09 December 2009

Emperor ဒေလီ ဂီတပွဲတော်တွင် ဖျော်ဖြေမည်



တောင်အာရှ နိုင်ငံများအကြား ဂီတယဉ်ကျေးမှု ဖလှယ်ရေးအတွက် ကျင်းပမည့် တောင်အာရှ ဂီတပွဲတော်သို့ တက်ရောက်ရန် ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်သည် သူ၏ Emperor ဝိုင်းနှင့်အတူ လာမည့် ကြာသပတေးနေ့တွင် နယူးဒေလီမြို့သို့ ရောက်ရှိလာမည်။

တောင်အာရှနိုင်ငံများ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအသင်း (SAARC) အဖွဲ့ဝင် နိုင်ငံများအကြား နှစ်စဉ် ကျင်းပလေ့ရှိသည့် ယခု ဂီတပွဲတော်ကို အိန္ဒိယ ယဉ်ကျေးမှု ဆက်ဆံရေး ကောင်စီ (ICCR) က ဦးစီး ကျင်းပမည်ဖြစ်ကာ၊ မြန်မာ ရော့ခ်ဂီတဝိုင်းကိုပါ ပထမဆုံးအကြိမ် ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း ပွဲစီစဉ်သူများက မဇ္ဈိမကို ယနေ့ ပြောသည်။

''ကျနော်တို့ မြန်မာနိုင်ငံက Emperor ကို ဖိတ်ကြားထားပါတယ်။ ဒီပွဲတော်မှာ လာရောက် ပူးပေါင်းဖို့ မြန်မာရော့ခ်အဖွဲ့ကို ဖိတ်ကြားတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်'' ဟု ပွဲစီစဉ်သူတဦးဖြစ်သူ Rajesh Kapoor က ပြောသည်။

ရန်ကုန်မြို့ရှိ Emperor မှ ကီးဘုတ်တီးသူ လီယိုနတ် မောင်မောင်လွင်ကလည်း ၎င်းတို့အဖွဲ့ကို အဆိုတော် ဇော်ဝင်းထွဋ်က ဦးဆောင်သွားမည်ဖြစ်ပြီး၊ ပွဲတော်သို့ သွားရောက်ရေးအတွက် ပြင်ဆင်နေကြောင်းနှင့် မြန်မာသီချင်း ၅ ပုဒ် သီဆို ဖျော်ဖြေသွားမည် ဖြစ်ကြောင်း ပြောသည်။

''ကျနော် မန်နေဂျာအဖြစ် တာဝန်ယူနေတဲ့ သက်တမ်း ၁၀ နှစ်မှာ နိုင်ငံတခုကနေ အခုလို ဖိတ်ကြားတာဟာ ပထမဆုံးပါပဲ။ အဲဒီအတွက် ဝမ်းသာဂုဏ်ယူပါတယ်'' ဟု Emperor မန်နေဂျာ ကိုသန့်ဇော်က မဇ္ဈိမကို ပြောသည်။

အိန္ဒိယယဉ်ကျေးမှုအဖွဲ့ Seher ကလည်း ပူးတွဲ၍ ဦးစီး ကျင်းပသွားမည့် ဂီတပွဲတော်ကို ယခုလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမည်ဖြစ်ရာ မြန်မာဝိုင်းသည် အခြား SAARC အဖွဲ့ဝင် နိုင်ငံများမှ ရော့ခ်ဂီတဝိုင်း ၁၄ ဝိုင်းနှင့်အတူ ဖျော်ဖြေတင်ဆက်ရမည်။

ပွဲတော်ကို အိန္ဒိယနိုင်ငံ မဂ္ဂလေရာပြည်နယ် မြို့တော်ရှီလောင်းမှ အမျိုးသမီးများ ဂီတဝိုင်းဖြစ်သည့် Afflatus ဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး၊ နောက်ဆုံးရက်တွင် ဘောလိဝုဒ် ရုပ်ရှင်မြို့တော် မွန်ဘိုင်းမှ Shankar-Ehsaan-Loy ဂီတဝိုင်း ဖျော်ဖြေမှုဖြင့် အဆုံးသတ်မည်။

မြန်မာ ရော့ခ်ဂီတဝိုင်းကဲ့သို့ အာဖဂန်နစ္စတန်မှ Kabul Dreams ၊ ပါကစ္စတန်မှ Strings ၊ မော်ဒိုက်မှ Fa'thu and The Early Birds ၊ ဘူတန်မှ Who’s your Daddy ၊ သီရိလင်္ကာမှ Paranoid of Earthlings နှင့် နီပေါမှ 1974 AD ဂီတဝိုင်းများလည်း ပါဝင် ဖျော်ဖြေကြမည်။

ဇော်ဝင်းထွဋ်သည် မြန်မာနိုင်ငံတွင် ကျော်ကြားသော ရော့ခ်ဂီတ အဆိုတော်ဖြစ်ပြီး၊ Emperor သည် ပွဲတော် နောက်ဆုံးရက်ဖြစ်သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဖျော်ဖြေသွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောဆိုကြသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.