25 December 2009

ဒေါ်လာသန်း ၆၄၀ ကျော် လက်နက် ရောင်းရန် ရုရှား သဘောတူ

နှစ်နိုင်ငံအကြား အကြီးမားဆုံးသော လက်နက် ရောင်းချမှုဖြစ်သည့် ယူရို သန်း ၄၅၀ (အမေရိကန် ဒေါ်လာ ၆၄၁ သန်း) တန် MIG 29 တိုက်လေယာဉ် အစီး ၂၀ နှင့်MI 35 ရဟတ်ယာဉ်များကို ရုရှားက ပေးပို့သွားမည်ဟု သိရသည်။

လက်နက် စာချုပ်အကြောင်း လိုက်လံ စုံစမ်း ဖော်ထုတ်ခဲ့သော Vedomosti သတင်းစာမှ သတင်းထောက် Alexey Nikolsky က ယခုလအတွင်း သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပြီး ဖြစ်၍ ရုရှား၏ လက်နက် တင်ပို့ ရောင်းချသော ကုမ္ပဏီဖြစ်သည့် Rosoboronexport က တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များကို ၂၀၁၀ ခုနှစ်အတွင်း ပို့ဆောင်သွားမည်ဟု ဆိုသည်။

ရုရှား-မြန်မာ ဆွေးနွေးရေး လုပ်ငန်းစဉ်ကို ကောင်းစွာ သိနားလည်နေသော Rosoboronexport ကုမ္ပဏီတွင်းရှိ အဆင့်မြင့် အရာရှိ သတင်း ရပ်ကွက်တခုကို ကိုးကား၍ Nikolsky က ပြောကြားရာတွင် MIG တိုက်လေယာဉ်များသည် ယူရို သန်း ၄၀၀ တန်ဖိုး (အမေရိကန် ဒေါ်လာ သန်း ၅၇ဝ) အမေရိကန်ဒေါ်လာ ၇၁ သန်း ရှိပြီး ရဟတ်ယာဉ်များသည် ယူရို သန်း ၅၀ တန်သည်ဟု ပြောသည်။ ရဟတ်ယာဉ် ၈ စီး သို့မဟုတ် ၁၀ စီး ဖြစ်လိမ့်မည်ဟု သူက ဆိုသည်။

တရုတ်က ကမ်းလှမ်းခဲ့သော J-10 နှင့် FC-1 အမျိုးအစား တိုက်လေယာဉ်များ အစား ရုရှား တိုက်လေယာဉ်များကို စစ်အစိုးရက ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မော်စကိုရှိ Rosoboronexport ကုမ္ပဏီ ပြန်ကြားရေး ဌာနကတော့ မဇ္ဈိမ၏ ဗုဒ္ဓဟူးနေ့က ဆက်သွယ် မေးမြန်းမှုအပေါ် တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိပေ။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဝင် ၆ နိုင်ငံအနက် ရုရှားနှင့် တရုတ်သည် စစ်အစိုးရနှင့် ရင်းနှီးသော မိတ်ဆွေ နိုင်ငံများဖြစ်ကြောင်း သိကြသည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂက လက်နက် ရောင်းချမှု ပိတ်ပင်ထားသော်လည်း ရုရှားနှင့် တရုတ်တို့က ပုံမှန် ရောင်းချလျက် ရှိသည်။

၁၉၉၀ ခုနှစ်များကာလက အမေရိကန် ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိ လေယာဉ်နှင့် လက်နက်များကို တရုတ်က ရောင်းချခဲ့သည်ဟု ဗုဒ္ဓဟူးနေ့တွင် ရေးသားထားသည်။

၂၀၀၁ ခုနှစ်က MIG 29 တိုက်လေယာဉ် ၂၁ စီးကို ရုရှားထံမှ မြန်မာပြည်က ဝယ်ယူခဲ့သော်လည်း ယခု သဘော တူညီချက်အရဆိုလျှင် နှစ်နိုင်ငံအကြေား အကြီးမားဆုံးသော အရောင်းအဝယ်ဖြစ်သည်ဟု ပြောသည်။

ရုရှား-မြန်မာ ဆက်ဆံရေး၏ အရေးပါသော အခြားအချက်တခုတွင် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးတွင် ပူးပေါင်း ဆောင်ရွက်ရေး ဖြစ်သည်ဟု သူက ဆိုသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.