်ကျန် ပွဲစဉ်ဖြစ်သည့် အင်ဒိုနီးရှားအသင်းနှင့်သာ ကစားရန် ကျန်ရှိတော့သည်။

လာအိုသည် မြန်မာနှင့် သရေကျသဖြင့် ၁ မှတ်၊ အင်ဒိုနီးရှားကို နိုင်ထားသဖြင့် ၃ မှတ်ဖြင့် စုစုပေါင်း ၄ မှတ် ရရှိနေသည်။ စင်ကာပူကလည်း အင်ဒိုနီးရှားကို သရေဖြင့် ၁ မှတ်၊ မြန်မာအသင်းကို နိုင်သဖြင့် ၃ မှတ်ဖြင့် စုစုပေါင်း ၄ မှတ် ရရှိသည်။

မြန်မာမှာ လက်ကျန်ပွဲစဉ်အဖြစ် အင်ဒိုနီးရှားကို ရဂိုး အပြတ်အသတ် အနိုင်ကစားပြီး လာအိုနှင့် စင်္ကာပူတို့ပွဲစဉ် အရှုံးအနိုင်ပေါ်မှသာ အုပ်စုထဲမှ လွတ်မြောက်နိုင်မည်ဟု အားကစား ကလောင်ရှင် ဦးကိုကိုကြီးက သုံးသပ်ပြသည်။

“လာအိုနဲ့ စင်္ကာပူတို့ကလည်း အခုလောလောဆယ် ၄ မှတ်စီနဲ့ အမှတ်အများဆုံး ဖြစ်နေတယ်။ သူတို့ ၂ သင်းက သရေကစားသွားရင် မြန်မာပြုတ်သွားမှာပေါ့။ လက်ကျန် အင်ဒိုပွဲမှာ မြန်မာအနေနဲ့ အင်ဒိုကို အနိုင် ကစားထားမှဖြစ်မှာ သရေကျရင်လည်း မရဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

အုပ်စု (က) ထဲတွင် ဗီယက်နန်၊ ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမောတို့ ပါဝင်ကြပြီး၊ ကစားပွဲများ မပြီးဆုံးသေးသော်လည်း ဗီယက်နမ်က ၇ မှတ်၊ ထိုင်းက ၄ မှတ်ဖြင့် အုပ်စုတွင် ဦးဆောင်နေသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းမှာ မလေးရှား၊ ထိုင်း၊ ဗီယက်နန်၊ လာအိုတို့နှင့် ၅ သင်း ပတ်လည် အမှတ်ပေးစနှစ်ဖြင့် ကစားရကာ ပထမပွဲစဉ်အဖြစ် ၄ ရက်နေ့တွင် အိမ်ရှင် လာအိုအသင်းကို ၁-၁ ဂိုးစီဖြင့် သရေကျခဲ့သည်။

ဒုတိယပွဲစဉ်အဖြစ် ထိုင်းနှင့် ယှဉ်ပြိုင်ရာတွင် မြန်မာက ၂-၁ ဂိုး ဖြင့် ဦးဆောင်နေသော်လည်း မိနစ် ၉၀ ပြည့်အပြီး အချိန်ပို (နာကျင်ချိန်) တွင် ကိုရီးယား ကွင်းလည်ဒိုင်မှ အငြင်းပွားဖွယ်ရာ ပယ်နယ်တီ ပေးခဲ့သဖြင့်  ၂-၂ ဂိုးစီ သရေကျခဲ့သည်။

ယနေ့ကစားသည့် ဗီယက်နမ်နှင့်ပွဲတွင် ၁-၁ ဂိုးဖြင့်  သရေကျခဲ့သဖြင့် မြန်မာ အမျိုးသမီးအသင်းမှာ ရမှတ် ၃ မှတ်ဖြင့် ထိုင်းနှင့် ဗီယက်နမ်အသင်းတို့ အောက်တွင် ရပ်တည်နေပြီး လက်ကျန်ပွဲစဉ်ဖြစ်သည့် မလေးရှား အသင်းကို ဂိုးပြတ်နှင့် အနိုင်ကစားရန် လိုအပ်နေသည်။

ဗီယက်နမ်နှင့် ထိုင်း အမျိုးသမီး အသင်းကြီးချင်း ကစားရန် ကျန်ရှိနေသေးသကဲ့သို့ ဖျက်မျဉ်းအသင်းဖြစ်သည့် လာအိုအသင်းနှင့်လည်း ဆုံတွေ့ရဦးမည် ဖြစ်သဖြင့် ယင်းပွဲကျပ်ထဲတွင် တသင်းသင်းရှုံး၍ မြန်မာအသင်းက မလေးအသင်းကို နိုင်လျှင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်မည် ဖြစ်သည်။

“မြန်မာ အမျိုးသမီးအသင်းကတော့ ၃ ပွဲစလုံး သရေကျသွားတဲ့အတွက်ကြောင့် နှမျောဖို့ ကောင်းပါတယ်။ ဒါပေမဲ့ သူတို့က အမျိုးသားအသင်းထက် မျှော်လင့်ချက် ပိုရှိတယ်။ လက်ကျန် မလေးရှားနဲ့ ပွဲမှာက နိုင်ဖို့ များတယ်” ဟု အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က မဇ္ဈိမကို ပြောသည်။

Sea Game ပြိုင်ပွဲများကို တိုက်ရိုက်ပြသမည် မဟုတ်ကြောင်း ယခင်က ပြောကြားခဲ့သော်လည်း ယမန်နေ့က ယှဉ်ပြိုင်ခဲ့သည့် မြန်မာအမျိုးသား အသင်းနှင့် စင်္ကာပူ အသင်းတို့၏ ပွဲစဉ်၊ ယနေ့ကန်သည့် မြန်မာအမျိုးသမီး အသင်းနှင့် ဗီယက်နမ် အသင်းတို့၏ ပွဲများကို မြန်မာ့အသံနှင့် MRTV 4 တို့မှ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ကြောင်း သိရသည်။

“ဘာလို့ အခုမှ လွှင့်တယ်ဆိုတာတော့ လူကြီးတွေပဲ သိလိမ့်မယ်။ ကျနော်တော့ မပြောတတ်ဘူး။ MRTV 4 နဲ့ပေါင်းပြီး လွှင့်တယ်။ ဒီနေ့ အမျိုးသမီးပွဲလည်း လွှင့်တယ်” ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အရာရှိကြီးတဦးက မဇ္ဈိမကို ပြောသည်။

၂၅ ကြိမ်မြောက် ဆီးဂိမ်းတွင် အားကစားနည်း ၂၅ မျိုးပါဝင်ပြီး ယင်းအားကစားနည်းများတွင် ချီးမြှင့်မည့် ရွှေတံဆိပ်ပေါင်း ၃၇၉ ခု ဖြစ်ကြောင်း သိရပြီး၊ ယခင်က ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် ၂၄ ကြိမ်မြောက် Sea Game တွင် အားကစားနည်း ၄၃ မျိုး ထည့်သွင်းကျင်းပခဲ့ကာ ရွှေတံဆိပ်ပေါင်း ၄၇၅ ဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ဆီးဂိမ်း အားကစားပြိုင်ပွဲကို ယခုလ ၉ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သော်လည်း အမျိုးသား ဘောလုံးပွဲစဉ်များကိုမူ ယခုလ ၂ ရက်နေ့ကတည်းက စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.